← Chapters

ကယ်ဆယ်ရေး စစ်ဆင်ရေး

Vol. 49 Ch. 557

ကယ်ဆယ်ရေး စစ်ဆင်ရေး

Vol. 49 Ch. 557

ရှီဟုန်ယွင်၏ ပျံသန်းသော စံအိမ် ပေါ်တွင် ကျန်းပေရန်သည် ရှီဟုန်ယွင်၏ ကိုယ်ထဲမှ အဆိပ်များကို လွှဲပြောင်းပေးလိုက်သည့် အနက်ရောင်သခင်ကြီး ၁၅ ဦးကို ကုသပေးနေသည်။

ကျန်းပေရန်၏ လက်ထဲမှ ကျောက်စိမ်းအပ်များသည် ထိုသူများ၏ ခန္ဓာကိုယ်ထဲသို့ တဖျပ်ဖျပ် ဝင်ထွက်နေသည်ကို ကြည့်ရင်း နောက်မှ လိုက်ပါလာသော ချောင်ကျင်းဟွာ က မေးလိုက်သည်။

“ဒါ ဘာအပ်စိုက်နည်းလဲ ဒီ ဂူအဆိပ်ကို ပျောက်ကင်းအောင် ကုသနိုင်လို့လား။”

ကျန်းပေရန် ခေါင်းခါလိုက်သည်။

“လောလောဆယ်တော့ ကျွန်တော်လည်း ဒီ ဂူအဆိပ်ကို ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်းကို ရှာမတွေ့သေးဘူး။ အခု လုပ်နေတာက အဆိပ်ကို ထိန်းချုပ်ထားရုံပါပဲ။”

ပြောပြီးသည်နှင့် ကျန်းပေရန်သည် ရှီဟုန်ယွင်ကို လှမ်းကြည့်လိုက်သည်။

“စောစောက သူတော်စင်ကြီးကို ကုသပေးလိုက်တယ် ဆိုတာကလည်း သူ့ကိုယ်ထဲက အဆိပ်တွေကို ၁၅ ပုံ ခွဲပြီး တခြားနေရာ ရွှေ့ပြောင်းလိုက်တာပါ တကယ်တမ်း ကုသလိုက်တာ မဟုတ်ပါဘူး။”

ချောင်ကျင်းဟွာသည် မြေကြီးပေါ်တွင် လဲလျောင်းနေသော အနက်ရောင်သခင်ကြီး ၁၅ ဦးကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

ကျန်းပေရန် ပြောသလိုပင် သူသည် အဆိပ်ကို ဖယ်ရှားလိုက်ခြင်း မဟုတ်ဘဲ နေရာရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။ အခြေခံကို မကုသနိုင်ဘဲ လက္ခဏာကိုသာ သက်သာအောင် လုပ်ပေးသည့် နည်းလမ်း ဖြစ်သည်။

သို့သော် ဒီလောက် အရေးကြီးတဲ့ အချိန်မှာ ဒီလို နည်းလမ်းကို စဉ်းစားမိပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်တာကိုက အံ့သြစရာ ကောင်းနေပြီ ဖြစ်သည်။

သူ့နေရာမှာ သူသာ ဆိုရင် အဆိပ်ကို စုပ်ထုတ်ဖို့ နေနေသာသာ ဒီလို ကုသလို့ ရမယ် ဆိုတာတောင် စဉ်းစားမိမှာ မဟုတ်ပေ။

အနက်ရောင်သခင်ကြီး ၁၅ ဦး၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ပေးပြီးနောက် ပျံသန်းသော စံအိမ် သည် ချောင်ကျင်းဟွာ ပြောသော ယွမ်မြို့ သို့ ရောက်ရှိလာသည်။

ရှီဟုန်ယွင်၏ ညွှန်ကြားမှုအောက်တွင် ရှီမိသားစုဝင်များသည် စည်းကမ်းတကျ ဆင်းသက်သွားကြသည်။

မိသားစုဝင်များ အကုန် ဆင်းသွားပြီးနောက် ချောင်ကျင်းဟွာသည် ချန်ယန်ချင်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကဲ... သွားကြစို့။ မင်းရဲ့ ဂိုဏ်းကို သွားကယ်ကြမယ်။”

ရှီဟုန်ယွင်သည် ဒဏ်ရာ ပြင်းထန်စွာ ရထားသော်လည်း စောစောက သူ့အိမ်တော်ကို ကာကွယ်ပေးခဲ့သော မိတ်ဆွေများကို ကျေးဇူးဆပ်ချင်စိတ်ကြောင့် အနားမယူဘဲ လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။ ရှီယန်ရှီးတို့ တားသော်လည်း မရပေ။

တားမရသည့်အဆုံး ရှီယန်ရှီးသည် ကျန်းပေရန် ဘက်သို့ လှည့်ကာ လက်နှစ်ဖက်ဆုပ် ဂါရဝပြုပြီး ပြောလိုက်သည်။

“ဆရာကျန်း... ဒီနေရာမှာ ခင်ဗျား တစ်ယောက်တည်းပဲ ဒီ ဂူအဆိပ်ကို ကုသနိုင်စွမ်း ရှိတာပါ။ ကျေးဇူးပြုပြီး သူတော်စင်ကြီးကို စောင့်ရှောက်ဖို့ လိုက်ပါပေးပါ။”

ရှီယန်ရှီးသည် ကျန်းပေရန်၏ မာန်တက်သော ပုံစံများကို မမြင်ဖူးသော်လည်း အနက်ရောင် သူတော်စင်များက ကျန်းပေရန်ကို လေးစားစွာ ဆက်ဆံနေသည်ကို မြင်သောအခါ သာမန် “ဧည့်အကြီးအကဲ” မဟုတ်မှန်း ရိပ်မိလိုက်သည်။ ထို့ကြောင့် လေသံက အရင်ကထက် အများကြီး ယဉ်ကျေးလာသည်။

ဒီလို ပြောင်းလဲမှုက ကျန်းပေရန်ကို စိတ်မပျက်စေသည့်အပြင် သဘောကျစေသည်။ ဒီလို လက်တွေ့ကျတဲ့ လူမျိုးတွေနဲ့ အလုပ်တွဲလုပ်ရတာ ပိုအဆင်ပြေသည်။

တကယ်တမ်းတော့ ကျန်းပေရန် ကိုယ်တိုင်လည်း လိုက်ပါသွားချင်နေသည်။ ဒီ ဂူအဆိပ် ပြဿနာက ကြီးမားလွန်းပြီး စနစ်ကလည်း သူ့ကို ကယ်တင်ရှင် လုပ်ခိုင်းနေသဖြင့် ပုန်းနေလို့ မဖြစ်တော့ပေ။ အင်အားစုတွေကို များများ ကယ်တင်နိုင်မှ သူ့အစီအစဉ် အောင်မြင်မည် ဖြစ်သည်။

ရှီယန်ရှီး၏ အကြံပြုချက်ကို ချန်ယန်ချင်း ကလည်း ထောက်ခံလိုက်သည်။

“ဟုတ်တယ် ဆရာကျန်း ပါလာရင် ငါတို့လည်း စိတ်အေးရတယ်။”

လောလောဆယ်တွင် ကျန်းပေရန်ကလွဲရင် ဘယ်သူမှ ဒီ ဂူအဆိပ်ကို မကုသနိုင်ပေ။ ဒါကြောင့် ကျန်းပေရန် ပါလာလျှင် သူတို့၏ လုံခြုံရေးသည် အာမခံချက် ရှိသွားပြီ ဖြစ်သည်။ ထို့အပြင် ဂိုဏ်းကို ပြန်ရောက်ရင်လည်း အဆိပ်သင့်နေတဲ့ မိသားစုဝင်တွေ ရှိနေနိုင်သဖြင့် ကျန်းပေရန် ပါလာတာ ပိုကောင်းသည်။

ချောင်ကျင်းဟွာ ကလည်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဆရာကျန်း လိုက်ခဲ့ပါ ကိစ္စပြီးရင် ငါတို့ အရက်ဝိုင်း ဖိတ်ပါ့မယ်။”

“အရက်ဝိုင်း ဖိတ်မယ်” ဆိုတာက ကျေးဇူးတင်ကြောင်း သွယ်ဝိုက် ပြောဆိုခြင်း ဖြစ်သည်။

ဒီ အနက်ရောင် သူတော်စင်ကြီးများသည် သာမန်လူများကိုသာ အထက်စီး ဆက်ဆံလေ့ ရှိပြီး အဆင့်တူ ပုဂ္ဂိုလ်များ ဆိုလျှင် ရင်းရင်းနှီးနှီး ပေါင်းသင်းတတ်ကြသည်။

အခု ကျန်းပေရန်ကို ဒီလို ဆက်ဆံနေခြင်းသည် ကျန်းပေရန်ကို သူတို့နှင့် တန်းတူ ပညာရှင် တစ်ဦး အဖြစ် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ အနက်ရောင် သူတော်စင်များသည် အတွင်းအားကို အဓိက ထားသော်လည်း အတတ်ပညာရှင်များ၏ စွမ်းရည်ကို လေးစားကြသည်။ အထူးသဖြင့် အဆင့် ၈ နှင့် အထက် အတတ်ပညာရှင်များကို ပိုမို လေးစားကြသည်။

ကျန်းပေရန်သည် လိုက်ပါသွားရန် ဆန္ဒရှိပြီးသား ဖြစ်သလို သူတော်စင်ကြီးများကလည်း ဖိတ်ခေါ်နေသဖြင့် ငြင်းစရာ မရှိပေ။

“ကောင်းပါပြီ။ သူတော်စင်ကြီးများ ဒီလောက် ဖိတ်ခေါ်နေမှတော့ ဂျူနီယာ လိုက်ခဲ့ပါ့မယ်။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း ဆိုရင် အဆင်မပြေဘူး သူတော်စင်ကြီးများရဲ့ ဂိုဏ်းသားတွေထဲက အနက်ရောင်သခင်ကြီး အဆင့် ရှိသူတွေကို ခေါ်ပေးပါ။မဟုတ်ရင် ကျွန်တော်လည်း ဆန်မရှိဘဲ ထမင်းချက်လို့ မရဘူး။”

ကျန်းပေရန်၏ ဆိုလိုရင်းကို ချောင်ကျင်းဟွာ နားလည်လိုက်သည်။

“ကောင်းပြီ။ ဒီမှာ ခဏ စောင့်နေ။ ငါ လူသွားစုလိုက်ဦးမယ်။”

ပြောပြီးသည်နှင့် လေပေါ်သို့ ပျံတက်သွားသည်။

ရှီယန်ရှီးက အဆိပ်စုပ်ယူထားသော အနက်ရောင်သခင်ကြီး ၁၅ ဦးကို ကြည့်ပြီး ကျန်းပေရန်ကို မေးလိုက်သည်။

“သူတို့ နောက်ထပ် တစ်ခါ ခံနိုင်ဦးမလား။”

“မရတော့ဘူး။” ကျန်းပေရန် ခေါင်းခါလိုက်သည်။

“သူတို့ အခု အနားယူဖို့ လိုအပ်နေပြီ။ မဖြစ်မနေ အခြေအနေ မဟုတ်ရင် တိုက်ပွဲတောင် ဝင်မနွှဲသင့်ဘူး။ အပြင်ပန်း ကြည့်ရင် ကောင်းနေသလို ထင်ရပေမဲ့ အတွင်းအား သုံးလိုက်တာနဲ့ အဆိပ်တွေ ပြန်ထလာပြီး ဒုက္ခပေးလိမ့်မယ်။”

ရှီယန်ရှီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ဒါဆိုရင် ကျွန်တော် လိုက်ခဲ့မယ်။”

ခေါင်းဆောင် တစ်ယောက် အနေဖြင့် မိသားစုဝင်များကို စောင့်ရှောက်ရန် ကျန်ခဲ့သင့်သော်လည်း သူတော်စင်ကြီးတောင် အသက်စွန့်ပြီး လိုက်သွားမည် ဆိုတော့ သူ နောက်ဆုတ်နေလို့ မဖြစ်ပေ။

ရှီဟုန်ယွင် မကန့်ကွက်သဖြင့် ရှီယန်ရှီး ဆက်ပြောလိုက်သည်။

“ကျွန်တော် နောက်ထပ် မိသားစုဝင်တွေ သွားခေါ်လိုက်ဦးမယ်။”

တစ်မွှေးတိုင်ကြာပြီးနောက် အနက်ရောင်သခင်ကြီး ၄၀ ကျော် ကျန်းပေရန် ရှေ့သို့ ရောက်လာကြသည်။ အားလုံးသည် အနက်ရောင်သခင်ကြီး အဆင့်များသာ ဖြစ်ကြသည်။

‘ဒါမှ အနက်ရောင် သူတော်စင် ဆိုတာ ခွေးလောက်တောင် တန်ဖိုးမရှိ၊ အနက်ရောင် သခင်ကြီးတွေက လမ်းဘေးမှာ ပြန့်ကျဲနေတယ် ဆိုတဲ့ စကားနဲ့ ညီတာ’

“ကောင်းပြီ အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုရင် သွားကြစို့။”

ချောင်ကျင်းဟွာက လက်ဝှေ့ယမ်းလိုက်ပြီး လူအားလုံးကို သူ့ ပျံသန်းသော စံအိမ် ပေါ် တက်ခိုင်းလိုက်သည်။ ထို့နောက် ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဆရာကျန်းလည်း ကျွန်တော့် စံအိမ် ပေါ် လိုက်ခဲ့ပါ။ ဆေးပညာနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာလေးတွေ ရှိလို့ပါ။”

အနက်ရောင် သူတော်စင် တစ်ပါးက “ဆွေးနွေးစရာ ရှိတယ်” ဟု ပြောလာခြင်းသည် မျက်နှာသာ ပေးခြင်း ဖြစ်သည်။ ရှီဟုန်ယွင်တောင် ဝင်မတားရဲပေ။

သို့သော် ကျန်းပေရန် မျက်လုံးရှေ့တွင် စနစ် ရွေးချယ်မှုများ ပေါ်လာသည်။

【ရွေးချယ်မှု ၁ - ချောင်ကျင်းဟွာ ၏ ပျံသန်းသော စံအိမ် ပေါ် လိုက်ပါသွားရန်။ ပြီးမြောက်ပါက ဆုလာဘ် - မြေကမ္ဘာအဆင့် အထက်တန်း ဝိညာဉ်ပြောင်းပြန် လျှို့ဝှက်ကျမ်း】

【ရွေးချယ်မှု ၂ - ရှီဖုန်းလန်၏ ပျံသန်းသောစံအိမ် ပေါ် လိုက်ပါသွားရန်။ ပြီးမြောက်ပါက ဆုလာဘ် - ကျပန်း အခြေခံ အတတ်ပညာ အမှတ် +၁】

ရွေးချယ်မှု နှစ်ခုကို ကြည့်ပြီး ကျန်းပေရန် ခဏတာ ကြောင်သွားသော်လည်း ချက်ချင်း သတိဝင်လာသည်။

ရှီဖုန်းလန်၏ ပျံသန်းသော စံအိမ် ပေါ်တွင် အချိန်ကိုက်ဗုံး တစ်လုံး ရှိနေသည်။

ချူယန်ဇယ် ရှိနေသည်။

တကယ်လို့ ချူယန်ဇယ် ပါလာတာကို သူများတွေ သိသွားရင် ဒီလို အချိန်မျိုးမှာ ရှင်းပြရ ခက်လိမ့်မည်။ ဘောင်းဘီထဲ ရွှံ့ဝင်သလိုမျိုး ချေးမဟုတ်ပေမဲ့ ချေးလို့ အထင်ခံရမည့် အခြေအနေ ဖြစ်သွားနိုင်သည်။

ထို့အပြင် အရေးပေါ် အခြေအနေ ဖြစ်သဖြင့် ရှီဖုန်းလန်၏ စံအိမ်ကို အသုံးပြုခြင်းသည် သဘာဝကျပါသည်။

ဒါကြောင့် ကျန်းပေရန်သည် ရွေးချယ်မှု ၂ ကို ရွေးလိုက်ပြီး ချောင်ကျင်းဟွာကို လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။

“ဖိတ်ခေါ်တာ ကျေးဇူးတင်ပါတယ် စီနီယာကြီး ဒါပေမဲ့ ကျွန်တော် ဒီ ဂူအဆိပ် အကြောင်းကို သေချာ လေ့လာဖို့ လိုနေပါသေးတယ်။ ဒါကြောင့် ကျွန်တော့် စံအိမ် ပေါ်က အစီအရင်တွေနဲ့ ကိရိယာတွေကို အသုံးပြုဖို့ လိုအပ်နေလို့ပါ။”

“ကျွန်တော့် စံအိမ်” ဆိုသော စကားလုံးကို ကြားသောအခါ လူအုပ်ထဲမှ ရှီယန် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

သူ့သမီးကို သူပေးထားတဲ့ စံအိမ်လေ။ ဘယ်လိုဖြစ်ပြီး ဒီကောင်လေးက သူ့ဟာလို့ ပြောရဲတာလဲ။

ဒါပေမဲ့ အခြေအနေ အရ သူ သည်းခံလိုက်ရသည်။ နောက်မှ ရှင်းမယ်ဟု တေးထားလိုက်သည်။

ရှီယန် ကလွဲရင် ကျန်တဲ့သူတွေကတော့ အံ့အားသင့်သွားကြသည်။

အနက်ရောင် သူတော်စင် တစ်ပါးရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ရဲတယ် ဆိုတော့ ဒီကောင်လေးက တကယ် သတ္တိရှိတာပဲ။ ဒါမှမဟုတ် သူ့နောက်ခံက အရမ်း တောင့်လွန်းလို့ ရှန့်တိုင်းပြည်ကို မျက်လုံးထဲ မထည့်တာများလား။

ငြင်းပယ်ခံလိုက်ရသော ချောင်ကျင်းဟွာ အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်း ရယ်မောလိုက်သည်။

“ကောင်းပါပြီ အလုပ်က ပိုအရေးကြီးတာပေါ့။ ဆရာကျန်း မြန်မြန် ကုသနည်း ရှာတွေ့ပါစေလို့ ဆုတောင်းပါတယ်။”

“ဂျူနီယာ အကောင်းဆုံး ကြိုးစားပါ့မယ်။”

“ကောင်းပြီ ဒါဆို သွားကြစို့။ ငါတို့ အချိန်ဖြုန်းနေတာ ကြာပြီ။”

ချောင်ကျင်းဟွာ ပြောပြီး စံအိမ်ထဲ ဝင်သွားသည်။

ချောင်ကျင်းဟွာ ထွက်သွားပြီးနောက် ရှီဟုန်ယွင်က ကျန်းပေရန်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။

ကျန်းပေရန် ကြောင်သွားသည်။

‘ဒီအဘိုးကြီး... ငါက ရှီမိသားစုအပေါ် သစ္စာရှိတာ ပြချင်လို့ ငြင်းလိုက်တယ် ထင်နေတာလား။ စိတ်ကူးယဉ်နေလိုက်။’

ဒါပေမဲ့ ကျန်းပေရန်က ရှင်းပြမနေတော့ဘဲ ပြုံးပြလိုက်ပြီး ရှီဖုန်းလန်၏ ပျံသန်းသော စံအိမ် ပေါ်သို့ ပြန်တက်သွားသည်။

“ပေရန်လေး”

ကျန်းပေရန် ပြန်ရောက်လာသည်ကို မြင်သောအခါ ရှီဖုန်းလန် ပြေးလာသည်။ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့် ဖြစ်လေသည်။

“ကိစ္စကြီး ဖြစ်နေပြီလား။ သူတော်စင်ကြီး ဒဏ်ရာရတာ ငါ ပထမဆုံး မြင်ဖူးတာပဲ။”

“အင်း ကိစ္စက နည်းနည်း ကြီးတယ်။ ဒါပေမဲ့ ဖြေရှင်းလို့ ရပါတယ်။ နင် ရှေ့က စံအိမ် နောက်ကို လိုက်မောင်းလိုက်။”

“အိုကေ။” ရှီဖုန်းလန် ခေါင်းညိတ်ပြီး စံအိမ်ကို မောင်းနှင်လိုက်သည်။

လူယောင်ဖန်ဆင်းထားသော ယန်ယန်သည်လည်း ကျန်းပေရန် နားသို့ ကပ်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“အဲဒီ လူစိမ်းတွေက အရမ်း စွမ်းတာလား။ ငါ့အမေ ရှိတဲ့ တိရစ္ဆာန်လေးကောင် နယ်မြေ ကိုရော သူတို့ သွားကြမလား။”

“ဒါတော့ ငါလည်း မသိဘူး။” ကျန်းပေရန် ခေါင်းခါလိုက်သည်။

“သူတို့က လူသားတွေကို ကလဲ့စားချေချင်ရုံ သက်သက် ဆိုရင်တော့ နင့်အမေတို့ဆီ သွားမှာ မဟုတ်ဘူး။”

“တကယ်လို့ လူသားတွေကို ကလဲ့စားချေတာ မဟုတ်ဘဲ တခြား ရည်ရွယ်ချက် ရှိရင်ရော။”

“ဒါဆိုရင်တော့ မပြောတတ်ဘူး။ အခု ငါ လုပ်နိုင်တာကတော့ အကောင်းဆုံး ကြိုးစားပြီး ကံတရားကို ပုံအပ်လိုက်ရုံပဲ။”

ယန်ယန် သက်ပြင်းချလိုက်သည်။ အမေကို စိတ်ပူသော်လည်း အနက်ရောင် သူတော်စင် သုံးပါးတောင် မနိုင်တဲ့ ရန်သူမျိုးကို သူ သွားရင် သေသွားရုံပဲ ရှိမည်။

ပျံသန်းစံအိမ် စတင် ရွေ့လျားလာသောအခါ ကျန်းပေရန်သည် ကောင်းကင်မျက်လုံး အစီအရင် မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်သည်။

ရှီအိမ်တော် အပြင်ဘက်တွင် အဆိပ်မြူများ ပိုမို ထူထပ်နေသည်။ ရှန့်တိုင်းပြည်မှ အဆိပ်မြူများသည် ချန်တိုင်းပြည်မှ အဆိပ်မြူများထက် ပိုမို ပြင်းထန်ပြီး အရောင်လည်း ပိုရင့်သည်။ ချန်တိုင်းပြည်က ခရမ်းရောင် ဖြစ်ပြီး ဒီမှာက မဲနယ်ရောင် သမ်းနေသည်။

ပုံမှန်ဆိုရင် အဆိပ်မြူ အမျိုးအစား တူရင် အရောင်လည်း တူရမှာ မဟုတ်ဘူးလား။

သံသယ ဝင်နေစဉ် ကျန်းပေရန်သည် ကောင်းကင်မျက်လုံး အစီအရင်ကို မြေပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ရွာတစ်ရွာကို ဖြတ်ကျော်သွားစဉ် သူ တွေ့လိုက်ရသော မြင်ကွင်းကြောင့် မှင်သက်သွားသည်။

‘ဟင်!’

ရွာလေးသည် တိတ်ဆိတ်နေသော်လည်း ရွာသူရွာသားများသည် အိမ်ထဲတွင် ပုန်းအောင်းနေကြပြီး ဘေးအန္တရာယ် ကင်းရှင်းနေကြသည်။ အဆိပ်သင့်သည့် လက္ခဏာ လုံးဝ မတွေ့ရပေ။

ကျန်းပေရန် နားမလည်နိုင် ဖြစ်သွားသည်။

အနက်ရောင် သူတော်စင်တွေတောင် မခံနိုင်တဲ့ အဆိပ်ကို ရွာသူရွာသားတွေက ဘယ်လို ခံနိုင်တာလဲ။

‘ဪ... ငါ သဘောပေါက်ပြီ။’

အံ့သြရာမှ ကျန်းပေရန် ရုတ်တရက် သဘောပေါက်သွားသည်။

အရင် တိုက်ပွဲများကို ပြန်စဉ်းစားကြည့်လျှင် ဒီအဆိပ်မြူသည် ဝိညာဉ်စွမ်းအင်နှင့် အတွင်းအားကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

ကျင့်ကြံသူများက ဝိညာဉ်စွမ်းအင် စုပ်ယူလျှင် သို့မဟုတ် အတွင်းအား အသုံးပြုလျှင် အဆိပ်သင့်မှု ပိုမြန်ဆန်လာသည်။

ဆိုလိုသည်မှာ ဒီအဆိပ်မြူသည် လေကနေ ကူးစက်တာ မဟုတ်ဘဲ ဝိညာဉ်စွမ်းအင် ကနေ ကူးစက်ခြင်း ဖြစ်သည်။ ဒါကြောင့်လည်း ရှန့်တိုင်းပြည်နှင့် ချန်တိုင်းပြည် အဆိပ်မြူ အရောင် မတူရခြင်း ဖြစ်သည်။

ရှန့်တိုင်းပြည်တွင် ဝိညာဉ်စွမ်းအင် ပိုမို သိပ်သည်းသဖြင့် အဆိပ်မြူလည်း ပိုမို ပြင်းထန်ပြီး အရောင် ပိုရင့်ခြင်း ဖြစ်သည်။

ဒါကြောင့် ရွာသူရွာသားတွေ ဘာမှ မဖြစ်တာ ဖြစ်သည်။ သူတို့ ကိုယ်ထဲမှာ အတွင်းအား မရှိသလို ဝိညာဉ်စွမ်းအင်လည်း မစုပ်ယူကြပေ။

ဒါကြောင့် ဒီအဆိပ်မြူသည် ကြောက်စရာ ကောင်းသော်လည်း သာမန် လူသားများအတွက် လုံးဝ အန္တရာယ် မရှိပေ။

‘ဒီ အဆိပ်မြူ ဖန်တီးထားပုံက... ကျင့်ကြံသူတွေကို သီးသန့် ပစ်မှတ်ထားတာပဲ။’

ရန်သူ ဖြစ်သော်လည်း ကျန်းပေရန် ချီးကျူးမိသည်။ ဂူကျင့်ကြံသူများ တော်တော် စွမ်းသည်။ ဒီလောက် တိကျသော အဆိပ်မျိုး ဖန်တီးနိုင်သည်မှာ အံ့မခန်းပင်။

နောက်ထပ် တွေးကြည့်လိုက်သောအခါ ကျန်းပေရန် ကြက်သီးထသွားသည်။

သူတို့က ကလဲ့စားချေဖို့ သက်သက် လာတာ မဟုတ်ဘူး။ အံ့ဖွယ်နဂါး တိုက်ကြီးကို ပြန်လည် သိမ်းပိုက်ဖို့ လာတာ။

ဒါကြောင့်လည်း ကျင့်ကြံသူတွေကိုပဲ ရွေးသတ်တာ။ သာမန် လူသားတွေကို မသတ်ဘူး။ ဘာလို့လဲ ဆိုတော့ လူမရှိတဲ့ တိုက်ကြီးက ဘာမှ တန်ဖိုးမရှိလို့လေ။

ကျင့်ကြံသူ အားလုံးကို သတ်ပြီးရင် သာမန် လူသားတွေကို အုပ်ချုပ်ပြီး အင်ပါယာ အသစ် ထူထောင်ကြလိမ့်မည်။

သာမန် လူသားများ အနေဖြင့် ဘုရင် ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ကြပေ။ ထမင်းဝရင် ပြီးတာပဲ။

‘တော်တော် ဉာဏ်များတဲ့ ကောင်တွေပဲ... တိုက်ကြီး တစ်ခုလုံး ဝိုင်းတိုက်တာတောင် မနိုင်ခဲ့တဲ့ မျိုးနွယ်စု ဆိုတာ ယုံလောက်ပါတယ်။’

ယင်ကျန်းဟုန် ပြောသော ဒဏ္ဍာရီ မှန်မမှန် မသိသော်လည်း မှန်ခဲ့မယ် ဆိုရင် ဒီ ဂူမျိုးနွယ်စုသည် တကယ့်ကို ကြောက်စရာ ကောင်းသည်။

အံ့ဖွယ်နဂါး တိုက်ကြီးကနေ ထွက်ပြေးသွားတာ နှစ်ပေါင်း ဘယ်လောက် ကြာပြီလဲ မသိပေမဲ့ သူတို့ ပြင်ဆင်လာမှုက ပြည့်စုံလွန်းသည်။

ပထမဆုံး တိုက်ကွက် တစ်ခုတည်းနဲ့တင် ကျင့်ကြံသူ လောက တစ်ခုလုံးရဲ့ ခွန်အား ထက်ဝက်ကျော်ကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒါ ပထမဆုံး တိုက်ကွက်ပဲ ရှိသေးသည်။ နောက်ထပ် ဘာတွေ လာဦးမလဲ မသိပေ။

သူတို့ကလည်း ဒီတိုက်ကြီးကနေ ထွက်သွားသူတွေ ဆိုတော့ ကျင့်ကြံသူတွေ အကြောင်း ကောင်းကောင်း သိထားကြသည်။

‘သေစမ်း... တကယ့်ကို သူသေကိုယ်သေ တိုက်ရမယ့်ပွဲ ဖြစ်လာပြီပဲ။’

All Chapters