← Chapters

မင်း ဘယ်သူ့ကို သွားစော်ကားခဲ့တာလဲ

Vol. 11 Ch. 105

မင်း ဘယ်သူ့ကို သွားစော်ကားခဲ့တာလဲ

Vol. 11 Ch. 105

ဟောက်ဟန်ဂိုဏ်း၏ဘိုးဘေးသည် တွေဝေမိန်းမောနေပေ၏။

တောင်ပေါ်တွင် ခုနစ်ရက်ကြာခြင်းသည် လောကီလောကတွင် နှစ်တစ်ထောင် ကြာမြင့်သည်နှင့် တူညီသည်ဟု ဆိုရိုးရှိသည်။

သူ တံခါးပိတ်ကျင့်ကြံနေသည်မှာ အလွန်ကြာသွားသဖြင့် ကမ္ဘာကြီးပြောင်းလဲသွားကာ နေနှင့်လ နေရာရွှေ့သွားပြီး ကုန်းမြေကြီးများ ရွေ့လျားကာ သူ တံခါးပိတ် ကျင့်ကြံနေသည့် နေရာက ထျန်းယွင်ဂိုဏ်းဆီသို့ ရောက်သွားခြင်း ဖြစ်သလော...

သို့သော် သူသည် ဤအတွေးကို အလျင်အမြန် ပယ်ဖျက်လိုက်၏။ အကြောင်းအရင်းမှာ ထိုအတွေးသည် အလွန်ထူးဆန်းနေသောကြောင့်ပင်။ နှစ်တစ်ရာအတွင်း၌ ကမ္ဘာမြေအပေါ်ယံလွှာ မည်မျှထိ ပြောင်းလဲသွားပါစေ မိုင်ပေါင်းသောင်းနှင့်ချီပြီး ဝေးကွာသည့်နေရာသို့ ရွေ့သွားနိုင်မည် မဟုတ်ချေ။

သူ အပင်ပန်းခံ တည်ထောင်ခဲ့သော ဟောက်ဟန်ဂိုဏ်းကြီး ပျောက်ကွယ်သွားမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဂိုဏ်း၌ အမှန်တကယ် ကပ်ဘေးဆိုးကြီး ကျရောက်လာခဲ့ပါက တပည့်များက သူ့ကို တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာရန် သေချာပေါက် ခေါ်ယူကြပေလိမ့်မည်။ သူ သတင်းတစ်စုံတစ်ရာမှ မရရှိဘဲနေမည် မဟုတ်ချေ။

သို့သော် သူ၏ရှေ့မှ မြင်ကွင်းကို မည်သို့ ရှင်းပြနိုင်မည်နည်း။ ကျင့်ကြံဆင့်ချိုးဖျက်မှု အောင်မြင်ပြီးနောက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာရသည့် သူ၏ပျော်ရွှင်မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ ရှဲ့ဟောင်သည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို အရေးတကြီး သိချင်နေတော့သည်။

...

တစ်ချိန်တည်းမှာပင် ထျန်းယွင်ဂိုဏ်း ဌာနခွဲ ခန်းမဆောင်၌ ထိုနေရာတွင် လဝက်ကြာ တပ်စွဲထားသော ကောင်းရှစ်ကျီးနှင့်ဝူယွင်တို့သည် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေကြ၏။ ယခင် ဟောက်ဟန်ဂိုဏ်းချုပ်နှင့် လက်ရှိ ထျန်းယွင်ဂိုဏ်း ဌာနခွဲခေါင်းဆောင် ဖြစ်သူ ဆွန်းဝမ်ရှန်းသည် သူတို့ကို နှုတ်ဆက်ပွဲ ကျင်းပပေးရန်အတွက် အဆင့်မြင့်အကြီးအကဲတစ်စုကို ဦးဆောင်ထားသည်။

လဝက်ကြာ အတူနေထိုင်ပြီးနောက် နှစ်ဖက်လုံး ရင်းနှီးကျွမ်းဝင်လာကြကာ ဆွန်းဝမ်ရှန်း ဦးဆောင်သော အဆင့်မြင့်အဖွဲ့ဝင်များသည် သူတို့ ထျန်းယွင်ဂိုဏ်း၏လက်အောက်ခံများ ဖြစ်လာသည့် အဖြစ်မှန်ကို တဖြည်းဖြည်း လက်ခံလာကြလေပြီ။

ခွက်ချင်းတိုက်သံများကြားတွင် ဆွန်းဝမ်ရှန်းသည် ကောင်းရှစ်ကျီးနှင့်ဝူယွင်တို့ဘက်သို့ သူ၏ခွက်ကိုမြှောက်၍ ပြောဆိုလိုက်သည်။

"ဘိုးဘေး... ဂိုဏ်းချုပ်... ကျွန်တော်က ခင်ဗျားတို့နှစ်ယောက်ကို ဂုဏ်ပြုပါတယ်"

"စိတ်မပူပါနဲ့... ကျွန်တော်က ဌာနခွဲကို ကြီးကြပ်နေသရွေ့ အရာအားလုံး အမှားအယွင်း မရှိစေရပါဘူး... အနာဂတ်မှာ သခင့်ကိုလည်း ကောင်းကောင်းမွန်မွန် အစေခံပါ့မယ်"

ကောင်းရှစ်ကျီးက အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။

"ဝမ်ရှန်း... ဘိုးဘေးက မင်းရဲ့အရည်အချင်းကို အသိအမှတ်ပြုပါတယ်"

"ပြောရရင် သခင်ကြီးကို စော်ကားမိတာက မင်းရဲ့ ကံဆိုးမှုပဲ... ဒါပေမယ့် သခင်ကြီးရဲ့ ခွင့်လွှတ်မှုကို ရပြီးတော့ ငါ့ရဲ့ ထျန်းယွင်ဂိုဏ်းထဲကို ဝင်ခွင့်ရတာကလည်း မင်းရဲ့ကံကောင်းမှုပါပဲ"

သူသည် စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခေါက်လိုက်ပြီးနောက် သူ၏သိုလှောင်အိတ်ထဲမှ ဘုရင်အဆင့်သိုင်းကျမ်း အထက်ပိုင်းတွဲ တစ်အုပ်နှင့် ဆန်းကြယ်စွမ်းရည် ကျမ်းစာတစ်အုပ်ကို ဆွဲထုတ်လိုက်သည်။

"ဒီအတောအတွင်းမှာ မင်းရဲ့စွမ်းဆောင်ရည် ကောင်းမွန်တာကြောင့် သခင်ကြီးကိုယ်စား ဒီသိုင်းကျမ်းနဲ့ ဆန်းကြယ်စွမ်းရည်ကျမ်းစာကို ဆုချီးမြှင့်လိုက်တယ်"

"အနာဂတ်မှာ မင်းက သခင့်ကို ကောင်းကောင်း အစေခံပြီးတော့ ကြီးမားတဲ့ အကျိုးပြုမှုတွေကို လုပ်ဆောင်နိုင်ရင်... သခင်ကြီးရဲ့မျှော်လင့်ချက်တွေကို မပျက်စီးစေရင်... ဒီဘိုးဘေးက နောက်ပိုင်းတစ်တွဲကို ပေးမှာပါ"

ဘုရင်အဆင့်သိုင်းကျမ်းနှင့် ဆန်းကြယ်စွမ်းရည်ကျမ်းစာတို့၏ အထက်ပိုင်းတွဲနှစ်အုပ် ထွက်ပေါ်လာသည်နှင့် ဆွန်းဝမ်ရှန်း ဦးဆောင်သော အဆင့်မြင့်အဖွဲ့ဝင်များအားလုံး ကြက်သေသေသွားကြသည်။

"ဘိုး... ဘိုးဘေး... ဒါက တကယ်ပဲ ကျွန်တော်တို့အတွက် ဆုလာဘ်လား"

ဆွန်းဝမ်ရှန်း၏အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏စိတ်နှလုံးသားတစ်ခုလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားသည်။ မြင့်မြတ်နယ်မြေများသည် မည်သည်ကြောင့် သာလွန်ထူးကဲနေရသနည်းဟု ရှင်းပြရလျှင် သူတို့၏အစွမ်းထက်သော အင်အားအပြင် ဂိုဏ်း၏ အဓိကသိုင်းကျမ်းများသည် ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့်ပင်။

သူ သိထားသလောက်ဆိုလျှင် မြင့်မြတ်နယ်မြေများရှိ အဓိကအမွေဆက်ခံသော သိုင်းကျမ်းများသည် သာမန် ဘုရင်အဆင့်သိုင်းကျမ်းများသာ ဖြစ်ကြသည်။ သို့ရာတွင် ဘိုးဘေးကောင်းရှစ်ကျီးမှ ယခုလေးတင် ထုတ်ပေးလိုက်သော သိုင်းကျမ်းသည် ဘုရင်အဆင့်သိုင်းကျမ်းများ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ၏စူးရှသောအမြင်ဖြင့် ပြောဆိုနိုင်သည်။

အကယ်၍ ထိုကဲ့သို့သိုင်းကျမ်းမျိုးသာ ပေါက်ကြားသွားပါက အထက်ပိုင်းတွဲသာ ဖြစ်နေသည့်တိုင် မြင့်မြတ်နယ်မြေများပင် မနာလို ဖြစ်ကြပေလိမ့်မည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ သူ ကောင်းမွန်စွာ စွမ်းဆောင်နိုင်သရွေ့ အနာဂတ်တွင် နောက်ဆက်တွဲအပိုင်းကို ပေးအပ်မည်ဖြစ်ပြီး သိုင်းကျမ်းကို ပြီးပြည့်စုံစေနိုင်ကြောင်း ဘိုးဘေးက ပြောဆိုထားခြင်း ဖြစ်သည်။

မူလက သူသည် အခြားသူများကို အမြဲ မှီခိုအားထားရမည့် ဘဝအတွက် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အံ့အားသင့်ဖွယ်ရာက ဤမျှထိ ရုတ်တရက်ဆန်စွာ ရောက်ရှိလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း...

"ဘိုးဘေးက မင်းအတွက် ဆုလာဘ်လို့ ပြောထားတာပဲ... ဘာလဲ... ဘိုးဘေးကို ပြန်ယူသွားစေချင်လို့လား"

ဝူယွင်က ပြောဆိုသည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘေး... ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်"

ဆွန်းဝမ်ရှန်းက အလျင်အမြန် လက်ခံလိုက်သည်။ ဤမျှထိ တန်ဖိုးရှိသောပစ္စည်းကို ငြင်းပယ်သောလူသည် အရူးသာ ဖြစ်ပေလိမ့်မည်။

ဘုရင်အဆင့်သိုင်းကျမ်းနှစ်အုပ်ကို ကိုင်ထားရင်း သူထံ၌ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဤအတိုင်းဖြစ်နေပါက သူတို့ဂိုဏ်းသည် ထျန်းယွင်ဂိုဏ်း၏လက်အောက်ခံ ဖြစ်လာပြီး ကျုံးချင်ကို သခင်အဖြစ် အစေခံရခြင်းသည် မကောင်းသော လမ်းကြောင်းတစ်ခု ဟုတ်ပုံမရချေ။

ထိုအချိန်မှာပင် အထက်မိုးကောင်းကင်ယံမှ အလင်းတန်းတစ်တန်း လျှင်မြန်စွာ ပျံသန်းရောက်ရှိလာသည်။ ထိုအလင်းတန်း၏ အရှိန်အဝါသည် အတော်လေး ကြောက်မက်ဖွယ် ကောင်းပေ၏။ ကြီးမားသော ဖိအားကြောင့် လေဟာနယ်ကိုပင် တွန့်လိမ်သွားစေပုံ ရသည်။

ဤလူသည် ရှဲ့ဟောင်ပင်။ သူသည် အောက်ရှိ လူအုပ်ကြီးကို သုန်မှုန်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏ အကြည့်သည် ဆွန်းဝမ်ရှန်းအပေါ်တွင် ရပ်တန့်သွားသည်။

"ဆွန်းဝမ်ရှန်း... ငါ့ကို ရှင်းပြစမ်း... ဘာလို့ ငါ့ရဲ့ ဟောက်ဟန်ဂိုဏ်း ပိုင်နက်ထဲမှာ ထျန်းယွင်ဂိုဏ်း အလံကို စိုက်ထူထားတာလဲ"

"ဘိုးဘေး"

ရှဲ့ဟောင် ထွက်ပေါ်လာခြင်းသည် ဆွန်းဝမ်ရှန်းနှင့် တခြားအဆင့်မြင့်အဖွဲ့ဝင်များကို ထိတ်လန့်တကြား ဖြစ်သွားစေပြီး သူတို့၏မျက်နှာအမူအယာများကို သိသိသာသာ ပျက်ယွင်းသွားစေသည်။

"ပြောစမ်း... တကယ်တမ်းက ဘာတွေ ဖြစ်နေတာလဲ"

ရှဲ့ဟောင် တည်ကြည်လေးနက်သော အသံဖြင့် အော်ဟစ်လိုက်သည်။ သူ၏အသံသည် မိုးကြိုးပစ်ခတ်သည့်အလား မိုးကောင်းကင်ယံအတွင်းတွင် ပေါက်ကွဲသွားပေ၏။ သူ၏ လက်ရှိ စိတ်အခြေအနေသည်လည်း အချိန်မရွေး ဒေါသပေါက်ကွဲတော့မည့် အလား ဖြစ်နေသည်။

အချိန်တခဏအတွင်းတွင် ယခင်က ဆူညံနေသော နှုတ်ဆက်ပွဲကြီး တိတ်ဆိတ်သွားတော့သည်။ လူများအားလုံးသည် သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ကြောက်ရွံ့နေကြပြီး ကောင်းရှစ်ကျီးတစ်ယောက်တည်းသာ ထိခိုက်မှု မရှိဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"အစ်ကိုရှဲ့... ဒါကိုတောင် မမြင်ဘူးလား... ဟောက်ဟန်ဂိုဏ်း မရှိတော့ဘူး... အခု ထျန်းယွင်ဂိုဏ်း ဌာနခွဲလို့ ခေါ်တယ်"

ဤစကားများ ပြောလိုက်သည်နှင့် မိုးကောင်းကင်ယံထက်မှ ရှဲ့ဟောင်၏မျက်လုံးများ ချက်ချင်းနီမြန်းသွားသည်။

"ခွေးအိုကြီးကောင်း... မင်းက ငါ့ရဲ့ ဟောက်ဟန်ဂိုဏ်းကို တိုက်ခိုက်ရဲတယ်ပေါ့"

သူတို့နှစ်ယောက်သည် ခေတ်ပြိုင်များ ဖြစ်ကြပြီး ငယ်စဉ်က ပဋိပက္ခများနှင့် ထိတွေ့ဆက်ဆံမှုများစွာ ရှိခဲ့ဖူးသည်။

မျက်လုံးများနီမြန်းနေသော ရှဲ့ဟောင်ကို ရင်ဆိုင်ရချိန်တွင် ကောင်းရှစ်ကျီးက ကျီစယ်စနောက်လိုက်သည်။

"မင်း စိတ်ရှိတိုင်း လျှောက်ပြောလို့ မရဘူးလေ... မင်းရဲ့ဟောက်ဟန်ဂိုဏ်းက ငါ့ရဲ့ ထျန်းယွင်ဂိုဏ်းထဲကို ဆန္ဒအလျောက် လက်နက်ချပြီး ပေါင်းစည်းလာတာပါ... ငါ့ရဲ့ ထျန်းယွင်ဂိုဏ်းက ဟောက်ဟန်ဂိုဏ်းကို တိုက်ခိုက်တယ်လို့ မင်း ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ"

"အခု ငါတို့ အင်အားစုနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီဆိုတော့ ဒါက ကြီးမားတဲ့ ပျော်ရွှင်စရာ အခါသမယပဲ... ဝမ်းနည်းပူဆွေးတဲ့ ပုံစံ မလုပ်ပါနဲ့... အောက်ဆင်းပြီး ဒေါသပြေအောင် တစ်ခွက်လောက် လာသောက်ပါလား"

သူ၏စကားများသည် မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်နေပြီး စိတ်အနှောင့်အယှက် ဖြစ်နေပြီးသား ရှဲ့ဟောင်ကို ပို၍ဒေါသထွက်စေခဲ့သည်။

သူသည် ဆွန်းဝမ်ရှန်းကို တဖန်ပြန်ကြည့်ပြီး ပြောဆိုလိုက်၏။

"ခွေးအိုကြီးကောင်း ပြောတာ အမှန်ပဲလား"

သူ၏ စူးရှသော အကြည့်နှင့် ရင်ဆိုင်ရချိန်၌ ဆွန်းဝမ်ရှန်း တွန့်ဆုတ်သွားပြီး အနည်းငယ် အကြည့်လွှဲလိုက်မိသည်။ သူသည် ဤကိစ္စနှင့် ပတ်သက်၍ သူ၏ဘိုးဘေးကို အသိပေးရန် မရဲဝံ့ခဲ့ဘဲ အနာဂတ်တွင် ဖြည်းဖြည်းချင်း ရှင်းပြရန် အခွင့်အရေး ရှာမည်ဟု မူလက စီစဉ်ထားခဲ့သည်။ သို့သော် သူ၏ဘိုးဘေးသည် တံခါးပိတ် ကျင့်ကြံရာမှ စောစောစီးစီး ထွက်လာလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။ ယခုချိန်၌ သူ ဤကိစ္စကို စောစီးစွာ ရင်ဆိုင်ရပြီဖြစ်သဖြင့် အားတင်းထားရန်မှတပါး ရွေးချယ်စရာ မရှိတော့ချေ။

"ဘိုးဘေး... ဘိုးဘေးကောင်းဟပြောတာ အမှန်ပါပဲ... ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့လို့ပါ"

"ဟီး ဟီး... ဟား ဟား ဟား ဟား..."

ရှဲ့ဟောင် ရူးသွပ်နေသည့်အလား ရယ်မောလိုက်သည်။

"ဆွန်းဝမ်ရှန်း... ဒီဘိုးဘေးက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်... ကျင့်ကြံနည်းစနစ်တွေ သင်ပေးခဲ့ရုံတင်မကဘဲ ဂိုဏ်းကိုပါ မင်းရဲ့လက်ထဲ အပ်နှင်းခဲ့တယ်... အခု ငါ တံခါးပိတ် ကျင့်ကြံနေတာ နှစ်တစ်ရာပဲ ရှိသေးတယ်... မင်းက ဂိုဏ်းတစ်​ဂိုဏ်းလုံးကို ဦးဆောင်ပြီးတော့ တခြားဂိုဏ်းထဲကို ဝင်သွားတယ်ပေါ့"

"ပြောစမ်း... မင်းမှာ ဘယ်လိုအခက်အခဲမျိုး ရှိခဲ့လို့လဲ... ဒီဘိုးဘေးရဲ့ ပင်ပန်းဆင်းရဲမှုတွေကို သစ္စာဖောက်ဖို့ ဘယ်အရာက မင်းကို တွန်းအားပေးခဲ့တာလဲ"

"ဘယ်လို ပြဿနာမျိုး ရှိခဲ့လို့လဲ... မင်းရဲ့ ဂိုဏ်းနဲ့ ဘိုးဘေးတွေကို စွန့်ပစ်ဖို့ ဘယ်အရာက မင်းကို တွန်းအားပေးခဲ့တာလဲ"

"ဘယ်လို ပင်ပန်းမှုမျိုး ရှိခဲ့လို့လဲ... ဒီလောက် ကိစ္စကြီးကို ဒီဘိုးဘေးဆီ အသိပေးဖို့တောင် မင်း မလုပ်ခဲ့ဘူး"

ရှဲ့ဟောင်၏မေးခွန်းတစ်ခုစီတိုင်းသည် ဆွန်းဝမ်ရှန်း၏မျက်နှာကို ပို၍ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။ ဂိုဏ်းသည် သူ၏လက်ထဲတွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်လေရာ သူ မည်သည်ကြောင့် အသိပေးရဲမည်နည်း။ ဤှသည်မှာ ဘိုးဘေး၏ ပါးရိုက်သတ်ခြင်း ခံရမည်ကို သူ ကြောက်ရွံသောကြောင့်ပင်။ သို့သော် ယခုချိန်၌ အခြေအနေသည် ဤအဆင့်ထိ ရောက်ရှိလာပြီဖြစ်သောကြောင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုတော့ချေ။

"ဘိုးဘေး... ကျွန်တော်တို့ဂိုဏ်းက မတွေးဝံ့လောက်အောင် အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုကို စော်ကားမိခဲ့တယ်... ကျွန်တော်တို့ အညံ့မခံရင် ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သွားမှာပါ"

"ပြောပါအုံး... ဘိုးဘေးသာ ဒီလို အခြေအနေမျိုးနဲ့ ကြုံရရင် ဘာလုပ်မှာလဲ"

ရှဲ့ဟောင် ဒေါသထွက်သွားသည်။ ဤကောင်စုတ်သည် သူ အပင်ပန်းခံ တည်ထောင်ခဲ့သော ဂိုဏ်းကို ဖျက်ဆီးရုံသာမက ယခု သူ၏ရှေ့၌ ညည်းညူပြီး သူ့ကိုပင် ပြန်မေးခွန်းထုတ်ရဲသေးသည်။

"ပြောစမ်း... ဟောက်ဟန်ဂိုဏ်းရဲ့ အင်အားနဲ့ဆိုရင် ဘယ်သူက ငါ့ရဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်အောင် လုပ်နိုင်မှာလဲ... ဘယ်သူက ငါ့ရဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်အောင် လုပ်ရဲမှာလဲ"

ရှဲ့ဟောင်သည် ဤစကားများကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါဖြင့် ပြောဆိုလိုက်သည်။

"မြင့်မြတ်နယ်မြေတွေတောင်မှ ငါ့ရဲ့ဟောက်ဟန်ဂိုဏ်းကို ထိချင်ရင် သူတို့ဘက်မှာလည်း ထိခိုက်နစ်ဖို့ ပြင်ဆင်ထားရမယ်"

"ဒါပေမယ့်... မြင့်မြတ်နယ်မြေသုံးခု အတူတူ ထွက်လာရင်ရော..."

သို့သော် ဆွန်းဝမ်ရှန်း၏စကားတစ်ခွန်းသည် လွန်ခဲ့သော အချိန်တခဏက အာဏာလွှမ်းမိုးထားသော ရှဲ့ဟောင်၏မျက်လုံးသူငယ်အိမ်များကို ကျဥ်းမြောင်းသွားစေခဲ့သည်။ သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုနှင့် စိတ်ရှုပ်ထွေးမှု အမူအယာတို့က အစားထိုးဝင်ရောက်လာသည်။

"မင်း တကယ်တမ်းက ဘယ်သူ့ကို သွားစော်ကားခဲ့တာလဲ"

"မြင့်မြတ်နယ်မြေတွေမှာ ကိုယ်ပိုင်ဂုဏ်သိက္ခာတွေ ရှိကြပြီးတော့ ပုံမှန်အနေနဲ့ဆိုရင် အင်အားပေါင်းစည်းဖို့ ဝန်လေးကြတယ်... မြင့်မြတ်နယ်မြေသုံးခုက ငါ့ရဲ့ဟောက်ဟန်ဂိုဏ်းကို ပူးပေါင်းတိုက်ခိုက်တဲ့ အခြေအနေအထိ ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ"

ဆွန်းဝမ်ရှန်းက ခါးသည်းစွာ ပြုံးလိုက်သည်။

"ဘိုးဘေး... ကျွန်တော် စော်ကားမိတဲ့သူက ဝူကျီဂိုဏ်း ဖူယွင်ဂိုဏ်း နဲ့ ချောင်ရှားတောင်ကြား... မြင့်မြတ်နယ်မြေသုံးခုလုံးက ဘိုးဘေးတွေ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီးတော့ လေးစားကြတဲ့ လူတစ်ယောက်ပါ"

"မြင့်မြတ်နယ်မြေ ဘိုးဘေးသုံးဦးက သူ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ဟောက်ဟန်ဂိုဏ်းကို ဘယ်သူမှ အသက်ရှင်မကျန်ရစ်အောင် အမြစ်ပြတ်သုတ်သင်ပစ်မယ်လို့တောင် ကြေညာခဲ့ကြတယ်"

"ပြောပါအုံး... အညံ့ခံဖို့ ရွေးချယ်တာကလွဲရင် ကျွန်တော့်မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား"

"မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်တာ"

"မြင့်မြတ်နယ်မြေ ဘိုးဘေးတွေက ဘယ်လို တည်ရှိမှုမျိုးတွေလဲ"

"သန်မာအားကောင်းတဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်ပိုင် ဂုဏ်သိက္ခာတွေ ရှိကြတယ်"

"သူတို့က အရှေ့ပိုင်းဒေသရဲ့ အထွတ်အထိပ်မှာရှိတဲ့ တည်ရှိမှုကြီးတွေလေ... ဘယ်သူက သူတို့ကို ခေါင်းငုံ့စေနိုင်မှာလဲ"

ရှဲ့ဟောင်သည် ဆွန်းဝမ်ရှန်း၏စကားကို လုံးဝမယုံကြည်ချေ။

သူသည် အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်းလိုသစ္စာဖောက်က အပြင်လူတွေနဲ့ ပူးပေါင်းပြီးတော့ အကြီးအကဲတွေနဲ့လက်အောက်ငယ်သားတွေကို လှည့်စားပြီး ငါ့ရဲ့ ဟောက်ဟန်ဂိုဏ်းကို ဝါးမြိုဖို့ ဒီနည်းလမ်းကို သုံးခဲ့တာများလား"

"ကောင်းပြီလေ... ဒီနေ့ ဒီဘိုးဘေးက အိမ်တွင်းရေးကို ရှင်းလင်းပြီးတော့ မင်းကို ကိုင်တွယ်ပြီးရင် ဒီကိစ္စရဲ့နောက်ကွယ်က အကြောင်းအရင်းတွေကို စုံစမ်းတော့မယ်"

ထိုစကားကိုပြောဆိုရင်း အေးစက်စက် သတ်ဖြတ်လိုစိတ်များ သူ့ထံမှ ထွက်ပေါ်လာပြီး ဆွန်းဝမ်ရှန်းကို တိုက်ရိုက်ပစ်မှတ်ထားလိုက်သည်။

"ညီလေးရှဲ့... မင်းက ငါ့ရဲ့ထျန်းယွင်ဂိုဏ်းက အဖွဲ့ဝင်တစ်ယောက်ကို သတ်ချင်ရင် အရင်ဆုံး ငါ့ရဲ့သဘောထားကို မေးသင့်တယ် မဟုတ်လား"

ထိုအချိန်မှာပင် ကောင်းရှစ်ကျီးက ရှေ့သို့တက်လာပြီး ဆွန်းဝမ်ရှန်း၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

"ခွေးအိုကြီးကောင်း... မင်းက ငါ့ကို တားချင်တာလား"

ရှဲ့ဟောင်၏မျက်လုံးများ မှိုင်းညို့နေပေ၏။

"မင်းမှာ အစွမ်းအစ ရှိလို့လား"

ကောင်းရှစ်ကျီးက တည်ကြ​ည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။

"ရှိ မရှိ ဆိုတာ မင်း စမ်းကြည့်ရင် သိမှာပေါ့"

"လာခဲ့စမ်း... ငါတို့ မတွေ့ရတာ နှစ်ပေါင်းရာနဲ့ချီ ပြီး ကြာနေပြီ... မင်းရဲ့စွမ်းအား တိုးတက်လာလားဆိုတာ ကြည့်ရအောင်"

All Chapters