← Chapters

ကျွမ်းကျင် အဘိုးကြီးကယ်ဆယ်ရေးသမား

Vol. 11 Ch. 101

ကျွမ်းကျင် အဘိုးကြီးကယ်ဆယ်ရေးသမား

Vol. 11 Ch. 101

အရှေ့ပိုင်းဒေသရှိ မဟာမြင့်မြတ်နယ်မြေငါးခု၏ဘိုးဘေးများသည် ဒေသတစ်ခုလုံး၏ ထိပ်သီးတည်ရှိမှုများ ဖြစ်ကြသောကြောင့် သူတို့တစ်ဦးနှင့်တစ်ဦး သဘာဝကျကျ သိကျွမ်းကြသည်။

သူတောင်းစားအိုကြီးသည် ရုတ်တရက် ရောက်ရှိလာသော ယွီဝမ်ကျွင်းကို ကြည့်ပြီး မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ဒီသူတောင်းစားအိုကြီးက ငါ့ရဲ့အသက်သခင်ကျေးဇူးရှင်ကို ကျေးဇူးတင်ဖို့ ရောက်လာတာလေ... ငါက ဒီနေရာမှာ ရှိနေလို့ မရဘူးလား"

"အဲ့ဒီအစား... မင်းက ဘာလို့ ဒီနေရာကို ရောက်နေတာလဲလို့ ငါက ပြန်မေးချင်တယ်"

ယွီဝမ်ကျွင်းသည် သူတောင်းစားအဘိုးအို၏ စကားတစ်ဝက်ကို လုံးဝလျစ်လျူရှုလိုက်ပြီးနောက် သူ၏စိတ်နှလုံးသား အနည်းငယ် လှုပ်ရှားသွားကာ မေးမြန်းလိုက်မိသည်။

"အရှင်က မင်းရဲ့အသက်ကိုလည်း ကယ်ခဲ့တာလား"

"မင်း အသက်ထောင်နဲ့ချီပြီးတော့ နေလာပြီးပြီ... ဒါတောင် လန့်တတ်တုန်းလား... ဒီကိစ္စမှာ ဘာထူးဆန်းတာ ရှိလို့လဲ"

သူတောင်းစားအိုကြီးက ပြန်လည်ချေပပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။

"မင်း ဆိုလိုတာက... ညီလေးကျုံးချင်က မင်းကိုလည်း ကယ်တင်ခဲ့တာလား"

"အတိအကျပဲ"

ယွီဝမ်ကျွင်း သူ၏လက်နှစ်ဖက်ကို အလျင်အမြန် ပူးဆုပ်လိုက်သည်။

ယွီဝမ်ကျွင်း၏ အတည်ပြုချက်ကို ကြားလိုက်ရချိန်၌ သူတောင်းစားအိုကြီးသည် များစွာအံ့အားသင့်မသွားချေ။ ထိုသစ်သားပန်းပုရုပ်မှ သူ၏အသက်ကို ကယ်တင်လိုက်သည့် အချိန်ကစပြီး ကျုံးချင်သည် သာမန်လူမဟုတ်မှန်း သူ သိရှိခဲ့သည်။ ကျုံးချင်သည် သူ့ကို ကယ်တင်နိုင်ခဲ့သဖြင့် ယွီဝမ်ကျွင်းကိုလည်း သဘာဝကျကျ ကယ်တင်နိုင်ပေလိမ့်မည်။

"ဒါဆိုရင် မင်း ဒီကို လာပြီး ကောင်းကောင်း သောက်မှ ဖြစ်မယ်"

သူတောင်းစားအဘိုးအိုက ခွက်တစ်ခွက် ထပ်ထည့်လိုက်ရင်း ပြောဆိုသည်။ ဤသို့ဖြင့် မူလက လူနှစ်ယောက်၏ စားသောက်ဝိုင်းသည် လူသုံးယောက် တွေ့ဆုံပွဲ ဖြစ်လာခဲ့တော့သည်။

ပြင်းထန်သော ဝိုင်အရက်အား ခွက်အနည်းငယ် သောက်ပြီးနောက် အခြေအနေသည် တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာပေ၏။

ယွီဝမ်ကျွင်းက ကျုံးချင်ကို ပြောဆိုသည်။ "အရှင်... အရှင်ပေးခဲ့တဲ့ ဆေးဖော်စပ်နည်းသာ မရှိရင် ဒီအဘိုးကြီးက မြေအောက်ကမ္ဘာကို ရောက်သွားလောက်ပြီ... အခု သူတောင်းစားအိုကြီးက အိမ်ရှင်အဖြစ် လက်ခံထားပြီဆိုတော့ ဒီအဘိုးကြီးက ပန်းငှားပြီး ဘုရားကပ်သလိုမျိုး အရှင့်ကို တစ်ခွက်ဂုဏ်ပြုပါရစေ... အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်"

ယွီဝမ်ကျွင်း တံခါးဝမှ ဝင်လာစဉ်ကတည်းက ကျုံးချင်သည် သူ၏ ကောင်းကင်ဘုံမျက်လုံးဖြင့် သတင်းအချက်အလက်များကို ထွင်းဖောက်သိမြင်ပြီး ဖြစ်သည်။ ဤကိစ္စရပ်၏ အစနှင့် အဆုံးကိုလည်း သူ နားလည်ခဲ့ပေ၏။ ထိုကြောင့် သူက ပြောဆိုလိုက်သည်။

"သောက်တာက အဆင်ပြေပါတယ်... ဒါပေမယ့် ကျေးဇူးတင်စကားတွေ ပြောဖို့ မလိုပါဘူး"

သူ၏စိတ်ထဲတွင် သူနှင့်တစ်ဖက်လူသည် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးချေ။ သူ့ကို ကျေးဇူးရှင်ဟု ခေါ်ဆိုခြင်းသည် အမှန်တကယ်ကို လွန်ကဲနေသည်ဟု ခံစားရသည်။

သို့သော် ယွီဝမ်ကျွင်းတွင် မတူညီသော အမြင်ရှိပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။

"အသက်ကယ်တင်တဲ့က ကျေးဇူးကြီးမားတာကို ငါက ဘယ်လိုလုပ်ပြီး ထုတ်မပြောဘဲ နေရမှာလဲ"

"နောင်တစ်ချိန် အရှင် ဒုက္ခရောက်ရင် စကားတစ်ခွန်း ပြောလိုက်ရုံပါပဲ... ဒီအဘိုးကြီးက အရည်အချင်း မရှိပေမယ့် အရှေ့ပိုင်းဒေသမှာ မျက်နှာပန်းလှပါသေးတယ်... အရှင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်မှာ သေချာတယ်"

ထိုအချိန်တွင် သူတောင်းစားအဘိုးအိုက အော်ဟစ်ရယ်မောလိုက်သည်။

"လုအိုကြီး... ပေါက်ကရစကားကို မပြောစမ်းနဲ့.... ညီလေးကျုံးချင်တောင် မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုရင် မင်းတို့ ဝူကျီဂိုဏ်း မြင့်မြတိနယ်မြေ တစ်ခုလုံး ပေါင်းလိုက်ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး"

ဤစကားများသည် ယွီဝမ်ကျွင်း၏အမူအယာကို ရုတ်တရက် ရပ်တန့်သွားစေသည်။ သူ၏ရင်ထဲတွင် လှိုင်းဂယက်များ ထသွားပေ၏။ ဤသူတောင်းစားအဘိုးအို၏ စိတ်နေသဘောထားကို သူ ကောင်းစွာသိရှိထားသည်။ ပုံမှန်အားဖြင့် သူသည် ထူးဆန်းသော်လည်း သူ့တွင် ကောင်းကွက်တစ်ခု ရှိသည်။ သူသည် လိမ်မပြောတတ်ပေ။ ဤအရှေ့ပိုင်းဒေသတွင် သူ မကိုင်တွယ်နိုင်သော ပြဿနာဟူ၍ သိပ်မရှိဟု သူ၏ရင်ဘတ်ကို သူ ပုတ်ပြီး အာမခံရဲသည်။

သို့ရာတွင် သူတောင်းစားအဘိုးအို၏ စကားတစ်ခွန်းတည်းဖြင့် ကျုံးချင်ကို မြင့်မြတ်နယ်မြေ၏ အထက်သို့ မြှင့်တင်ပေးလိုက်လေပြီ။

ကျုံးချင်၏ဆေးညွှန်းက သူ၏အသက်ကို ကယ်တင်ခဲ့ပြီး အတော်လေး ထူးခြားသည်ဟုသာ သူ သိထားသော်လည်း တခြားအရာများကို သူ မသိခဲ့ပေ။ သို့သော် ယခု ကြည့်ရသည်မှာ တစ်ဖက်လူသည် သူ ထင်ထားသည်ထက် ပို၍နက်ရှိုင်းနေပုံရသည်။ မသိလိုက်မသိဘာသာဖြင့် ယွီဝမ်ကျွင်းသည် ကျုံးချင်ကို ပို၍လေးစားလာသည်။

သူတို့သုံးယောက် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြစဉ် ဝင်ပေါက်၌ တခြားပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလူသည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းဖြူတံဆိပ်ပြားကို ချိတ်ဆွဲထားသည်။ သူ၏ဝတ်စားဆင်ယင်မှုက အနည်းငယ် ထင်ပေါ်နေပေ၏။ သူသည် ခြေတစ်ဖက် မြေကြီးထဲ ရောက်နေပြီဖြစ်သော အဘိုးအိုတစ်ဦး ဖြစ်သော်လည်း လူငယ်သခင်လေးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။

"ကျေးဇူးရှင်"

သူသည် ဆိုင်ထဲသို့ ဝင်လာသည်နှင့် ကျုံးချင်ကို စိတ်လှုပ်ရှားစွာဖြင့် အလေးအနက်ထားကာ ဦးညွှတ်လိုက်သည်။ ဤလူသည် ချောင်ရှားတောင်ကြားမှ တတိယဘိုးဘေး ကျုံးချန်ဖုန်း မှလွဲ၍ တခြားလူ မဟုတ်ပေ။

ကျုံးချင်က 'ဘုရားရေ... နောက်တစ်ယောက် ရောက်လာပြန်ပြီ' ဟု တွေးလိုက်မိသည်။ ယခင်တုန်းက သူ သတိမထားမိခဲ့ပေ။ ယခုချိန်၌ လူသုံးယောက် သူ့ရှေ့သို့ ရောက်လာချိန်၌ သူ့ကိုယ်သူ ကျွမ်းကျင် အဘိုးကြီးကယ်ဆယ်ရေးသမား ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ကျုံးချန်ဖုန်း ရောက်ရှိလာခြင်းက သူတောင်းစားအဘိုးအိုနှင့် ယွီဝမ်ကျွင်းတို့ကို တစ်ယောက်ကိုတစ်ယောက် ကြည့်မိစေသည်။

ယနေ့ အမှန်တကယ့်ကို သက်ဝင်လှုပ်ရှားနေသည်။ နှစ်ပေါင်းမည်မျှထိကြာကြာ မဆုံတွေ့ခဲ့ကြမှန်း မသိသော မြင့်မြတ်နယ်မြေသုံးခုမှ ဘိုးဘေးများသည် ယခုချိန်၌ ကယ်တင်ရှင်တစ်ဦးကြောင့် အတူတူ ဆုံတွေ့နေကြလေပြီ။

ကျုံးချန်ဖုန်းသည် သူတို့နှစ်ယောက်ကို မြင်လိုက်ရချိန်၌ သိသိသာသာ အံ့အားသင့်သွားသည်။

"မင်းတို့က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"

သူတောင်းစားအိုကြီးက တုံ့ပြန်မေးမြန်းလိုက်၏။

"ဒါဆို မင်းကရော...ဘာလို့ ဒီရောက်နေတာလဲ"

"ငါ့ရဲ့ကျေးဇူးရှင် ဖုန်မြို့ကို ရောက်နေတယ်ဆိုတဲ့ သတင်း ရလို့လေ... သူက ငါ့ရဲ့အသက်ကို တစ်ကြိမ်ကယ်တင်ခဲ့ဖူးတယ်... အခု ငါ့ရဲ့ဒဏ်ရာတွေ ပျောက်ကင်းသွားပြီဆိုတော့ သူ့ကို ကျေးဇူးတင်ဖို့ သီးသန့်ရောက်လာတာပေါ့... ဒါပေမယ့် မင်းတို့နှစ်ယောက်ကရော...."

ယွီဝမ်ကျွင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"မင်းရဲ့ရည်ရွယ်ချက်က ငါတို့ရဲ့ ရည်ရွယ်ချက်ပဲ"

"ဒါဆို... ကျေးဇူးရှင်က ငါတို့သုံးယောက်လုံးရဲ့ ကယ်တင်ရှင်ပေါ့... ပြီးတော့ ငါတို့အားလုံး တစ်နေ့တည်းမှာပဲ လာလည်ဖို့ ရွေးချယ်ခဲ့ကြတာလား"

ကျုံးချန်ဖုန်း၏ မျက်လုံးများ လင်းလက်သွားသည်။

" ''ကံတရား' ဆိုတဲ့ စကားလုံးက အံ့အားသင့်စရာကောင်းတယ်လို့ ပြောကြတယ်... ဒီတိုက်ဆိုင်မှုအပေါ် မူတည်ပြီးတော့ ငါတို့အားလုံး ကျေးဇူးရှင်ကို တစ်ခွက်ဂုဏ်ပြုသင့်တယ်"

"ကောင်းလိုက်တဲ့ စကား..."

ထိုကဲ့သို့ မှတ်ချက်များသည် သူတောင်းစားအဘိုးအိုနှင့်ယွီဝမ်ကျွင်းတို့၏ စိတ်နှလုံးသားကို ထိမိစေသည်။ ရိုးရှင်းသော စားသောက်စကားပြောပွဲလေးက ကျေးဇူးတင်ပွဲတစ်ခု ဖြစ်လုနီးပါး ဖြစ်လာလိမ့်မည်ဟု ကျုံးချင် လုံးဝတွေးထင်မထားခဲ့ပေ။ ကျုံးချန်ဖုန်း ပါဝင်လာသဖြင့် သူတို့က ဝိုင်အရက်အိုးတချို့နှင့် ဟင်းပွဲအနည်းငယ် ထပ်မှာလိုက်ကြသည်။

ဝိုင်အရက်သုံးခွက်ခန့် သောက်ပြီးနောက် သူတောင်းစားအိုကြီးက စနောက်လိုက်သည်။

"တတိယကောင်လေး... မင်းက ပြည့်တန်ဆာအိမ်တွေ သွားရတာ ကြိုက်တယ်နော်... မိန်းကလေးငယ်လေး တစ်ယောက်ကို သဘောကျမိပြီး ညီလေးကျုံးချင် ကယ်တင်တာ ခံလိုက်ရတယ်လို့တော့ ငါ့ကို မပြောနဲ့"

"သွားစမ်းပါကွာ... နှာဘူးအိုကြီး"

ကျုံးချန်ဖုန်းက သူ၏ မီးခိုးရောင် ဆံပင်ဖြူများကို သပ်တင်လိုက်သည်။

"ငါ... သခင်လေးချန်ဖုန်းက မင်းထင်သလောက် ဘယ်လိုလုပ်ပြီး မလျော်ကန်တာမျိုးကို လုပ်မလဲ... ရှေးဟောင်းလျှို့ဝှက်နယ်မြေ တစ်ခုထဲကို ငါက မတော်တဆ ဝင်ရောက်မိပြီးတော့ ပိတ်မိနေလို့ ကျေးဇူးရှင်က ငါ့ကို ကယ်တင်ခဲ့တာပါ"

ထိုစကားကို ကြားလိုက်ရချိန်ဤ သူတောင်းစားအဘိုးအိုနှင့်ယွီဝမ်ကျွင်းတို့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။

ရှေးဟောင်းလျှို့ဝှက်နယ်မြေ....

ဤသည်က ကြီးမားသောအန္တရာယ်နှင့် အဓိပ္ပာယ် တူညီသည်။ အထူးသဖြင့် ဤအကြောင်းကို ပို၍နက်ရှိုင်းစွာ နားလည်ထားသော ယွီဝမ်ကျွင်းပင်။ မကြာသေးမီက သူသည် ရှေးဟောင်း လျှို့ဝှက်နယ်မြေ တစ်ခုထဲသို့ ဝင်ရောက်ခဲ့ဖူးသည်။ ထိုကြောင့် ထိုနယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ နက်နက်ရှိုင်းရှိုင်း သိထားပေ၏။ သူသည် လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သေလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ကျုံးချင် ပေးသော ဆေးညွှန်းသာ မရှိပါက ယခုအချိန်တွင် သူ သေဆုံးသွားလောက်လေပြီ။

"တတိယကောင်လေး... ပြောပြစမ်းပါ... အဲ့ဒီ လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေ ရှိလဲ"

သူတောင်းစားအဘိုးအို စိတ်ဝင်စားသွားသည်။ ရှေးဟောင်းခေတ်နှင့် ပတ်သက်သော ကိစ္စရပ်များသည် လူအများ၏ ပြင်းပြသော စူးစမ်းလိုစိတ်ကို အမြဲတစေ ဖြစ်ပေါ်စေတတ်သည်။

ကျုံးချန်ဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"တကယ်တော့ ပြောစရာ သိပ်မရှိပါဘူး... အဲ့ဒီ ရှေးဟောင်း လျှို့ဝှက်နယ်မြေက ဟောင်းနွမ်းပြီးတော့ ပျက်စီးနေပါပြီ... အထဲက ပစ္စည်းတွေလည်း အချိန်ကာလကြောင့် ပျက်စီးကုန်ပြီ... ကံဆိုးတာက ကောင်းမွန်တဲ့အရာတွေ အကုန်လုံး ပျောက်ကွယ်သွားပေမယ့် နယ်မြေရဲ့ လည်ပတ်မှုကို ထိန်းသိမ်းထားတဲ့ ရှေးဟောင်း ဝင်္ကပါကြီးတစ်ခု ကျန်ရှိနေသေးတာပဲ... ကျေးဇူးရှင်သာ မရှိရင် ငါ အဲ့ဒီမှာ ထာဝရ အိပ်ပျော်သွားလောက်ပြီ"

ဤစကားများသည် သူတောင်းစားအိုကြီးနှင့် ယွီဝမ်ကျွင်းတို့၏စိတ်နှလုံးသားထဲတွင် ကျုံးချင်၏ ပုံရိပ်ကို နောက်တစ်ကြိမ် မြှင့်တင်ပေးလိုက်သည်။

သူသည် သန်မာအားကောင်းကာ ရှေးဟောင်း ဆေးညွှန်းများကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်း ဝင်္ကပါကြီးကိုပင် ဖျက်ဆီးနိုင်ပေ၏။ သူသည် တောင်များထက် မြင့်မားပြီး ပင်လယ်များထက် နက်ရှိုင်းသည်မှာ သိသာထင်ရှားသော်လည်း မောက်မာထောင်လွှားခြင်း မရှိဘဲ နှိမ့်ချနေတတ်သည်။ ဤသည်က လောကီလောကထဲတွင် ပုန်းအောင်းနေသော အစစ်အမှန် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။

ဤစားသောက်ဝိုင်း မည်သို့ ပြီးဆုံးသွားသည်ကို ကျုံးချင် မသိလိုက်ချေ။ အဘိုးကြီးသုံးယောက် သူ့ကို မပြတ်တမ်း ဂုဏ်ပြုစကားများ ပြောနေကြသည်ကိုသာ သူ မှတ်မိသည်။ နောက်ဆုံးတွင် သူ ဘယ်လောက် သောက်ခဲ့မိမှန်းကိုပင် မမှတ်မိတော့ပေ။

...

မတူညီသော ဇာတ်လမ်းနှစ်ခုအကြောင်း ပြောပြရမည်ဆိုလျှင် ကျုံးချင်၏ပါးရိုက်ခံရပြီးနောက် လွင့်ထွက်သွားခဲ့သော ဆွန်းယွီ အကြောင်းပင်။

သူ အလွန်ဝေးကွာသောနေရာသို့ လွင့်ထွက်သွားခဲ့သည်။ သံချပ်ကာမြင်းစီးသူရဲနှစ်ဦး သူ့ကို တွေ့သောအခါ သစ်ပင်တစ်ပင်၏သစ်ကိုင်းတစ်ခုပေါ်တွင် ချိတ်နေသည်ကို မြင်လိုက်ရသည်။ သူသည် ဖုန်မြို့နှင့် မိုင်ဆယ်ချီ ဝေးကွာသောနေရာသို့ ရောက်ရှိသွားပေ၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် ရတနာသာ မရှိပါက သူ လုံးဝ သေဆုံးသွားလောက်လေပြီ။ ယခုချိန်၌ သူ မသေသေးသော်လည်း အလွန်သနားဖွယ် ကောင်းနေသည်။

သူ၏မျက်နှာတပြင်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေကာ နံရိုးတချို့ ကျိုးသွားသည်။ သူ၏ခန္ဓာကိုယ်ထက်ဝက်ခန့်သည် မုန့်ကြိုးလိမ်ကဲ့သို့ လိမ်တွန့်လုနီးပါး ဖြစ်နေသည်။ သူ အသက်ရှူနိုင်သေးသည်မှာ သူ အလွန်ကံကောင်းကြောင်း ပြသနေပေ၏။ သူ၏ ကြံ့ခိုင်သော အသက်ရှင်နိုင်စွမ်းသည် ပိုးဟပ်ကိုပင် အရှုံးပေး ဦးညွှတ်သွားစေနိုင်သည်။

သံချပ်ကာမြင်းစီးသူရဲနှစ်ဦး လုံးလုံးလျားလျား ဆွံ့အသွားသည်။ လူတစ်ယောက်ကို ရိုက်ချက်တစ်ချက်တည်းဖြင့် မိုင်ဆယ်နှင့်ချီပြီး လွင့်ထွက်သွားအောင် ရိုက်နိုင်သည်မှာ မည်ကဲ့သို့နည်းလမ်းမျိုး ဖြစ်သနည်း။

သူတို့နှစ်ယောက်သား အချိန်ဆွဲမနေရဲဘဲ ဆွန်းယွီကို ဟောက်ဟန်ဂိုဏ်းသို့ ညတွင်းချင်း ပြန်ပို့လိုက်ကြသည်။

ဟောက်ဟန်ဂိုဏ်း...

ဂိုဏ်းချုပ် ဆွန်းဝမ်ရှန်းသည် မကြာသေးမီက အတော်လေး ကြည်နူးဖွယ်ကောင်းသော စိတ်အခြေအနေတွင် ရှိနေသည်။ မကြာသေးမီက သူသည် ကောင်းကင်နှင့် မြေကြီး၏ ရှားပါးရတနာတစ်ခုကို ရရှိခဲ့သည်။ ထိုအရာကို စားသုံးပြီးနောက် သူ၏စွမ်းအား များစွာတိုးတက်လာပြီး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းအဆင့်အထိ ရောက်ရှိခဲ့သည်။ ထိုကဲ့သို့ ကျင့်ကြံဆင့်သည် မြင့်မြတ်နယ်မြေအသီးသီး၏ ဂိုဏ်းချုပ်များနှင့် နှိုင်းယှဉ်လျှင်ပင် ဆံခြည်တစ်မျှင်စာသာ ကွာခြားတော့သည်။

စွမ်းအားတိုးပွားလာခြင်းက သူ၏ရည်မှန်းချက်ကိုလည်း ပေါက်ကွဲစေခဲ့သည်။ ဟောက်ဟန်ဂိုဏ်းသည် သူ၏ ဦးဆောင်မှုအောက်တွင် နောက်တစ်ဆင့် တက်လှမ်းပြီး အရှေ့ပိုင်းဒေသ၏ ဆဌမမြောက် မဟာမြင့်မြတ်နယ်မြေ ဖြစ်လာနိုင်ကောင်း ဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့ မြင့်မားသည့် ရည်မှန်းချက်များဖြင့် ဆွန်းဝမ်ရှန်းသည် မကြာသေးမီက သူ၏စာကြည့်ခန်းထဲတွင် ပတ်ဝန်းကျင် အင်အားစုများ၏ မြေပုံများကို လေ့လာနေခဲ့သည်။ သူသည် ဟောက်ဟန်ဂိုဏ်း၏ အာဏာလွှမ်းမိုးမှုနယ်ပယ်ကို ပို၍ချဲ့ထွင်ရန် ရည်ရွယ်ထားပေ၏။

ထိုအချိန်မှာပင် တံခါးခေါက်သံနှင့်အတူ သတင်းပို့အစောင့်တစ်ဦး၏ အလျင်လိုနေသော အသံ ထွက်ပေါ်လာသည်။

"ဂိုဏ်းချုပ်... ပြဿနာကြီးတစ်ခု ဖြစ်နေပြီ"

ဆွန်းဝမ်ရှန်း၏မျက်ခုံးများ နက်ရှိုင်းစွာ တွန့်ချိုးသွားသည်။ သူ မတ်တတ်ထရပ်လိုက်ပြီး စာကြည့်ခန်း၏အပြင်ဘက်သို့ ထွက်လာခဲ့သည်။ မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သူ ချက်ချင်း မမေးမြန်းချေ။ ထိုအစား သူက တိုက်ရိုက်ဆူပူကြိမ်းမောင်းလိုက်သည်။

"ဒါက ဂိုဏ်းရဲ့ အရေးပါတဲ့နေရာ...မင်း ကြောက်လန့်တကြား ပြေးလွှားနေတာ ဘာအချိုးလဲ... တခြားသူတွေ သိသွားရင် ငါက လက်အောက်ငယ်သားတွေကို ဘယ်လို ဆုံးမရမလဲ မသိဘူးလို့ ထင်ကုန်ကြမှာပေါ့... လာကြစမ်း... သူ့ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ်အချက်တစ်ရာ ပြင်းပြင်းထန်ထန် ရိုက်လိုက်ကြစမ်း.. စည်းကမ်းက ဘာလဲဆိုတာ သူ သိသွားအောင် လုပ်ရမယ်"

အစောင့်၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်... မလုပ်ပါနဲ့... ဒီလက်အောက်ငယ်သားက တကယ်ကြီး အရေးတကြီး တင်ပြစရာ ရှိလို့ပါ"

ဆွန်းဝမ်ရှန်း၏မျက်လုံးများ အေးစက်တင်းမာနေပြီး ခက်ထန်သောအသံဖြင့် ပြောဆိုလိုက်သည်။

"ကောင်းကင်နဲ့ မြေကြီးက ကျယ်ပြန့်တယ်... ဒါပေမယ့် စည်းကမ်းက အကြီးဆုံးပဲ... ဘာပဲဖြစ်ဖြစ် အပြစ်ပေးပြီးမှ ပြော... လုပ်လိုက်"

ထိုအချိန်တွင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်နှစ်ဦး ရှေ့တက်လာပြီး ထိုလူ၏ကျင့်ကြံခြင်းကို ချက်ချင်းချိတ်ပိတ်လိုက်၏။ ထို့နောက် အစောင့်များသည် အနီရောင် တောက်ပနေသော စိတ်ဝိညာဉ်ရိုက်နှက်ခြင်းကြိမ်လုံးဖြင့် ထိုလူကို မညှာမတာ ရိုက်နှက်လိုက်ကြသည်။ အော်ဟစ်သံများနှင့်အတူ ထိုလူသည် သေလုမြောပါး အရိုက်ခံရပြီးနောက် ဆွန်းဝမ်ရှန်းက သူ့ကို လွှတ်ပေးရန် အမိန့်ပေးလိုက်သည်။

"ပြောစမ်း... မင်းကို ဒီလောက်တောင် ထိတ်လန့်တကြား ဖြစ်စေတာက ဘာဖြစ်လို့လဲ"

ဆွန်းဝမ်ရှင်းက မေးမြန်းသည်။

အစောင့်က ဖျော့တော့တော့အသံဖြင့် ပြောဆိုသည်။

"ဂိုဏ်းချုပ်ကို တင်ပြပါတယ်... သခင်လေးက အန္တရာယ် ကြုံတွေ့ခဲ့ရပြီးတော့ သေလုမြောပါး ဖြစ်နေပါတယ်...အခု ဆေးကုသဆောင်မှာ သူ့ကို ကုသပေးနေတယ်"

ထိုစကားကို ကြားလိုက်ရချိန်၌ ဆွန်းဝမ်ရှန်း၏ မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။

"အသုံးမကျတဲ့ကောင်... ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘာလို့ စောစောက မပြောတာလဲ... လာကြစမ်း... သူ့ကို ဆွဲထုတ်ပြီး ရိုက်သတ်လိုက်ကြစမ်း..."

အစောင့်သည် စကားပင် မပြောနိုင်တော့ပေ။ ရိုက်နှက်သူရော အပြစ်ပေးခံရသူပါ တိတ်ဆိတ်သွားကြသည်။

ဆွန်းဝမ်ရှန်း ဆေးကုသဆောင်သို့ ရောက်ချိန်၌ ဆွန်းယွီကို ကယ်ဆယ်ရန် ကြိုးစားနေသော ဂိုဏ်းအကြီးအကဲတစ်စုကို မြင်တွေ့လိုက်ရသည်။

"ငါ့သားရဲ့ အခြေအနေက ဘယ်လိုလဲ"

အကြီးအကဲတစ်ယောက်က ပြောဆိုသည်။

"ဂိုဏ်းချုပ်... သခင်လေးရဲ့ အခြေအနေက မကောင်းပါဘူး... ကယ်တင်နိုင်ရင်တောင် သူက သူ့ရဲ့ဘဝလျှောက်လုံး မသန်မစွမ်း ဖြစ်သွားနိုင်တယ်... ကျေးဇူးပြုပြီးတော့ ဂိုဏ်းချုပ်က ဒါကို လက်ခံပေးပါ"

ဆွန်းဝမ်ရှန်း ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ ထို့နောက် သူသည် သားဖြစ်သူ၏ ဝမ်းနည်းဖွယ် အခြေအနေကို ကြည့်လိုက်၏။ ဒေါသလှိုင်းလုံးကြီးတစ်ခု သူ၏စိတ်ထဲမှ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားကာ သူ၏ အသိဉာဏ်ကို ဝါးမြိုသွားသည်။

"ဘယ်သူလဲ... ဘယ်သူက ငါ့ရဲ့သားကို ဒီလောက်ထိ ထိခိုက်အောင် လုပ်တာလဲ"

သူ၏မျက်လုံးများ နီရဲလာပြီး သတ်ဖြတ်လိုစိတ်များ မြင့်တက်လာကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်အပူချိန် သိသိသာသာ ကျဆင်းသွားသည်။

ရူးသွပ်သွားပုံရသော ဆွန်းဝမ်ရှန်းကို ကြည့်ရင်း သူ၏နံဘေးတွင် စောင့်ဆိုင်းနေသော သံချပ်ကာမြင်းစီးသူရဲသည် အလွန်အမင်း ကြောက်လန့်သွားပေ၏။ သူ၏ခန္ဓာကိုယ် တုန်ရီနေကာ ကျုံးချင်၏ပုံရိပ်ကို လေထုထဲတွင် ဖော်ပြလိုက်သည်။

"ဂိုဏ်းချုပ်ကို တင်ပြပါတယ်... ဒီလူပါ"

မျက်လုံးများ နီမြန်းနေသော ဆွန်းဝမ်ရှန်းသည် တစ်ချက်သာ ကြည့်လိုက်ပြီး ပုံရိပ်ကို တိုက်ရိုက် ချေမှုန်းလိုက်ရာ လေဟာနယ် တုန်ခါသွားသည်။

"ငါ့ရဲ့ဟောက်ဟန်ဂိုဏ်း ပိုင်နက်ထဲမှာ ငါ့ရဲ့ တစ်ဦးတည်းသော သားကို ထိရဲတယ်ပေါ့... မင်းရဲ့ အထောက်အထား နောက်ခံက ဘာပဲဖြစ်ဖြစ်.... ဒီနေ့ ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ဆင်းလာရင်တောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

အေးစက်စက်အသံတစ်သံက မိုးကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ဆွန်းဝမ်ရှန်းသည် မိုးကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွားပေ၏။

All Chapters