← Chapters

တန်းထင်းခန်းမဆောင်

Vol. 11 Ch. 107

တန်းထင်းခန်းမဆောင်

Vol. 11 Ch. 107

တန်ထင်းခန်းမဆောင်....

မြင့်မြတ်နယ်မြေငါးခုအနက် တစ်ခုဖြစ်သော တန်ထင်းခန်းမဆောင်သည် လောကကြီးနှင့် ကင်းကွာနေခြင်း၏ ကိုယ်စားပြု တစ်ခု ဖြစ်သည်မှာ သေချာပေါက်ပင်။ တခြား မြင့်မြတ်နယ်မြေကြီးလေးခုနှင့် နှိုင်းယှဉ်လျှင် တန်ထင်းခန်းမဆောင်၏ ကင်းကွာနေမှုသည် အင်အားစုတွင်သာမက ဘဏ္ဍာရေးအရင်းအမြစ်များတွင်လည်း ထင်ဟပ်နေသည်။

တန်ထင်းခန်းမဆောင်တစ်ခုလုံးကို ခန်းမငါးခု ခွဲထားသည်။ ခန်းမတစ်ခုစီကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး လူအင်အားဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ခန်းမဆောင်၏ ခမ်းနားထည်ဝါမှုအဆင့်သည် ရူးသွပ်လုနီးပါးဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

တောင်ထိပ်တစ်ခုပေါ်တွင် သက်ကယ်တဲ တစ်လုံးရှိနေကာ ပတ်ဝန်းကျင်ရှိ ကြည်လင်တောက်ပသော ဝိညာဉ်ကျောက်တုံးတောင်များနှင့် လိုက်ဖက်ခြင်းမရှိချေ။ အကယ်၍ ဤသည်မှာ သာမန်သက်ကယ်တဲတစ်လုံးဟု တစ်စုံတစ်ယောက်မှ တွေးထင်နေလျှင် အကြီးအကျယ် မှားယွင်းသွားပေလိမ့်မည်။

တဲဆောက်ရန် အသုံးပြုသော သက်ကယ်များသည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်အပင်များမှ ပြုလုပ်ထားသော မြက်ခြောက်များ ဖြစ်သည်။ တဲဆောက်ရန် အသုံးပြုသော သစ်သားများသည်လည်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်သစ်သားများ ဖြစ်ပေ၏။ တဲရှေ့ရှိ သစ်သားစားပွဲနှင့် ကုလားထိုင်များပင်လျှင် ထူးခြားသော မူရင်းဇစ်မြစ်ရှိသည်။ ထိုအရာများကို အဆင့်ကိုး စိတ်ဝိညာဉ်သစ်ပင်မှ ပြုလုပ်ထားခြင်း ဖြစ်သည်။

သစ်သားစားပွဲပေါ်တွင် အင်မော်တယ်တစ်ယောက်ကဲ့သို့ အရှိန်အဝါ နုပျိုသော မျက်နှာနှင့် ဆံပင်ဖြူများ ရှိသော အဘိုးအိုနှစ်ဦး ကျားကစားနေကြသည်။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော နေရာမျိုးတွင် ကျားကစားနိုင်သူများ၏အထောက်အထားသည် ထူးခြားနေပေလိမ့်မည်။ ဤလူနှစ်ဦးသည် လင်းပေါင်ခန်းမ၏ခန်းမသခင် ယဲ့ချင်းရှန် နှင့် တန်ပေါင်ခန်းမ၏ ခန်းမသခင် ကျွင်းရှောင်ယောက် တို့ ဖြစ်ကြသည်။

"လင်းပေါင်ခန်းမက မကြာသေးခင်က ဘုရင်အဆင့် နတ်ဘုရားလက်နက်နှစ်ခုကို ရလိုက်တယ်လို့ ငါ ကြားထားတယ်"

ကျွင်းရှောင်ယောက်သည် အဖြူရောင်ကျားစေ့တစ်စေ့ကို ကိုင်ထားရင်း မေးမြန်းလိုက်သည်။

ယဲ့ချင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘာလဲ... မင်း မနာလို ဖြစ်နေတာလား"

"ငါ နည်းနည်း မနာလို ဖြစ်မိတယ်"

ကျွင်းရှောင်ယောက်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

"ပြောရရင် ငါ့ရဲ့တန်ထင်းခန်းမဆောင် မြင့်မြတ်နယ်မြေမှာတောင် ဘုရင်အဆင့် နတ်ဘုရားလက်နက်တွေက တွေ့ရခဲတယ်လေ... ဒါပေမယ့် ဘုရင်အဆင့် နတ်ဘုရားလက်နက်တွေ ရှားပါးတာနဲ့ ယှဉ်လိုက်ရင် ငါ ပိုပြီးစိတ်ဝင်စားတာက အဲ့ဒီလူက တကယ်တမ်းက ဘယ်သူလဲ ဆိုတာပဲ... နတ်ဘုရားလက်နက်နှစ်ခုကို ငွေပေးချေမှုအနေနဲ့ ထုတ်ပေးနိုင်တယ်ဆိုတော့ သူ့ရဲ့အထောက်အထားက သာမန်မဟုတ်လောက်ဘူး"

ယဲ့ချင်းရှန်က စဉ်းစားတွေးတောလိုက်သည်။

"အဘိုးကြီး ရှောင်ယောက်... မင်း ဘာကို ဆိုလိုတာလဲ"

"ဖြစ်နိုင်ရင် ငါတို့ သူ့ကို ပိုပြီး အာရုံစိုက်လို့ ရတာပေါ့"

"ဒေါက်"

ကျွင်းရှောင်ယောက်သည် စကားဆုံးသည်နှင့် သူ၏လက်ထဲမှ ကျားစေ့ကို ချလိုက်ရာ နဂါးသတ်ဖွဲ့စည်းပုံ ပြီးပြည့်စုံသွားသည်။ ဤကျားကစားပွဲသည် ပြီးဆုံးသွားပြီဟု ယူဆရပေ၏။

"ကောင်းပြီလေ... နောက်ကျနေပြီ... ငါ သွားသင့်ပြီ"

ယဲ့ချင်းရှန်က ဆဲဆိုလိုက်သည်။

"မင်းက အမြဲတမ်း နိုင်ပြီးရင် ထွက်သွားတာပဲ... တခြားလူတွေ ဘယ်လို ခံစားရမလဲ ဆိုတာ ဂရုမစိုက်ဘူး... မင်း ဒီအကျင့်ကို မပြင်ရင် တစ်နေ့ကျရင် မင်းမှာ မိတ်ဆွေတွေ ရှိတော့မှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က အပြုံးနှင့် ထွက်ခွာသွားသည်။ ဤအဖြစ်အပျက်သည် ဘုရင်အဆင့် နတ်ဘုရားလက်နက်နှစ်ခုကို ရရှိထား၍ မူလက စိတ်အခြေအနေ ကောင်းမွန်နေသော ယဲ့ချင်းရှန်ကို အနည်းငယ် စိတ်ဓာတ်ကျသွားစေသည်။ သူသည် ကျားခုံကို သိမ်းဆည်းလိုက်ပြီး ကျောက်ခုံပေါ်တွင် ထိုင်ကာ ဝိုင်အရက်အနည်းငယ် မော့သောက်လိုက်သည်။

သူသည် အချိန်တခဏကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည့်အလား လက်နောက်ပစ်ပြီး သက်ကယ်တဲ၏နောက်ဖေးခြံဝန်းထဲသို့ လျှောက်လှမ်းဝင်သွားသည်။ သက်ကယ်တဲ၏ အရှေ့ခြံဝင်းနှင့် နှိုင်းယှဉ်လျှင် နောက်ဖေးခြံဝင်းသည် ပို၍ကျယ်ဝန်းပေ၏။ ခြံဝင်းထဲတွင် လူငယ်နှစ်ဦး ကျင့်ကြံနေကြသည်။ ဤလူငယ်နှစ်ဦးသည် အသက် ၁၈ နှစ်အောက် ဖြစ်ပုံရသည်။ သို့သော် သူတို့တစ်ဦးစီတွင် ထိုက်သင့်သော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားကြသည်။

"အဘိုး"

ယဲ့ချင်းရှန် ရောက်လာချိန်၌ သူတို့နှစ်ယောက်သား ကျင့်ကြံခြင်းကို မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ကြသည်။ ယဲ့ချင်းရှန်သည် သူ၏မြေးအကြီး ယဲ့ချန်၏ရှေ့သို့ ရောက်လာသည်။

သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး ပြောဆိုလိုက်၏။

"ချန်လေး... ယဉ်ကျေးနေဖို့ မလိုပါဘူး... ဒီနေ့ မင်းရဲ့ကျင့်ကြံမှုက ဘယ်လိုလဲ... နားမလည်တဲ့ မေးခွန်းတွေ ရှိလား... ပြောပြလေ... အဘိုး ရှင်းပြပေးမယ်"

"မြေးရဲ့ ကျင့်ကြံမှုက တော်တော်လေး ချောမွေ့ပါတယ်... ဘာအခက်အခဲမှ မကြုံရပါဘူး... ဂရုစိုက်ပေးတဲ့အတွက် အဘိုးကို ကျေးဇူးတင်ပါတယ်"

"ကောင်းတယ်...အရမ်းကောင်းတယ်"

ယဲ့ချင်းရှန်က ယဲ့ချန်၏ပခုံးကို ပုတ်းပြီး အလွန် စိတ်ကျေနပ်စွာဖြင့် ပြောဆိုသည်။

"ငါ့မြေးအကြီးရဲ့ ကျင့်ကြံခြင်းပါရမီက တန်ထင်းခန်းမဆောင်ရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတာ... အဘိုးကို ကျော်တက်ဖို့က အချိန်တစ်ခုပဲ လိုတော့တယ်... ဒါပေမယ့် ဘယ်တော့မှ မာန်မတက်နဲ့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်နဲ့... ကျင့်ကြံခြင်းလမ်းစဉ်က ရေဆန်လမ်းမှာ လှေလှော်ရသလိုပဲ... ရှေ့ဆက်မသွားရင် နောက်ဆုတ်သွားလိမ့်မယ်... ဒီအရှိန်အဟုန်ကို ထိန်းထားပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားတာက အခု မင်း လုပ်သင့်တဲ့ အရာပဲ"

"အဘိုးရဲ့ ဆိုဆုံးမစကားတွေကို မြေးက မှတ်သားထားပါ့မယ်"

ယဲ့ချန်၏နံဘေးရှိ လူငယ်၏အမည်မှာ ယဲ့ကျန်းပင်။ သူ၏အဘိုးနှင့်အစ်ကိုဖြစ်သူတို့ တက်ကြွစွာ စကားပြောဆိုနေကြသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးထဲတွင် မနာလိုမှု အရိပ်အယောင်များ​ ဖြတ်ပြေးသွားသည်။ သူ မှတ်မိသလောက် အဘိုးသည် သူ၏အစ်ကိုကို အမြဲတစေ ဂရုစိုက်ပြီး စေ့စပ်သေချာစွာ လမ်းညွှန်ပေးခဲ့သည်။

မွန်မြတ်သော အဘိုးနှင့် ရိုသေသော မြေး ဖြစ်ခြင်းက မည်သည့်အရာကို ဆိုလိုသည်အား ဤကိစ္စက ပြီးပြည့်စုံစွာ ပြသနေသည်။ သို့သော် သူသည်လည်း သူ၏အဘိုး၏မြေးဖြစ်သည့်တိုင် ယဲ့ချန်နှင့်နှိုင်းယှဉ်လျှင် သူ့ကို ဆက်ဆံပုံသည် မိုးနှင့်မြေကဲ့သို့ ကွာခြားသည်။

"အဘိုး... ကျွန်တော့်မှာ မေးချင်တဲ့ ကျင့်ကြံခြင်း ပြဿနာတစ်ခု ရှိပါတယ်... ကျွန်တော့်ကို ဖြေရှင်းပေးလို့ ရမလား"

ယဲ့ကျန်းက အံ့ကြိတ်ပြီး သတ္တိမွေး၍ မေးမြန်းလိုက်၏။ သူသည်လည်း လူကြီးတစ်ဦးထံမှ ဂရုစိုက်မှုနှင့် စေ့စပ်သေချာသော လမ်းညွှန်မှုကို ခံစားလိုပြီး ဤသဟဇာတဖြစ်သော အခြေအနေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လိုသည်။

သို့ရာတွင် သူ့ကို ကြိုဆိုလိုက်သည်မှာ ယဲ့ချင်းရှန်၏ အေးစက်စက်အသံပင်။

"ငါနဲ့မင်းရဲ့အစ်ကို စကားပြောနေတာ မင်း မမြင်ဘူးလား... မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား... သွားစမ်း... မေးစရာရှိရင် စာများများဖတ် များများနားထောင်ပြီး ကိုယ့်ဘာသာကိုယ် များများနားလည်အောင် လုပ်"

သူ မျှော်လင့်ထားသော ဆူပူကြိမ်းမောင်းသံသည် အချိန်မှန် ရောက်လာခဲ့သည်။ ငြင်းပယ်ခံရမည်ကို သူ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သော်လည်း ယဲ့ချင်းရှန်၏ အေးစက်ပြီး ခံစားချက်မဲ့သော စကားများ ထွက်ပေါ်လာချိန်၌ ယဲ့ကျန်း နှလုံးသွေးများ ယိုစီးနေသကဲ့သို့ ခံစားလိုက်ရလေသည်။ သူ နံဘေးသို့ တိတ်တဆိတ် ဆုတ်ခွာသွားကာ သူ၏မျက်လုံးများ နီမြန်းလာပြီး မျက်နှာလွှဲလိုက်သည်။ သူသည် မျက်ရည်များ မကျလာစေရန် ထိန်းချုပ်ပြီး အံ့တင်းတင်းကြိတ်လိုက်၏။

ယဲ့ချင်းရှန်သည် ယဲ့ကျန်း၏အမူအယာကို ဂရုမစိုက်ချေ။ ထိုအစားထိုး သူက ယဲ့ချန်ကို နံဘေးသို့ ခေါ်ထုတ်သွားသည်။ ထို့နောက် သူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ချန်လေး... လင်းပေါင်ခန်းမက မကြာသေးခင်က ဘုရင်အဆင့် နတ်ဘုရားလက်နက်နှစ်ခုကို ရရှိခဲ့တယ်... မင်းက ဒီအကြောင်းကို သိပြီးပြီလို့ ငါထင်တယ်... ဒီဘုရင်အဆင့်နတ်ဘုရားလက်နက်နှစ်ခုရဲ့ မူလပိုင်ရှင်ကို ငါတို့ စည်းရုံးသိမ်းသွင်းသင့်တယ်လို့ မင်း ထင်လား"

ယဲ့ချန်က နားထောင်ပြီးနောက် တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ပြောဆိုလိုက်သည်။

"အဘိုး... ငြင်းလို့မရတာက ဘုရင်အဆင့် နတ်ဘုရားလက်နက်တွေက အရမ်းတန်ဖိုးရှိတယ်... နတ်ဘုရားလက်နက်နှစ်ခုကို ထုတ်ပေးနိုင်တဲ့သူက သေချာပေါက် သာမန်လူ မဟုတ်ဘူး... ဒါပေမယ့် ကျွန်တော်တို့ တန်ထင်းခန်းမဆောင်က ဘယ်လောက်တောင် သီးခြားရပ်တည်နေခဲ့တဲ့ အင်အားစုမျိုးလဲ"

"လူဘယ်လောက်ထိများများက တန်ထင်းခန်းမဆောင်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်နေကြလဲ... ဘယ်တုန်းကများ ကျွန်တော်တို့လို ဂုဏ်သရေရှိတဲ့ မြင့်မြတ်နယ်မြေတချို့က တခြားလူတွေကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားရမယ့်အလှည့် ရောက်လာတာလဲ... ခြေတစ်လှမ်း ဆုတ်ကြည့်မယ် ဆိုရင်တောင် အဲ့ဒီလူက ဘုရင်အဆင့် နတ်ဘုရားလက်နက်နှစ်ခုကို ထုတ်ပေးနိုင်ပေမယ့် တတိယမြောက်တစ်ခုကို ထုတ်ပေးနိုင်ချင်မှ ထုတ်ပေးနိုင်မှာပါ... ကျွန်တော့်ရဲ့အမြင်အရတော့ ဒီလိုလုပ်ဖို့ လုံးဝ မလိုအပ်ဘူး"

ယဲ့ချင်းရှန်သည် မူလက သူ၏မြေးအကြီးကို ခရီးတစ်ခေါက် သွားခိုင်းပြီး ဖြစ်နိုင်လျှင် နတ်ဘုရားလက်နက် ပိုင်ရှင်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် ကြိုးစားစေလိုခဲ့သည်။ သို့သော် ယခုချိန်၌ ဤသို့ပြောဆိုသည်ကို ကြားလိုက်ရချိန်၌ အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားမိသည်။ တန်ထင်းခန်းမဆောင်သည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ထူးကဲသော တည်ရှိမှုတစ်ခု ဖြစ်သောကြောင့် တခြားမြင့်မြတ်နယ်မြေတချို့ပင်လျှင် သူတို့၏အကူအညီကို တောင်းခံခဲ့ခြင်းမျိုးသာ ရှိခဲ့ပြီး တန်ထင်းခန်းမဆောင်က မည်သူ့ကိုမျှ တက်ကြွစွာ စည်းရုံးသိမ်းသွင်းရန် ကြိုးစားသည်ဟု တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ပေ။

ထိုလူ၏အထောက်အထားသည် အလွန်ထူးခြားပြီး ဘုရင်အဆင့်ရတနာများကို လွယ်လင့်တကူ ထုတ်ပေးနိုင်လျှင်ပင် သူ့ကို စည်းရုံးသိမ်းသွင်းရန်အတွက် သူတို့ကိုယ်သူတို့ နှိမ့်ချရန် မလိုပေ။ ထို့ကြောင့် ယဲ့ချန်ကို ခရီးသွားခိုင်းမည့် အကြံအစည်ကို ချက်ချင်းပယ်ဖျက်လိုက်သည်။

သို့သော် မလှမ်းမကမ်းရှိ ယဲ့ကျန်းသည် အတွေးတစ်ခု ရလိုက်ပေ၏။ တန်ထင်းခန်းမဆောင်သည် ဘုရင်အဆင့် နတ်ဘုရားလက်နက် နှစ်ခုကို မကြာသေးမီက ရရှိခဲ့ခြင်းသည် အမှန်တကယ်ကို အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ ဘုရင်အဆင့် နတ်ဘုရားလက်နက် နှစ်ခုကို ငွေပေးချေမှုအဖြစ် အသုံးပြုနိုင်သူသည် သေချာပေါက် ရိုးရှင်းသော လူတစ်ယောက် မဟုတ်ချေ။ မူလက သူ့တွင် ထွေထွေထူးထူး အတွေးမရှိသော်လည်း ယခု သူတို့၏ စကားဝိုင်းကို ကြားလိုက်ရချိန်၌ အကြံတစ်ခုက သူ၏စိတ်ထဲတွင် အမြစ်တွယ်လာသည်။

"ဒါက ငါ့ရဲ့အခွင့်အရေး ဖြစ်နိုင်တယ်"

သူသည် သဟဇာတဖြစ်နေသော မြေးအဘိုးကို ကြည့်လိုက်ပြီးနောက် သူ၏အထီးကျန်ဆန်နေသော ပုံရိပ်ကို သူ ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် စိတ်တင်းလိုက်ပြီး အံ့တင်းတင်းကြိတ်လိုက်သည်။ သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေပြီ။

...

ထိုနေ့တွင် ယဲ့ချင်းရှန်နှင့် သူ၏မြေးအကြီးတို့ စကားများစွာ ပြောဖြစ်ကြသည်။ သူသည် ဤမြေးအကြီးကို စိတ်ရင်းမှန်ဖြင့် ချစ်ခင်သည်။ သူသည် သင်ယူမှု မြန်ဆန်ရုံသာမက အရာများစွာကို အရိပ်အမြွက် ပြလိုက်ရုံဖြင့် နားလည်သဘောပေါက်သည်။ အရေးအကြီးဆုံးမှာ ယဲ့ချန်သည် ငယ်စဉ်ကတည်းက ထူးခြားသော ဉာဏ်ပညာကို ပြသခဲ့ကာ ဆုံးဖြတ်ချက်များစွာ ချမှတ်ရာတွင် သူ့ကို ကူညီပေးခဲ့သည်။ အနာဂတ်တွင် ဤမြေးအကြီးကသာ သူ၏အမွေကို ဆက်ခံနိုင်မည်ဟု ပြောနိုင်သည်။

သူတို့နှစ်ယောက်သည် နေဝင်ချိန်မှ လမင်းကြီး ကောင်းကင်ယံထက်သို့ ရောက်ရှိချိန်အထိ စကားပြောခဲ့ကြသည်။ သူ၏မြေးအငယ် တောင်ကြားလမ်းမှ တိတ်တဆိတ် ထွက်ခွာသွားသည်ကို သူတို့ လုံးဝမသိလိုက်ကြချေ။

ထိုညတွင် လမင်းကြီး မိုးကောင်းကင်ယံတွင် ထွန်းလင်းနေပြီး ကြယ်များ ကောင်းကင်ယံတွင် စီတန်းနေကြသည်။ ယဲ့ကျန်းက လင်းပေါင်ခန်းမမှ ထွက်ခွာလာခဲ့သည်။ သူ၏လက်ထဲတွင် မြေပုံတစ်ခု ကိုင်ဆောင်ကာ ဦးတည်ချက်ကို ခွဲခြားပြီးနောက် သူသည် လင်းမြို့သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။

နှစ်ပေါင်းများစွာ ကြာအောင် သူ စောင့်ဆိုင်းခဲ့ကာ အခွင့်အရေးတစ်ခုကို စောင့်မျှော်ခဲ့သည်။ ယခုအချိန်၌ အခွင့်အရေး ပေါ်ပေါက်လာခဲ့လေပြီ။ သူ့တွင် ကြိုတင်သိမြင်မှုတစ်ခု ရှိနေသည်။ ဤသည်မှာ ဤခရီးစဉ်သည် သူ၏ဘဝ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လိမ့်မည် ဟူ၍ပင်။

All Chapters