← Chapters

ငါ့မှာလည်း ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်

Vol. 11 Ch. 106

ငါ့မှာလည်း ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်

Vol. 11 Ch. 106

အခင်းဖြစ်ပွားရာနေရာတွင် ဘိုးဘေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။

ရှဲ့ဟောင်က လှောင်ပြောင်လိုက်သည်။

"အဘိုးကြီးကောင်း.. အသက်ကြီးတာနဲ့ သန်မာအားကောင်းတယ်လို့ မဆိုလိုဘူး"

"အရင်တုန်းက မင်းက ငါ့ထက် အသက်ကြီးတာကို အခွင့်ကောင်းယူပြီးတော့ ငါ့ကို ဖိနှိပ်ခဲ့တယ်... ဒါပေမယ့် ကျင့်ကြံဆင့်နယ်ပယ်တွေက အသက်အရွယ်နဲ့ ရယူနိုင်တဲ့အရာမျိုး မဟုတ်ဘူး"

ထိုသို့ပြောဆိုနေရင်း သူသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင်ကြံသူသာ ပိုင်ဆိုင်နိုင်သော နတ်ဘုရားစွမ်းအားကို တိုက်ရိုက်ထုတ်လွှတ်လိုက်၏။

"ငါက နှစ်တစ်ရာကြာ တံခါးပိတ် ကျင့်ကြံခဲ့ပြီးတဲ့နောက်မှာ အခု မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်ကို ရောက်နေပြီ... အခု မင်းက ငါ့ကို တိုက်ခိုက်ရဲသေးလား"

သူသည် မိုးကောင်းကင်ယံတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။ သူ၏ မျက်လုံးများအတွင်းတွင် မောက်မာထောင်လွှားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အမှန်တကယ်ပင် မောက်မာထောင်လွှားခွင့် ရှိပေ၏။ အကြောင်းအရင်းမှာ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်သည် မြင့်မြတ်နယ်မြေ ဂိုဏ်းချုပ်တစ်ဦးထက် ကျော်လွန်သွားပြီး မြင့်မြတ်သောနယ်မြေ ဘိုးဘေးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ ယနေ့ခေတ်ကာလ လောကကြီးတွင် အရှေ့ပိုင်းဒေသ တစ်ခုလုံးကို ကြည့်လိုက်ပါက သူ့ထက် ကျင့်ကြံဆင့်မြင့်မားသူဟူ၍ များများစားစား မရှိချေ။

တုံ့ပြန်မှုအနေဖြင့် ကောင်းရှစ်ကျီးက အော်ဟစ်ရယ်မောလိုက်သည်။

"ငါကရော မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူ မဟုတ်သလိုပဲ...."

"ဝုန်း..."

သူ၏ခန္ဓာကိုယ် ရွေ့လျားလိုက်သည်နှင့် အစွမ်းထက်သော အရှိန်အဝါတစ်ရပ်က လေပြင်းများကို လှုံ့ဆော်လိုက်ပြီး မိုးကောင်းကင်ကို ဆုတ်ဖြဲပစ်မည့်အလား ဖြစ်ပေါ်လာသည်။

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ နှစ်ဦးသည် ထိပ်တိုက်တွေ့နေကြပြီး သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများသည် ကြီးမားသော တောင်ကြီးနှစ်လုံးအလား လူများအားလုံး၏နှလုံးသားကို ဖိနှိပ်ထားသည်။

"နှစ်တွေ ဒီလောက် ကြာပြီးတဲ့နောက်မှာ မင်းလည်း ဒီနယ်ပယ်ကို ရောက်လာလိမ့်မယ်လို့ ငါ ထင်ထားခဲ့ဘူး"

ရှဲ့ဟောင်၏မျက်နှာထား တင်းမာခက်ထန်သွားသည်။

"ဒါပေမယ့် အဆင့်တူကျင့်ကြံသူတွေ ကြားမှာလည်း ကွာဟချက်တွေ ရှိတယ်... မင်းရဲ့ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်စွမ်းအားက ဘယ်လောက်ထိ အနှစ်သာရရှိလဲဆိုတာ တိုင်းတာကြည့်ရအောင်"

နောက်ထပ်အချိန်တခဏတွင် ရှဲ့ဟောင် လှုပ်ရှားလိုက်သည်။ ဤလှုပ်ရှားမှုသည် တောင်တစ်လုံး ဖိချလိုက်သကဲ့သို့ ဖြစ်ပြီး လောကကြီးကို ချေမှုန်းပစ်မည့်အလား ကြောက်မက်ဖွယ် နတ်ဘုရားစွမ်းအားများကို သယ်ဆောင်လာသည်။ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ နတ်ဘုရားစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း ဤနေရာတွင် သိသာထင်ရှားနေပေ၏။

ဤဖျက်ဆီးအားပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကောင်းရှစ်ကျီးက လက်ဝါးရိုက်ချက်တစ်ချက်ကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်၏။ ရုတ်ချည်းဆိုသပင် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တိုက်ရိုက်ပေါက်ကွဲသွားပြီး လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် ကောင်းကင်နှင့်မြေပြင်ကြားရှိ အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားသည်။

ဤသည်မှာ နတ်ဘုရားလက်ဝါးပုံရိပ်ယောင်ကြီး တစ်ခုအလားပင်။ ဤနည်းစနစ်သည် ကျုံးချင် ပေးအပ်ထားသော ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်ဖြစ်သည့် 'လေဟာနယ်လက်ဝါး' ဖြစ်ပေ၏။

"ဖူး..."

ရှဲ့ဟောင်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် တိုက်ရိုက်လွင့်စင်သွားသည်။ သူ့ထံမှ သွေးများဖြာကျလာပြီး မိုးကောင်းကင်ယံတစ်နေရာကို စွန်းထင်းသွားစေသည်။ နဂါးနှင့်ကျား တိုက်ပွဲ ဖြစ်လာမည်ဟု မူလက လူများအားလုံး ထင်မှတ်ထားခဲ့သော်လည်း အနိုင်အရှုံးကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဆုံးဖြတ်လိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။

"ဝုန်း..."

သူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ရှဲ့ဟောင်၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။

'ဒါက ဘယ်လို ဆန်းကြယ်စွမ်းရည်မျိုးလဲ'

ပြိုင်ဘက်၏ပါရမီဖြင့် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိသွားလျှင်ပင် သူတို့ကြားတွင် ကွာဟချက်တချို့ ရှိနေအုံးမည်ဟု သူ မူလက ထင်မှတ်ထားခဲ့မိသည်။ သို့ရာတွင် ကောင်းရှစ်ကျီး၏ ဆန်းကြယ်စွမ်းရည်အဆင့်သည် သူအသုံးပြုသော စွမ်းရည်ထက် အဆင့်တစ်ဆင့်ကျော် ပိုမြင့်နေသည်။ သူ ရှုံးနိမ့်သွားပြီဖြစ်ပြီး ဤသည်မှာ အကြီးအကျယ် ရှုံးနိမ့်မှုပင်။

ကောင်းရှစ်ကျီးသည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး တည်ငြိမ်သော အပြုံးဖြင့် ပြောဆိုသည်။

"မင်း သင်ချင်လား... ထျန်းယွင်ဂိုဏ်းကို ဝင်လိုက်... ဒါဆိုရင် မင်းကို ငါ သင်ပေးမယ်"

"အိမ်မက်မက်မနေနဲ့"

ရှဲ့ဟောင်က နာကျည်းမုန်းတီးစွာ ပြောဆိုသည်။

"ကြီးမြတ်တဲ့ ဟောက်ဟန်ဂိုဏ်းကို တည်ထောင်ခဲ့ပြီးတော့ အရှေ့ပိုင်းဒေသမှာ နာမည်တစ်လုံး ရခဲ့တဲ့ ငါ့မှာ ဒီလှည့်ကွက်လောက်ပဲ ရှိတယ်လို့ မင်း ထင်နေတာလား"

ထိုသို့ ပြောဆိုပြီးသည်နှင့် သူ၏ အရှိန်အဝါသည် အနည်းငယ် ဝိုးတဝါးဖြစ်ပြီး နက်နဲသိမ်မွေ့လာပေ၏။ ဤစကားများသည် ကောင်းရှစ်ကျီးကို အနည်းငယ်ပို၍ တည်ကြည်လေးနက်သွားစေသည်။ သူသည် ကြီးမားသော တိုက်ကွက်တစ်ခုကို ထုတ်သုံးတော့မည်ဟု လူတိုင်း ထင်မှတ်နေချိန်တွင် ရှဲ့ဟောင်သည် မိုးကောင်းကင်ယံသို့ တိုက်ရိုက်ပျံတက်သွားလေသည်။

ထို့နောက် မလိုလားမှုများ ပြည့်နှက်နေသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"ငါ မှတ်ထားလိုက်မယ်... တစ်နေ့ကျရင် ဆုံးရှုံးသွားတာတွေကို ငါကိုယ်တိုင် ပြန်ယူမယ်"

ထို့နောက် သူ ပျံသန်းပြီး ပျောက်ကွယ်သွားကာ လူအုပ်ကြီးကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ကျန်ရစ်စေခဲ့သည်။ ထိုသို့ဖြစ်လေရာ အရှေ့ပိုင်းဒေသကို လွှမ်းမိုးမည့် သူ၏ ဝှက်ဖဲမှာ ထွက်ပြေးခြင်းသာ ဖြစ်တော့သည်။

တိမ်တိုက်များ အထက်တွင်...

ထျန်းယွင်ဂိုဏ်း ဌာနခွဲမှ ထွက်ပြေးလာသော ရှဲ့ဟောင်သည် အဆုံးမဲ့အထီးကျန်ဆန်မှုကို ခံစားလိုက်ရသည်။ ကမ္ဘာကြီး ပြောင်းလဲသွားကာ လူများ၏စိတ်နှလုံးသားများ ပြောင်းလဲသွားပြီဟူသော ဆိုရိုးစကားသည် မှန်ကန်ပေ၏။ သူ တစ်ကြိမ်မျှ တံခါးပိတ် ကျင့်ကြံလိုက်ရုံဖြင့် သူ တစ်ကောင်ကြွက် ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။

ယခုမူ သူ့ထံ၌ ပြန်စရာအိမ် မရှိတော့ချေ။ သူ အပင်ပန်းခံ တည်ဆောက်ထားသော အင်အားစုသည် တခြားလူများအတွက် လက်ဆောင် ဖြစ်သွားခဲ့လေပြီ။ ရှဲ့ဟောင် ပို၍တွေးတောလေ မလိုလားလေလေ ဖြစ်ကာ ပို၍နာကျည်းလာလေလေပင်။

"ဒီဘိုးဘေးက တစ်ဘဝလုံး လှည့်လည်သွားလာခဲ့တယ်... မျိုးဆက်တစ်ခုလုံးအတွက် ကြီးမားတဲ့ဂိုဏ်းကြီးကို တည်ထောင်ခဲ့တယ်... ဒီလို ကြီးမားတဲ့ ဆုံးရှုံးမှုမျိုး တစ်ခါမှ မကြုံဖူးဘူး"

သူ၏မျက်နှာထားသည် ရက်စက်ကြမ်းကြုတ်နေပြီး သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။

"ငါ ဒါတွေကို ပြန်ယူရမယ်"

သို့သော် သူ အိမ်ပြန်မရအောင် လုပ်ခဲ့သည့် တရားခံအစစ်အမှန်မှာ မည်သူဖြစ်သနည်း။ ဆွန်းဝမ်ရှန်းလော ထျန်းယွင်ဂိုဏ်းလော သို့မဟုတ် ဟောက်ဟန်ဂိုဏ်းက မစော်ကားရဲဟု ဆွန်းဝမ်ရှန်း ပြောခဲ့သည့် လူလော....

'ဒါပေမယ့် ဒီလူက တကယ်ကြီး ရှိလို့လား'

ယခုချိန်၌ သူသည် ဟောက်ဟန်ဂိုဏ်း သစ္စာဖောက်ရခြင်း၏အမှန်တရားကို အရေးတကြီး ရှင်းလင်းရန် လိုအပ်နေသည်။ မကြာမီ သူ၏မျက်လုံးများ တောက်ပသွားပြီး အကြံတစ်ခု ရလိုက်သည်။ ရှဲ့ဟောင်သည် ဂိုဏ်းတစ်ဂိုဏ်း၏ဘိုးဘေး ဖြစ်လာနိုင်ပြီး တစ်ချိန်က ကြီးမားသောဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည် ဆိုရာတွင် သူ၏ ကိုယ်ပိုင်အစွမ်းထက်သော စွမ်းအားအပြင် သူ၏နည်းလမ်းများသည်လည်း အလွန် အထင်ကြီးစရာကောင်းသည်။

ပုန်းအောင်းခြင်းနှင့် ခြေရာခံခြင်းသည် သူ၏ အထူးကျွမ်းကျင်မှုများပင်။ အထူးသဖြင့် သူသည် လူတစ်ယောက်၏ မှတ်ဉာဏ်များကို တိုက်ရိုက် ရှာဖွေနိုင်သော စိတ်ဝိညာဉ်ရှာဖွေခြင်း လျှို့ဝှက်နည်းစနစ်ကိုလည်း တတ်မြောက်ထားသည်။

မကြာမီ သူသည် ကျယ်ပြန့်သော စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ဤကိစ္စရပ်၏ အမှန်တရားကို နောက်ဆုံးတွင် သူ သိရှိလိုက်ရသည်။ ဟောက်ဟန်ဂိုဏ်းသည် ကျုံးချင်အမည်ရှိ လူတစ်ယောက်ကို အမှန်တကယ် စော်ကားခဲ့မိသည်။ ထို့ပြင် ဟောက်ဟန်ဂိုဏ်းကို သူ့အား သစ္စာဖောက်ပြီး ထျန်းယွင်ဂိုဏ်းထံ လက်နက်ချစေခဲ့သည်မှာ ဤလူကြောင့် ဟူသည်မှာ အမှန်ပင်။ သို့သော် ဤကျုံးချင်သည် ဒုတိယတန်းစား ဂိုဏ်းတစ်​ဂိုဏ်း၏ တောင်သခင်တစ်ယောက်မျှသာ ဖြစ်နေသည်။ ရလဒ်မှာမူ သူ့အတွက် ယုံကြည်ရခက်ခဲနေသည်။

"ဒါဆို... ငါ့လို ဘိုးဘေးတစ်ယောက်ကို တစ်ကောင်ကြွက် ဖြစ်သွားစေတဲ့ တရားခံက ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းရဲ့ တောင်သခင် တစ်ယောက် ဖြစ်နေတာပေါ့"

သစ်တောတစ်ခုထဲတွင် ရှဲ့ဟောင်၏မျက်နှာသည် ရှုံမဲ့နေပြီး သူ လုံးလုံးလျားလျား စိတ်မငြိမ်မသက် ဖြစ်နေသည်။ သူ သေချာစဉ်းစားပြီးနောက် ကျုံးချင်၏နောက်ခံကို စုံစမ်းရန်အတွက် မူဖူတောင်သို့သွားရန် ဆုံးဖြတ်လိုက်၏။

'ဘယ်လိုမျိုး ဖုံးကွယ်ထားတဲ့ အခြေအနေတွေ ရှိနေလဲဆိုတာ ငါ သိချင်တယ်... ဒီကျုံးချင်က ဆွန်းဝမ်ရှန်း ပြောသလို တကယ်ကြီး အစွမ်းထက်ရဲ့လား... မြင့်မြတ်နယ်မြေသုံးခုက ဘိုးဘေးတွေကတောင် သူ့ကို ခေါင်းဆောင်အဖြစ် လေးစားကြသလား... ဒါမှမဟုတ် ဆွန်းဝမ်ရှန်းနဲ့ ထျန်းယွင်ဂိုဏ်း ပူးပေါင်းကြံစည်ပြီးတော့.... ဆွန်းဝမ်ရှန်းက ဖြစ်ကတတ်ဆန်း လုပ်ကြံပြောဆိုလိုက်တဲ့ ဆင်ခြေတစ်ခုလား'

ရှဲ့ဟောင်သည် ဆုံးဖြတ်ချက်ချပြီးနောက် မိုးကောင်းကင်ယံသို့ တိုက်ရိုက်ပျံသန်းသွားလေသည်။

သူ၏ရည်မှန်းချက်သည် အလွန်ရှင်းလင်းပေ၏။

ရှန်ကျန်းဂိုဏ်း... မူဖူတောင်...

...

ထိုအချိန်တွင် ကျုံးချင်သည် သူ ပစ်မှတ်ထားခံနေရကြောင်း မသိခဲ့ချေ။ ဖုန်မြို့တွင် ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် သူ မူဖူတောင်သို့ ပြန်လာခဲ့သည်။

နေ့စဥ်နေ့တိုင်း သူ ကျင့်ကြံ​ခြင်း စာဖတ်ခြင်းတို့ ပြုလုပ်ပြီး သူ့တပည့်နှစ်ဦး၏ကျင့်ကြံဆင့်များ တစ်နေ့တစ်ခြား တိုးတက်လာသည်ကို စောင့်ကြည့်သည်။ သူ၏ဘဝသည် ရိုးရှင်းသော်လည်း အလွန်အလားအလာ ကောင်းမွန်နေသည်။

သူ​၏ကျင့်ကြံဆင့်တိုးတက်လာမှုကို သူ ခံစားလိုက်ရသည်။

"ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ် သုံးရက်မပြည့်ခင်မှာ ငါ နောက်ထပ် အဆင့်တက်နိုင်လောက်တယ်"

ခြံဝန်းငယ်လေးထဲတွင် ကျုံးချင်သည် နောက်မီကုလားထိုင်ပေါ်တွင် လှဲလျောင်းပြီး တီးတိုးရေရွတ်နေသည်။

သူ၏ လက်ရှိကျင့်ကြံဆင့်သည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိနေသည်။ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူများသည် အရှေ့ပိုင်းဒေသတွင် ဒဏ္ဍာရီလာတည်ရှိမှုများ ဖြစ်ကြသည်။ ဤနောက်ထပ် ခြေတစ်လှမ်းသည် လောကကြီးတစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် အစွမ်းထက်သူများ စာရင်းတွင် သေချာပေါက် ပါဝင်လာပေလိမ့်မည်။

ကျင့်ကြံခြင်း တိုးတက်လာတော့မည် ဖြစ်သဖြင့် ကျုံးချင် အတော်လေး ပျော်ရွှင်နေသည်။ သို့ရာတွင် ဆေးဖော်စပ်ခြင်းတွင် သူ၏ပါရမီက သူ့ကို အနည်းငယ် စိတ်ပျက်စေသည်။ ပါရမီညံ့ဖျင်း၍လော ကံမကောင်း၍လော သူ မသိချေ။ သူသည် စိတ်ဝိညာဉ်ဆေးကို ဖော်စပ်နေသည်မှာ ကြာပြီဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ မအောင်မြင်သေးချေ။

ထို့ကြောင့် ဤလောကကြီးတွင် ပြီးပြည့်စုံခြင်းဟူသည် မရှိချေ။ အံ့ဖွယ်စနစ်ပါရှိသည့် ကျုံးချင်ကဲ့သို့ ဘဝမျိုးတွင်ပင် ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုများ ရှိကြစမြဲပင်။ ကျုံးချင်အတွက် စိတ်ဝိညာဉ်ဆေးဖော်စပ်မှု အောင်မြင်နိုင်ခြင်းရှိမရှိ ဆိုသည်မှာ သူ၏စိတ်ထဲတွင် စွဲမြဲနေသော စိုးရိမ်ပူပန်မှုတစ်ခု ဖြစ်လာလုနီးပါးပင်။

သို့သော် ဤသည်မှာ သူ၏ဝါသနာပင်။ သူ တဖြည်းဖြည်း အောင်မြင်လာမည် ဖြစ်သဖြင့် ဆက်လက်၍ ကြိုးစားနေရုံသာ ရှိတော့သည်။

All Chapters