← Chapters

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ပထမဆုံးတိုက်ပွဲ

Vol. 135 Ch. 1857

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ပထမဆုံးတိုက်ပွဲ

Vol. 135 Ch. 1857

ထိုလူငယ်၏အကြည့်နောက်သို့ လိုက်ကြည့်ရာ သက်လတ်ပိုင်းလူက လှိုဏ်ဂူအတွင်းနက်ပိုင်းရှိ မီးတိုင်လုံးကို တွေ့မြင်သည်။ သူ့မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကြုံ့သွားလေ၏။

သူက အနှစ်သာရနှင့် တစ်စုံတစ်ယောက် ရှိနေသည်ကို တွေ့မြင်ပြီး ဖြစ်၏။ သူသည် စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့်တွင် ရှိသူ ဖြစ်သည်။ နဂါးပြာကလန်၌ သူသည် လူများစွာ၏အထက်တွင် ရှိပေသည်။ ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ပင် သူသည် ထိပ်ဆုံးများ၌ ပါသည်။

သူသည် မီးတိုင်လုံးကို တွေ့မြင်သည့်အခါ ၎င်း၏နောက်ကျောတွင် ခေါင်းတလား ရှိကာ မီးနှင့် ဝန်းရံခြုံလွှမ်းခံထားရသော ပုံရိပ်တစ်ခုကို ဝိုးတဝါးမြင်သည်။ သက်လတ်ပိုင်းလူက လှိုဏ်ဂူအတွင်းနက်ပိုင်းသို့ ကြည့်ကာ သူ့စိတ်နှလုံးကို တုန်ယင်စေသော အော်ရာကို ခံစားမိသွားသည်။

“ဒါက ဘယ်လိုအလောင်းမျိုးလဲ…”  သက်လတ်ပိုင်းလူ၏ အမူအရာသည် သုန်မှုန်နေ၏။ သူက ကြောက်ရွှံ့မှုကြောင့် ကြောင်ရီနသော ခန်းယန်ကို စိုက်ကြည့်သည်။ သူသည် အေးစက်စက်နှာခေါင်းရှုံ့ကာ မီးထံသို့ လှမ်းလျှောက်လာ၏။

သူက သူ့ကိုယ်သူ ကျင့်ကြံမှုအဆင့်မြင့်မှန်း သိ၏။ သူသည် မီးအတွင်းမှလူထံမှ ထွက်ပေါ်နေသောအော်ရာသည် အလွန်အားကောင်းခြင်းမရှိသည်ကို သိသည်။ ထိုသို့တွေးကာ သူသည် မီးထံသို့ ဦးတည်လာသည်။

သူက ခြေတလှမ်းဖြင့်ပင် မီးနားသို့ ရောက်သွား၏။ ရေပူဖောင်းက မီးနှင့် ထိမိသည်နှင့် တစစီအသံများ ပဲ့တင်ထပ်၏။ ထိုမီးသည် ဘေးတဖက်သို့ တွန်းထုတ်ခံလိုက်ရသည့်နှယ် သက်လတ်ပိုင်းလူအတွက် လမ်းဖွင့်ပေးသည်။

“ငါ့နဂါးပြာကလန်ထဲမှာ ဘယ်သူက လာပြီးတော့ ရှုပ်ရှုပ်ယှက်ယှက် လုပ်ဝံ့တာလဲ။ ငါ မင်းကို ရုပ်သေးအဖြစ် မသန့်စင်ပစ်ရင် ဒါဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ဟာသတစ်ခု ဖြစ်လာတော့မယ်…”  သက်လတ်ပိုင်းလူက နောက်ထပ်ခြေတလှမ်း လှမ်း၏။ သူ၏ခန္ဓာကိုယ်မှာ မီးအတွင်းသို့ လမ်းတဝက်ရောက်နေပေပြီ။ ထိုမီးသည် ရုန်းကြွနေ၏။ သို့သော် ၎င်းက သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ရေပူဖောင်းကို မဖျက်စီးနိုင်ချေ။

သို့သော် ထိုအခိုက်တွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး အေးစက်စက်အကြည့် လှစ်ဟပေါ်သည်။ မီးအတွင်းရှိ ဆံဖြူလူထံမှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်အော်ရာကို ခံစားမိသည့်အခါ  သက်လတ်ပိုင်းလူ၏အမူအရာမှာ ပြောင်းလဲသွားသည်။

ထိုအော်ရာမှာ အလွန်အားကောင်းလေ၏။ ၎င်းအော်ရာနှင့် ယှဉ်ပါက သူသည် လမင်းဘေးရှိ ပိုးဖလံကဲ့သို့ ဖြစ်ပေမည်။ ကြောက်လန့်တကြားဖြစ်ကာ သက်လတ်ပိုင်းလူ၏ ခြေလှမ်း ရပ်သွားသည်။

“ထွက်သွားစမ်း…”  ဝမ်လင်း၏အေးစက်စက် စကားသံ ပဲ့တင်ထပ်၏။ သူက ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူ ထိုသို့ဆိုစဉ် လှိုဏ်ဂူတခုလုံးသည် ရေခဲတမျှ အေးခဲလာသလား မှတ်ထင်ရ၏။ ထိုအေးခဲမှုက လှိုဏ်ဂူအပြင်ဘက်ထိ ပျံ့နှံ့သွားသည်။ ရွာသွန်းနေသော မိုးစက်များသည်ပင် အေးခဲမတတ် ဖြစ်သွားကာ မီးပင်လယ်သည်ပင် ငြှိမ်းသေလေမည့်အလား မှိန်ဖျော့သွားသည်။

သက်လတ်ပိုင်းလူက ထိုအေးစက်မှုက ပို၍ ခံစားရ၏။ သူ့ခန္ဓာကိုယ်သည် အေးစက်ကာ သူ့ပတ်လည်ရှိ ပူဖောင်းထံမှ အက်သံများ ထွက်ပေါ်လာသည်။ ထိုပူဖောင်းက တစစီဖြစ်ကာ သက်လတ်ပိုင်းလူသည် သွေးအန်ထွက်၏။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှု၊ ကြောက်ရွှံ့မှုတို့ ပြည့်လာသည်။

သူက သူ့ခန္ဓာကိုယ်ကိုပါ မထိန်းချုပ်နိုင် ဖြစ်သွားရ၏။ ဝမ်လင်း စကားဆိုလိုက်သည့်အခါ သူ့ခန္ဓာကိုယ်ပေါ်သို့ တောင်ပေါင်းတစ်သိန်း ဖိချလာသကဲ့သို့ ခံစားမိရ၏။ သက်လတ်ပိုင်းလူသည် နောက်သို့ ထပ်မံဆုတ်ကာ ထပ်၍ သွေးအန်သည်။ သူသည် လှိုဏ်ဂူထဲမှ လွင့်စင်ထွက်သွား၏။

အပြင်ဘက်ရှိ ကျင့်ကြံသူသောင်းချီ၏ မျက်လုံးရှေ့တွင် သက်လတ်ပိုင်းလူသည် လွင့်ထွက်လာပြီး တတိယကြိမ်မြောက် သွေးအန်ရသည်။ သူသည် ပေသောင်းချီ လွင့်သွားပြီးနောက်မှ ရပ်တန့်သွား၏။ သူ့မျက်နှာမှာ သေလောက်အောင် ဖြူရောနေပြီး သူ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် အတိုင်းမသိပေ။

“သင် ဘယ်သူလဲ…” ထိုသက်လတ်ပိုင်းလူက ချက်ခြင်းပင် အကြောက်အကန် အော်ဟစ်လိုက်၏။

သည်ရုတ်ချည်းဆန်သော မြင်ကွင်းက နဂါးပြာကလန်၏ တပည့်အားလုံးကို တုန်လှုပ်သွားစေသည်။ နဂါးနှစ်ကောင်အဖြစ် ပြောင်းထားသော အကြီးအကဲနှစ်ယောက်သည်ပင် တုန်လှုပ်ကုန်၏။ မြူခိုးတိမ်၏ ဆရာဖြစ်သူ၏ မျက်လုံးမှာ ပြူးကျယ်နေကာ မယုံကြည်နိုင်မှုတို့ ပြည့်သည်။

“လှိုဏ်ဂူထဲမှာ ဘယ်သူ ရှိနေတာလဲ။ စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့် အကြီးအကဲကျောက်တောင် ခုလို လွင့်ထွက်လာပြီး ဒဏ်ရာအပြင်းအထန် ရသွားတာလား…”

“ဆူလိုက်တာ…” ခန်းယန်၏ လှိုဏ်ဂူအတွင်းမှ ဝမ်လင်း၏အေးတိအေးစက် အသံ ထွက်ပေါ်လာသည်။

သူ့အသံ ပေါ်လာသည်နှင့် အရာအားလုံးသည် ငြိမ်သက်သွားသည်။ ကောင်းကင်ထက်ရှိ ရွာကျနေသောမိုးသည်ပင် ရပ်တန့်သွားပုံ ပေါ်သည်။

မိုးစက်များ ဆက်၍ မကျဆင်းတော့သည်ကို ကြည့်ကာ ဆံဖြူအဘိုးအို၏မျက်နှာသည် ကြောက်လန့်မှုကြောင့် ဖြူရောသွား၏။

“ဥပဒေသစကားလုံး၊ အရာအားလုံးအေးခဲသွားတာ။ ဒါဟာ ဆန်းကြယ်လေဟာနယ်အဆင့် ဒါမှမဟုတ် ဒီထက်ပိုမြင့်တဲ့အဆင့် ရှိတယ်လို့ ဆိုလိုတာပဲ။ အဲ့လူ…အဲ့လူဟာ ဘယ်သူလဲ…”

“ခန်းယန်က ဘယ်သူ့ကို ခေါ်ဆောင်လာခဲ့တာလဲ။ ဒီလူဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ကျော်ကြားသူပဲ ဖြစ်ရမယ်။ လူမသိတဲ့အညတရတော့ မဟုတ်လောက်ဘူး…”

လှိုဏ်ဂူအတွင်း၌ ခန်းယန်၏မျှော်လင့်ချက်မဲ့မှုသည် အဆုံးစွန် ရောက်လာသည်။ သူသည် အကြီးအကဲကျောက်ကဲ့သို့ မြင့်မားသောကျင့်ကြံမှုအဆင့်ရှိသူပင် မီးအတွင်းမှ စကားတစ်ခွန်းကြောင့် လွင့်ထွက်ကာ သွေးအန်လိုက်ရသည်ကို တွေ့မြင်ခဲ့၏။ ထိုအခါ သူသည် ကပ်ဘေးကြီးတစ်ခုကို သူ ယူဆောင်လာခဲ့မိပြီကို သိလိုက်တော့သည်။

မီးအတွင်း၌ ဝမ်လင်းက သူ့မျက်လုံးကို ပြန်မှိတ်သည်။ မီးသည် ပေါက်ကွဲထွက်လာသည့်အခါ၌ သူက ဒီဧရိယာတခွင်ကို နတ်ဘုရားအာရုံဖြင့် ခြုံလွှမ်းကြည့်လိုက်ပြီး ဖြစ်သည်။ သည်နေရာရှိ မည်သူကမျှ သူ အာရုံစိုက်ဖို့ မထိုက်တန်ပေ။

သို့သော် သူက ဤနေရာမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဖြစ်ကာ အစွမ်းထက်ကျင့်ကြံသူများစွာ ရှိနေသည်ကို သိ၏။ သူသည် အပြင်ဘက်မှ စကားများကိုလည်း ကြားခဲ့ရသေးသည်။ ကလန်ခေါင်းဆောင်နှင့် ဘိုးဘေးတို့က အပြင်သို့ ရောက်နေပြီး အခုလမ်းတဝက်တွင် ရောက်နေပြီဟူသော စကားပင်။

ဒီဧရိယာက ကျယ်ပြောလွန်း၏။ ထို့အတွက် တတိယအဆင့်ကျင့်ကြံသူများအတွက်ပင် လောကနှင့် တသားတည်း မပေါင်းစပ်နိုင်ပါက အချိန်တိုအတွင်း ရောက်မလာနိုင်ပေ။ သို့ပေမည့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ လှိုဏ်ဂူလောကနှင့် မတူပေ။ ဝမ်လင်းသည် သူ နိုးထလာချိန်တည်းက ဤအချက်ကို သတိပြုမိ၏။

သည်အခိုက်တွင် သူ့ခန္ဓာကိုယ်ကို မီးက ဝန်းရံထားပြီး သူက အဆက်မပြတ် ထိုမီးကို စုပ်ယူကာ သူ့မီးအနှစ်သာရအတွက် အားအင်ပြည့်အောင် သန့်စင်ပေးနေသည်။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်၏။ ခန်းယန်သည် ဝမ်လင်း၏ ချုပ်နှောင်ခြင်း ခံထားရသော ခန်းယန်သည် မီးအတွင်းသို့ ချက်ခြင်း ပျံသန်းလာကာ ဝမ်လင်းက သူ့လည်ပိုင်းကို ဖမ်းချုပ်ကိုင်လိုက်၏။

သူ၏အေးစက်စက်အကြည့်က ခန်းယန်ပေါ်သို့ ကျရောက်သွားသည်။

ခန်းယန်က ဝမ်လင်း၏အကြည့်နှင့် ဆုံသည့်အခါ သူ့စိတ်ထဲ၌ မိုးကြိုးသိန်းချီ ပစ်ချခံလိုက်ရသည့်နှယ် မြည်ဟိန်းသွားမိ၏။ သူသည် တစက်လေးမျှ မခုခံနိုင်ပေ။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်၏။ သူက ဝမ်လင်းကို မျှော်လင့်ချက်မဲ့စွာ ကြည့်သည်။

“စီ…စီနီယာ…သနားညှာတာပေးပါ…”

ဝမ်လင်းက ခန်းယန်ကို လစ်လျူရှုထား၏။ သူ၏နတ်ဘုရားအာရုံသည် သူ့ညာလက်မှ ထိုးထွက်ကာ ခန်းယန်၏စိတ်ထဲသို့ ဝင်ရောက်လာ၏။ သူ လိုအပ်သောမှတ်ဉာဏ်များကို ရှာဖွေပြီးနောက် သူက ခန်းယန်ကို မီးအတွင်းကနေ ပစ်လွှတ်လိုက်သည်။

“ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့် ကလန်ခေါင်းဆောင်နဲ့ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ဘိုးဘေး တုချင်း…”  ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်က သူ့အတွက် အလေးစိုက်ဖို့ မလို‌ပေ။ သို့သော် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ကတော့ သူ့အတွက် အခက်အခဲတချို့ ရှိနိုင်၏။

“ငါ့ သိုလှောင်နေရာလွတ်ကို ဖွင့်ဖို့လည်း မသင့်တော်သေးဘူး။ ဖွင့်လိုက်ရင် မတော်တဆတစ်ခုခု ဖြစ်သွားနိုင်တယ်။ ဒါ့ကြောင့် ငါ့ရတနာတွေကိုလည်း ဘာမှ မထုတ်ယူနိုင်သလို ငါ ရီစီရုပ်သေးကိုလည်း အသုံးမပြုနိုင်ဘူး…။ ဒါ့ကြောင့် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်ရင် ငါ့အတွက် ကောင်းကျိုးသိပ်မရှိဘူး…”

စဉ်းစားနေရင်း ဝမ်လင်းက မြေကမ္ဘာမီးမြောက်များစွာကို သူ့မီးအနှစ်သာရကို အားဖြည့်ပေးဖို့ စုပ်ယူနေ၏။ ထို့အတွက် သူ၏မီးအနှစ်သာရမှာ ပို၍ သန်မာအားကောင်းလာသည်။

“ထားလိုက်ပါတော့လေ…ငါ့သိုလှောင်နေရာလွတ်ရဲ့ ပြဿနာကို လေ့လာဖို့ ငါ ဒီနေရာကနေ ထွက်သွားသင့်တယ်။ ဒါ့အပြင် ငါ့တခြားအနှစ်သာရတွေဟာလည်း ဒီနေရာမှာ ပြောင်းလဲမှု ရှိနိုင်လောက်တယ်။ အရင်ဆုံး ငါ့ကိုယ်ငါ ဒီနေရာနဲ့ အသားကျအောင် လုပ်ရအုံးမယ်…”  ဝမ်လင်း၏မျက်လုံးသည် တလက်လက် တောက်ပကာ သူက ဆုံးဖြတ်လိုက်၏။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ခုမှ ရောက်ခါစ ဖြစ်၏။ ထို့အတွက် သူသည် ဒီနေရာနှင့် မရင်းနှီးသေးပေ။ သူ့စိတ်နေစိတ်ထားအရ သူသည် မော်ကြွားမမောက်မာချင်ပေ။

သည်အခိုက်၌ သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဝေ့ယမ်းလိုက်သည်။ မြေကြီးထုသည် တုန်ဟည်းကာ ပိုမိုများပြားသောမီးများ ထိုးထွက်လာ၏။ သည်လှိုဏ်ဂူတွင် မီးများ ပြည့်နှက်ကာ တချို့တလေသည်ပင် ပျံ့နှံ့ကုန်၏။

အပြင်ဘက်၌ သက်လတ်ပိုင်းလူက ဤသည်ကို မြင်သည်။ အခုလောက်အဆင့်ထိ ကျင့်ကြံလာသော သူမှာ မတုံးပေ။ ထို့ကြောင့် သူသည် ဝမ်လင်း မည်သို့လုပ်ဖို့ ကြိုးစားနေသည်ကို ချက်ခြင်း သိမြင်သည်။

“သူ ထွက်ပြေးတော့မှာ…”  သက်လတ်ပိုင်းလူ၏အမူအရာမှာ သုန်မှုန်နေ၏။ အစောပိုင်းက သူ ကြုံခဲ့ရသည့်အဖြစ်က သူ့ကို ကြောက်လန့်နေစေသည်။ သို့သော် သူ ပို၍ ကြောက်သည်မှာ ပြန်ရောက်လာမည့် ဘိုးဘေးအို၏ ဒေါသကိုပင်။

ဘိုးဘေး ဒေါသထွက်သွားသည်နှင့် သူသည် သစ်သားလူအဖြစ် သန့်စင်ပစ်ခံရလောက်၏။ သူသည် ဘိုးဘေးက ထိုသို့ လုပ်ခဲ့ဖူးသည်ကိုလည်း မြင်တွေ့ထားဖူးသည်။ အခု သူ့စိတ်ထဲ၌ ဘိုးဘေးကို ကြောက်သည့်စိတ်က ပြည့်နှက်လာ၏။

“ဘိုးဘေး ပြန်မရောက်လာခင်ထိ သူ လွတ်မြောက်သွားလို့ မဖြစ်ဘူး။ သူ လွတ်မြောက်သွားတာနဲ့ ငါတို့ ဘိုးဘေးရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး…”

ထိုသို့ တွေးမိကာ သက်လတ်ပိုင်းလူသည် အံတင်းတင်းကြိတ်၍ အော်ဟစ်လိုက်၏။

“လီချန်းထျန်၊ စွန်းမန်းဒီ၊ ဟန်ရှင်း…ဒီလူ ထွက်ပြေးတော့မှာ။ သူ့ကို မလွတ်မြောက်စေနဲ့။ မဟုတ်ရင် ဘိုးဘေး ဒေါသထွက်လိမ့်မယ်။ ဒါဆိုရင် အကျိုးဆက်ကို မင်းတို့အားလုံး သိပါတယ်…။ နဂါးပြာကလန်ရဲ့ တပည့်အားလုံး…ကောင်းကင်ဘုံရေအစီအရင်ကို ရပ်လိုက်ကြ၊ တာအိုရေရွတ်သံကို အသက်သွင်းကြ…”  ထိုသက်လတ်ပိုင်းလူက ဤသို့ ပြောလိုက်ရင်း သူ၏ဒဏ်ရာများကို ဖိနှိပ်ကာ ရှေ့သို့ ထွန်းထုတ်သည်။ သူ့နောက်ရှိ ဆံဖြူအဘိုးအို၏ အမူဟန်ပန်မှာ ပြောင်းလဲသွား၏။ သူသည် အံတင်းတင်းကြိတ်ကာ ထိုးထွက်လိုက်သည်။

တချိန်တည်းမှာ တိမ်စိုင်များထဲရှိ နဂါးနှစ်ကောင်သည် တွန့်ခေါက်ပုံပျက်ကာ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြန်ပြောင်းလဲသည်။ သူတို့က ဘိုးဘေးမည်မျှ ကြောက်မက်ဖွယ်ကောင်းပုံကို တွေးကြည့်မိကာ သူတို့၏ ကျင့်ကြံမှုအပြည့်အဝကို ထုတ်ဖော်၍ အောက်ဘက်ရှိ လှိုဏ်ဂူထံသို့ တိုးဝင်လာကြသည်။

နဂါးပြာကလန်၏ မဟာအကြီးအကဲလေးယောက်၊ တတိယအဆင့် ကျင့်ကြံသူလေးယောက်သည် ဝမ်လင်းထွက်ခွာမည်ကို ဟန့်တားရန် တာဆူလာကြပေပြီ။

နဂါးပြာကလန်၏ တပည့်ထောင်သောင်းချီမှာလည်း သက်လတ်ပိုင်းလူ၏အမိန့်အောက်တွင် ရေအစီအရင်ကို ရပ်တန့်ကြ၏။ သူတို့၏လက်များဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူတို့သည် တီးတိုးစတင်ရွတ်ဆိုကြသည်။ လူပေါင်းသောင်းချီ၏ တီးတိုးရွတ်သံက ကောင်းကင်တခွင် ပဲ့တင်ထပ်သည်။

တာအိုရွတ်သံမန္တာန်သည် မဟာစိတ်ဝိညာဉ်ကလန်၏ မန္တာန်တစ်ခု ဖြစ်၏။ နဂါးပြာကလန်သည် မဟာစိတ်ဝိညာဉ်ကလန်နှင့် နီးစပ်သဖြင့် မဟာစိတ်ဝိညာဉ်ကလန်က ထိုမန္တာန်ကို ကလန်၏အကာအကွယ်မန္တာန်အဖြစ် ပေးအပ်ထားခဲ့ခြင်းပင်။

သင်သည် အသေအချာနားထောင်ပါက တပည့်ပေါင်းထောင်သောင်းချီသည် စကားနှစ်ခွန်းကိုသာ ရွတ်ဆိုနေသည်ကို ကြားရလိမ့်မည်။ ထိုနှစ်ခွန်းမှာ တာအိုနှင့် စိတ်ဝိညာဉ် ဟူ၏။

“တာအိုစိတ်ဝိညာဉ်…စိတ်ဝိညာဉ်တာအို…တာအိုစိတ်ဝိညာဉ်…”

သူတို့၏အသံများသည် အောက်ဘက်ရှိ မြေပြင်ထက်တွင် ထွေးခြုံလာကာ လှိုဏ်ဂူထဲသို့ ဝင်ရောက်ကာ ဝမ်လင်း၏နားထံ ရောက်သည်။ ဝမ်လင်း၏စိတ်နှလုံးမှာ တုန်ယင်သွား၏။ သူသည် သူ့ခန္ဓာကိုယ်ထဲသို့ အားတစ်ခု ဝင်ရောက်လာသည်ကို ခံစားမိသည်။ ၎င်းက သူ့တာအိုဆန္ဒကို ပျော်ဝင်စေကာ သူ့စိတ်ဝိညာဉ်ကို ပိုင်းထုတ်သည်။

ထိုခံစားချက်သည် ဝမ်လင်းကို ချက်ခြင်း ကသိကအောက် ဖြစ်စေသည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူက နှာခေါင်းရှုံ့၍ ခြေလှမ်းသည်။ သည်ခြေလှမ်းဖြင့် သူသည် သူ ရှေးသင်္ချိုင်းအတွင်း၌ သိရှိလာခဲ့သော နှလုံးခုန်သံမိုးကြိုးကို အသုံးပြုလိုက်လေပြီ။

နှလုံးခုန်သံသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်ကာ မြန်ဆန်စွာ ပျံ့နှံ့ပြီး ပို၍ ကြမ်းလာသည်။ ၎င်းသည် တာအိုရေရွတ်သံမန္တာန်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့သည်။

တချိန်တည်းမှာ အကြီးအကဲလေးယောက်သည် လှိုဏ်ဂူထံသို့ ဝင်ရောက်လာကြစဉ် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ မြေပြင်ထက်သို့ ဆန့်ထုတ်သည်။ သူ၏အမူအရာမှာ ကြမ်းကြုတ်ဟန် ပေါ်၏။

“မြေကမ္ဘာမီးစိတ်ဝိညာဉ်ကို ထုတ်နှုတ်ခြင်း…”

All Chapters