← Chapters

လူလေးယောက် မာကျောက်ဝိုင်း ဖွဲ့ခြင်း

Vol. 11 Ch. 102

လူလေးယောက် မာကျောက်ဝိုင်း ဖွဲ့ခြင်း

Vol. 11 Ch. 102

ပူပြင်းသောနေရောင်ခြည် တောက်ပနေပြီး မိုးကောင်းကင်ယံသည် မိုင်ထောင်နှင့်ချီအကွာထိ ကြည်လင်နေသည်။

ဝိုင်အရက်ဆိုင်ငယ်လေး အတွင်း၌ သူတောင်းစားအဘိုးအိုသည် မနက်စောစောစီးစီး ကျုံးချင်ကို စစ်တုရင် ကစားရန် ဆွဲခေါ်နေသည်။ သူတောင်းစားအဘိုးအို၏ ဘဝတွင် စစ်တုရင်နှင့်ဝိုင်အရက်ကောင်း ဟူသော ဝါသနာကြီးနှစ်ခုရှိပြီး မည်သည့်အရာကိုမျှ စွန့်လွှတ်နိုင်ခြင်းမရှိဟု ဆိုကြသည်။ ယမန်နေ့ညက သူ ဝလင်အောင် သောက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ယနေ့တွင် စစ်တုရင် ကစားရမည့် အလှည့်ပင်။

ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။

"တစ်ယောက်တည်း ပျော်တာထက် အများနဲ့ ပျော်ရတာ ပိုကောင်းတယ်... လူလေးယောက် ရှိနေမှတော့ နှစ်ယောက်တည်း စစ်တုရင် ကစားတာက သိပ်အဆင်မပြေဘူး ထင်တယ်... ကျွန်တော်က ကစားနည်း အသစ်တစ်ခု သင်ပေးမယ်လေ....ဘယ်လိုသဘောရလဲ"

"ကောင်းတယ်"

သူ ပြောဆိုလိုက်သည်နှင့် သူတောင်းစားအဘိုးအိုက လက်ရော ခြေထောက်ပါ မြှောက်ပြီး သဘောတူလိုက်သည်။ လွန်ခဲ့သောတစ်ခေါက်က ကျုံးချင် တီထွင်ခဲ့သော တရုတ်စစ်တုရင်၏ နက်နဲသော သဘောတရားသည် သူ့ကို အမှန်တကယ် ဖမ်းစားနိုင်ခဲ့သည်။ ထိုကြောင့် သူသည် ကျုံးချင် အဆိုပြုထားသော ဂိမ်းအသစ်နှင့် ပတ်သက်ပြီး တခြားလူများထက် ပို၍စိတ်လှုပ်ရှားနေပေ၏။

ကျုံးချန်ဖုန်းလည်း စိတ်ဝင်စားလာသည်။ ကျင့်ကြံခြင်းအကြောင်း ပြောရလျှင် သူသည် တခြားလူနှစ်ဦးနှင့် အလှမ်းကွာဟသည်။ သို့ရာတွင် စားသောက်ခြင်းနှင့်ပျော်ပါးခြင်း ကိစ္စများတွင်မူ သူတောင်းစားအဘိုးအိုနှင့် ယွီဝမ်ကျွင်းတို့ ပေါင်းလိုက်သည့်တိုင် သူ့ကို တစ်ဝက်လောက်ပင် မမီနိုင်ပေ။

ယွီဝမ်ကျွင်းသည် ယမန်နေ့ညက သူတောင်းစားအဘိုးအိုနှင့်ကျုံးချန်ဖုန်းတို့ထံမှ ကျုံးချင်၏ ထူးခြားဆန်းပြားသော လုပ်ရပ်အမျိုးမျိုးအကြောင်း သိရှိခဲ့ရသည်။ ထိုကဲ့သို့ ထူးကဲသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ သူ၏အသက်သခင်ကျေးဇူးရှင်လည်းဖြစ်သူနှင့် ဆက်ဆံရေး တိုးတက်စေရန် ကိစ္စကို သူ ကန့်ကွက်မည် မဟုတ်ပေ။

ဤသို့ဖြင့် အဘိုးအိုသုံးဦးသည် အောက်တွင် ထိုင်နေကြပြီး ကျုံးချင်သည် စင်မြင့်ပေါ်တွင် ထိုင်ကာ ကစားပွဲစည်းမျဉ်းများကို ရှင်းပြရင်း အကွက်များ ပြုလုပ်နေသည်။

အမှန်အားဖြင့် ယခုတစ်ကြိမ်တွင် သူ သင်ပေးမည့် ကစားနည်းမှာ မာကျောက်ပင်။ သူတောင်းစားအဘိုးအိုသည် ခွေးခြေပုလေး တစ်လုံး ဆွဲယူလိုက်ပြီး သူ၏မေးကို လက်ဖြင့်ထောက်ကာ အာရုံစိုက်၍ နားထောင်နေသည်။ တခြားနှစ်ဦးလည်း လိုက်လုပ်ကြပြီး ထူးခြား၍ ချစ်စရာကောင်းသည့် မသိနားမလည်မှုမျိုး သူတို့ထံ၌ ရှိနေပုံရသည်။

ကျုံးချင်၏ရှေ့တွင် သူတို့သည် အသက်ကြီးသော စီနီယာများ၏ အမူအယာမျိုး အရိပ်အယောင်မျှပင် မရှိတော့ဘဲ အမှန်တကယ်ကို လွတ်လွတ်လပ်လပ် နေထိုင်နေကြသည်။ ထိုအစားထိုး သူတို့သည် အလွန်ရိုးရှင်းသော အိမ်နီးနားချင်း အဘိုးအိုများကဲ့သို့ စိတ်နေသဘောထားနှင့် အမူအယာမျိုး ရှိနေကြသည်။

ဤနေရာ၌ ကျုံးချင်သည် စိတ်အားထက်သန်စွာ ပြောဆိုနေချိန်တွင် ဆွန်းဝမ်ရှန်း ရောက်ရှိလာပြီဖြစ်ပြီး ကြီးမားသော သတ်ဖြတ်လိုစိတ်များကို ယူဆောင်လာခဲ့သည်။ မိုးကောင်းကင်ယံတွင် ဆွန်းဝမ်ရှန်းသည် ခြိမ်းခြောက်လိုသော အမူအရာဖြင့် ပျံသန်းလာသည်။

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူသာ ပိုင်ဆိုင်နိုင်သော သူ၏ ကြောက်မက်ဖွယ်ကောင်းသည့် ချီအရှိန်အဝါများ အပြည့်အဝ ပွင့်အံ့ထွက်လာသည်။ ဤသည်က မိုးကောင်းကင်ကို တုန်ခါသွားစေပြီး လေနှင့်တိမ်တိုက်များကို မျောလွင့်သွားစေသည်။

ကြီးမားသော ဖိအားကြောင့် မရေမတွက်နိုင်သော လူများသည် ကြောက်လန့်တကြားဖြင့် တုန်ရီသွားကြ၏။

"ဟေ့ကောင်... မင်းက ငါ့သားကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့... မင်း သေရမယ်"

ဆိုရိုးစကားအတိုင်း ရန်သူများ တွေ့ဆုံလျှင် မျက်လုံးများ နီမြန်းလာတတ်သည်။ ဆွန်းဝမ်ရှန်းသည် ကျုံးချင်ကို မြင်တွေ့ချိန်၌ မည်သည့်စကားမျှ မပြောဘဲ သူ၏မျက်လုံးများ နီမြန်းနေကာ မီတာ ၄၀ရှည်သော ဓားချီစွမ်းအင်တစ်လှိုင်းကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော ဓားချီအလင်းတန်းသည် လေဟာနယ်ကို ခွဲဖြတ်နိုင်စွမ်း ရှိပုံရသည်။ အဆုံးမဲ့သတ်ဖြတ်လိုစိတ်များ မိုးကောင်းကင်တွင် ပျံ့နှံ့နေသည်။ ထိုကဲ့သို့ ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုသည် လူများအားလုံး၏အာရုံစိုက်မှုကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

လူလေးယောက်က မိုးကောင်းကင်ယံသို့ တပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။ မီတာ ၄၀ ရှည်သော ဓားချီကို ထုတ်လွှတ်နေသော ဆွန်းဝမ်ရှန်းသည် ရုတ်တရက် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏ဓား လွတ်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေပေ၏။

သူ မည်သည့်အရာအား မြင်လိုက်ရသနည်း။ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးဖြစ်ကာ အရှေ့ပိုင်းဒေသ၏ အထွတ်အထိပ်တွင် ရပ်တည်နေသူ တစ်ဦးအနေဖြင့် ဆွန်းဝမ်ရှန်းသည် သူ မည်သူ့ကို ရန်စနိုင်သည် မည်သူ့ကို ရန်မစနိုင်သည်ကို သဘာဝကျကျ သိထားသည်။

သို့ရာတွင် ယခုချိန်၌ သူ မည်သည့်အရာအား မြင်တွေ့နေရသနည်း။

ချောင်ရှားတောင်ကြား တတိယဘိုးဘေး...

ဝူကျီဂိုဏ်း ဘိုးဘေး...

ဖူယွင်ဂိုဏ်း ဘိုးဘေး...

ဤလူသုံးဦးအနက် မည်သူမဆို မြေကြီးကို ခြေတစ်ချက်ဆောင့်ရုံဖြင့် ဒေသတစ်ခုလုံးကို တုန်ခါသွားစေနိုင်သော ပုဂ္ဂိုလ်များပင်။ သို့သော် ယခုချိန်၌ သူတို့သုံးဦးလုံး အတူတကွ စုဝေးနေကြသည်။ သူတို့၏ပုံပန်းသဏ္ဍာန်အရ သူတို့သည် ကျုံးချင်နှင့် မိတ်ဆွေများ ဖြစ်ကြောင်း သိသာထင်ရှားပေ၏။ ထို့ပြင် သူတို့သည် ကျုံးချင်အပေါ် အလွန်အမင်း ရိုသေလေးစားမှုကို ပြသနေကြသည်။

'ဒါ... ဒါက ဘယ်လို လူစားမျိုးလဲ'

ဤအတွေးများသည် ဆွန်းဝမ်ရှန်း၏စိတ်ထဲတွင် ချက်ချင်းဆိုသလိုပင် ဖြတ်သန်းသွားသည်။ ထိုအချက်ကို သဘောပေါက်လိုက်ချိန်၌ သူ၏မျက်နှာတပြင်လုံး ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ နောက်ထပ်စကားတစ်ခွန်းမျှ မပြောဘဲ သူသည် ဓားကို ပစ်ချပြီး နောက်လှည့်ပြေးတော့သည်။

သူတောင်းစားအဘိုးအိုသည် မကျေမနပ် ဖြစ်သွားပေ၏။

"မင်းက ကြွားဝါပြီးရင် ထွက်ပြေးလို့ ရမယ် ထင်နေတာလား... ဒီလောကကြီးမှာ အဲဒီလောက် လွယ်လို့လား"

သူ လှမ်းဖမ်းလိုက်သည်။ ၃၉ မီတာသာ ပြေးရသေးသော ဆွန်းဝမ်ရှန်းသည် တိုက်ရိုက်ပြန်ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ သူတောင်းစားအိုကြီးသည် လက်ကိုလှုပ်ခတ်ပြီးဖိချကာ သူ့ကို ဒူးထောက်သွားအောင် တိုက်ရိုက်ဖိနှိပ်လိုက်သည်။

"မင်း စောစောက ဘာပြောလိုက်တာလဲ"

"ဒီသူတောင်းစားအိုကြီး သေချာမကြားလိုက်ရဘူး... နောက်တစ်ခေါက် ပြန်ပြောစမ်း"

ဆွန်းဝမ်ရှန်းက ဒူးနှစ်ဖက်လုံး ထောက်ထားလိုက်ရသည်။ သူ ကြောက်လန့်လွန်းသဖြင့် သူ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပေ၏။ မကြာသေးမီက သူ၏စွမ်းအား တိုးပွားလာခြင်းက သူ့ကိုယ်သူ ယုံကြည်မှု အနည်းငယ် လွန်ကဲစေခဲ့သည်။ သူ၏စွမ်းအားသည် အရှေ့ပိုင်းဒေသ၏ထိပ်ဆုံးတွင် မရှိလျှင်ပင် ထိပ်တန်း တည်ရှိမှု လက်တစ်ဆုပ်စာ၏အောက်ရှိ အသန်မာဆုံးလူအုပ်စုထဲ၌ ပါဝင်နေဆဲဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။

သူ၏စွမ်းအား တိုးပွားလာခြင်းက ဤကျယ်ပြန့်သော လောကကြီး၏ မည်သည့်နေရာကိုမဆို သွားနိုင်သည်ဟူသော သူရဲကောင်းဆန်သည့် ခံစားချက်ကို ပေးစွမ်းခဲ့သည်။

သို့သော် သူတောင်းစားအိုကြီးက သူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်လေပြီ။ စီနီယာဆိုသည်မှာ စီနီယာသာ ဖြစ်ပေ၏။ အရှေ့ပိုင်းဒေသ၏ ထိပ်သီးတည်ရှိမှုများရှေ့တွင် သူ၏ မပြောပလောက်သော ကျင့်ကြံခြင်းသည် အမှန်တကယ်ကို ထည့်ပြောရန်ပင် မထိုက်တန်ချေ။

ထိုအချိန်မှာပင် သူတောင်းစားအဘိုးအိုသည် သူ ဖိနပ်တစ်ဖက်ကို ချွတ်လိုက်ပြီး ဆွန်းဝမ်ရှန်း၏မျက်နှာကို ရိုက်ပုတ်လိုက်သည်။

"ဟေ့ကောင်... ပြောလေ... ဘာဖြစ်လို့လဲ...မင်း အသွားတာလား"

ဤဖိနပ်အနံ့သည် အတော်လေး ပြင်းထန်ပေ၏။ အနီးအနားရှိ ကျုံးချန်ဖုန်းနှင့်ယွီဝမ်ကျွင်းတို့ပင်လျှင် ရွံရှာသော အမူအရာဖြင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်မိကြသည်။

အနံ့ပြင်းလွန်းသဖြင့် ဆွန်းဝမ်ရှန်းသည် မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ ထိုသို့ဆိုသည့်တိုင် သူသည် အနည်းငယ်မျှ မလှုပ်ရဲချေ။ သူသည် ဗိုက်ထဲတွင် အော်ဂလီဆန်နေမှုကို သည်းခံပြီး အသက်ချမ်းသာပေးရန် တောင်းပန်လိုက်၏။

"စီနီယာ... ဒီဂျူနီယာက စီနီယာတို့ ဒီနေရာမှာ ရှိနေမယ်မှန်း တကယ်မသိခဲ့ပါဘူး... သိခဲ့ရင် အခုထက် သတ္တိအဆတစ်ရာလောက် ငှားပေးရင်တောင် စီနီယာတို့ကို မလေးမစား လုပ်ရဲမှာ မဟုတ်ပါဘူး... မရည်ရွယ်ဘဲ လုပ်မိတဲ့ လုပ်ရပ်တစ်ခုမို့လို့ စီနီယာက ဗွေမယူဘဲ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ဆွန်းဝမ်ရှန်းသည် အလွန်ကြောက်လန့်နေသဖြင့် ငိုယိုမိလုနီးပါး ဖြစ်နေလေပြီ။

အိုး ဘုရားရေ...

အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် မဟာမြင့်မြတ်နယ်မြေငါးခုသာ ရှိပေ၏။ ယခု၌မူ မြင့်မြတ်နယ်မြေသုံးခုမှ ဘိုးဘေးများသည် သူ့ကို စူးရှသောအကြည့်များနှင့် ကြည့်နေကြသည်။ ဤသည်က အလွန်အမင်းကြောက်မက်ဖွယ် ကောင်းလွန်းသည်။

ဆွန်းဝမ်ရှန်း၏ တောင်းပန်မှုကို ရင်ဆိုင်ရချိန်၌ သူတောင်းစားအဘိုးအိုက အလျင်မလိုဘဲ ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

"ဒါဆို... ငါတို့သာ ဒီမှာ မရှိရင် ခုဏက မင်းရဲ့ ဓားချက်က ညီလေးကျုံးချင်ရဲ့ ခန္ဓာကိုယ်ကို ထိသွားမှာပေါ့"

"ဟေ့ကောင်... မင်း တော်တော်သတ္တိကောင်းတာပဲ"

"ငါတို့သုံးယောက်ရဲ့ ကယ်တင်ရှင်ကိုတောင် မင်းက ထိခိုက်အောင် လုပ်ရဲတယ်ပေါ့"

ကျုံးချင်သည် မြင့်မြတ်နယ်မြေများမှ ဘိုးဘေးသုံးဦး၏ကယ်တင်ရှင် ဖြစ်သည်ဟု ကြားလိုက်ရချိန်၌ ဆွန်းဝမ်ရှန်း လုံးလုံးလျားလျား ဆွံ့အသွားသည်။ သူ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။ ဤအချိန်တွင် သူသည် သူ၏သားအတွက် လက်စားချေရန် မတွေးတော့ချေ။ ထိုအစား သူသည် ယခင်က ထိုသားဆိုးသားမိုက်ကို မည်သည်ကြောင့် ဖျက်ချမပစ်ခဲ့မိသနည်းဟု တွေးတောကာ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် နာကျည်းနေမိသည်။ ထိုတိရစ္ဆာန်ကောင်ကို ဖျက်ချပစ်ခဲ့လျှင် ယနေ့ တွင် သူ ဤကဲ့သို့ ကပ်ဘေးဆိုးကြီးနှင့် ကြုံတွေ့ရမည် မဟုတ်ချေ။

သို့သော် သူတောင်းစားအိုကြီး၏ နောက်ထပ် စကားတစ်ခွန်းက သူ့ကို နေရာတွင်ပင် ဆီးထွက်ကျလုမတတ် ဖြစ်သွားစေသည်။

"ညီလေးကျုံးချင်... ဒီကောင်က မင်းကို စော်ကားရဲတယ်ဆိုတော့ သူက ကောင်းကျိုးဆိုးကျိုး နားမလည်တာ သေချာတယ်... စကားတစ်ခွန်း ပြောလိုက်ရုံပဲ... မင်းအတွက် ဒီလူနဲ့ သူ့ရဲ့နောက်က အင်အားစုကို ဒီလောကကြီးကနေ လုံးဝ ပျောက်ကွယ်သွားအောင် ငါ လုပ်ပေးမယ်"

"ကျေးဇူးရှင်... ချောင်ရှားတောင်ကြားကလည်း ပါဝင်ကူညီချင်ပါတယ်"

ထိုအချိန်တွင် ကျုံးချန်ဖုန်းကလည်း သူ၏ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

"အရှင် လိုအပ်ရင်... ဝူကျီဂိုဏ်းကလည်း အရှင့်သဘောပါပဲ"

ယွီဝမ်ကျွင်း၏မျက်နှာထား တည်ကြည်လေးနက်သွားပြီး နောက်ကျမကျန်ရစ်ချင်သဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။

သူတို့သုံးဦးလုံး သူတို့၏ သဘောထားများကို အသီးသီး ထုတ်ဖော်ပြောဆိုလိုက်ချိန်၌ ဆွန်းဝမ်ရှန်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ မြင့်မြတ်နယ်မြေ တစ်ခုတည်းကိုပင် ဟောက်ဟန်ဂိုဏ်းမှ ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။ မြင့်မြတ်နယ်မြေသုံးခုလုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်လျှင် ကြက်တွေ ခွေးတွေပင် မကျန်ရစ်စေဘဲ လုံးဝမျိုးပြုန်းသွားမည့် အခြေအနေဖြစ်ကာ ဟောက်ဟန်ဂိုဏ်းကို အမြစ်ပြတ်ဖျက်ဆီးပစ်မည့် အခြေအနေပင်။

"စီနီယာ... စီနီယာ... ကျွန်တော် မှားသွားပါတယ်"

"ကျွန်တော့်ရဲ့အမှားကို ပြင်ဆင်ဖို့ အခွင့်အရေး တစ်ခု ပေးပါလို့ပဲ တောင်းပန်ပါတယ် စီနီယာ"

ဆွန်းဝမ်ရှန်းသည် အလွန်ကြောက်ရွံနေသဖြင့် နှပ်ချေးများနှင့်မျက်ရည်များ သူ၏မျက်နှာပေါ်တွင် စီးကျလာသည်။ ဂုဏ်သရေရှိသော ပထမတန်းစား ဂိုဏ်းချုပ်တစ်ဦးသည် ယခုအချိန်၌ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ယခုအချိန်တွင် ကျုံးချင်၌ ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်း၏ သေရေးရှင်ရေးကို စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်နိုင်သော အာဏာ ရှိနေပြီဟု ပြောနိုင်သည်။

ကျုံးချင်က ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကာ ဆွန်းဝမ်ရှန်းကိုကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"မင်းကို မသတ်သင့်တဲ့ အကြောင်းပြချက် တစ်ခုလောက် ငါ့ကို ပေးစမ်း..."

All Chapters