← Chapters

အခန်း(၁၀)

Vol. 1 Ch. 10

အခန်း(၁၀)

Vol. 1 Ch. 10

သရဲဘုရင်ဂိုဏ်းကျင့်ကြံသူအားလုံး မှင်သက်သွားကြလေ၏။

ရှန်းတာအိုဂိုဏ်း ဟုတ်လား။အဲဒါက ဘာဂိုဏ်းကြီးတုန်း။

ဝိညာဉ်ချီကျဲပါးတဲ့ ဒီလိုနေရာမှာ ရှန်းတာအိုဂိုဏ်း တည်ထားတယ်တဲ့လား။

ဧကရာဇ်မင်းနဲ့ဝေးကွာနေတာကို အခွင့်ကောင်းယူပြီး ပြဇာတ်ကနေကြတာများလား။

ဤသည်ကိုတွေးလိုက်မိပြီး သရဲဘုရင်ဂိုဏ်းသားများကို ဦးဆောင်လာသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် လှောင်ပြောင်ရယ်မောလိုက်လေ၏။

"ဟားဟားဟား သောက်ရေးမပါတဲ့စကားတွေ၊ ဒီရှန်းတာအိုဂိုဏ်းဆိုတာကို ငါဖြင့်တစ်ခါမှတောင်မကြားဖူးဘူး၊ဒီမဟာထန်တိုင်းပြည်ရဲ့ထျန်းယွမ်ပြည်နယ်မှာ ငါတို့သရဲဘုရင်ဂိုဏ်းက နံပါတ်တစ်လို့ ပြောရင် ဘယ်သူကများနှစ်လို့ ပြောရဲသလဲ"

ရူးသွပ်တစ္ဆေသည်စကားပြောနေရင်း သူ့ကျင့်ကြံခြင်းအဆင့်ကိုအသုံးပြုကာ ချန်ဟေးထန်အားအကဲခတ်ရန်လည်း မမေ့ချေ။ထိုမာနကြီးသော အသားမည်းမည်းနှင့်လူငယ်သည် ချီကျင့်ကြံခြင်း အဆင့်၄သာရှိသော တပည့်တစ်ယောက်မျှသာဖြစ်ပြီး သူ့ဘေးတွင် ထိုင်နေသော ဝတ်ရုံဖြူဖြင့်ငါးမျှားသမားထံတွင်လည်း မည်သည့်ကျင့်ကြံခြင်းအဆင့်ရှိကြောင်း သိသာထင်ရှားခြင်းမရှိပေ။

သူ့အဆင့်က သိပ်မြင့်မည်မဟုတ်ခြင်းဖြစ်နိုင်သလို လုံးဝကျင့်ကြံခြင်းမရှိသူလည်းဖြစ်နိုင်သည်။

သရဲဘုရင်ဂိုဏ်း၏ဂုဏ်သရေရှိအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့နယ်မြေထဲတွင်အခြားတစ်ယောက်မှာ လာဗိုလ်ကျစိုးမိုးသည်ကို မည်သို့ခွင့်ပြုနိုင်ပါမည်နည်း။

တစ်ကယ့် ဟာသပဲ။

ဆံပင်နီနှင့်ကျင့်ကြံသူတစ်ဦးမှာ မဲ့ပြုံးပြုံးလျက် ပြောလိုက်လေ၏။

"လေလွင့်ကျင့်ကြံသူတွေကများ ကိုယ့်ကိုယ်ကို ရှန်းတာအိုလို့ ခေါ်ရဲတယ်ပေါ့လေ ယုံကြည်မှုတွေလွန်ကဲလိုက်ကြတာ၊သရဲဘုရင်ဂိုဏ်းနယ်မြေအောက်မှာ မင်းတို့လိုကောင်တွေကို ပုရွက်ဆိတ်တစ်ကောင်လို ချေမှုန်းပစ်နိုင်တဲ့ လက်အောက်ခံတွေမရေမတွက်နိုင်အောင်ရှိတယ်ကွ"

ထိုစကားအားကြားလိုက်ရသောအခါ ချန်ဟေးထန်မျက်လုံးများကျဉ်းမြောင်းသွားပြီး ဒေါသထွက်သွားရသည်။

ရှန်းတာအိုဂိုဏ်းကို စော်ကားဝံ့တယ်ပေါ့လေ။မင်းတို့ကို ဘယ်သူကများသတ္တိတွေပေးလိုက်တာပါလိမ့်။

ဒီလူတစ်ဝက် သရဲတစ်ဝက်ကောင်တွေက လောကကြီးကို သိပ်မြင်ဖူးတဲ့ပုံလည်းမပေါက်ဘူး။ဆရာ့ရှေ့လာပြီး ဒီလိုသွေးနားထင်ရောက်နေတဲ့စကားတွေကို ပြောရဲကြတယ်နော်။

ရယ်လိုက်ကြစမ်း မင်းတို့စိတ်ကြိုက်ရယ်ထားလိုက်ကြ။နောက်ကျရင် မင်းတို့အလှည့် ရောက်လာမှာပါ။

ချန်ဟေးထန်သည် လူငယ်တစ်ဦး၏အကျောမခံလိုသည့်စိတ်ရှိသူပီပီ ကျန်းပေချန်၏ပုံမှန် တည်ငြိမ်သောအမူအရာကို တုပလျက်အေးစက်စွာဖြင့် ပြောလိုက်လေ၏။

"သာမန်သရဲဘုရင်ဂိုဏ်းလောက်ကများ ဘယ်လိုလုပ် ဒီလိုမာနကြီးရဲတာလဲ၊ငါ့ဆရာဂိုဏ်းချုပ်ကြီးက မင်းတို့ဂိုဏ်းကိုခွေးတစ်ကောင်သတ်သလိုမျိုး ဖျက်ဆီးပစ်နိုင်တယ်၊ဆရာသာ စိတ်ဆိုးလိုက်ရင် ကောင်းကင်ပြိုကျပြီး မြေကြီးအက်ကွဲသွားလိမ့်မယ်၊နေနဲ့လတောင် အလင်းရောင်ပျောက်ကွယ်သွားလိမ့်မယ်ကွ"

ထိုစကားကိုပြောလိုက်သည်နှင့် သရဲဘုရင်ဂိုဏ်းကျင့်ကြံသူအားလုံးဒေါသထွက်သွားကြသည်။

သူတို့က ချီကျင့်ကြံခြင်း အဆင့်၄ပဲရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ အရှက်ခွဲတာကိုခံလိုက်ရတာလား။

ကျန်းပေချန်လည်း သူ့ရင်ထဲတွင်ထိတ်လန့်သွားရ၏။

"ဟေးထန်ရေ ဟေးထန်ရ မင်းစိတ်ထဲမှာငါ့ပုံရိပ်က ဒီလောက်တောင်မြင့်မားနေတာလား၊ဒါပေမဲ့ အဲဒါကိုပါးစပ်က ထုတ်မပြောလို့မရဘူးလားကွာ၊ငါကလဲ ချီကျင့်ကြံခြင်းအဆင့်၄ပဲ ရှိသေးတာလေ၊ငါတို့နိုင်မှာ မဟုတ်လို့ ငါ့ကိုမင်းရဲ့ကြွားလုံးတွေထဲ ဆွဲမထည့်ပါနဲ့"

ရူးသွပ်တစ္ဆေသည် ချန်ဟေးထန်၏မသိနားမလည်မှုကြောင့် ရယ်ချင်သွားပြီး ရှေ့သို့တက်ကာ မဲ့ပြုံးပြုံးလျက်ပြောလိုက်လေ၏။

"အိုး ဟုတ်လား မင်းဆရာက အဲ့လောက်စွမ်းတယ်ပေါ့"

ရူးသွပ်တစ္ဆေသည် ပြောင်စပ်စပ်မျက်နှာထားဖြင့်ရပ်နေပြီး ဆက်ပြောဆိုလိုက်၏။

"ငါဒီနေရာမှာပဲ သူလာသတ်မှာကို ရပ်စောင့်နေလိုက်မယ်"

ချန်ဟေးထန် ဒေါသအလိပ်လိပ်ထွက်လာပြီး အသက်နှင့်ရင်း၍ တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း ကျန်းပေချန်သည် လက်ကိုအသာဝှေ့ယမ်းလိုက်ပြီး သူ့အချစ်တော်တပည့်ကို စိတ်အေးအေးထားရန် အချက်ပြလိုက်လေသည်။

"မင်းရဲ့ နှလုံးသားသဘာဝကို ဂရုစိုက်ထား၊စိတ်မြန်လက်မြန် မဖြစ်နဲ့"

ကျန်းပေချန် အသာပြောလိုက်သည်။

မင်း ပြောလို့ဝပြီမလား ဘာလဲ သူတို့ဆီပြေးဝင်သွားချင်သေးတာလား။ဟေးထန်ရေ ငါ့မှာမင်းကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းအစမရှိဘူးနော်။ပြန်စဉ်းစားကြည့်ရင် မင်းအရင်ကဆို တော်တော်ရိုးသားပြီး ချန်ဟောက်အနိုင်ကျင့်တာကိုတောင် ခံခဲ့ရတာမလား။ကျင့်ကြံ‌တာလေးစလုပ်လိုက်တာနဲ့ ဘယ်လိုလုပ်ဒီလောက် မာနကြီးသွားရတာလဲ။

ဆရာဖြစ်သူ၏ဖျောင်းဖျမှုကို မြင်လိုက်ရသောအခါ ချန်ဟေးထန်နောက်ဆုတ်လိုက်ပြီး ရိုသေလေးစားသောမျက်နှာထားဖြင့် ပြောလိုက်လေ၏။

"တပည့် အမှားကိုနားလည်ပါပြီ"

ထိုစကားပြောပြီးနောက် သူသည်ရူးသွပ်တစ္ဆေထံ လက်ညှိုးထိုးကာ ဆဲရေးဖို့လည်းမမေ့ခဲ့ချေ။

"သရဲအိုကြီး ငါ့ဆရာသာတားမထားရင် မင်းအဘိုးဟေးထန်က မင်းကိုပါးရိုက်သတ်လိုက်ပြီ"

"မင်း သေလမ်းရှာနေတာပဲ"

အကြိမ်ကြိမ်ရန်စခံနေရသဖြင့် ရူးသွပ်တစ္ဆေ ဒေါသထွက်လာသည်။

ထိုအခြေအနေကိုမြင်သောအခါ သရဲဘုရင်ဂိုဏ်းသားများသည် ခနဲ့တဲ့တဲ့ပြုံးကာပြောလာကြ၏။

"ဆရာသခင် သူတို့နဲ့ဘာလို့ စကားတွေပြောပြီး အချိန်ဖြုန်းနေမှာလဲ တန်းပြီးသတ်ပစ်လိုက်ရအောင်"

ထိုသို့ပြောပြီးသည်နှင့် ဂိုဏ်းသားများမှာရှေ့သို့ ခုန်ဝင်ရန်ပြင်လိုက်ကြသည်။

သို့သော် သူတို့မသွားရသေးခင်မှာပင် ဝမ်မိသားစု၏ဒုတိယဦးလေးမှ တားဆီးလိုက်သည်။

ဒုတိယဦးလေးဝမ်သည် မျက်လုံးများကိုမှေးစင်းလိုက်ပြီး အလွန်သတိထားသော မျက်နှာထားဖြင့် ပြောလိုက်လေ၏။

"နေဦး လှည့်စားမှုတွေရှိနေနိုင်တယ် သတိထား"

ကျန်းပေချန်စကားများသည် သူ့ကိုသံသယ ဝင်သွားစေခဲ့ပြီး ဤဝတ်ရုံဖြူဝတ်ဂိုဏ်းချုပ်ကို အလေးအနက်ထားအကဲခတ်ကြည့်ရှုလိုက်တော့သည်။

ပုံမှန်အားဖြင့် မဟာထန်တိုင်းပြည်၏ထျန်းယွမ်ပြည်နယ် ဤတောင်တန်းဒေသဘက်ရှိ မည်သည့်ကျင့်ကြံသူကများ သရဲဘုရင်ဂိုဏ်းကိုမြင်လျှင် မလေးစား မရိုသေဘဲနေနိုင်ပါမည်နည်း။

ယနေ့တော့ ဤလေလွင့်ကျင့်ကြံသူဆရာတပည့်မှာ တစ်ကယ့်ကိုမကြောက်မရွံ့ဖြင့်ရဲရဲတင်းတင်းရှိလှသည်။

မသိနားမလည်တာလား ဒါမှမဟုတ် သူတို့မှာ အားကိုးစရာ တစ်ခုခုရှိနေလို့လား။

အသားမည်းကောင်လေးပြောသလို ဒီဝတ်ရုံဖြူဝတ်ဂိုဏ်းချုပ်က စီနီယာပညာရှင်ကြီးဖြစ်နေတာများလား။

သိပ်တော့ မဖြစ်နိုင်ပါဘူး။

ဘယ်စီနီယာပညာရှင်ကများ ဒီလိုစုတ်ပြတ်နေတဲ့နေရာမှာနေမှာလဲ။

ပြီးတော့ သူ့တပည့်ကလည်း ချီကျင့်ကြံခြင်း အဆင့်၄လောက်ပဲ ရှိတာလေ။

တစ်ဖက်ရှိ သရဲဘုရင်ဂိုဏ်းကျင့်ကြံသူများ တွန့်ဆုတ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်လော့လီ သက်ပြင်းချလိုက်မိသည်။သူမ ကျန်းပေချန်ထံကြည့်လိုက်သောအခါ မျှော်လင့်ချက်ရောင်ခြည်တစ်ခု သူမရင်ထဲတွင် ပေါ်ပေါက်လာလေ၏။

ဝတ်ရုံဖြူဝတ်ဤအမျိုးသားမှာ သူမအားအမှန်တစ်ကယ်ကာကွယ်ပေးနိုင်မည်လား။

ကျန်းပေချန်သည် အလှလေး၏စိုးရိမ်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် ငါးမျှားတံကိုဆွဲလိုက်ပြီး အသာပြုံးလိုက်လေ၏။

"စိတ်မပူပါနဲ့ ရှန်းတာအိုဂိုဏ်းထဲမှာ ဘယ်သူကမှ မင်းကိုနည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်ပါဘူး"

အကြောင်းတစ်ခုခုကြောင့် ဤစကားကိုကြားလိုက်ရသောအခါ ဝမ်လော့လီ ပို၍ပင်စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။

သရဲဘုရင်ဂိုဏ်းမှကျင့်ကြံသူများသည် ကျန်းပေချန်ကို ခဏတာမျှဆက်ပြီးစောင့်ကြည့်နေသော်လည်း သူ့စွမ်းအားကိုမူ မခန့်မှန်းနိုင်သေးချေ။

"အစ်ကိုဝမ် ဝမ်လော့လီက ငါတို့မျက်စိရှေ့မှာ ရောက်နေပြီလေ၊မင်း လက်လျှော့လိုက်တော့မှာလား"

ရူးသွပ်တစ္ဆေမှ ပြုံးစစဖြင့်ပြောလိုက်သည်။သူတို့သည် ဝမ်မိသားစုကိုမျိုးဖြုတ်သတ်ဖြတ်ခဲ့ကြရာတွင် တစ်ယောက်သာကျန်တော့သလို ထိုတစ်ယောက်မှာလည်း လက်တစ်ကမ်းအကွာတွင်သာရှိနေရာ ထိုလာဘ်ထုတ်ကြီးအား မည်သို့အလွယ်တကူလက်လွှတ်ခံနိုင်ပါမည်နည်း။

သူတို့ဘက်မှလူပိုများသလို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ အများအပြားလည်း ရှိနေသည်။

သူတို့က ဒီလူသုံးယောက်ကိုကြောက်နေရမှာလား။

ဟိုဘက်က အစွမ်းထက်တယ်ဆိုရင်တောင် သူတို့ရဲ့ဒီလောက်လူအများကြီးနဲ့ ရင်ဆိုင်နိုင်ပါ့မလားတွေးကြည့်လေ။

ချန်ဟေးထန်သည် သူတို့တွန့်ဆုတ်နေသည်ကိုကြည့်ပြီး စိတ်မရှည်ဖြစ်လာတော့သည်။သူတို့သာစပြီးမတိုက်ရင် ဆရာကဘယ်လိုလုပ်ပြန်တိုက်ရမှာလဲ။

သူကဆရာ့ရဲ့ရှန်းနည်းလမ်းတွေကို မြင်ချင်နေတာလေ။

ထို့ကြောင့် ဟေးထန်မှ အသံကျယ်ကျယ်ဖြင့် လှမ်းဆဲလိုက်ပြန်သည်။

"မင်းတို့ သူရဲဘောကြောင်တဲ့ကောင်တွေ မတိုက်ရဲရင်လည်း ဘာလို့အမြန်ပြန်မဆုတ်ကြသေးတာလဲ"

ထိုစကားထွက်လာသည်နှင့် ကျင့်ကြံသူအားလုံးဒေါသထွက်သွားကြသည်။

"မင်းက သေလမ်းကိုတစ်ကယ်ရှာနေမှတော့ ငါတို့ကိုအပြစ်မတင်နဲ့တော့"

ပြောပြီးသည်နှင့် တစ်ဖက်ရှိလူများသည်အနက်ရောင်အလင်းတန်းများအဖြစ်ပြောင်းလဲကာ အလွန်လျင်မြန်သောအရှိန်ဖြင့် ပြေးဝင်လာကြတော့သည်။

ကျန်းပေချန်သည် ဉာဏ်ကောင်းသူပီပီ ဒုက္ခပင်လယ်မဟာဗျူဟာကို ချက်ချင်းအသက်သွင်းလိုက်လေ၏။

သရဲဘုရင်ဂိုဏ်း ကျင့်ကြံသူအားလုံး မဟာဗျူဟာကမ္ဘာထဲသို့ ကျရောက်သွားကြတော့သည်။

ကောင်းကင်နှင့် မြေကြီး နေရာရွှေ့ပြောင်းခြင်း။

ရေကန်လေးသည် ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သရဲဘုရင်ဂိုဏ်းကျင့်ကြံသူများသည် ချက်ချင်းမူးဝေသွားပြီး အာရုံများဝေဝါးသွားကြသည်။မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကမ္ဘာကြီးသည် အရောင်ပြောင်းလဲသွားပြီပင်။

သူတို့အားလုံး ဤနေရာမှာမည်သည့်နေရာဆိုသည်ကိုမသိသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိကြသည်။

သူတို့ရှေ့တွင် ကျယ်ပြောပြီးအဆုံးအစမရှိသော အပြာရင့်ရောင်ပင်လယ်ပြင်ကျယ်ကြီး ရှိနေပေ၏။

အားလုံး လိပ်ပြာလွင့်မတတ်ထိတ်လန့်သွားကြသည်။စောစောက ရေကန်လေးပါ ဘယ်လိုလုပ်ပြီး အဆုံးအစမရှိတဲ့ပင်လယ်ပြင်ကြီးဖြစ်သွားရတာလဲ။

သရဲဘုရင်ဂိုဏ်းကျင့်ကြံသူများသည် မျက်စိရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် အပြန်အလှန်ကြည့်လိုက်မိကြသည်။

ရုတ်တရက် ဝမ်မိသားစု၏ဒုတိယဦးလေးမှာ ကြောက်ရွံ့စွာဖြင့် ရေရွတ်မိလိုက်၏။

"ဒါက ကမ္ဘာငယ်လေးပဲ"

ထိုစကားကိုကြားလိုက်ရသောအခါ အားလုံး တုန်လှုပ်သွားပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်ကြသည်။ဒီနေရာက အပြင်ဘက်နဲ့တစ်ကယ်ကို ကွဲပြားခြားနားနေတာပဲ။

ဒါပေမဲ့ ကမ္ဘာငယ်လေးလို့ပြောရအောင်လည်း သူတို့ မယုံနိုင်သေးဘူး။

ကမ္ဘာငယ်လေးတစ်ခုရဲ့ မဟာဗျူဟာက အရမ်းခက်ခဲလွန်းတယ်။ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ထဲမှာတောင် ကမ္ဘာငယ်လေးကို ထိန်းချုပ်ထားတဲ့ဂိုဏ်းက လက်ချိုးရေလို့ရတယ်မဟုတ်ဘူးလား။

All Chapters