← Chapters

ကျင့်ကြံခြင်းလောကကြီးက ဖရိုဖရဲဖြစ်နေလို့ ပြောကြတာ မဟုတ်လား

Vol. 11 Ch. 103

ကျင့်ကြံခြင်းလောကကြီးက ဖရိုဖရဲဖြစ်နေလို့ ပြောကြတာ မဟုတ်လား

Vol. 11 Ch. 103

ဆွန်းဝမ်ရှန်း၏နဖူးပေါ်တွင် ချွေးစေးများ ဖုံးလွှမ်းနေပေ၏။ သူ၏ နောက်တစ်ခွန်း ဖြေကြားမှုသည် အလွန်အရေးကြီးကြောင်း သူသိထားသည်။ အနည်းငယ် မှားယွင်းသွားသည်နှင့် သူ၏ဂိုဏ်းတစ်ဂိုဏ်းလုံး မျိုးပြုတ်သွားနိုင်သည်။

ထို့ပြင် သူသည် ကျုံးချင်၏စိတ်ကို လှုပ်ရှားစေမည့် အခြေအနေများကိုလည်း ကမ်းလှမ်းရပေမည်။ သို့သော် ကျုံးချင်၏စိတ်ကို လှုပ်ရှားစေရန် သူ မည်သို့ ပြုလုပ်ရမည်နည်း။ သူ အကြံအိုက်နေမိသည်။

အမှန်အားဖြင့် သူသည် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သော ရတနာများစွာကို ပိုင်ဆိုင်ထားသည်။ သို့သော် သူ မည်သူနှင့် ရင်ဆိုင်နေရသည်ကိုလည်း ထည့်တွက်ရမည်။ မြင့်မြတ်နယ်မြေသုံးခု၏ ဘိုးဘေးများပင်လျှင် ခွေးခြေပုလေးများပေါ်တွင် တန်းစီထိုင်ပြီး ကျုံးချင်ကို စီနီယာအဖြစ် သဘောထားကာ အတန်းတက်နေသကဲ့သို့ ပြုမူနေကြသည်။ သူ၏ ပိုင်ဆိုင်မှု အနည်းငယ်လောက်က တစ်ဖက်လူ၏မျက်စိထဲသို့ ဝင်မည် မဟုတ်ပေ။

"ဟမ့်..."

သူ အချိန်အကြာကြီး တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် ကျုံးချင်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။ ဤအရာက ဆွန်းဝမ်ရှန်းကို ထိတ်လန့်သွားစေပြီး ကျုံးချင် သူ့ကို ပါးရိုက်မည်အား ကြောက်ရွံ့သဖြင့် တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်လိုက်မိသည်။

သူသည် စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်လိုက်၏။

"စီနီယာ... စီနီယာ... ကျွန်တော်က ဟောက်ဟန်ဂိုဏ်းကို ဦးဆောင်ပြီး လက်အောက်ခံအဖြစ် ဝင်ရောက်ပါ့မယ်"

"ကျွန်တော် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး... သေတဲ့အထိ သစ္စာရှိပါ့မယ်"

"ဒီကတိသစ္စာကို ဖောက်ဖျက်ရင် မိုးနဲ့မြေက ကျွန်တော့်ကို အပြစ်ပေးပါစေ"

"စီနီယာက ကျွန်တော့်ကို အခွင့်အရေး တစ်ခုလောက် ပေးမယ်လို့ မျှော်လင့်ပါတယ်"

ဆွန်းဝမ်ရှန်းသည် အစွမ်းကုန် ကြိုးစားလိုက်ခြင်းပင်။ ရတနာ တစ်ခုနှစ်ခုလောက်က တစ်ဖက်လူကို စိတ်လှုပ်ရှားစေမည် မဟုတ်သဖြင့် အရာအားလုံး ပေးအပ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။ သူသည် ပြောဆိုရင်း ကောင်းကင်ဘုံ ကတိသစ္စာကို ချက်ချင်းပြုလုပ်လိုက်၏။

ကျုံးချင်သည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး ကောင်းကင်ဘုံ ကတိသစ္စာ ပြုထားသော ဆွန်းဝမ်ရှန်းကို ငုံ့ကြည့်လိုက်သည်။

'ကျင့်ကြံခြင်းလောကကြီးက ဖရိုဖရဲ ဖြစ်နေပြီးတော့ အဆုံးမဲ့ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတယ်လို့ ပြောကြတယ် မဟုတ်လား"

'ဘာလို့ ဒီလူတွေက သူတို့ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရင်းပြီးတော့ ဒီလောက်ထိ လွယ်လွယ်ကူကူ လက်နက်ချခိုင်းနေကြတာလဲ'

'ပထမက ထျန်းယွင်ဂိုဏ်း ဘိုးဘေး... အခု ဒီကောင်'

'ထားလိုက်ပါတော့'

ဆွန်းဝမ်ရှန်းကဲ့သို့ ဇာတ်ကောင်မျိုးသည် အရေးမပါသူတစ်ဦးသာ ဖြစ်သည်။ သူ့ကို သတ်လိုက်သည်ဖြစ်စေ လက်အောက်ခံအဖြစ် ခံယူခိုင်းသည်ဖြစ်စေ များစွာထူးခြားမှု မရှိချေ။ ထို့ပြင် ဤလူသည် အနာဂတ်တွင် သူ့အတွက် အသုံးဝင်ကောင်း ဝင်လာနိုင်သည်။ အချိန်တခဏကြာ စဉ်းစားပြီးနောက် သူက ပြောဆိုလိုက်၏။

"အဲ့ဒီလိုဆိုရင် မင်းရဲ့ဟောက်ဟန်ဂိုဏ်းကို ဒီနေ့ကစပြီး ထျန်းယွင်ဂိုဏ်းနဲ့ ပေါင်းစည်းလိုက်မယ်"

"ဟောက်ဟန်ဂိုဏ်းရဲ့ နယ်မြေတွေကို လွှဲပြောင်းယူဖို့ ထျန်းယွင်ဂိုဏ်းဆီ လူလွှတ်လိုက်တော့"

"မင်းမှာ ကန့်ကွက်စရာရှိလား"

"စီနီယာရဲ့အမိန့်မှန်သမျှကို နာခံပါ့မယ်"

ဆွန်းဝမ်ရှန်း၏နှလုံးသွေးများ ယိုစီးကျနေလေပြီ။ ဟောက်ဟန်ဂိုဏ်း၏ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော အုတ်မြစ်သည် သူ၏လက်ထဲတွင် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။ သို့ရာတွင် ပျက်စီးသွားသော အုတ်မြစ်က ဂိုဏ်းတစ်ဂိုဏ်းလုံး မျိုးပြုန်းသွားသည်ထက် ပို၍ကောင်းမွန်ပေမည်။ မဟာမြင့်မြတ်နယ်မြေသုံးခုမှ ဘိုးဘေးများ၏ စောင့်ကြည့်နေမှုအောက်တွင် မည်သည့်အရာက အရေးကြီးသည်ကို သူ သိရှိထားသည်။

"ကောင်းပြီ... မင်း ထွက်သွားတော့"

ကျုံးချင်က လက်ဝှေ့ယမ်းလိုက်ပြီး ဆွန်းဝမ်ရှန်းကို တိုက်ရိုက်မောင်းထုတ်လိုက်သည်။ အစမှ အဆုံးထိ ဤပထမတန်းစားဂိုဏ်းချုပ်တစ်ဦး၏ အသွင်အပြင်သည် ဟာသတစ်ခုကဲ့သို့ ဖြစ်နေပေ၏။ သေချာသည်မှာ ကျုံးချင်နှင့် မြင့်မြတ်သောနယ်မြေသုံးခုမှ ဘိုးဘေးများ ရှေ့တွင် သူသည် ဟာသတစ်ခု ဖြစ်လာရန်သာ ကံပါလာခြင်းပင်။ ဖရိုဖရဲဖြစ်နေသော ဆွန်းဝမ်ရှန်း ထွက်ခွာသွားသည်ကို ကြည့်ပြီး ဘိုးဘေးသုံးယောက်သည်လည်း ခေါင်းခါလိုက်ကြသည်။ ထိုကောင်စုတ်သည် လူများစွာအနက် ကျုံးချင်ဆိုသည့် ထိုးဖောက်၍မရနိုင်သော တံတိုင်းကြီးကိုမှ သွားရန်စမိခဲ့သည်။

"လာ လာ... ဆက်ကြရအောင်... မာကျောက် အကြောင်း ဆက်ပြောကြရအောင်"

"ဟုတ်တယ် ဟုတ်တယ်... ငါ ဒီမာကျောက်ဆိုတဲ့အရာကို သိချင်လှပြီ"

သူတို့သုံးယောက်သား လိမ္မာပါးနပ်စွာဖြင့် စကားလမ်းကြောင်း အလျင်အမြန် လွှဲလိုက်ကြသည်။ ကျုံးချင်သည်လည်း ဆွန်းဝမ်ရှန်းအကြောင်းကို ဆက်မတွေးတော့ဘဲ သူ၏လက်ထဲတွင် ကိုင်ထားသော ပုံထွင်းဓားကို ဝှေ့ယမ်းပြီး တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သည်။

"နာရီဝက်လောက်ဆိုရင် အဆင်သင့် ဖြစ်ပြီ"

မကြာမီ ဤှလောကကြီးပေါ်တွင် ပထမဆုံးသော မာကျောက်တစ်စုံ မွေးဖွားလာခဲ့သည်။

သူတို့လေးယောက် မာကျောက်စားပွဲဝိုင်းတွင် မတ်မတ် ထိုင်လိုက်ကြသည်။ ခြံဝင်းအပြင်ဘက်မှနေ၍ "ပုံ...ဝါးလေးချောင်း" နှင့် "ကန်း...ဂဏန်းငါးလုံး"*ဟူသော အသံများ ရံဖန်ရံခါ ထွက်ပေါ်လာသည်။

"သူတောင်းစားအိုကြီး... ကတ်ကစားရင် ကတ်ကျင့်ဝတ် ရှိဖို့လိုတယ်... မင်းက မင်းအတွက် ၁၈ ကတ်ယူထားတာ ဘာသဘောလဲ"

"တတိယကောင်လေး... ငါ့ကို ဝမ်တစ်ကတ် ပေးလိုက်... ဘိုးဘေးက မင်းကို ကောင်းတာတစ်ကတ် ပြန်ပေးမယ်"

"သူခိုးအိုကြီး ယွီဝမ်... မင်း သေချာကစားတတ်ရဲ့လား... မင်းက ငါ့အောက်ဘက်မှာ ထိုင်နေတာလေ... အထက်လူရဲ့ ကတ်တွေကို အမြဲတမ်း ပုံ လုပ်နေတာ ဘာသဘောလဲ"

"ကျာဟူလုပ်တာ...မင်းက သောက်ကျိုးနည်း ကျာဟူ လုပ်နေတာပဲ..."*

ခြံဝန်းငယ်လေးတွင် ပျော်ရွှင်ပြီး သက်ဝင်လှုပ်ရှားနေသော အခြေအနေဖြင့် ပြည့်နှက်နေပေ၏။ မာကျောက်၏ဆွဲဆောင်မှုသည် တခြားကမ္ဘာတစ်ခုတွင် ပထမဆုံးအကြိမ် အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။

မြင့်မြတ်နယ်မြေ ဘိုးဘေးသုံးဦးသည် ဤကစားနည်းအသစ်ကို အလွန်စိတ်ဝင်စားနေကြသည်။ သို့သော် သူတို့၏ ကျွမ်းကျင်မှုနှင့် ပတ်သက်လျှင်တော့ ကျုံးချင် မည်သည့်အရာကိုမျှ မှတ်ချက်မပေးလိုတော့ချေ။ မကြာမီမှာပင် ဘိုးဘေးသုံးဦးသည် အတွင်းခံဘောင်းဘီသာ ကျန်တော့သည်အထိ ရှုံးနိမ့်သွားကြသည်။

ဤနေရာတွင် လူတိုင်း ပျော်ရွှင်စွာ ကစားနေကြချိန်တွင် တခြားတစ်ဖက်တွင်မူ ဆွန်းဝမ်ရှန်းသည် ဂိုဏ်းသို့ ပြန်ရောက်နေလေပြီ။

အကြီးအကဲတစ်ဦးက ရှေ့သို့တက်လာပြီး ရိုသေလေးစားစွာ မေးမြန်းသည်။

"ဂိုဏ်းချုပ်... ခရီးစဉ်က အဆင်ပြေရဲ့လား"

ထိုစကားကို ကြားလိုက်သည်နှင့် ဆွန်းဝမ်ရှန်း၏ မျက်နှာအမူအယာ မသက်မသာ ဖြစ်သွားပြီး မည်းမှောင်သွားသည်။ သူ ထွက်ခွာသွားခဲ့ပြီးနောက် ပြန်ရောက်လာချိန်တွင် သူ့ကြောင့် ဂိုဏ်းတစ်ဂိုဏ်းလုံး ပျောက်ကွယ်သွားရတော့ပေမည်။ သူသည် စကားများများစားစား ပြန်မပြောဘဲ အမိန့်ပေးလိုက်၏။

"ဂိုဏ်းရဲ့ အဆင့်မြင့် အဖွဲ့ဝင်တွေကို စုစည်းလိုက်... ငါ ကြေညာစရာ အရေးကြီးကိစ္စ ရှိတယ်"

အကြီးအကဲသည် သိပ်မစဉ်းစားဘဲ သူ၏သားကိစ္စကြောင့် ဂိုဏ်းချုပ် စိတ်မပျော်မရွှင် ဖြစ်နေသည်ဟုသာ ယူဆလိုက်သည်။ ထို့နောက် သူသည် လူများကို သွားခေါ်ကာ စုဝေးစေလိုက်သည်။

မကြာမီ ဟောက်ဟန်ဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များအားလုံး စုဝေး၍ ရောက်ရှိလာကြသည်။ ပင်မခန်းမတွင် ဆွန်းဝမ်ရှန်းသည် ထိပ်ဆုံးထိုင်ခုံ၌ ထိုင်နေပေ၏။ သူ၏အောက်တွင် လူတစ်ရာခန့်ရှိနေကာ ဘေးနှစ်ဖက်၌ ထိုင်နေကြသည်။

"ဂိုဏ်းချုပ်... ဆွန်းယွီရဲ့ ကိစ္စကို ကျွန်တော်တို့ အားလုံး ကြားပြီးပါပြီ"

"ကျေးဇူးပြုပြီး... ဂိုဏ်းချုပ် စိတ်မကောင်းမဖြစ်ပါနဲ့"

တစ်စုံတစ်ယောက်က နှစ်သိမ့်စကား ပြောဆိုလိုက်သည်။

အကြောင်းပြချက်တစ်ခုကြောင့် ယခုချိန်၌ ထိုသားဆိုးသားမိုက်၏သတင်းကို ကြားလိုက်ရတိုင်း ဆွန်းဝမ်ရှန်း ဒေါသထွက်လာမိသည်။ တခြားလူများသည် သူတို့၏ မိဘများ သို့မဟုတ် မိသားစုများကို သစ္စာဖောက်ကောင်း ဖောက်ကြလိမ့်မည်။ သို့ရာတွင် သူ၏သားဆိုးသားမိုက်ကတော့ ဂိုဏ်းတစ်ဂိုဏ်းလုံးကို ထာဝရ ငရဲတွင်းထဲသို့ ဆွဲချသွားခဲ့လေပြီ။

လူများ၏ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုများသည် မတူညီကြဟု ဆိုကြသည်။ အောက်မှလူများကမူ ဆွန်းဝမ်ရှန်း၏ဝမ်းနည်းမှုကို နားလည်ပေးနိုင်ပုံ မရချေ။ သူတို့သည် ဆွန်းယွီ၏ကိစ္စကိုသာ ဆက်လက်၍ ပြောဆိုနေကြ၏။

"ဆွန်းယွီဆိုတဲ့ ကလေးက ထူးခြားတဲ့ ပါရမီ မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့ ကြီးကျယ်တဲ့ အမြင်အာရုံတွေ ရှိခဲ့တာ... အချိန်တစ်ခု ပေးလိုက်ရင် သူက ငါတို့ ဟောက်ဟန်ဂိုဏ်းရဲ့ ဦးဆောင်သူတစ်ယောက် သေချာပေါက် ဖြစ်လာပြီးတော့ ငါတို့ကို ပိုမြင့်မားတဲ့ နေရာတွေဆီ ခေါ်ဆောင်သွားနိုင်မှာ...."

"ဒီလို ပါရမီရှင်မျိုးကို ကောင်းကင်ဘုံက မနာလို ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ"

အကြီးအကဲတစ်ယောက်က သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ သို့သော် ဤစကားများသည် ဆွန်းဝမ်ရှန်း၏နားထဲသို့ ရောက်ချိန်တွင် ဒဏ်ရာပေါ် ဆားသိပ်လိုက်သကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်နှာထား ယခင်ကထက် ပို၍မည်းမှောင်သွားပေ၏။ သို့သော် ဆွန်းဝမ်ရှန်း၏အမူအယာကို မည်သူကမျှ သတိမထားမိကြချေ။

"ဂိုဏ်းချုပ်... တရားခံတွေကို အပြစ်ပေးပြီးပြီလား"

အောက်ဆုံးအဆင့်ရှိ တခြားအကြီးအကဲတစ်ဦးက သတ်ဖြတ်လိုစိတ်ဖြင့် ချက်ချင်းမေးမြန်းလိုက်သည်။

"အဲ့ဒီ လူယုတ်မာက ငါတို့ဟောက်ဟန်ဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ အကြမ်းဖက်ရဲတယ်ပေါ့... သူ့ရဲ့နောက်ခံကို စုံစမ်းပြီးပြီလား... ဒီအဘိုးကြီးက လူတွေခေါ်ပြီးတော့ သူ့ရဲ့ဂိုဏ်းကိုသွားပြီး အမြစ်ပြတ်သုတ်သင်မယ်... ပြီးရင် ဆွန်းယွီအတွက် လက်စားချေပေးမယ်"

ဤစကားများ ပြောဆိုလိုက်သည်နှင့် ကုလားအုတ်ကျောပေါ်သို့ ကောက်ရိုးတစ်မျှင် တင်လိုက်သည့်အလား ဖြစ်သွားသည်။

"သောက်ကျိုးနည်းကွာ...."

ဆွန်းဝမ်ရှန်းထံမှ ဒေါသများ ပေါက်ကွဲထွက်လာပြီး ဒေါသတကြီးဖြင့် ထိုအကြီးအကဲကို ပါးဖြတ်ရိုက်လိုက်သည်။ မထင်မှတ်ထားသော အခြေအနေကြောင့် ထိုအကြီးအကဲသည် ဆွန်းဝမ်ရှန်း၏ လက်ချက်ဖြင့် ချက်ချင်း အသားပြားဘဝသို့ ရောက်သွားတော့သည်။

"နောက်ထပ် စကားတစ်ခွန်း ပြောရဲတဲ့ကောင် ရှိရင်...ဒါက မင်းတို့ရဲ့နိဂုံးပဲ"

"လက်စားချေမယ် ဆိုတာကို ထပ်မပြောကြနဲ့"

အစွမ်းထက်သော ချီစွမ်းအင်များ ရောနှောနေသည့်အသံသည် ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ လူများအားလုံး ကြက်သေသေသွားကြ၏။ အထူးသဖြင့် ထိုအကြီးအကဲ အသားပြားဖြစ်သွားသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။

"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ"

သို့သော် ဆွန်းဝမ်ရှန်းကို ထိုပုံစံဖြင့် မြင်လိုက်ရသဖြင့် မည်သူမျှ မေးခွန်းတစ်ခွန်း မမေးရဲကြပေ။

ထိုအချိန်မှာပင် ဆွန်းဝမ်ရှန်း၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဒါတင် မကသေးဘူး... ဒီနေ့ကစပြီး ငါတို့ ဟောက်ဟန်ဂိုဏ်းက အဲ့ဒီလူရဲ့အမိန့်ကို နာခံရမယ်"

"ငါတို့က ထျန်းယွင်ဂိုဏ်းနဲ့ လုံးဝ ပေါင်းစည်းတော့မယ်"

"အမ်..."

ဆိုရိုးစကားအတိုင်း ကျောက်တုံးတစ်တုံးက လှိုင်းလုံးပေါင်းထောင်နှင့်ချီ၍ ဖြစ်ပေါ်စေသည်။ ဤသတင်းသည် အစောပိုင်းက ဆွန်းဝမ်ရှန်းသည် အကြီးအကဲတစ်ယောက်ကို ပါးရိုက်သတ်လိုက်သည်နှင့် နှိုင်းယှဉ်လျှင် ပို၍ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

"ဂိုဏ်းချုပ်... ဘာကြောင့်လဲ"

"ထျန်းယွင်ဂိုဏ်းရဲ့အင်အားက ကြီးမားပေမယ့် ကျွန်တော်တို့ဟောက်ဟန်ဂိုဏ်းလိုပဲ ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်းပါပဲ"

"ကျွန်တော်တို့ ဟောက်ဟန်ဂိုဏ်းကို သိမ်းပိုက်ဖို့ သူတို့မှာ ဘာအခွင့်အရေး ရှိလို့လဲ"

"ဟုတ်တယ်... ဘာအခွင့်အရေး ရှိလို့လဲ"

သူတို့၏အသံများတွင် မကျေနပ်မှုများ ပါဝင်နေသည်။ ဆွန်းဝမ်ရှန်းသည် ထိုအကြီးအကဲကို သတ်လိုက်တုန်းက သူတို့ ဘာမှ မပြောရဲခဲ့ကြပေ။ သို့သော် ဂိုဏ်းတစ်ဂိုဏ်းလုံး ထျန်းယွင်ဂိုဏ်းနှင့် ပေါင်းစည်းရမည် ဆိုသည့်အချက်ကိုမူ သူတို့ သည်းမခံနိုင်ကြတော့ချေ။

"အမှန်ပဲ"

"ဂိုဏ်းချုပ်က ဘာလို့ ဒီလို မိုက်မဲတဲ့ ဆုံးဖြတ်ချက်မျိုး ချလိုက်လဲဆိုတာ ကျွန်တော် မသိဘူး"

"ဂိုဏ်းချုပ်ရဲ့သား ဒုက္ခိတ ဖြစ်သွားတာကို လက်စားမချေဘဲနဲ့ လက်နက်ချဖို့ ရွေးချယ်လိုက်တယ်တဲ့လား"

"ခင်ဗျားကို ဟောက်ဟန်ဂိုဏ်းရဲ့ ဂုဏ်ယူစရာလို့ ထင်ခဲ့ပေမယ့် ခင်ဗျားက ဟောက်ဟန်ဂိုဏ်းရဲ့ ကျောရိုးကို ရိုက်ချိုးဖို့ ဦးဆောင်မယ့်သူ ဖြစ်လာလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး... ကျွန်တော်က ဒါကို လုံးဝ သဘောမတူနိုင်ဘူး"

ဒေါသထွက်နေသော လူအုပ်ကြီးကို ရင်ဆိုင်ရချိန်တွင် ဆွန်းဝမ်ရှန်းက သူတို့ကို ဝေ့ဝိုက်၍ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

"မင်းတို့က မြင့်မြတ်တယ်... မင်းတို့က အံ့အားသင့်စရာ ကောင်းတယ်... မင်းတို့က တကယ့်ကို ကြီးကျယ်တာပဲ"

"ဒါပေမယ့် အဲ့ဒီလို လုပ်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းတို့ ထည့်စဉ်းစားပြီးပြီလား"

"ငါတို့ ဟောက်ဟန်ဂိုဏ်းက ဘယ်သူမှ အသက်မရှင်ကျန်ရစ်ဘဲ ဒီလောကကြီးကနေ လုံးဝပျောက်ကွယ်သွားတာကို မင်းတို့ မြင်ချင်လို့လား"

ဤစကားများ ပြောလိုက်သည်နှင့် ဂိုဏ်းချုပ်တစ်ဦးတည်းသာ ပိုင်ဆိုင်သော ဂုဏ်သိက္ခာသည် ခန်းမတစ်ခုလုံးကို ချက်ချင်း ဖိနှိပ်လိုက်ရာ ယခင်က ဆူညံနေသော ခန်းမကြီး တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်သည် ဆွန်းဝမ်ရှန်း ထုတ်ပြောပြခြင်းမရှိသော အဓိပ္ပာယ်ကို နားလည်သွားပုံရပြီး နာကျင်ကြေကွဲစွာဖြင့် မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ်... အဲ့ဒီလူက တကယ်တမ်းကျ ဘယ်သူလဲ... ဘယ်သူက ခင်ဗျားကို ဒီလောက် သတိထားစေတာလဲ"

"ဟောက်ဟန်ဂိုဏ်းက ထျန်းယွင်ဂိုဏ်းနဲ့ ပေါင်းစည်းရမယ်လို့ ခင်ဗျား ပြောခဲ့တယ်... ဒါပေမယ့် ထျန်းယွင်ဂိုဏ်းဘိုးဘေးကိုယ်တိုင် လာရင်တောင် ငါတို့ ဟောက်ဟန်ဂိုဏ်းကို သူက ဘာလုပ်နိုင်မမို့လို့လဲ"

ဆွန်းဝမ်ရှန်း ဖျော့တော့တော့လေသံဖြင့် ပြောဆိုသည်။

"အဲ့ဒီလူက ထျန်းယွင်ဂိုဏ်းဘိုးဘေး မဟုတ်ဘူး"

"ဒါဆို အဲ့ဒီလူက ဘယ်သူလဲ... မြင့်မြတ်နယ်မြေက လူလား"

သူတို့အမြင်တွင် မြင့်မြတ်နယ်မြေတစ်ခုမှ လူတစ်ဦးသာလျှင် သူတို့ဂိုဏ်းချုပ်ကို ဤမျှထိ ထိတ်လန့်စေနိုင်သည်။

"သူ့ရဲ့ တိကျတဲ့ အထောက်အထားကို ငါ မသိဘူး"

ဆွန်းဝမ်ရှန်းက တုံ့ပြန်သည်။

လူများအားလုံး ဆွံ့အသွားသည်။

"..."

သူတို့၏ မျက်နှာအမူအယာများသည် ဇဝေဇဝါ ဖြစ်နေပုံရကာ 'ခင်ဗျား နောက်နေတာလား' ဆိုသည့် အကြည့်မျိုးဖြင့် ဆွန်းဝမ်ရှန်းကို ကြည့်လိုက်ကြ၏။ ထိုလူ၏ တိကျသည့် အထောက်အထားကို မသိဘဲနှင့် ဂိုဏ်းတစ်ဂိုဏ်းလုံးကို လက်နက်ချခိုင်းနေသလော။ ဤသည်မှာ မည်မျှပင် အဓိပ္ပာယ်မဲ့လိုက်သနည်း။

ဆွန်းဝမ်ရှန်းသည် သူတို့ကို ထပ်မေးခွင့် မပေးတော့ဘဲ ခါးသီးသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

"ဒါပေမယ့် ဝူကျီဂိုဏ်း ချောင်ရှားတောင်ကြား နဲ့ ဖူယွင်ဂိုဏ်း... မြင့်မြတ်နယ်မြေသုံးခုလုံးက ဘိုးဘေးတွေက ဒီလူကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီးတော့ သူ့ရဲ့အမိန့်ကို နာခံကြတယ်"

"ဝုန်း..."

ဤသတင်းသည် မိုးကြိုးပစ်ချလိုက်သည့်အလား လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သို့သော် နောက်ထပ်အချိန်တခဏတွင် ဆွန်းဝမ်ရှန်းက နောက်ထပ်ပေါက်ကွဲအား ပြင်းထန်သော သတင်းတစ်ခုကို ထပ်မံ၍ ပြောဆိုလိုက်၏။

"မြင့်မြတ်နယ်မြေသုံးခုက ဘိုးဘေးတွေက သူ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ငါတို့ ဟောက်ဟန်ဂိုဏ်းကို မြေလှန်ပစ်ဖို့ သူတို့ရဲ့အင်အားတွေကို ချက်ချင်းပေါင်းစည်းလိုက်မယ်လို့တောင် နေရာမှာတင် ကြေညာခဲ့ကြတယ်"

ဤသတင်းသည် လူများအားလုံး၏ စိတ်နှလုံးသားများကို ခြေမွှဖျက်ဆီးလိုက်သည့်အလားပင်။ မြင့်မြတ်နယ်မြေများသည် သူတို့အတွက် သူတို့၏ခေါင်းပေါ်တွင် အမြဲတမ်း ဖိစီးနေသော ကြီးမားသည့် တောင်ကြီးတစ်လုံးနှင့် တူညီသည်။

အကယ်၍ ထိုကဲ့သို့ တောင်ကြီးသုံးလုံး အမှန်တကယ် ဖိချလိုက်လျှင်...

ဤကိစ္စကို တွေးကြည့်ရုံနှင့်ပင် သူတို့၏ဦးရေပြားများကို ထုံကျင်သွားစေပြီး အသက်ရှူမွန်းကြပ်သည်အထိ မျှော်လင့်ချက်မဲ့သွားစေရန် လုံလောက်သည်။

***မာကျောက်ထဲက အသုံးအနှုန်းတွေပါ...

Pong Four Bamboos (ဝါး ၄ ပုံလိုက်ခြင်း)

​Pong (碰 - ပုံ/ပုန်း): ဒါက "သုံးချပ်တူ" စုတာကို ခေါ်တာပါ။ ကိုယ့်လက်ထဲမှာ တူညီတဲ့ ဖဲချပ် ၂ ချပ်ရှိနေတုန်း တခြားကစားသမားက အဲဒီဖဲချပ်ကို ပစ်လိုက်ရင် "ပုံ" လို့ အော်ပြီး အဲဒီအချပ်ကို ယူကာ ၃ ချပ်တူ လုပ်လိုက်တာ ဖြစ်ပါတယ်။

​Four Bamboos (四索/四条 - ဝါး ၄): ဝါးချောင်းပုံပါတဲ့ ဖဲချပ်အမျိုးအစားထဲက နံပါတ် ၄ ဖဲချပ်ပါ။

​ဆိုလိုရင်း: ကစားသမားက "ဝါး ၄" ဖဲချပ် ၃ ချပ်တူအောင် စုစည်းလိုက်နိုင်တယ် (သို့မဟုတ် သူများပစ်တဲ့ ဝါး ၄ ကို ယူပြီး သုံးချပ်တူလုပ်လိုက်တယ်) လို့ အဓိပ္ပာယ်ရပါတယ်။

​၂။ Gang Five Characters (စာလုံး ၅ ကန်လိုက်ခြင်း)

​Gang (杠 - ကန်/ကန်း): ဒါက "လေးချပ်တူ" စုတာကို ခေါ်တာပါ။ ကိုယ့်လက်ထဲမှာ ၃ ချပ်တူ ရှိပြီးသားကို နောက်ထပ် ၁ ချပ် ထပ်ရလို့ (ကိုယ့်ဘာသာ နှိုက်မိတာပဲဖြစ်ဖြစ်၊ သူများပစ်တာကို ယူတာပဲဖြစ်ဖြစ်) ၄ ချပ်တူ ဖြစ်သွားတာပါ။ ကန် လုပ်ရင် အပိုဖဲတစ်ချပ် ထပ်နှိုက်ခွင့်ရပါတယ်။

​Five Characters (五万 - စာလုံး ၅ / ဝမ် ၅): တရုတ်စာလုံးတွေ ရေးထားတဲ့ ဖဲချပ် အမျိုးအစားထဲက နံပါတ် ၅ ဖဲချပ်ပါ။

​ဆိုလိုရင်း: ကစားသမားက "စာလုံး ၅" (သို့) "ဝမ် ၅" ဖဲချပ် ၄ ချပ်တူအောင် စုစည်းလိုက်နိုင်တယ် လို့ အဓိပ္ပာယ်ရပါတယ်။

****ကျာယူလုပ်တယ်ဆိုတာဟကစားသမားတစ်ယောက်က သူ့လက်ထဲမှာ နိုင်ဖဲ အမှန်တကယ် မပြည့်စုံသေးဘဲနဲ့ "နိုင်ပြီ" (မာကျောင် သို့မဟုတ် ဟူ) လို့ လှမ်းအော်လိုက်တာမျိုး ဖြစ်ပါတယ်။

​၂။ ဖြစ်နိုင်ခြေ (၂) မျိုး

​အမှား : ကိုယ့်ဖဲကိုယ် နိုင်ပြီလို့ ထင်ပြီး မှားတွက်မိတာမျိုး (မျက်စိမှားတာ၊ ဖဲတွက်မှားတာ)။

​လိမ်လည်ခြင်း : တခြားသူတွေ ဆက်မကစားနိုင်အောင် သို့မဟုတ် အာရုံလွှဲအောင် တမင်သက်သက် နိုင်ပြီလို့ လိမ်ပြောတာ။

​၃။ ပြစ်ဒဏ်

မာကျောက်စည်းမျဉ်းတွေမှာ ဒါက အတော်လေးကြီးတဲ့ ပြစ်မှုတစ်ခုပါ။ ကျာဟူလုပ်မိရင် (မှားတာပဲဖြစ်ဖြစ်၊ လိမ်တာပဲဖြစ်ဖြစ်) အဲဒီကစားသမားက ကျန်တဲ့ ကစားသမား ၃ ယောက်စလုံးကို လျော်ကြေး (ဒဏ်ကြေး) အများကြီး ပေးရလေ့ရှိပါတယ် (တကယ်နိုင်သွားသလိုမျိုး လိုက်လျော်ရတာပါ)။

All Chapters