← Chapters

သောက်ကျိုးနည်း... ငါ့ရဲ့ ကြီးမားတဲ့ ဂိုဏ်းကြီး ဘယ်ရောက်သွားတာလဲ

Vol. 11 Ch. 104

သောက်ကျိုးနည်း... ငါ့ရဲ့ ကြီးမားတဲ့ ဂိုဏ်းကြီး ဘယ်ရောက်သွားတာလဲ

Vol. 11 Ch. 104

ဟောက်ဟန်ဂိုဏ်း....

ပင်မခန်းမအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး အခြေအနေသည် လေးလံအုံ့မှိုင်းနေပေ၏။

အချိန်အတော်ကြာပြီးနောက် ယခင်က ဆွန်းယွီကို ထူးခြားသောပါရမီ မြင့်မားသော ရည်မှန်းချက်နှင့် ကျယ်ပြန့်သော အမြင်အာရုံ ရှိသည်ဟု ချီးကျူးခဲ့သော အကြီးအကဲက ဒေါသတကြီး ပြောဆိုလိုက်သည်။

"အဲ့ဒီ ခွေးတိရစ္ဆာန်လေးဆွန်းယွီသာ အပြင်မှာ အမြဲတမ်း ပြဿနာ မရှာခဲ့ရင် ငါတို့ဂိုဏ်းအပေါ် ဒီလိုကပ်ဘေးဆိုးကြီး ကျရောက်လာတာက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ထိုစကားကိုကြားချိန်၌ ဆွန်းဝမ်ရှန်း၏မျက်နှာ ချက်ချင်းမည်းမှောင်သွားသည်။ သူ၏သားကို လည်ပင်းညှစ်သတ်ချင်စိတ် ရှိနေသော်လည်း သူ့သားအကြောင်းကို သူ့ရှေ့တွင် ဤကဲ့သို့ ပြောဆိုနေကြခြင်းသည် အမှန်တကယ် သင့်တော်သလောဟု တွေးတောမိသည်။

သို့ရာတွင် သူ ခွန်းတုံ့ပြန်ခဲ့ခြင်း မရှိချေ။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်း၏ ကြီးမားသော ကံဆိုးမိုးမှောင်ကျမှုသည် သူ၏သား ဖန်တီးခဲ့သော ပြဿနာကြောင့်သာ ဖြစ်သည်ကို သူကိုယ်တိုင်လည်း ငြင်းဆန်၍မရချေ။ ထို့ကြောင့် တခြားလူများမှ စိတ်ထွက်ပေါက်အနေဖြင့် ကျိန်ဆဲသည်လောက်ကိုမူ သူ နားလည်ပေးနိုင်သည်။

"ကောင်းပြီ... ထျန်းယွင်ဂိုဏ်းနဲ့ ပေါင်းစည်းမယ့် ကိစ္စကို တတိယအကြီးအကဲက တာဝန်ယူလိုက်တော့"

သူသည် လက်မှိုင်ချလိုက်သောအမူအယာဖြင့် ထိုင်ခုံပေါ်တွင် ခွေကျသွားသည်။ ဤအမိန့်ကို ပေးလိုက်သည်နှင့် ဝမ်းနည်းပူဆွေးမှုနှင့် အထီးကျန်ဆန်မှု ခံစားချက်တို့သည် ပင်မခန်းမအတွင်း၌ ပြည့်နှက်သွားတော့သည်။

...

ထျန်းယွင်ဂိုဏ်း....

မြူခိုးများဖုံးလွှမ်းနေသော တိမ်တိုက်တောင်၏အထက်တွင် ထျန်းယွင်ဂိုဏ်း၏ဘိုးဘေး ကောင်းရှစ်ကျီးသည် လက်ရှိတွင် တောင်ထိပ်မှ ရှုခင်းများကို ခံစားကြည့်ရှုနေလေသည်။ အဝေးတွင် တောင်တန်းများသည် မိုးကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းနေသော နဂါးပြာကြီးများအလား နိမ့်ချည်မြင့်ချည် ဖြစ်နေကြ၏။

ကြီးမားပြီးရှည်လျားသော တောင်တန်းများကို ကြည့်ရင်း ကောင်းရှစ်ကျီးသည် အကန့်အသတ်မဲ့သော ခံစားချက်များကို ခံစားလိုက်ရသည်။ ကျင့်ကြံခြင်းလမ်းစဉ်ကို သူ စတင်၍လျှောက်လှမ်းချိန်မှစ၍ သူသည် ဂုဏ်သိက္ခာမြင့်မားသောအချိန်များအပြင် ရှုံးနိမ့်သော အချိန်များကိုလည်း ကြုံတွေ့ခဲ့ရသည်။ ကျင့်ကြံခြင်း လမ်းစဉ်သည် တောင်တက်ခြင်းနှင့် တူပေသည်။ လူများအားလုံးသည် အမြင့်ဆုံးနေရာသို့ ရောက်ချင်ကြသော်လည်း လူတစ်ယောက်၏အထက်၌ လူများ ရှိနေတတ်သည့်အပြင် ကောင်းကင်၏အထက်၌ ကောင်းကင်များရှိပြီး တောင်တစ်တောင်ထက် ပိုမြင့်သည့် တောင်များ ရှိတတ်သည်ဆိုသည့်အချက်ကို လူနည်းစုကသာ သိထားကြသည်။

ကျုံးချင်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ချိန်မှစ၍ သူ တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။ သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် ခိုလှုံရခြင်းသည် ကောင်းမွန်ပေ၏။ တစ်ယောက်တည်း ရုန်းကန်ပြီး ဖြည်းဖြည်းချင်း စူးစမ်းလေ့လာနေမည့်အစား ဖီးနစ်ငှက်၏အတောင်ပံများကို အားကိုးလိုက်ခြင်းက များစွာပို၍ကောင်းမွန်သည်။

တခြားလူများသည် တောင်ပေါ်တက်ရန် လမ်းကြောင်းကို ပင်ပန်းဆင်းရဲခံ၍ ရှာဖွေနေကြချိန်တွင် သူသည် ဖီးနစ်ငှက်အတောင်ပံများ၏ စွမ်းအားဖြင့် တိမ်တိုက်များထဲသို့ ပျံတက်သွားပြီး လောကကြီးကို ငုံ့ကြည့်နေနိုင်လေပြီ။ တစ်ခါတစ်ရံ ရွေးချယ်မှုက ကြိုးစားအားထုတ်မှုထက် ပို၍အရေးကြီးသည် ဆိုသည်မှာ ဤအရာကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

ထိုအချိန်မှာပင် တိမ်တိုက်များအထက်မှနေ၍ ပုံရိပ်တစ်ခု ပျံသန်းလာသည်။ အဝါရောင်ဖျော့ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားသော ရောက်ရှိလာသူထံတွင် အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာအိုကြီးနှင့် ကျယ်ပြန့်သော အပြုံးတစ်ခု ရှိနေသည်။ ဤလူသည် ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဝူယွင်မှလွဲ၍ တခြားလူ မဟုတ်ပေ။

"ဘိုးဘေး... သတင်းကောင်း... သတင်းကောင်းပဲ"

ကောင်းရှစ်ကျီးက သူ၏လက်ကိုနောက်ပစ်ပြီး တည်ငြိမ်စွာ မတ်တတ်ရပ်ရင်း မေးမြန်းလိုက်သည်။

"ဘာကိစ္စလဲ"

ဝူယွင်က အသက်ပြင်းပြင်းရှိုက်လိုက်ပြီး စိတ်လှုပ်ရှားနေသော ခံစားချက်များကို တည်ငြိမ်အောင် လုပ်လိုက်ကာ အချိန်တခဏအကြာတွင် ပြောဆိုသည်။

"ဟောက်ဟန်ဂိုဏ်းက သတင်းစကား ပေးပို့လာပါတယ်... သူတို့က ကျွန်တော်တို့ ထျန်းယွင်ဂိုဏ်းနဲ့ ပေါင်းစည်းချင်ပြီး ကျွန်တော်တို့ ထျန်းယွင်ဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်ချင်တယ်တဲ့... ဘိုးဘေး... ဒါက သတင်းကောင်း မဟုတ်ဘူးလား"

ဤစကားများကို ကြားလိုက်သည်နှင့် ကောင်းရှစ်ကျီးသည် သူ၏တည်ငြိမ်သော မျက်နှာထားကို ထိန်းချုပ်၍ မရနိုင်တော့ချေ။ သူ အံ့အားတသင့် အော်ဟစ်လိုက်မိသည်။

"ဒါက အမှန်ပဲလား...."

ပထမတန်းစားဂိုဏ်းများတွင်လည်း မတူညီသော အဆင့်အတန်းများ ရှိကြသည်။ ထျန်းယွင်ဂိုဏ်းသည် ပထမတန်းစား ဂိုဏ်းများအကြား ထိပ်တန်းအဆင့် ဖြစ်လျှင် ဟောက်ဟန်ဂိုဏ်းသည် ထျန်းယွင်ဂိုဏ်းအောက် သိပ်မနိမ့်ကျလှပေ။ အကယ်၍ ထိုကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းကို အပြည့်အဝဝါးမြိုပြီး ပေါင်းစည်းလိုက်ပါက ထျန်းယွင်ဂိုဏ်း၏အင်အားကို များစွာတိုးတက်လာစေရန် လုံလောက်သည်။ အရေအတွက် အပြောင်းအလဲက အရည်အသွေး အပြောင်းအလဲအထိ ရောက်ရှိသွားချိန်၌ ထျန်းယွင်ဂိုဏ်းသည် မြင့်မြတ်နယ်မြေတစ်ခုကို ယှဉ်ပြိုင်နိုင်ရန်မှာ အချည်းနှီး ကြွားလုံးထုတ်ခြင်း မဟုတ်တော့ချေ။

ဝူယွင်က စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။

"ဒါက အမှန်ပါပဲ... အခု ဟောက်ဟန်ဂိုဏ်းရဲ့ တတိယအကြီးအကဲက ကျွန်တော်တို့ ထျန်းယွင်ဂိုဏ်းမှာ ရောက်နေပါတယ်... ကျေးဇူးပြုပြီး ဘိုးဘေး... ဟောက်ဟန်ဂိုဏ်းရဲ့အညံ့ခံမှုကို လက်ခံဖို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါ"

ဤသတင်းသည် အမှန်တကယ်ကို အလွန် တုန်လှုပ်စရာ ကောင်းလွန်းသဖြင့် ကောင်းရှစ်ကျီးကို အချိန်တခဏကြာ အံ့အားသင့်သွားစေပြီး သံသယများ ပေါက်ဖွားစေခဲ့သည်။

"သူတို့က ဘာလို့ ရုတ်တရက်ကြီး ငါတို့ထျန်းယွင်ဂိုဏ်းနဲ့ ပေါင်းစည်းချင်ရတာလဲ"

"ဘိုးဘေး... သံတမန်ရဲ့ ပြောစကားအရဆိုရင် သူတို့ဂိုဏ်းရဲ့ သခင်လေး... အဲ့ဒီ အရူးကောင်က လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို စော်ကားမိလို့တဲ့... ဟောက်ဟန်ဂိုဏ်းသာ အညံ့မခံရင် ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရမှာမလို့ပါ"

ဤကိစ္စကို သူ စဉ်းစားနေရန်ပင် မလိုတော့ချေ။ ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်းကို ဦးညွှတ်စေပြီး ထျန်းယွင်ဂိုဏ်းနှင့် ပေါင်းစည်းရန် ဖိအားပေးနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အစွမ်းထက် ထိပ်သီးကျင့်ကြံသူသည် သခင် ဖြစ်နေမည်မှာ သေချာပေါက်ပင်။ ကျုံးချင် ပါဝင်ပတ်သက်လာသည်နှင့် တပြိုင်နက် ယုံကြည်ရခက်ခဲသော အရာများပင်လျှင် ယုတ္တိရှိသွားလေ့ရှိသည်။

ကောင်းရှစ်ကျီး၏သံသယများ ပျောက်ကွယ်သွားပြီးနောက် သူသည် အားရပါးရ ရယ်မောလိုက်၏။

"အဲ့ဒီလိုဆိုရင် ဒီဘိုးဘေးက မင်းနဲ့အတူ လိုက်ခဲ့မယ်"

သူတို့နှစ်ယောက်သား အချိန်မဖြုန်းတော့ဘဲ ဂိုဏ်းသို့ ပြန်သွားကာ လူများကို စုစည်းပြီး ဟောက်ဟန်ဂိုဏ်း၏အညံ့ခံမှုကို လက်ခံရန် လေထဲတွင် ပျံသန်းသွားကြသည်။ တိမ်တိုက်များအထက်တွင် ပျံသန်းရင်း ဝူယွင်၏စိတ်ထဲ၌ လှိုင်းထန်နေပေ၏။ သူ၏မျက်စိရှေ့တွင် ဤအရာများအားလုံး ဖြစ်ပျက်နေသော်လည်း အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်။

ကောင်းရှစ်ကျီးကို ဤှသည်ကို သတိပြုမိသွားသဖြင့် သူ့ကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"မင်းရဲ့ပုံစံကြည့်ရတာ တော်တော်လေး ခံစားနေရသလိုပဲ... မင်း ဘာတွေ တွေးနေလဲဆိုတာ ငါ့ကို ပြောပြစမ်း"

ဝူယွင်သည် နံဘေးနှစ်ဖက်မှ လျင်မြန်စွာ ကွဲထွက်သွားသော တိမ်တိုက်ဖြူများကို ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဘိုးဘေး... ဟောက်ဟန်ဂိုဏ်းရဲ့ ကံကြမ္မာကို ကြည့်ပြီးတော့ ထျန်းယွင်ဂိုဏ်းရဲ့အတိတ်ကို ကျွန်တော် မတွေးဘဲ မနေနိုင်ဘူး... တစ်ချိန်တုန်းက ကျွန်တော်တို့ ထျန်းယွင်ဂိုဏ်းလည်း အမြစ်ပြတ်သွားမယ့် ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်... ဘိုးဘေးသာ အရေးကြီးတဲ့ အချိန်မှာ အခြေအနေကို ပြောင်းလဲပြီးတော့ အဲဒီပုဂ္ဂိုလ်ကို သခင်အဖြစ် အသိအမှတ် မပြုခဲ့ရင် ထျန်းယွင်ဂိုဏ်းက အရှေ့ပိုင်းဒေသကနေ ဖယ်ရှားခံရတာ ကြာလောက်ပြီ... ပြီးတော့ ဒီနေ့လို ကြွယ်ဝချမ်းသာမှုမျိုး ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ"

"ကျွန်တော်တို့က ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တွေနဲ့ ဆန်းကြယ်စွမ်းရည်တွေကို ကျင့်ကြံခွင့် ရရုံတင်မကဘူး....ကျွန်တော်တို့ ဒီအတိုင်း ထိုင်နေတာတောင် ပထမတန်းစား ဂိုဏ်းတစ်ဂိုဏ်းက အညံ့ခံပြီးတော့ လာပူးပေါင်းတာမျိုးကို ရနေပြီလေ"

ထိုစကားကို ကြားလိုက်ရချိန်၌ ကောင်းရှစ်ကျီးက မျက်ခုံးပင့်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ ကျုံးချင်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းသည် သူ၏ဘဝတွင် သူ ပြုလုပ်ခဲ့သမျှ ဆုံးဖြတ်ချက်များအနက် အမှန်ကန်ဆုံး ဖြစ်သည်ဟု သူ ခံစားမိသည်။ ဤဆုံးဖြတ်ချက်ကြောင့် ထျန်းယွင်ဂိုဏ်းကို ကယ်တင်ခဲ့ရုံသာမက ဂိုဏ်းအတွက် မှီခိုအားထားရမည့် သစ်ပင်ကြီးတစ်ပင်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

...

ထျန်းယွင်ဂိုဏ်းက ဟောက်ဟန်ဂိုဏ်းကို လက်ခံခြင်းသည် အလွန်အဆင်ပြေချောမွေ့ခဲ့ပေ၏။ လုပ်ငန်းစဉ်တစ်ခုလုံးသည် ကြီးမားသော အဖြစ်အပျက်များ မရှိဘဲ ပြီးဆုံးသွားသည်။ ဟောက်ဟန်ဂိုဏ်း၏ အကြီးအကဲများ သို့မဟုတ် အဆင့်မြင့်အဖွဲ့ဝင်များအနက် တစ်ဦးတစ်ယောက်မျှ ခုခံရန် မစဉ်းစားခဲ့ခြင်း မဟုတ်ပေ။ သို့ရာတွင် ခုခံမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို သူတို့ တွေးတောမိသောကြောင့် ဖြစ်သည်။ သူတို့၏ မလိုလားမှုများ နာကျည်းမှုများအားလုံးသည် နောက်ဆုံးတွင် နာခံမှုအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။

မြင့်မြတ်နယ်မြေသုံးခုသည် မြင့်မားသော တောင်ကြီးသုံးလုံးကဲ့သို့ပင် သူတို့၏ခုခံမှုမှန်သမျှကို ချေမှုန်းပစ်ရန် လုံလောက်သည်။ ထိုအချိန်မှစ၍ ဟောက်ဟန်ဂိုဏ်း၏အလံကို ထျန်းယွင်ဂိုဏ်း၏အလံဖြင့် အစားထိုးလိုက်သည်။ သူတို့၏ နယ်မြေများနှင့် ပိုင်နက်များ အားလုံးကို ထျန်းယွင်ဂိုဏ်းက အပြည့်အဝ လက်ခံရယူလိုက်၏။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ထျန်းယွင်ဂိုဏ်းနှင့် ဟောက်ဟန်ဂိုဏ်း ပေါင်းစည်းပြီးနောက် လဝက်ခန့် ကြာမြင့်သွားခဲ့လေပြီ။

ယနေ့တွင် ယခင် ဟောက်ဟန်ဂိုဏ်း၏အနောက်ဘက်တောင်ကုန်း ယခု ထျန်းယွင်ဂိုဏ်း၏ဌာနခွဲ ဖြစ်နေသောနေရာ၌ ကြောက်မက်ဖွယ် စွမ်းအင်လှုပ်ခတ်မှုများ ပွင့်အံ့ထွက်လာသည်။

"ဒီဘိုးဘေးက နှစ်တစ်ရာကြာ တံခါးပိတ် ကျင့်ကြံပြီးတဲ့ချိန်မှာ နောက်ဆုံးတော့ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်ရဲ့ နက်နဲတဲ့ အမှန်တရားကို သဘောပေါက်သွားပြီ...ငါက အစစ်အမှန် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီ"

"ဒီနေ့ကစပြီးတော့ ဟောက်ဟန်ဂိုဏ်းက အရှေ့ပိုင်းဒေသရဲ့ ဆဌမမြောက် မြင့်မြတ်နယ်မြေ ဖြစ်လာတော့မယ်... ဒါက လက်တစ်ကမ်း အကွာမှာပဲ ရှိတော့တယ်"

အားရပါးရ ရယ်မောသံတစ်သံက မိုးကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။ ဤလူသည် ဟောက်ဟန်ဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေး ရှဲ့ဟောင်မှလွဲ၍ တခြားလူ မဟုတ်ပေ။ သူသည် တစ်ချိန်က အရှေ့ပိုင်းဒေသတွင် ကြီးမားသော နာမည်ဂုဏ်သတင်းကို တည်ဆောက်ခဲ့သူတစ်ဦး ဖြစ်သည်။

သို့သော် ရယ်မောနေရင်း ရှဲ့ဟောင်၏မျက်နှာထား တဖြည်းဖြည်း တင်းမာသွားသည်။ သူ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည့် ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်မှုကြောင့် ဟောက်ဟန်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အဆင့်မြင့်အဖွဲ့ဝင်များအားလုံး အာရုံခံမိပြီး သူ့ကို လာရောက်ကြိုဆိုသင့်သည်။ သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် လူတစ်ယောက်မျှ ရောက်မလာဘဲ ကောင်းကင်နှင့်မြေပြင်ကြားတွင် လူသူကင်းမဲ့ကာ တိတ်ဆိတ်မှုသာ ရှိနေသည်။ ဤနေရာကို လူအများက မေ့လျော့ထားသည့်အလားပင်။

"ဒီသားဆိုးမြေးမိုက်တွေက ဘာလုပ်နေကြတာလဲ"

ရှဲ့ဟောင်၏ နတ်ဘုရားစိတ်အာရုံ ပျံ့လွင့်သွားပေ၏။ ထို့နောက် ဂိုဏ်းအတွင်းရှိ နေရာတိုင်း၌ စိုက်ထူထားသော ထျန်းယွင်ဂိုဏ်း၏အလံများကို သူ မြင်တွေ့လိုက်ရသည်။ ဤအရာက သူ့ကို ချက်ချင်းဆွံ့အသွားစေသည်။

"သောက်ကျိုးနည်း... ငါ့ရဲ့ ကြီးမားတဲ့ဂိုဏ်းကြီး ဘယ်ရောက်သွားတာလဲ"

All Chapters