သိုင်းလောကမှအပေးအယူ
Vol. 1 Ch. 50
ဤမျှလောက် အခြေအနေ တင်းမာနေသည့် အချိန်တွင် စူးကျားပေါင် အိမ်ပိုင်ရှင်ကို မည်သည့် နေရာတွင်မှ မတွေ့ရသည်မှာ ထူးဆန်းသည်ဟု ဆန်းလျန် ခံစားနေရလေသည်။
သိုင်းလောကသားများကို ကြောက်သောကြောင့် တစ်နေရာတွင် သွားရောက် ပုန်းအောင်း နေသည်လား။
အခြေအနေများအပေါ်တွင် ဆန်းလျန်မှာ အဖြေရှာမရ ဖြစ်နေရလေသည်။ သူက ဆံပင်တိုတိုနှင့် ဘုန်းတော်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သို့သော် ဘုန်းတော်ကြီးက တစ်ချက်လေးပင် ပြန်မကြည့်ပါ။ ဖြစ်ပျက်နေသည့် အခြေအနေများမှာ သူနှင့် မဆိုင်သလို မျက်လုံးများကို မှိတ်ထား လေသည်။
လီကျွမ်းမှာ "သခင်လေး" ဆိုသည့် လူငယ်လေးက သူ၏အကြောင်းများကို သိနေသည့်အတွက် အံ့သြ နေလေသည်။ လူငယ်လေး တစ်ယောက်က သူ့ကိုလာပြီး ခြိမ်းခြောက်နေသည် မဟုတ်ပါလား။
သူ၏ တောင်ဖြိုလက်ဝါး သိုင်းမှာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ကျောက်တုံးကြီးများကိုပင် ရိုက်ခွဲ နိုင်လေသည်။ တစ်ခါရိုက်လျှင် အုတ်အချပ် သုံးဆယ်ကို ရိုက်ချိုး နိုင်လေသည်။
သခင်လေးဆိုသူမှာ သံဖြင့် ပြုလုပ်ထားသည့်သူ မဟုတ်သည့်အတွက် အဘယ်သို့ ခုခံနိုင်ပါ မည်နည်း။ ထို့ပြင် ထိုသခင်လေး ဆိုသူ၏ အမည်ကိုပင် သူက သိရှိရခြင်း မရှိသေးပေ။
သူ၏ ရွှေရောင်တံတိုင်း သိုင်းပညာမှာလည်း ဆဋ္ဌမသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဓားဖြင့် ထိုးလျှင်ပင် သူ့ကို ထိခိုက်နိုင်မည် မဟုတ်ပေ။
သူ့တွင် ဤကဲ့သို့သော အရည်အချင်းများ မရှိလျှင် ရွှမ်ဖုန်း အာမခံဌာနကို သူဦးဆောင်နိုင်မည် မဟုတ်ပေ။
ယခုတော့ သူ၏ပြိုင်ဘက်က စိန်ခေါ်လိုက်ပြီ ဖြစ်သောကြောင့် စိန်ခေါ်ခြင်းကို လက်မခံလျှင် သိုင်းလောကတွင် သိက္ခာကျရမည် ဖြစ်လေသည်။
သို့သော် အကြောင်းမသိဘဲ တိုက်ခိုက်ရသည်မှာလည်း မိုက်ရူးရဲ ဆန်ရာကျလေသည်။ ထို့ပြင် ပြိုင်ဘက် အုပ်စုက သူ့တို့ ကလိမ်ကကျစ် လုပ်နိုင်သည်များလည်း ရှိလေသည်။
လီကျွမ်း သူ့စိတ်ကို ပြောင်းလိုက်သည်။ သူက လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေ ပေးလိုက်ရင်း…
"တိုက်ခိုက်တယ် ဆိုတာ မျက်ကန်းတစ္ဆေ မကြောက် တိုက်ခိုက်ရတာ။ တကယ်လို့များ ကျုပ်ကြောင့် မင်းဒဏ်ရာ ရသွားရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျုပ်အတွက်လည်း မကောင်းဘူးလေ။ ဒီတိုင်း ရိုးရိုးလေးပဲ သိုင်းပြိုင်ကြရင် မကောင်းဘူးလား။ မင်းကကျုပ်ထက်သာတယ် ဆိုတာသေချာရင် ကျုပ်ဘက်က အရှုံးပေးရလည်း မခက်ပါဘူး"
လီကျွမ်းက ပြောလိုက်လေသည်။
သူက အချိန်ဆွဲရန် ကြိုးစားနေခြင်း ဖြစ်လေသည်။ ပြိုင်ဘက်ရန်သူက သူ၏ တောင်းဆိုမှုကို ငြင်းလိုက်လျှင်တော့ ရွေးခြယ်စရာ မရှိတော့ဘဲ တိုက်ခိုက်ရမည် ဖြစ်လေသည်။
မင်ကျန်းတောင်က ရေခဲကျောက်စိမ်းကို အန္တရာယ်ကင်းကင်းနှင့် ယူဆောင်လာရန် သူတို့ အာမခံဌာနကို တာဝန်ပေးခဲ့လေသည်။ သူသာ တာဝန်မကျေလျှင် သူ၏ ရွှမ်ဖုန်း အာမခံဌာနနှင့် ဖူမော့ ကျောင်းတော်၏ ဂုဏ်သိက္ခာမှာလည်း ရစရာ ရှိတော့မည် မဟုတ်ပေ။
"သခင်လေး" ဆိုသူက ပန်းလေးတစ်ပွင့် ပွင့်လန်းလာသည့် အလား လှပစွာ ပြုံးလိုက်လေသည်။ သူ့အပြုံးကြောင့် အခန်းတစ်ခုလုံး လင်းထိန် သွားသလိုပင် ခံစားလိုက်ရလေသည်။
လီကျွမ်းမှာ ထိတ်လန့်တုန်လှုပ် သွားမိလေသည်။ သူ့ကို ဒုက္ခပေးနေသည့် သူမှာ မိန်းကလေး တစ်ယောက်များ ဖြစ်နေမည်လားဟု တွေးမိသည် အထိပင်။
ရန်သူနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့နေရသည့် အချိန်မှာပင် သူကထိုကဲ့သို့ တွေးလိုက်ခြင်း ဖြစ်လေ သည်။ ထို "သခင်လေး" ဆိုသူမှာ မည်မျှ အန္တရယ်ရှိကြောင်း လီကျွမ်းသိပါသည်။
"ထားလိုက်ပါတော့။ မင်းက ဘယ်လိုလူမျိုးလဲ။ ကျုပ်က ကောင်းပြနေတာတောင် မင်းက လက်မခံချင်ဘူးလား"
သခင်လေးဆိုသူ ယပ်တောင်ကို တဖျတ်ဖျတ် ခပ်လိုက်ရင်း ပြုံးပြီးပြောလိုက်သည်။ သူ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး အေးစက်ခြင်းဆီသို့ ကူးပြောင်းသွားလေသည်။
ခုနစ်လပိုင်းတွင် နွေးထွေးနေသည့် နေရောင်ခြည်မှာ ဆယ့်နှစ်လပိုင်းတွင် ချက်ချင်း အေးခဲ သွားသကဲ့သို့ပင် ဖြစ်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အမူအရာက ပြောင်းလဲသွားခြင်း ဖြစ်လေသည်။
သူကိုင်ထားသည့် ယပ်တောင်မှာ ရွှေရောင် ဖြစ်လေသည်။ အလွန်ပင် ဂန္ထဝင်ဆန်သည့် ယပ်တောင်ဖြစ်ပြီး သခင်လေး ဆိုသူ၏ ဖြူစင်သော အသားအရေနှင့် လိုက်ဖက်ညီလျက် ရှိလေသည်။
လီကျွမ်းမှာ သတိတစ်ချက်မှ မလစ်ရဲပေ။ သခင်လေးဆိုသူမှာ မည်သူဖြစ်သည်ကို သူ အလွန်အမင်း သိချင်နေပြီ ဖြစ်လေသည်။
"တောင်ဖြို လက်ဝါးသိုင်းက ကျုပ်ကို ဘယ်လို ထိခိုက်အောင် လုပ်မလဲဆိုတာ အားလုံးသိအောင် ပြလိုက်လေ"
သခင်လေးဆိုသူ နှုတ်ခမ်းကို တွန့်ပြီး လှပစွာ တစ်ချက် ပြုံးလိုက်ရင်း ပြောလိုက်လေသည်။
သခင်လေးဆိုသူက သူ့ဦးတည်ချက်ကို ပြောင်းလိုက်ပြီး သူ၏ ပုံရိပ်များမှာ တစ်ခုနှင့်တစ်ခု ထပ်နေသော ပုံရိပ်များ အဖြစ် ပြောင်းလဲသွားသည်ကို လီကျွမ်း မြင်လိုက်ရလေသည်။
လီကျွမ်းမှာ ကောပီသုံးဖော်ကို အထင်မသေးရဲပါ။ သူနှင့် တိုက်ခိုက်ခဲ့ဖူးသည့် အတွေ့အကြုံအရ ပြိုင်ဘက်မှာ လွန်စွာမှ အဆင့်မြင့်သည့် ထိပ်တန်း သိုင်းသမားတစ်ဦး ဖြစ်လေသည်။
လီကျွမ်းက သူ၏ ရွှေပြဒါး အမြုတေမှ အတွင်းအားကို သူ၏ လက်များဆီသို့ ပို့ဆောင် လိုက်သည်။ ဤသည်မှာ သူနှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသည့် တောင်ဖြို လက်ဝါးသိုင်းပင် ဖြစ်လေသည်။ ဒေါသ ထန်နေသည့် ဒီရေလှိုင်းများအလား သူ၏ လက်ဝါး နှစ်ဖက်လုံးကို အားအကုန် သုံးကာ တွန်းထုတ် လိုက်လေတော့သည်။
အဝေးတွင်ရပ်ပြီး တိုက်ပွဲကို ကြည့်နေသော ဆန်းလျန်မှာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်း သွားရလေသည်။
တောင်ဖြို လက်ဝါးသိုင်းမှာ သန့်စင်သည့် အတွင်းအားကို အသုံးပြုပြီး တိုက်ခိုက်သည့် နည်းလမ်းပင် ဖြစ်လေသည်။ သို့သော် ရုပ်ပိုင်း ဆိုင်ရာကိုချည်း အသုံးပြုသည့် သိုင်းပညာလည်း မဟုတ်ပြန်ပေ။ ထိုသိုင်းပညာမှာ ခန္ဓာကိုယ်ရှိ အတွင်းအားနှင့် အပြင်အားကို အချိုးညီစွာ ပေါင်းစပ် တည်ဆောက် ထားသည့် သိုင်းပညာ ဖြစ်လေသည်။
"တောင်ဖြိုလက်ဝါးသိုင်း" အောင်မြင်သွားပါက တာအိုကျင့်စဉ်မှ "ကျားဖြူကို ယဉ်ပါးအောင် လုပ်သည့်အဆင့်" အောင်မြင်သွားသကဲ့သို့ပင် လွန်စွာမှ စွမ်းအား ကြီးလေသည်။
ကျင့်စဉ် နှစ်ခုလုံးမှာ အတွင်းအားကို အဓိက ထားပြီး ကျင့်ရသည့် ကျင့်စဉ်များ ဖြစ်လေသည်။
လီကျွမ်းမှာ တောင်ဖြို လက်ဝါးသိုင်းကို ရွှေရောင်တံတိုင်း သိုင်းပညာနှင့် ပေါင်းစပ် လိုက်သည့် အတွက် သူ၏ လက်ဝါးရိုက်ချက်မှာ အဆင့်လွန်သည့် အခြေအနေသို့ ရောက်သွားကာ စွမ်းအားအလွန် မြင့်မားသွားလေသည်။
သခင်လေးဆိုသူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ရွှေရောင် တံတိုင်းနှင့် လက်ဝါးရိုက်ချက် ကြားတွင် ပြန်လည်ပေါ်ပေါက် လာပြန်လေသည်။
ပြင်းထန်သော လက်ဝါးရိုက်ချက်များမှာ သခင်လေးကို ထိခိုက်နိုင်ခြင်း မရှိဘဲ ဝန်းရံနေကြ လေသည်။ မမြင်နိုင်သော အလွှာလေးတစ်ခုက သခင်လေးကို ကာကွယ်ပေးထား သကဲ့သို့ ဖြစ်နေလေသည်။
လက်ဝါးရိုက်ချက် တစ်ချက်က သခင်လေးကိုယ်ပေါ်သို့ ကျရောက်လုနီးနီး အချိန်တွင် သခင်လေးက ပျောက်ကွယ်သွားပြန် လေသည်။
"ကန်းချိ အကာအကွယ်ပညာ။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လီကျွမ်း တုန်လှုပ် ခြောက်ခြားစွာဖြင့် ရေရွတ် လိုက်မိလေသည်။
လီကျွမ်းမှာ သခင်လေး ဆိုသူက ဤမျှ ထောင်လွှား ဝါကြွားနေပြီး သူ၏ တောင်ဖြို လက်ဝါးသိုင်းကို စမ်းသပ် ကြည့်ချင်နေသည်ကို သဘောပေါက်သွားပြီ ဖြစ်လေသည်။ ဒဏ္ဍာရီ ဆန်လွန်းသော "ကန်းချိ အကာအကွယ်ပညာ" ကို သခင်လေး ဆိုသူက သင်ယူတတ်မြောက် ထားခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ အာရုံခံစားမှု၌ တစ်ဖက်ကမ်းခတ်အောင် တော်သူ ဖြစ်လေရာ သူက သခင်လေး ဆိုသူနှင့် ပတ်သက်ပြီး မကောင်းသည့် အငွေ့အသက်များကို ရနေမိလေသည်။ ထိုလူငယ် အသုံးပြု နေသည့် ကန်းချိ အကာအကွယ်ပညာမှာ စတင်အသုံးပြုစဉ် ကတည်းက မပြေမပြစ်နှင့် ပြတ်တောင်း ပြတ်တောင်း ဖြစ်နေသလို ခံစားနေရလေသည်။ ထိုသိုင်းပညာကို အသုံးပြုနေသည်မှာ အားထုတ် မှုလည်း သိပ်မရှိသလို ဝိညာဉ် စွမ်းအားကိုလည်း အသုံးပြုထားခြင်း မရှိပေ။
ပြန်စဉ်းစားကြည့်မည် ဆိုလျှင် အစိမ်းရောင်ဝတ်လူ ယန်ရွှမ်မှာလည်း ကန်းချိ အကာအကွယ် ပညာကို တတ်မြောက်သူ ဖြစ်လေသည်။ သို့သော် သူက ချင်ပြည်နယ် လက်ရွေးစင် တပ်မတော်မှ စစ်သည်တော်ပေါင်း များစွာကို ရင်ဆိုင်ခဲ့ရ စဉ်က လက်ရွေးစင် စစ်သည်တော်များ ပစ်လွှတ်လိုက်သည့် မြားများကို ကာကွယ်ရန် ကန်းချိ အကာအကွယ်ပညာကို သုံးခဲ့ခြင်း ဖြစ်လေသည်။ ကန်းချိ အကာအကွယ် ပညာကို သုံးခြင်းအားဖြင့် အတွင်းအားများစွာ ကုန်ဆုံးသွားနိုင် လေသည်။
ထို့ကြောင့် ကန်းချိ အကာအကွယ်ပညာကို အသုံးပြုမည် ဆိုလျှင် အတွင်းအား အလွန် အဆင့်မြင့်သူ မှသာလျှင် အသုံးပြု၍ ရမည် ဖြစ်လေသည်။ စစ်တပ်ကြီး တစ်တပ်လုံးကို မည်သည့် အားမျှ စိုက်ထုတ်ခြင်း မရှိဘဲ ရင်ဆိုင်နိုင်ရန်မှာ နတ်ဘုရားတစ်ပါး ဖြစ်မှသာလျှင် တတ်နိုင်မည် ဖြစ်လေသည်။
သူ၏ လက်ဝါးရိုက်ချက်များက အရာမထင်သည်ကို သိလိုက်ရသည့် အခါ လီကျွမ်းဘေးသို့ ခုန်ထွက် လိုက်လေသည်။
အာမခံဌာနလုပ်ငန်း လုပ်ကိုင်သူ တစ်ယောက်အနေဖြင့် သူတို့ ပို့ဆောင်ပေးရမည့် ပစ္စည်း၏ လုံခြုံ စိတ်ချရမှုမှာ အသက်ထက်ပင် အရေးကြီးလေသည်။
လီကျွမ်းမှာ ထိတ်လန့် တုန်လှုပ်လျက် ရှိလေသည်။ သခင်လေးဆိုသူ၏ အဆင့်မြင့်လှသည့် ကိုယ်ဖော့ပညာမှ သူမည်သို့ လွတ်မြောက် နိုင်ပါမည်နည်း။
သခင်လေးဆိုသူက ကလေးဆန်ဆန် ပြုံးလိုက်လေသည်။ လက်တစ်ဖက်က ယပ်တောင်ကို ကိုင်ထားရင်း သူ၏ပုံရိပ်က လီကျွမ်းနောက်သို့ လိုက်ပါသွားလေသည်။ လီကျွမ်းအနေဖြင့် လွတ်မြောက်ရန် လမ်းမရှိတော့ပေ။
လီကျွမ်းက နှစ်ကြိမ်မျှလောက် တံခါးမှ ပြေးထွက်ရန် ကြိုးစားလိုက်သော်လည်း သခင်လေး ဆိုသူက သူ့ကို ပြန်လည်တားဆီး ထားလိုက်လေသည်။ ကြောင်က ကြွက်ကို ကစားနေသလိုမျိုး ဖြစ်လေ သည်။
လီကျွမ်းက လွတ်မြောက်ဖို့ ကြိုးစားလိုက် သခင်လေးဆိုသူက အနား ရောက်လာလိုက် ဖြစ်နေ လေသည်။ လီကျွမ်း၏ လူများမှာလည်း ကောပီညီနောင် သုံးဖော်၏ တိုက်ခိုက်ခြင်းကို ခံနေရလေသည်။ တစ်ဖက်သတ် တိုက်ခိုက်ခံရပြီး လုံးဝ ရှုံးနိမ့်နေရသည့် အဖြစ်မျိုး ဖြစ်လေသည်။
ကောပီသုံးဖော်မှာ အလွန်မှ ရက်စက် ကြမ်းကြုတ်သူများ ဖြစ်လေသည်။ မြင်သမျှ လူတိုင်းကို ခြေဆစ် လက်ဆစ်များကို ဆွဲဖြုတ်ကာ တိုက်ခိုက် နေကြခြင်း ဖြစ်သောကြောင့် တိုက်ခိုက် ခံရသူများမှာ နာကျင် ခံစားရပြီးမှ သေကြရလေသည်။
သန့်ရှင်းနေသည့် အခန်းကျယ်မှာ ယခုတော့ လူသတ်ပွဲ အဖြစ်သို့ ကူးပြောင်း သွားရ လေတော့သည်။
ဆံပင်တိုနှင့် ဘုန်းတော်ကြီးမှာတော့ အိပ်ပျော်နေသည့်ပုံ ရပြီး လှုပ်ရှားမှု လုံးဝမရှိပေ။
လီကျွမ်းမှာ ဒေါသထွက်လျက်ရှိပြီး သူ၏လူများကို ကူညီရန် ကြိုးစား လိုက်လေသည်။ သို့သော် ရွှေရောင် ယပ်တောင်လေးက သူ့ရှေ့တွင် ပေါ်လာ ပြန်လေသည်။
တုတ်တစ်ချောင်းက ဖရဲသီးကို ရိုက်ခွဲ လိုက်သကဲ့သို့ ယပ်တောင်ကလည်း သူ၏ ဦးခေါင်းခွံကို ရိုက်ခွဲလိုက်လေသည်။ လီကျွမ်း၏ ဦးခေါင်းကွဲအက်သွားပြီး ဦးနှောက်များ ပေါက်ထွက်လာလေ တော့သည်။
လီကျွမ်း၏ ရွှေရောင်တံတိုင်း အကာအကွယ်ပညာမှာ ပြင်ပမှ အားများကိုသာ ကာကွယ် ပေးခြင်း ဖြစ်လေသည်။ ထို့ပြင် ဦးခေါင်းဆိုသည်မှာ ခန္ဓာကိုယ် တစ်ခုလုံးတွင် အကာအကွယ် အကြီးမား ဆုံးသော အပိုင်းလည်း ဖြစ်လေသည်။ သို့သော် သခင်လေးဆိုသူ၏ ယပ်တောင်ဖြင့် ခပ်ဖွဖွ ရိုက်လိုက် ရုံမျှဖြင့် အသက် ပျောက်ခဲ့ရပြီ ဖြစ်လေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် လူတစ်ယောက်မှ အတွင်းအား မည်မျှကောင်းပါစေ ဖန်သား၊ သစ်သား၊ ဝါး သို့မဟုတ် ကျောက်တုံးများ ကဲ့သို့ အတွင်းအားကို အမျိုးမျိုး ပုံစံပြောင်း အသုံးပြုနိုင်သည် ဟူသော သဘောကို သိရှိ လိုက်ရလေသည်။
အချိန်ခဏလေး အတွင်းမှာပင် ရွှမ်ဖုန်း အာမခံဌာနမှ လီကျွမ်းနှင့် သူ၏လူများ အားလုံးမှာ သေဆုံး သွားကြရပြီ ဖြစ်လေသည်။
အခန်းတစ်ခုလုံး သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေပြီး အနံများမှာ အန်ချင်စရာပင် ကောင်းလေ သည်။
ကောပီသုံးဖော်၏ ခန္ဓာကိုယ်ထက်တွင် သွေးများ ပေကျံ နေလေသည်။ သူတို့၏ သွေးများတော့ မဟုတ်ပါ။ သူတို့ သတ်ခဲ့သည့် လူများ၏ သွေးများ ပေကျံနေခြင်း ဖြစ်လေသည်။
သခင်လေးဆိုသူက လီကျွမ်း၏ အင်္ကျီရင်ဘတ်ထဲမှ ဘူးလေးတစ်ဘူးကို သတိကြီးစွာ ထားပြီး ထုတ်ယူ လိုက်လေသည်။
ကောပီသုံးဖော်က သူ့အနားသို့ ရောက်လာပြီး...
"သခင်လေး။ ကျုပ်တို့ တာဝန်ကျေပါတယ်နော်"
ဟု ပြောလိုက်လေသည်။
သခင်လေးဆိုသူက ဘူးလေးကို ဖွင့်လိုက်ခြင်း မရှိပါ။
ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သွေးအလိမ်းလိမ်း အလောင်းအထပ်ထပ် ဖြစ်နေသည့် မြင်ကွင်းကြောင့် သူတစ်ချက်လေးမျှပင် တုန်လှုပ်သွားခြင်း မရှိပါ။
သူက ဆန်းလျန်နှင့် ဆံပင်တို ဘုန်းတော်ကြီးကို တွေ့လိုက်သည်နှင့်…
"မျက်လုံးနဲ့ နားတွေရှိတဲ့သူ မှန်သမျှ သတ်ပစ်ဖို့ မင်းတို့ကို ကျုပ် ပြောထားတယ်လေ"
ကောပီ ညီနောင်သုံးဖော်မှာ လွန်စွာမှ ရက်စက် ကြမ်းကြုတ်သူများ ဖြစ်လေသည်။သို့သော် သူတို့က အပြစ်မရှိ သူများကိုတော့ မည်သည့် အခါမျှ သတ်လေ့မရှိပေ။
သူတို့က သခင်လေးဆိုသူ၏ စကားကို သိပ်တော့ မကျေနပ်ကြသော်လည်း ဆန်းလျန်ဘက်သို့ လှည့်ကာ ပြုံးလိုက်ရင်း…
"ဒီနေ့တော့ ကံဆိုးတာပဲ ကောင်လေးရေ"
ဟု ပြောလိုက်လေသည်။
အပြစ်မရှိ သူများထံမှ အနိုင်ကျင့် ဓားပြတိုက်သည့် ကိစ္စမျိုးဆိုလျှင် ဆန်းလျန်၏ စိတ်ရင်းဖြင့် ဝင်ပါမိမည် ဖြစ်လေသည်။
သို့သော် ရွှမ်ဖုန်းအာမခံဌာန။ ကောပီသုံးဖော်နှင့် သခင်လေး ဖြစ်သူတို့၏ ကိစ္စမှာ သိုင်းလောကသား အချင်းချင်း အငြင်းပွားကြသည့် ကိစ္စ ဖြစ်လေသည်။
မည်သူက မှားပြီး မည်သူက မှန်သည်ကို မပြောနိုင်ပေ။ ဆန်းလျန်မှာ စိတ်ထားကောင်းမွန်သည့် သူတစ်ယောက် ဖြစ်သော်လည်း သိုင်းလောကသား အချင်းချင်း သတ်ဖြတ်သည့် ကိစ္စများနှင့် ပတ်သက်ပြီး အချိန်ကုန် မခံနိုင်ပေ။
သို့သော် ယခုတော့ မမျှော်လင့်စွာဖြင့်ပင် ဤ ကိစ္စထဲတွင် ပါဝင်ပတ်သက် ရတော့မည် ဖြစ်လေသည်။
သိုင်းလောကတွင် ရန်ငြိုးနှင့် အာဃာတ တရားများ ကြီးကြလေသည်။ မပတ်သက်အောင် နေသည့် ကြားမှပင် ပြဿနာက ရောက်လာပြီ ဖြစ်လေသည်။
ဆန်းလျန်မှာ ပြဿနာ ရှာရသည်ကို သဘောကျသည့် လူမျိုး မဟုတ်သလို ပြဿနာ ဖြစ်ရသည်ကိုလည်း မကြိုက်ပေ။
"ကျုပ်ကို လာရှုပ်ရင်တော့ မင်းတို့တွေ ဒုက္ခရောက်တော့မယ်"
ဆန်းလျန် သက်ပြင်းချရင် းပြောလိုက်လေသည်။
သခင်လေးဆိုသူက ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ပြီး ဆံပင်တိုနှင့် ဘုန်းတော်ကြီးဆီသို့ အကြည့်ကို ရွှေ့လိုက်လေသည်။ ဆံပင်တိုနှင့် ဘုန်းတော်ကြီးမှာ တစ်ခုခု ရင်းနှီးနေသယောင် သူခံစား လိုက်ရလေသည်။
အမှန်တော့ သခင်လေးဆိုသူ အနေဖြင့် ခရီးထွက်လာ ရသည်မှာ လွယ်ကူလွန်းလှ လေသည်။ ရေခဲကျောက်စိမ်း ဆိုသည့် ပစ္စည်းမှာလည်း သူ့အတွက် အရေးမကြီးလှပေ။ သို့သော် ထိုပစ္စည်းမှာ ရဲ့လျှိုယွင် အတွက် အရေးကြီးသည် ဆိုလျှင် ရပြီဖြစ်လေသည်။
***