ဒဏ္ဍာရီ
Vol. 49 Ch. 558
စဉ်းစားနေစဉ်မှာပင် ပျံသန်းသော စံအိမ် ရပ်တန့်သွားကြောင်း ကျန်းပေရန် သတိထားမိလိုက်သည်။ ထို့နောက် ရှီဖုန်းလန်၏ အသံကို ကြားလိုက်ရသည်။
"ပေရန်လေး သူတို့ ရပ်သွားကြပြီ"
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ကောင်းကင်မျက်လုံး အစီအရင် မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်သည်။ အောက်တွင် ဂိုဏ်းတစ်ခုကို ဂူကျင့်ကြံသူများ ဝိုင်းရံထားသော်လည်း အကာအကွယ် အစီအရင် မပျက်စီးသေးသဖြင့် ဂိုဏ်းသားများက အစီအရင်ကို အသုံးပြုပြီး ပြန်လည် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ ချန်ယန်ချင်းသည် တစ်ကောင်တည်း ဒွေးလေးဆင် စစ်ချီသကဲ့သို့ ဂူကျင့်ကြံသူများကို တိုက်ထုတ်လိုက်သည်။
‘ကြည့်ရတာ ဒီမှာ အနက်ရောင်သူတော်စင် အဆင့်ရှိတဲ့ ဂူကျင့်ကြံသူ မရှိဘူးနဲ့ တူတယ်’
ချန်ယန်ချင်းသည် လူသူကင်းမဲ့သော အရပ်တွင် လမ်းလျှောက်နေသကဲ့သို့ ဂိုဏ်းထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ကျန်းပေရန်က သူ့အလှည့် ရောက်လာတော့မည် မဟုတ်ကြောင်း သိလိုက်သည်။
ရှီဟုန်ယွင်၊ ချောင်ကျင်းဟွာ နှင့် အခြား သူတော်စင်ကြီးများပါ ဝင်ရောက် တိုက်ခိုက်လိုက်သောအခါ ဝမ်ဟွာဂိုဏ်း အပြင်ဘက်မှ ဂူကျင့်ကြံသူများသည် ခဏချင်းအတွင်း ရှင်းလင်းသွားသည်။ ထောင်ချောက် ရှိမည်ကို စိုးရိမ်သဖြင့် ဖူရီချန်နှင့် ဆံပင်တို သူတော်စင်ကြီးတို့သည် ဂိုဏ်းအပြင်ဘက်တွင် စောင့်နေကြသည်။
ဝမ်ဟွာဂိုဏ်းမှ ဂိုဏ်းသားများ အားလုံး ပျံသန်းစံအိမ် ပေါ် ရောက်သည့်အထိ ဘာပြဿနာမှ မရှိဘဲ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားသည်။
ဝမ်ဟွာဂိုဏ်းသားများကို ယွမ်မြို့ သို့ ပို့ဆောင်ပြီးနောက် နောက်ထပ် ဂိုဏ်းတစ်ခုကို ဆက်လက် ကယ်တင်ရန် ထွက်ခွာလာကြသည်။
...
အနက်ရောင် သူတော်စင်ကြီးများ၏ ဂိုဏ်းသား အားလုံးကို ယွမ်မြို့ သို့ ဘေးကင်းစွာ ပို့ဆောင်နိုင်ခဲ့သည်။ လမ်းခရီး တစ်လျှောက်လုံးတွင် ဘာပြဿနာမှ မကြုံခဲ့ရပေ။ အဆိပ်မြူများသာ မရှိလျှင် ဂူကျင့်ကြံသူများ ဆုတ်ခွာသွားပြီဟု ထင်မှတ်စရာပင်။
သို့သော် ကျန်းပေရန်နှင့် အခြား သူတော်စင်ကြီးများ၏ စိတ်ထဲတွင် နောက်ထပ် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။
‘အနက်ရောင် သူတော်စင် အဆင့်ရှိတဲ့ ဂူကျင့်ကြံသူတွေ ဘယ်ရောက်သွားကြတာလဲ’
ဒါသည် ကိုယ့်အခန်းထဲတွင် ပင့်ကူကြီး တစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး ဖြစ်သည်။ တွေ့နေရတုန်းက သတိထားပြီး ကာကွယ်နိုင်သော်လည်း ရုတ်တရက် ပျောက်သွားသောအခါ ပိုမို ကြောက်လန့်လာတတ်သည်။
ဘယ်အချိန် ထွက်လာပြီးကိုက်မလဲ မသိနိုင်သောကြောင့် အိပ်လို့ပင် မရနိုင်တော့ပေ။
ကျန်းပေရန်တို့၏ စိတ်အခြေအနေသည် ထိုအတိုင်းပင် ဖြစ်နေသည်။
အနက်ရောင် သူတော်စင် အဆင့် ဂူကျင့်ကြံသူများ ပျောက်ဆုံးနေခြင်းသည် စိတ်သက်သာရာ ရစေမည့်အစား ပိုမို စိုးရိမ်ထိတ်လန့်စေသည်။ သူတို့ ဘာတွေ ကြံစည်နေလဲ မသိနိုင်သောကြောင့် ဖြစ်သည်။
"မင်း ဘယ်လို မြင်လဲ"
ယွမ်မြို့တွင် ပျံသန်းသော စံအိမ် ပေါ်မှ ဆင်းလာသော ကျန်းပေရန်ကို ရှီဝေရိက မေးလိုက်သည်။
"သူတော်စင်ကြီး ဆိုလိုတာက..."
"မင်း ငါပြောတာ သဘောပေါက်ပါတယ်"
ရှီဝေရိက ကျန်းပေရန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"တကယ်လို့ သူတော်စင်ကြီးက ပျောက်ဆုံးနေတဲ့ ဂူကျင့်ကြံသူတွေ အကြောင်း မေးတာ ဆိုရင်တော့ ကျွန်တော်လည်း မသိဘူးလို့ပဲ ဖြေရမှာပါ ဒါပေမဲ့ လမ်းမှာ တွေ့ခဲ့တဲ့ မြို့တွေ ရွာတွေက လူတွေ ဘေးကင်းနေတာကိုတော့ သူတော်စင်ကြီး သတိထားမိမှာပါ"
ရှီဝေရိ ခေါင်းညိတ်လိုက်သည်။
"အင်း ငါတို့ သတိထားမိပါတယ် ဒီ ဂူကျင့်ကြံသူတွေရဲ့ ရည်ရွယ်ချက်ကိုလည်း သိလိုက်ရပြီ"
ခဏ စဉ်းစားပြီးနောက် ကျန်းပေရန်က မေးလိုက်သည်။
"သူတော်စင်ကြီး... ဒီ ဂူကျင့်ကြံသူတွေနဲ့ အံ့ဖွယ်နဂါး တိုက်ကြီး ကြားမှာ ဘယ်လို ရန်ငြိုးရန်စတွေ ရှိခဲ့လဲ ဆိုတာ ပြောပြလို့ ရမလား"
ရှီဝေရိက ကျန်းပေရန်ကို လှည့်ကြည့်လိုက်သည် သူ့မျက်လုံးထဲတွင် အံ့သြမှု၊ သံသယ နှင့် မယုံကြည်မှုများ ရောထွေးနေသည်။
"ပေရန်လေး တကယ် မသိတာလား"
ဒီအကြည့်နှင့် လေသံကို ကြည့်ပြီး ကျန်းပေရန် သိလိုက်သည်။ ရှီဝေရိက သူ့ကို ဟန်ဆောင်နေသည်ဟု ထင်နေခြင်း ဖြစ်သည်။
စောစောက သူ လက်စွမ်းပြလိုက်တာတွေက ကြမ်းလွန်းအားကြီးတော့ သူ့နောက်ခံက သာမန် မဟုတ်ဘူးလို့ ထင်နေကြသည်။
ရှီဝေရိ၏ အမြင်တွင် ကျန်းပေရန်လောက် နောက်ခံရှိတဲ့သူက ဂူကျင့်ကြံသူတွေ အကြောင်း မသိစရာ အကြောင်းမရှိဟု ယူဆထားသည်။
ဒါပေမဲ့ ကျန်းပေရန်ကတော့ ဂရုမစိုက်ပေ။ သူတို့ ဘယ်လိုပဲ ထင်ထင် သူတို့ ထင်ချင်ရာ ထင်ပါစေ။ သူတို့ မရိပ်မိသရွေ့ သူ ဘာလုပ်လုပ် သူတို့ဘာသာ အကြောင်းပြချက် ရှာပြီး ယုံကြည်သွားကြလိမ့်မည်။
ကျန်းပေရန်က ဒီလိုပဲ လျှောက်လာခဲ့တာလေ။
ထိပ်တန်း ပုဂ္ဂိုလ်ကြီး ဘယ်နှယောက်ကိုတောင် လိမ်ခဲ့ပြီးပြီလဲ။
"သူတော်စင်ကြီး ရယ်စရာ မလုပ်ပါနဲ့ ကျွန်တော် တကယ် မသိပါဘူး"
ကျန်းပေရန် လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။
အရင်ကဆိုရင် ရှီဝေရိက "တကယ်တော့ ငါလည်း သိပ်မသိပါဘူး" လို့ ပြန်ဖြေကောင်း ဖြေလိမ့်မည်။
ဒါပေမဲ့ ဒီတစ်ခေါက် ကျန်းပေရန်က ရှီမိသားစုအတွက် အများကြီး လုပ်ပေးခဲ့သလို အခုချိန်မှာ သူ့ကို လိုချင်နေတဲ့ ဂိုဏ်းတွေ အများကြီး ရှိနေသည်။ ဒီကိစ္စ ပြီးသွားရင် ကမ်းလှမ်းမှုတွေ အများကြီး ရောက်လာတော့မည်။
ဒါကြောင့် ရှီဝေရိက ကျန်းပေရန် ဟန်ဆောင်နေမှန်း သိသော်လည်း အလေးအနက် ပြန်ဖြေလိုက်သည်။
"တကယ်တော့ ငါလည်း အများကြီး မသိပါဘူး လွန်ခဲ့တဲ့ နှစ်ရာချီ ထောင်ချီက စာအုပ်တွေမှာတောင် ဂူမျိုးနွယ်တွေ အကြောင်း မှတ်တမ်းတင်ထားတာ ရှားတယ် တစ်ယောက်ယောက်က သူတို့ ရှိခဲ့ဖူးတဲ့ သဲလွန်စတွေကို တမင် ဖျောက်ဖျက်ပစ်လိုက်သလိုပဲ"
ရှီဝေရိတောင် ဒီလို ပြောမှတော့ တစ်ယောက်ယောက်က တမင် ဖျောက်ဖျက်ပစ်လိုက်တာ သေချာသလောက် ရှိနေပြီ။
ဘယ်လိုလူမျိုးက ဒီလို လုပ်ရပ်မျိုး လုပ်မှာလဲ။
လိပ်ပြာမလုံတဲ့ လူမျိုးပေါ့။
တကယ်လို့ ဂူကျင့်ကြံသူတွေက လူသားတွေကို ဒုက္ခပေးခဲ့တာ ဆိုရင် သူတို့ရဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ပြီး ကမ္ဘာအဆက်ဆက် ရှုတ်ချနေမှာပေါ့ ဘာကိစ္စ ဖုံးကွယ်ထားမှာလဲ။
သေချာပေါက် မပြောနိုင်ပေမဲ့ ဖြစ်နိုင်ချေကတော့ များသည်။
"ရှားပါးတယ် ဆိုတော့ မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေ ရှိသေးတယ်ပေါ့"
"ရှိတော့ ရှိတယ် ဒါပေမဲ့ အများစုက ပါးစပ်ရာဇဝင်တွေပဲ"
‘ပါးစပ်ရာဇဝင်’ ကျန်းပေရန် စဉ်းစားလိုက်သည်။
‘ဘိုးဘွားစဉ်ဆက် ပြောပြခဲ့တာလား’
ဒီလို လျှို့ဝှက်ချက်မျိုးကို လူသိရှင်ကြား မပြောကြဘဲ မိသားစု အတွင်းမှာပဲ လက်ဆင့်ကမ်း ပြောပြကြတာ ဖြစ်မည်။
‘ဒါဆိုရင် မိသားစု သက်တမ်း ရင့်လေလေ ပိုသိလေလေ ပေါ့’
ကျန်းပေရန် စဉ်းစားနေစဉ် ရှီဝေရိ ဆက်ပြောလိုက်သည်။ "တစ်ခု သေချာတာကတော့ ဂူမျိုးနွယ်စုဟာ အံ့ဖွယ်နဂါး တိုက်ကြီးမှာ နေထိုင်ခဲ့ဖူးတဲ့ မျိုးနွယ်စု တစ်ခု ဖြစ်ပြီး အလွန် အင်အားကြီးမားခဲ့တယ် တိုက်ကြီး တစ်ခုလုံးကိုတောင် အုပ်စိုးခဲ့ဖူးတယ်"
‘အင်း... ဒီအချက်ကတော့ လူတွေ ပြောနေကြတာနဲ့ မတူဘူးပဲ’
ကျန်းပေရန် ကြားဖူးသလောက်ကတော့ ဂူကျင့်ကြံသူတွေက ရက်စက်ကြမ်းကြုတ်လွန်းလို့ တခြား ကျင့်ကြံသူတွေ ပေါင်းပြီး တိုက်ထုတ်လိုက်တာ ဆိုပဲ။
တရားမျှတမှု အတွက် လုပ်ဆောင်ခဲ့ကြတာပေါ့။
အခုကျတော့ ဂူကျင့်ကြံသူတွေက အုပ်စိုးသူတွေ ဖြစ်နေသည်။ ဒါပေမဲ့လည်း ဂူကျင့်ကြံသူတွေရဲ့ အုပ်ချုပ်မှုက ရက်စက်လွန်းလို့ တခြား ကျင့်ကြံသူတွေ ပုန်ကန်ကြတာ ဖြစ်နိုင်တာပဲလေ။
"နောက်ပိုင်း အကြောင်းအရာတွေကတော့ ခန့်မှန်းချက်တွေနဲ့ မှတ်တမ်း အနည်းအကျဉ်းလောက်ပဲ ရှိတယ် အတည်ယူလို့ မရဘူး"
ရှီဝေရိက ကြိုတင် စကားခံထားပြီးမှ ဆက်ပြောလိုက်သည်။
"အဲဒီတုန်းက ဂူမျိုးနွယ်စုက အရမ်း အင်အားကြီးလာတော့ နယ်မြေချဲ့ထွင်ချင်လာကြတယ် လျှို့ဝှက်နယ်မြေထဲက တခြား ကမ္ဘာတွေကိုပါ သိမ်းပိုက်ချင်လာကြတယ်"
"ဒါပေမဲ့ တခြား ကျင့်ကြံသူတွေက သဘောမတူကြဘူး ဂူမျိုးနွယ်စုတွေက သူတို့ရဲ့ ကန့်ကွက်မှုကို ပယ်ချပြီး တခြား ကမ္ဘာတွေကို စုံစမ်းဖို့ ရှေ့ပြေးတပ်ဖွဲ့ အနေနဲ့ စေလွှတ်လိုက်ကြတယ်"
"အဲဒီကနေ စပြီး အံ့ဖွယ်နဂါး တိုက်ကြီးမှာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့တယ် ရလဒ်ကတော့ မင်းသိတဲ့အတိုင်းပဲ ဂူမျိုးနွယ်စုတွေ မောင်းထုတ်ခံလိုက်ရတယ် ကြားထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာတော့ ငါလည်း မသိဘူး"
‘ဆိုလိုတာက အဓိက အချက်တွေကို မသိဘူး ပေါ့’
ဒါပေမဲ့ ရှီဝေရိ ပြောပြချက်တွေက ယင်ကျန်းဟုန် ပြောပြတာတွေနဲ့ ကိုက်ညီမှု ရှိသည်။ အသေးစိတ် မသိရပေမဲ့ တခြား ကျင့်ကြံသူတွေက ဂူမျိုးနွယ်စုကို နောက်ကျောက ဓားနဲ့ထိုးလိုက်တာ ဖြစ်ဖို့များသည်။
ငါက မင်းကို မသတ်ရင် မင်းက ငါ့ကို သတ်မှာပဲလေ လက်ဦးမှု ရယူလိုက်တာ သဘာဝကျပါတယ်။
ကျန်းပေရန်၏ မျက်နှာထား တည်ငြိမ်နေသည်ကို ကြည့်ပြီး ရှီဝေရိ စဉ်းစားနေသည်။
‘သူ ဘာလို့ ငါ့ကို ဒါတွေ လာမေးနေတာလဲ...’
ကျန်းပေရန်က မသိချင်ယောင် ဆောင်နေပေမဲ့ ရှီဝေရိကတော့ မယုံပေ။ ဒီတိုက်ကြီးမှာ ဒီအကြောင်းတွေ အသိဆုံးက မိစ္ဆာငါးပါး၊ ကောင်းကင်သုံးပါး ပဲ ရှိသည်။ သူတို့က ရှေးအကျဆုံး မိသားစုတွေ ဖြစ်လို့ အသိဆုံး ဖြစ်မှာ သေချာသည်။
"ပေရန်လေး"
ရှီဝေရိ စဉ်းစားနေစဉ် ချောင်ကျင်းဟွာ လျှောက်လာပြီး ခေါ်လိုက်သည်။
ကျန်းပေရန်နှင့် ရှီဝေရိ လှည့်ကြည့်ပြီး ဂါရဝပြုလိုက်ကြသည်။
"ဂိုဏ်းချုပ်ချောင်"
ချောင်ကျင်းဟွာက ခေါင်းညိတ်ပြီး ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ ဆက်သွယ်ရေး နည်းလမ်း အမျိုးမျိုးနဲ့ ဆက်သွယ်ကြည့်ပေမဲ့ ဘာမှ အကြောင်းမပြန်ကြဘူး အခု ငါတို့ မိတ်ဆွေတချို့ရဲ့ ဂိုဏ်းတွေကို သွားကြည့်မလို့ စိတ်မချရဘူး"
‘ပြဿနာ အကြီးကြီးပဲ’ ချောင်ကျင်းဟွာ စကားကို ကြားပြီး ကျန်းပေရန် သက်ပြင်းချမိသည်။
စောစောက ဝမ်ဟွာဂိုဏ်းကို ကယ်တင်တုန်းကလည်း ချန်ယန်ချင်းက ဆက်သွယ်ရေး စနစ်တွေ ပျက်စီးနေတာကို သတိထားမိခဲ့သည်။
ကျန်းပေရန် မြင်ဖူးသမျှ ဂိုဏ်းတွေလိုပဲ ရှန့်တိုင်းပြည်မှာလည်း ဆက်သွယ်ရေး နည်းလမ်း အမျိုးမျိုး ရှိသည်။
အမိန့်ပြားတွေ ကျောက်စိမ်းပြားတွေ စသဖြင့်ပေါ့။
ဒါပေမဲ့ အဆိပ်မြူတွေ ပေါ်လာပြီးကတည်းက ဆက်သွယ်ရေး စနစ်တွေ ပျက်စီးပြီး အော်ပြောမှ ကြားရတဲ့ အဆင့် ရောက်သွားသည်။
ဒါကလည်း ဂူကျင့်ကြံသူတွေရဲ့ လက်ချက်ပဲ ဖြစ်မည်။ အကြောင်းရင်းကတော့ အဆိပ်မြူကြောင့်ပဲ။
စက္ကူစွန်လွှတ်တာ အပါအဝင် ဆက်သွယ်ရေး နည်းလမ်း အားလုံးက ဝိညာဉ်စွမ်းအင်ကို အသုံးပြုရသည်။ ဝိညာဉ်စွမ်းအင်က နေရာအနှံ့ ရှိနေလို့ စက္ကူစွန်တွေက ဘယ်နေရာမဆို ရောက်နိုင်တာ။
ဒါပေမဲ့ ပျံသန်းသော စံအိမ် လိုမျိုး ဝိညာဉ်စွမ်းအင် ကွင်းပြင်ကို နှောင့်ယှက်နိုင်တဲ့ ရတနာတွေနဲ့ တွေ့ရင် စက္ကူစွန်တွေ လမ်းပျောက်ကုန်ရော။
ဒီ အဆိပ်မြူကလည်း အလားတူ အစွမ်းသတ္တိ ရှိပုံရသည်။ ဝိညာဉ်စွမ်းအင်ကို ညစ်ညမ်းစေရုံသာမက လုပ်ဆောင်ချက်တွေကိုပါ နှောင့်ယှက်ပစ်လိုက်သည်။ ဒါကြောင့် ဝိညာဉ်စွမ်းအင် အသုံးပြုရတဲ့ အတတ်ပညာတွေ အသုံးမဝင်တော့ဘူး။
ကျန်းပေရန်လည်း သူ့တပည့်တွေဆီ စက္ကူစွန် လွှတ်ကြည့်သေးတယ် ဒါပေမဲ့ ဘာသံမှ ပြန်မကြားရဘူး။ ဒါကို ကြည့်ရင် ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်ကုန်ပြီ ဆိုတာ သေချာသည်။
ချောင်ကျင်းဟွာကို ကြည့်ပြီး ကျန်းပေရန် မေးလိုက်သည်။
"ဂိုဏ်းချုပ်ချောင်က ကျွန်တော့်ကို လိုက်စေချင်လို့လား"
"ဟုတ်တယ် ခရီးစဉ်က အန္တရာယ် များပေမဲ့ ငါတို့ မင်းကို ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်"
"ဂိုဏ်းချုပ်ချောင်က ဒီလောက် ပြောမှတော့ ဂျူနီယာ လိုက်ခဲ့ပါ့မယ် ဘယ်တော့ သွားကြမလဲ"
"အခုချက်ချင်း သွားကြမယ် အချိန်မရှိတော့ဘူး"
"ကောင်းပြီ"
ကျန်းပေရန် ပြောပြီးနောက် ပျံသန်းသော စံအိမ် ပေါ်သို့ ပြန်တက်သွားသည်။ ချောင်ကျင်းဟွာတို့၏ စံအိမ် နောက်မှ လိုက်ပါသွားသည်။
‘တိတ်ဆိတ်နေတာပဲ’
အချိန်အတော်ကြာ ပျံသန်းပြီးနောက် အဆိပ်မြူများ အတွင်း အခြေအနေသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
မနေ့က တစ်နေ့လုံး တိုက်ခိုက်ခဲ့ရသော ရှီဟုန်ယွင် တို့ အဖို့ ဒီအခြေအနေက ပိုပြီး စိုးရိမ်စရာ ကောင်းနေသည်။ မနေ့က ဂူကျင့်ကြံသူတွေ သောင်းကျန်းနေတာလေ ဒီနေ့ကျမှ ဘာလို့ ငြိမ်သက်သွားရတာလဲ။
မုန်တိုင်းမလာခင် ငြိမ်သက်ခြင်း ဆိုတာကို သူတော်စင်ကြီးများ ပြန်လည် သတိရလာကြသည်။
မလုံခြုံမှု
စိုးရိမ်ပူပန်မှုများကြားတွင် ပျံသန်းသော စံအိမ် သုံးစင်းသည် ချီမုတောင် ပေါ်သို့ ဆင်းသက်လိုက်သည်။ ဒီနေရာသည် ကံကြမ္မာဂိုဏ်း တည်ရှိရာ နေရာ ဖြစ်သည်။ ဂိုဏ်းချုပ်သည် ချန်ယန်ချင်း၏ မိတ်ဆွေ ဖြစ်ပြီး ယွမ်မြို့နှင့် အနီးဆုံး ဖြစ်သဖြင့် ပထမဆုံး လာရောက်ကြခြင်း ဖြစ်သည်။
ကောင်းကင်မျက်လုံး အစီအရင် မှတစ်ဆင့် ကြည့်လိုက်ရာ ဒီနေရာတွင် ဂူကျင့်ကြံသူ တစ်ကောင်မှ မရှိသည်ကို တွေ့လိုက်ရသည်။ ဘာမှ မဖြစ်ခဲ့သလို တိတ်ဆိတ်နေသည်။
ဂိုဏ်းအကာအကွယ် အစီအရင် အပြင်ဘက်တွင် ချန်ယန်ချင်းက အော်ခေါ်လိုက်သည်။ "ချုံကျွင်း ရှိလား"
မကြာမီ လူရိပ်တစ်ခု ဂိုဏ်းထဲမှ ပျံထွက်လာသည်။
"ဂိုဏ်းချုပ်ချန် ကို ဂါရဝပြုပါတယ်" ထိုလူက ချန်ယန်ချင်းကို အရိုအသေ ပြုလိုက်သည်။ "ကျွန်တော်တို့ ဘိုးဘေးက အဆိပ်မြူ စဖြစ်ကတည်းက ထွက်သွားတာ အခုထိ ပြန်မလာသေးပါဘူး ကျွန်တော်တို့လည်း စိတ်ပူနေတာပါ"
ချန်ယန်ချင်း ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"မင်းတို့ဂိုဏ်းကို ဟို မိစ္ဆာကောင်တွေ လာတိုက်သေးလား"
ထိုလူက ခေါင်းညိတ်လိုက်သည်။
"ဂိုဏ်းချုပ် မရောက်ခင်လေး တင် ဝိုင်းတိုက်နေကြတာပါ ဒါပေမဲ့ ရုတ်တရက်ကြီး ပြန်ဆုတ်သွားကြတယ် ဘာဖြစ်လို့လဲ စဉ်းစားနေတာ ဂိုဏ်းချုပ် ရောက်လာလို့ ဖြစ်မယ်"
ချန်ယန်ချင်း ကတော့ သူ့ကြောင့် မဟုတ်မှန်း သိသည်။
ဒါပေမဲ့ စဉ်းစားဖို့ အချိန်မရှိတော့ပေ။
"ဒါဆိုရင် မင်း ဂိုဏ်းသားတွေကို စုစည်းလိုက်တော့ အခု ရှန့်တိုင်းပြည်က ဂိုဏ်းတွေ အားလုံး ယွမ်မြို့ မှာ စုစည်းနေကြပြီ ဒီမှာ နေရင် အန္တရာယ် များတယ်"
ထိုလူ အံ့အားသင့်သွားသည်။ အခြေအနေ ဒီလောက် ဆိုးရွားနေမှန်း သူ မသိခဲ့ပေ။ အနက်ရောင် သူတော်စင် အဆင့် ဂူကျင့်ကြံသူတွေနဲ့ မတွေ့ဖူးသေးတော့ ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာ မသိသေးပေ။
ဒါပေမဲ့ ဂိုဏ်းချုပ်ချန်လို ပုဂ္ဂိုလ်ကြီးကတောင် တိမ်းရှောင်ဖို့ ပြောနေမှတော့ အခြေအနေ မကောင်းတာ သေချာသည်။
သို့သော် ထိုလူ တွန့်ဆုတ်နေသည်။ ဘိုးဘေးရဲ့ အမိန့်မပါဘဲ ဂိုဏ်းလုံးကျွတ် ရွှေ့ပြောင်းဖို့ ဆိုတာ မဖြစ်နိုင်ပေ။
ချန်ယန်ချင်းက သူ့အခြေအနေကို နားလည်သဖြင့် ဘာမှ ဆက်မပြောဘဲ တခြား သူတော်စင်ကြီးများကိုပါ ခေါ်ထုတ်လိုက်သည်။
"မြန်မြန် စုစည်းပြီး လိုက်ခဲ့ကြတော့ အခု ရှန့်တိုင်းပြည်က ဂိုဏ်းတွေ အကုန်လုံး ယွမ်မြို့ ရောက်နေကြပြီ မင်းတို့ ဘိုးဘေး သိရင်လည်း အပြစ်တင်မှာ မဟုတ်ဘူး"
ချောင်ကျင်းဟွာက ဝင်ပြောလိုက်သည်။
အနက်ရောင် သူတော်စင်ကြီးတွေ အများကြီး မြင်လိုက်ရတော့ ထိုလူ မတွန့်ဆုတ်ရဲတော့ပေ။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်တော် အခုပဲ သွားစုစည်းလိုက်ပါ့မယ်"
ဝူယွီရုံ ထွက်သွားသည်ကို ကြည့်ပြီး ချန်ယန်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"စောစောက သူပြောတာ ကြားတယ်မလား မင်းတို့ ဘယ်လို ထင်လဲ"
တိုက်ခိုက်နေတဲ့ ဂူကျင့်ကြံသူတွေ ရုတ်တရက် ဆုတ်ခွာသွားတယ် ဆိုတာ ထူးဆန်းလွန်းသည်။
ချောင်ကျင်းဟွာ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"အခု ဘယ်သူနဲ့မှ ဆက်သွယ်လို့ မရတော့ လျှောက်တွေးနေလို့လည်း အပိုပဲ အရင်ဆုံး ကယ်နိုင်သလောက် ကယ်ကြတာပေါ့ လမ်းမှာ အခြေအနေ စောင့်ကြည့်ကြတာပေါ့"
တခြား သူတော်စင်များလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့လည်း ပိုကောင်းတဲ့ အကြံ မရှိကြပေ။
ပုံမှန်အချိန်မှာ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ ဒီလို အကြောင်းရင်းမသိတဲ့ အဆိပ်မြူတွေ ရှေ့မှာတော့ ဘာမှ မတတ်နိုင်ကြပေ။
ကံကြမ္မာဂိုဏ်းသားများကို တင်ဆောင်ပြီးနောက် ချောင်ကျင်းဟွာတို့သည် နောက်ထပ် ဂိုဏ်းတစ်ခုဆီသို့ ဆက်လက် ထွက်ခွာသွားကြသည်။
ညနက်သည်အထိ ဂိုဏ်းသုံးဂိုဏ်းကို ကယ်တင်နိုင်ခဲ့သော်လည်း ချောင်ကျင်းဟွာတို့ ပိုမို စိတ်ရှုပ်ထွေးလာကြသည်။
အကြောင်းရင်းမှာ အားလုံး အခြေအနေ တူညီနေသောကြောင့် ဖြစ်သည်။ တိုက်ခိုက်နေသော ဂူကျင့်ကြံသူများ ရုတ်တရက် ဆုတ်ခွာသွားကြပြီး သူတို့ ဂိုဏ်းက အနက်ရောင် သူတော်စင်ကြီးများ ပျောက်ဆုံးနေကြသည်။
လူစုကွဲ ပျောက်ဆုံးသွားသလိုမျိုး...