← Chapters

ရေခဲကျောက်စိမ်း

Vol. 1 Ch. 49

ရေခဲကျောက်စိမ်း

Vol. 1 Ch. 49

နောက်ထပ်တစ်ကြိမ် ဆန်းလျန် ချယ်လန်းတောင်ပေါ်သို့ သွားသည့် အခါတွင်တော့ ဝံပုလွေနတ်ဘုရား သားအဖမှာ သဲလွန်စလေး တစ်ခုပင် မချန်ခဲ့ဘဲ ပျောက်ကွယ် သွားကြပြီ ဖြစ်လေသည်။ သူတို့ ချယ်လန်း ဝတ်ကျောင်းတော်ထဲတွင် နေခဲ့ဖူးသည့် အရိပ်အယောင်ကိုပင် မတွေ့ရ တော့ပါချေ။

ချယ်လန်း ဝတ်ကျောင်းတော်ကြီးမှာ အိုဟောင်းပြီး လူသူတစ်ယောက်မျှ မရှိသည့်အတွက် ပင့်ကူအိမ်များပင် တက်နေပြီ ဖြစ်လေသည်။

ဆန်းလျန် သွားရောက် လည်ပတ်စဉ်က သန့်ရှင်းသပ်ရပ် နေသည့် ဝတ်ကျောင်းတော်ကြီး၏ အပြင်အဆင်များမှာ ဖန်ဆင်းထားခြင်းများသာ ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဝံပုလွေ နတ်ဘုရား အဘိုးကြီး၏ တန်ခိုးမှာ မည်မျှ ကြီးမားသည်ကို သိရှိ နိုင်လေသည်။

ဝံပုလွေ နတ်ဘုရားသားအဖ ထွက်ခွာ သွားကြပြီ ဖြစ်သော်လည်း သူတို့ သိပ်မကြာခင် ပြန်လည် ဆုံတွေ့ ကြဦးမည်ဟု ဆန်းလျန်က မျှော်လင့် ထားလေသည်။ ဆန်းလျန်ကတော့ သူ၏ နတ်ဘုရား ကျင့်စဉ် လမ်းကို စတင်ရတော့မည် ဖြစ်လေသည်။

မင်ကျန်းတောင်မှာ မြောက်ဘက်ပိုင်း အစွန်တွင် ရှိသည့် တောင်တစ်တောင် ဖြစ်လေသည်။ မင်ကျန်းတောင်နှင့် ချင်ပြည်နယ် မြို့တော်မှာ မိုင်ပေါင်း သုံးထောင်ခန့် ကွာဝေးလေသည်။

သို့သော် ဖြတ်သန်းသွားလာရမည့် ရေလမ်းခရီး မရှိသဖြင့် ဆန်းလျန်အနေဖြင့် ကုန်းလမ်းခရီး မှပင် သွားရောက် နိုင်လေသည်။

ဆန်းလျန်မှာ တာ့ဝေ့ဟု ခေါ်သော တိုင်းပြည်တစ်ခုသို့ ရောက်ရှိ လာလေသည်။ ထို တိုင်းပြည်၏ မြို့တော်မှာ မြောက်ဘက် အစွန်းပိုင်းတွင် ရှိလေသည်။ ယဉ်ကျေးမှု ထွန်းကားပြီး စာပေပညာ တတ်မြောက်သူများလည်း ပေါများလေသည်။ အခြားနယ်များမှ စာပေသမား များမှာလည်း တာ့ဝေ့ တိုင်းပြည်တွင် လာရောက် ပညာသင်ကြား ကြလေလေသည်။

ဆန်းလျန်မှာ ခါးတွင် ဓားတစ်လက်ကို ချိတ်ထားလေသည်။ သူ့မျက်နှာကတော့ ကြည်လင် ရှင်းသန့်လျက် ရှိလေသည်။ သူ့ပုံစံကို ကြည့်လိုက်သည်နှင့် ချမ်းသာကြွယ်ဝသည့် မိသားစုမှ ဆင်းသက် လာသည့် သခင်လေးတစ်ပါးဟု တန်းသိ နိုင်လေသည်။

သို့သော် သူ့တွင် နောက်ပါ အခြွေအရံများတော့ ပါလာခြင်း မရှိပေ။

ဆန်းလျန်က ရွှေစက္ကူများမှ လွဲပြီး မည်သည့်ပစ္စည်းမျှ များများစားစား သယ်ယူလာခြင်း မရှိသောကြောင့် သူ၏ ခရီးသွားဟန်မှာ အထုပ်အပိုးများ သိပ်မပါဘဲ ပေါ့ပေါ့ပါးပါး ဖြစ်နေလေသည်။

မိုင်သုံးရာခန့် ခရီးသွားပြီးသည့် အခါတွင်တော့ ရုတ်တရက် မိုးသဲကြီးမဲကြီး ရွာချလိုက်လေ သည်။ ဆန်းလျန်က ခရီးကို အလျင်စလို သွားစရာ မလိုသောကြောင့် မိုးခိုရန်အတွက် နေရာတစ်ခု ရှာလိုက်လေသည်။

သူမိုးခိုလိုက်သည့် နေရာမှာ "စူးကျားပေါင်" ဟု စာလုံးသုံးလုံး ရေးထိုးထားသည့် နေရာတစ်ခု ဖြစ်နေလေသည်။

ဆန်းလျန်က ရေးထိုးထားသည့် စာလုံးသုံးလုံးကို ကြည့်လိုက်သည်နှင့် စိတ်ဝင်စား သွားရလေသည်။ စာလုံးသုံးလုံး ရေးထိုးထားပုံမှာ ဓားဖြင့် ထွင်းထားခြင်း မဟုတ်ပေ။

တိမ်များမျောလွင့်ပြီး စမ်းချောင်းများ စီးဆင်းနေသကဲ့သို့ သဘာဝကျကျ လက်ရေးဖြင့် စီးမျောပြီး ရေးထိုးထားခြင်း ဖြစ်လေသည်။

"ဒီအိမ်တော်မှာ နေတဲ့သူတွေက သိုင်းလောကသားတွေပဲ ဖြစ်ရမယ်"

ဆန်းလျန်တွေးလိုက်မိသည်။

သိုင်းလောကမှ မဟုတ်သည့်တိုင်အောင် အလွန်ပင် အတွင်းအား ကောင်းသည့်သူ ဖြစ်ရမည်ဟု ဆန်းလျန် တွေးနေမိလေသည်။ ထိုကဲ့သို့သော သူမျိုးသာလျှင် စာလုံးများကို ဤကဲ့သို့ ရေးထွင်းနိုင်မည် ဖြစ်လေသည်။ စာလုံးများကို သဘာဝကျကျ ရေးထိုးနိုင်ဖို့ ဆိုသည်မှာ လွယ်သည့် ကိစ္စတော့ မဟုတ်ပေ။

"သိုင်းပညာ သင်ယူမှု၏ လမ်းဆုံးမှာ နတ်ဘုရားကျင့်စဉ် လမ်းအစပင် ဖြစ်လေသည်"

ဟု ဆန်းလျန် တွေးလိုက်မိလေသည်။

ဆန်းလျန်ကဲ့သို့ အာရုံခံစားမှု ကောင်းသည့် လူသာလျှင် ထို စာလုံးသုံးလုံး၏ စီးဆင်းမှုနှင့် အလှတရားကို ခံစားနိုင်မည် ဖြစ်လေသည်။ လက်ရေးလှ စာလုံးရှုထောင့်မှ ကြည့်ပြီး ဝေဖန်မည် ဆိုလျှင်တော့ ထိုစာလုံးသုံးလုံးမှာ သာမန်မျှသာ ဖြစ်လေသည်။

ဆန်းလျန်မှာ စူးကျားပေါင် ခန်းမထဲသို့ ဝင်လိုက်လေသည်။ အခြားသူများမှာလည်း မိုးခိုရန်အတွက် ဝင်ရောက်လာကြလေသည်။

နွေဦးတွင် ရွာသည့်မိုးမှာ အလွန်ပင် အေးလေသည်။ စိတ်ထားကောင်းသည့် အိမ်ရှင်က အခန်းထဲ တွင် နွေးထွေးမှုရှိစေရန် မီးများပင် ဖိုပေးနေသေးသည်။

သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကြပြီး ခါးတွင်ဓားများ ချိတ်ထားကြသည့် လူတစ်စုမှာလည်း မိုးဝင်ခို ကြလေသည်။ ထိုသူတို့မှာ ယောက်ျား ပီသပြီး ကြည့်ကောင်းကြသည့် သူများ ဖြစ်လေသည်။

သူတို့လူစု၏ ခေါင်းဆောင် ဖြစ်ဟန်တူသူမှာ အသက် နှစ်ဆယ်ကျော် ဝန်းကျင်ခန့် ရှိပြီဖြစ်ပြီး အခြားသူများက သူ့ကို ဝန်းရံပြီး ထိုင်နေကြလေသည်။ ထိုသူ ကိုယ်ဟန်နေထားကတော့ အရမ်း ထွားကျိုင်းသည့်ပုံ မရှိပေ။ သို့သော် သူ့ကို ကြည့်ရသည်မှာ အရှိန်အဝါကြီးပုံ ရလေသည်။ ဆန်းလျန်က သူ့ကို တစ်ချက်ကြည့်ပြီး အာရုံခံ ကြည့်လိုက်လေသည်။

အခန်းထဲတွင် မီးဖိုထားလေသည်။ သို့သော် ဆန်းလျန် အခန်းထဲတွင် ထိုင်လိုက်မိသည်နှင့် မီးဖိုကဲ့သို့ စွမ်အားနှင့် ပြည့်နေသည့် ထိုလူကို သတိထားလိုက်မိခြင်း ဖြစ်လေသည်။

ထိုလူငယ်ကို ကြည့်ရသည်မှာ လင်ချုန်းရှောင်ကဲ့သို့ပင် ဖြစ်လေသည်။ သူက သူ၏ စွမ်းအားများကို ဖိနှိပ်ထားပြီး သာမန်လူတစ်ယောက်နှင့် တူနေသော်လည်း စွမ်းအားများက စိမ့်ထွက် နေသည်ကို ခံစားကြည့်နိုင်လေသည်။ သူ၏ စွမ်းအားများ ပေါက်ထွက်လာပါက အလွန် စွမ်းအား မြင့်မားသည့် အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။

လင်ချုန်းရှောင်ကတော့ ပိုပြီးမြင့်မားသည့် အဆင့်သို့ ရောက်နေသည်မှာ မှန်လေသည်။ လူငယ်မှာ အဆင့်မြင့် သိုင်းသမားတစ်ယောက် ဖြစ်သည့်တိုင် လင်ချုန်းရှောင်နှင့် ယှဉ်လျှင်တော့ အနည်းငယ် လိုအပ်နေဦးမည်မှာ အမှန်ပင်။

ထို့ပြင် ထိုလူအုပ်ထဲတွင် ဆံပင်တိုတိုနှင့် ဘုန်းတော်ကြီး တစ်ပါးလည်း ပါဝင်လေသည်။

ဆန်းလျန်က ထိုဘုန်းတော်ကြီးကို သတိထား လိုက်မိသည်နှင့် ထိုဘုန်းတော်ကြီးကလည်း သူ့ကို ပြန်ပြုံးပြ လိုက်လေသည်။

အခန်းထဲတွင် မည်သူမှန်း မသိသည့် လူသုံးယောက်လည်း ရှိလေသည်။ သူတို့မျက်နှာများက ခက်ထန်ကြမ်းကြုတ် နေကြလေသည်။

ထိုသူသုံးယောက်က လူများဝိုင်းရံနေသည့် အလယ်တွင် ရှိသည့် လူငယ်ကို အကဲခတ်နေ ကြလေသည်။

သူတို့ ထိုသူကို သတ်ချက်ဖြတ်ချင်သည့် အရိပ်အယောင်များ ပေါ်ထွက်နေသည့် အကြည့် စူးစူးများဖြင့် ကြည့်နေကြခြင်း ဖြစ်လေသည်။ မကြာခင်ပင်ထပြီး သတ်တော့မည့် ပုံမျိုး ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် လူငယ်ကလည်း ထိုသူသုံးယောက်ကို အေးစက်စက် အကြည့်များဖြင့် ပြန်ကြည့် နေလေသည်။

သူတို့ ကြည့်ရသည်မှာ တစ်စုံတစ်ခု ဖြစ်တော့မည့် အနေအထား ဖြစ်နေလေသည်။ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြသလိုပင်။

အပြင်ဘက်တွင် မိုးများ ခြိမ်းနေလေသည်။

ထိုအချိန် ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက် ခန်းမထဲသို့ ဝင်ရောက် လာလေသည်။

ရာသီဥတုမှာ အလွန် အေးနေသော်လည်း ထို လူငယ်လေးမှာ ယပ်တောင်တစ်ချောင်းကို ကိုင်ကာ တဖျပ်ဖျပ် ခပ်နေလေသည်။ ထိုလူငယ်လေးမှာ အလွန် ချောမောခန့်ညားသော အသွင်အပြင် ရှိလေသည်။

ထိုလူငယ်လေးမှာ ဆန်းလျန်နှင့် သက်တူ ရွယ်တူခန့် ဖြစ်လေသည်။ သို့သော် ထို လူငယ်လေး တွင် နူးညံ့ သိမ်မွေ့မှုနှင့် ကြမ်းတမ်း ရိုင်းစိုင်းမှုများကို တစ်ချိန်တည်းမှာပင် တွေ့ရ လေသည်။

ထိုလူငယ်လေး အခန်းထဲသို့ ဝင်လာသည်နှင့် ဒေါသထွက်နေသည့် မျက်နှာထားများနှင့် လူသုံးယောက်မှာ စိတ်သက်သာရာ ရသွားသည့်ပုံ ဖြစ်သွားကြလေသည်။

ထိုလူသုံးယောက်က ရုတ်တရက် မတ်တတ် ထရပ်လိုက်ပြီး တခြားဘက်မှ ဝိုင်းထိုင်နေကြသည့် လူစုကလည်း မတ်တတ် ရပ်လိုက်ကြလေသည်။

လေထုမှာ ရုတ်တရက် အေးစက်သွားလေသည်။

လူငယ်က ဝင်လာသည့် လူငယ်လေးကို လက်ညှိုး ထိုးလိုက်သည်။ သူ၏ လက်ချောင်းများမှာ အဖြူရောင် ကျောက်စိမ်းကဲ့သို့ ဖြစ်နေလေသည်။ မီးရောင်အောက်တွင် လက်ချောင်းများတွင် ပေါ်နေသည့် သွေးကြောစိမ်းစိမ်းများကို ဝိုးတဝါး မြင်တွေ့ နိုင်လေသည်။ သေစေလောက်သော သိုင်းပညာတစ်မျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်လေသည်။

"မင်းက လီကျွမ်းပဲ ဖြစ်ရမယ်"

လူငယ်လေး၏ အသံက စူးရှပြီး ပြတ်သား လေသည်။ ထို့ပြင် ကျောက်စိမ်းပေါ်တွင် တည်ရှိနေသည့် ရေစက်များ ကဲ့သို့ပင် ကြည်လင်သည့် အသံပိုင်ရှင် ဖြစ်လေသည်။

"ဟုတ်တယ်။ ကျုပ်ပါပဲ။ ကျုပ်က ရွှမ်ဖုန်း အာမခံ ပို့ဆောင်ရေးက လီကျွမ်းပါ။ မင်းဘယ်သူလဲဆိုတာ ကျုပ်မသိဘူး။ ဒါပေမယ့် ဒီလူသုံးယောက် ကျုပ်နောက်ကို လိုက်နေတာတော့ မင်းနဲ့ ပတ်သက်နေမယ် ထင်တယ်"

လီကျွမ်းက အသံသြဇာ ပြည့်ဝစွာဖြင့် ပြန်ပြောလိုက်သည်။ လီကျွမ်းမှာ သြဇာတိက္ကမနှင့် ပြည့်စုံသူ တစ်ယောက် ဖြစ်လေသည်။

"ဒီသောက်ရူး သုံးကောင်က ကျုပ်နဲ့ ပတ်သက် နေမယ်လို့ မင်းကို ဘယ်သူပြောလဲ"

လူငယ်လေးက ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောလိုက်လေသည်။

အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် ကြောက်စရာ လူသန်ကြီး သုံးယောက်မှာ သိုင်းလောကတွင် ကောပီသုံးဖော်ဟု နာမည်ကြီးသူများ ဖြစ်လေသည်။ တရားရေးမှ ထိပ်ဆုံးအဆင့် လိုချင် နေကြသည့် ဝရမ်းပြေးများလည်း ဖြစ်လေသည်။

သူတို့ သုံးဖော်မှာ ညီအစ်ကိုအရင်းများ မဟုတ်ကြသော်လည်း အတူတူ ကြီးပြင်းခဲ့ကြသည့် သွေးသောက် ညီနောင်များ ဖြစ်သည်။ သူတို့၏ သိုင်းပညာမှာ ထူးခြားလှပြီး သူတို့ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည့် သူမှာ အနည်းငယ်မျှသာ ရှိလေသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်ကတော့ သူတို့သုံးဖော် ငြိမ်သွားကြလေသည်။ ကောလာဟလများ အရတော့ လင်ချုန်းရှောင်က သူတို့ကို နှိမ်နင်းလိုက်သည်ဟု ပြောကြလေသည်။ ယခုတော့ သူတို့ သုံးယောက် ကောင်းကောင်းမွန်မွန် အသက်ရှင်နေသည်ဟု မည်သူ သိနိုင်ပါမည်နည်း။

လီကျွမ်းမှာ ယခင်တုန်းကတော့ ကောပီသုံးဖော်ကို သိရှိခြင်း မရှိပေ။

သို့သော် ကောပီသုံးဖော်၏ တိုက်ခိုက်မှုဖြင့် သူ၏ ညီအစ်ကို နှစ်ယောက် အသက်ဆုံးခဲ့ ရလေသည်။ ထိုအချိန်တုန်းက သူကဒေါသကို တတ်နိုင်သမျှ ထိန်းချုပ် ထားခဲ့ရလေသည်။ အားမတန် သဖြင့် မာန်လျှော့ရသည့် သဘောပင်။

ယခုအချိန်ထိ ထိုစဉ်တုန်းက သူတို့၏ အာမခံဌာနကို ကောပီသုံးဖော် အဘယ့်ကြောင့် တိုက်ခိုက် ခဲ့သည်ကို လီကျွမ်း မသိခဲ့ပါ။

ယခု ဤလူငယ်လေး ရောက်လာတော့မှ ယခင်ဖြစ်ခဲ့သည့် အကြောင်းများကို ပြန်ပြီး သတိရသွား မိလေသည်။

သူ့အနေဖြင့် လောလောဆယ် တိုက်ခိုက်၍ မဖြစ်နိုင်ပေ။ သူ၏လူများ ရောက်လာသည့် အချိန်ထိ အချိန်ဆွဲထားရန်သာ ရှိလေသည်။

"ကောပီသုံးဖော်ကို ခွင့်လွှတ်ပေးလိုက်ပါ။ သူတို့က သိုင်းပညာ တော်ရင်တော်မယ်။ ဒါပေမယ့် သူတို့က ကျုပ်တို့ အာမခံဌာနကို တိုက်ခိုက်ရဲတဲ့ သတ္တိ မရှိဘူး ထင်တယ်"

လီကျွမ်းက ပြောလိုက်ရင်း လူငယ်လေး၏ အကြောင်းကိုသိရန် ကြိုးစား နေလိုက်လေသည်။

"ဟင့် မင်ကျန်းတောင်ကို ဘာဂရုစိုက်နေရမှာလဲ။ ငါတို့ သခင်လေးက နှစ်တစ်ထောင် ရေခဲကျောက်စိမ်းကို လိုချင်တာ။ မင်းအခြေအနေကို နားလည်တယ် ဆိုရင် ခုပဲ ပစ္စည်းကို ကောင်းကောင်း ထုတ်ပေးစမ်း"

ကောပီသုံးဖော်ထဲမှ အကြီးဆုံးလူက ပြောလိုက်လေသည်။

လီကျွမ်းက ရယ်မောလိုက်ရင်း….

"ကောပီ သုံးဖော်ကိုတောင် တောက်တိုမယ်ရတွေ ခိုင်းနေတဲ့ ဒီသခင်လေးက ဘယ်သူလဲဆိုတာ ကျုပ်က သိချင်နေတာ"

ဟုမေးလိုက်လေသည်။

လူငယ်လေးကပြုံးလိုက်ရင်း…

"မေးခွန်း မေးနေတဲ့ သူကရော ဘယ်သူများလဲ။ ဒီနှစ်တစ်ထောင် ရေခဲကျောက်စိမ်းက တကယ် တော့ တန်ဖိုးရှိတဲ့ ပစ္စည်းမဟုတ်ပါဘူး။ အဲဒီ ရဲ့လျှိုယွင်ဆိုတဲ့ လူကလည်း ဝမ်ရှင်း လမ်းမတစ်လျှောက် ရေခဲကျောက်စိမ်းကို ယူသွားဖို့သတ္တိ မရှိဘူး ထင်တယ်။ ဘာသိုင်းလောက ပထမလဲ။ ထင်သလောက်လည်း မတော်ပါဘူးလေ"

"သခင်လေး လျှိုယွင်ကို ထိပ်တန်းသိုင်းသမား မဟုတ်ဘူးလို့ ကျုပ် မပြောရဲပါဘူး။ ဝမ်ရှင်းလမ်းမ အကြောင်းလည်း ကျုပ်မသိဘူး။ ဒါပေမယ့် သူက ပညာဉာဏ်ကြီးပြီး အလုပ် ကြိုးစား တယ်။ စိတ်ဓာတ် အဆင့်အတန်းလည်း မြင့်တယ်။ အဲဒီ အရည်အချင်းတွေကြောင့် သူ့ကို ကျုပ်လေးစားတယ်။ မင်းသူ့ကို အထင်လွဲနေတာ ဖြစ်ပါလိမ့်မယ်"

လီကျွမ်းက တည်ငြိမ်စွာပင် ပြန်ပြော လိုက်လေသည်။

"ကျုပ်က ဘာကို အထင်လွဲရမှာလဲ။ သူနဲ့တောင် တွေ့ဖူးတာ မဟုတ်ဘူး။ ပေါက်ကရတွေ ပြောမနေနဲ့တော့။ မင်းက ဖူမော့ကျောင်းတော်က တပည့်လို့ သိရတယ်။ ပြီးတော့ အသက် သုံးဆယ် မကျော်ခင် တောင်ဖြို လက်ဝါးသိုင်းကို ကျင့်ကြံ အောင်မြင်ခဲ့တယ် ဆိုပဲ။ နှစ်ပေါင်း နှစ်ရာအတွင်း မင်းလိုလူမျိုး မရှိခဲ့ဖူးဘူးတဲ့။ ပြီးတော့ မင်းက ရွှေရောင်တံတိုင်း သိုင်းပညာကို လေ့ကျင့်နေတာလည်း ဆဋ္ဌမအဆင့် ရောက်နေပြီလို့ သိရတယ်။ ဘယ်လိုလဲ။ မင်းကျုပ်ကို လက်ဝါးတစ်ချက်လောက် ရိုက်ကြည့်စမ်းပါ။ ကျုပ်ရဲ့ ခန္ဓာကိုယ်က မင်းလေ့ကျင့်ထားတဲ့ ရွှေရောင်တံတိုင်း သိုင်းပညာထက် ပိုပြီး ခံနိုင်ရည် ရှိမလားဆိုတာ ကြည့်ရအောင်။ မင်း လက်ဝါးရိုက်ချက်ကြောင့် ကျုပ်ဒဏ်ရာ မရဘူးဆိုရင် နောက်တစ်ချက် ထပ်ရိုက်နိုင်တယ်။ ဒါပေမယ့် မင်းဒဏ်ရာရသွားတယ် ဆိုရင်တော့ ရေခဲကျောက်စိမ်းကို ကျုပ်ကိုပေးရမယ်။ တရားမျှတ ပါတယ်နော်"

လူငယ်လေးက ရှည်လျားစွာဖြင့် ပြောလိုက်လေတော့သည်။

***

All Chapters