← Chapters

ခင်ဗျား နေရာမှန်ကို ရောက်လာတာပါ

Vol. 11 Ch. 108

ခင်ဗျား နေရာမှန်ကို ရောက်လာတာပါ

Vol. 11 Ch. 108

လင်းမြို့....

လေလံအိမ်....

"တာဝန်ခံ... နတ်ဘုရားလက်နက် စစ်ဆေးချက် အဖြေ ထွက်လာပြီ"

ကျယ်လောင်သော အော်ဟစ်သံတစ်သံနှင့်အတူ စိတ်လှုပ်ရှားနေသော အိမ်တော်ထိန်းတစ်ဦး လျှောက်လှမ်းလာသည်။ သူ၏အသံသည် ခေါင်မိုးကိုပင် လှုပ်ခါသွားစေနိုင်လောက်အောင် ကျယ်လောင်ပေ၏။

တုယန်လင်သည် ထိုစကားကို ကြားချိန်၌ အလွန် ဝမ်းသာသွားသည်။ သူမက သီးသန့်ခန်းထဲမှ ပြေးထွက်လာခဲ့သည်။

"ရလဒ်က ဘယ်လိုလဲ"

"တာဝန်ခံတုကို ဒီသတင်းကို ငါကိုယ်တိုင် ပြောပါရစေ"

အိမ်တော်ထိန်း၏နောက်တွင် လူငယ်တစ်ဦး လိုက်ပါလာသည်။ ဤလူသည် ဖုန်မြို့ လေလံအိမ်တာဝန်ခံ ယဲ့ချန်ခုံးမှလွဲ၍ တခြားလူ မဟုတ်ချေ။

"သခင်လေး ချန်ခုံး... ရှင် ဘာလို့ ဒီနေရာကိုရောက်လာတာလဲ"

တုယန်လင် အံ့အားသင့်သွားသည်။ ဖုန်မြို့လေလံအိမ်သည် လင်းမြို့လေလံအိမ်ထက် အဆင့်တစ်ဆင့် ပိုမြင့်သည်။ ပုံမှန်အားဖြင့် သူမသည် သူ့ထံသို့ သွားတွေ့ရမည့်သူ ဖြစ်ပေ၏။ သူမ၏နေရာငယ်လေးဆီသို့ သူ လာရောက်လည်ပတ်ခြင်းမှာ အလွန်ရှားပါးသည်။

ယဲ့ချန်ခုံးက အပြုံးနှင့် ပြောဆိုသည်။

"ဒီနေရာမှာ ကိစ္စလေး ရှိလို့လေ... အဲ့ဒါနဲ့ တာဝန်ခံတုကို ဂုဏ်ပြုစကားပြောဖို့ ဝင်လာလိုက်တာ"

"နတ်ဘုရားလက်နက် စစ်ဆေးချက် အဖြေ ထွက်လာပြီ... အဲ့ဒါက သံသယဖြစ်စရာ မလိုတဲ့ ဘုရင်အဆင့် နတ်ဘုရားလက်နက်ပါ"

"ဒီလို ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့တဲ့ တာဝန်ခံတုကို ဂုဏ်ပြုပါတယ်... မကြာခင်မှာ ရာထူးတိုးတော့မှာပါ"

ထိုစကားကို ကြားလိုက်ရချိန်၌ တုယန်လင်၏ မျက်နှာပေါ်မှအပြုံးကို ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။ သူမ၏စိတ်ထဲတွင် ကြိုတင်ခန့်မှန်းထားသော်လည်း အတည်ပြုချက်ကို ရရှိချိန်တွင် သူမ၏ရင်ထဲမှ အလုံးကြီး ကျသွားပြီး စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။

"သခင်လေး ချန်ခုံး... ခရီးဝေးက လာရတာ ပင်ပန်းနေရောပေါ့... သီးသန့်ခန်းထဲကို ဝင်ထိုင်ပါအုံး"

ရှေးဟောင်းပစ္စည်းများဖြင့် ပြည့်နှက်နေသော သီးသန့်ခန်းထဲတွင် သူတို့နှစ်ယောက်သား အိမ်ရှင်နှင့်ဧည့်သည်အဖြစ် ထိုင်လိုက်ကြ၏။ တုယန်လင်က လက်ဖက်ရည်နှစ်ခွက် ငှဲ့ပေးရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"ဒီတစ်ကြိမ် ဖုန်မြို့လေလံအိမ်မှာ ကျင်းပတဲ့ ပူးတွဲလေလံပွဲက မကြုံစဖူး အောင်မြင်မှုကို ရရှိခဲ့တယ်... အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းဆယ်ချီတဲ့အထိ ကြောက်စရာကောင်းတဲ့ပမာဏကို ရောက်ခဲ့တယ်"

"သခင်လေးချန်ခုံးရဲ့ နှစ်ပေါင်းများစွာကြာအောင် ကြိုးစားအားထုတ်မှုနဲ့ ဒီပူးတွဲလေလံပွဲရဲ့ မကြုံစဖူး အောင်မြင်မှုတွေကြောင့် သခင်လေး ချန်ခုံးကို ဂုဏ်ပြုပါတယ်... ရှင့်ရဲ့ ရာထူးက မကြာခင်မှာ တိုးလာတော့မှာပါ"

ယဲ့ချန်ခုံးက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

"ပြောရရင် ဒီပူးတွဲလေလံပွဲမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့တာက တာဝန်ခံတုရဲ့ အခန်းကဏ္ဍက မသေးပါဘူး... ဒီအတွက် ငါကကျေးဇူးတင်ပါတယ်"

တုယန်လင် ဆွံ့အသွားသည်။

"သခင်လေးချန်ခုံးက နောက်နေပြန်ပြီ... ကျွန်မတို့ လင်းမြို့လေလံအိမ်က အဖိုးတန်လေလံပစ္စည်း သုံးလေးခုလောက်ပဲ ထည့်ဝင်ခဲ့တာပါ... ဒါက သဘာဝကျတယ်... ဘယ်လိုလုပ်ပြီးတော့ ရှင့်ဆီက ကျေးဇူးတင်စကားကို ရနိုင်မှာလဲ"

ယဲ့ချန်ခုံးက စားပွဲပေါ်သို့ လက်ချောင်းဖြင့် ခပ်ဖွဖွ ခေါက်ပြီး အပြုံးနှင့် ပြောဆိုသည်။

"တာဝန်ခံတုသာ ငါတို့ လင်းမြို့လေလံအိမ်ကို အဲ့ဒီပုဂ္ဂိုလ်ဆီ ထောက်ခံပေးမထားရင် ဒီပူးတွဲလေလံပွဲရဲ့ဝင်ငွေက သုံးပုံတစ်ပုံလောက် လျော့နည်းသွားနိုင်တယ်"

"ဒါတင် မကသေးဘူး... အဲ့ဒီ လူကြီးမင်းက ဖုန်မြို့လေလံအိမ်မှာ ဘုရင်အဆင့် နတ်ဘုရားလက်နက်တစ်ခုနဲ့လည်း ဝယ်ယူခဲ့သေးတယ်... မင်း ပြောပါအုံး... ဒီလောက်ထိ ကြီးမားတဲ့ ကျေးဇူးတရားက ငါ မင်းကို ကျေးဇူးတင်စကားပြောဖို့ မထိုက်တန်ဘူးလား"

"ဘာ... အဲ့ဒီလူကြီးမင်းက သခင်လေးချန်ခုံးဆီကနေ ဘုရင်အဆင့် နတ်ဘုရားလက်နက်တစ်ခုနဲ့ ဝယ်ယူခဲ့သေးတာလား...."

ဤသတင်းက တုယန်လင်ကို အတိုင်းထက်အလွန် အံ့အားသင့်သွားစေခဲ့သည်။

ဘုရင်အဆင့် နတ်ဘုရားလက်နက်သည် မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများ၏ အကာအကွယ် ရတနာပင်။ သာမန်လူများသည် သူတို့၏ဘဝတသက်တာလုံး ထိုကဲ့သို့ နတ်ဘုရားလက်နက်သည် မည်သည့်ပုံစံမျိုး ရှိသည်ကိုပင် မြင်ဖူးကြမည် မဟုတ်ချေ။

သို့သော် ထိုထူးခြားသော ဧည့်သည်တော်သည် ထိုကဲ့သို့ နတ်ဘုရားလက်နက်နှစ်ခုကို ဆက်တိုက်ထုတ်ပေးနိုင်ခဲ့သည်။ ထို့ပြင် ထိုအရာများကို ငွေပေးချေရန် တစ်ခုပြီးတစ်ခု အသုံးပြုခဲ့သည်။ မည်သည်ကြောင့် သူမသည် အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။

သူမ၏ရင်ထဲတွင် လှိုင်းဂယက်များ ထနေစဉ်၌ ယဲ့ချန်ခုံးက ဆက်လက်၍ ပြောဆိုလိုက်၏။

"တာဝန်ခံတု... ဒီကျေးဇူးကို ငါ မှတ်ထားပါ့မယ်"

"နောင်တစ်ချိန် လိုအပ်တာ ရှိရင် ပြောပါ... ငါ ကူညီနိုင်ရင် သေချာပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး"

"ဒီနေ့ ငါ လာရတာက တာဝန်ခံတုကို တိုင်ပင်ချင်တဲ့ တခြားကိစ္စတစ်ခု ရှိလို့ပါ"

တုယန်လင်၏မျက်နှာထား တည်ကြည်လေးနက်သွားသည်။

"သခင်လေး ချန်ခုံး... ကျေးဇူးပြုပြီး ပြောပါ"

ယဲ့ချန်ခုံးက အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုသည်။

"အဲ့ဒီလူကြီးမင်း ပထမဆုံး ပေါ်လာတဲ့နေရာက မင်းရဲ့ လင်းမြို့လေလံအိမ်ပါ... သူ့ရဲ့တိကျတဲ့ အထောက်အထားနဲ့ လိပ်စာကို မင်း သိများသိမလား"

ထိုစကားကို ကြားလိုက်ရချိန်၌ တုယန်လင်က ခါးသီးစွာ ပြုံးလိုက်မိသည်။

"သခင်လေး ချန်ခုံး... အဲဒီ လူကြီးမင်းက ထူးခြားတယ် ဆိုတာလောက်ပဲ ကျွန်မ သိပါတယ်... ဒါကြောင့် ကျွန်မဆီမှာ ရှိတဲ့ တစ်ခုတည်းသော အထူးဧည့်သည်ကတ်ကို ပေးခဲ့တာပါ... သူ့ရဲ့ အထောက်အထားနဲ့ နောက်ခံကိုတော့ ကျွန်မ တကယ် မသိပါဘူး"

ဤှသည်က ယဲ့ချန်ခုံးကို အနည်းငယ်စိတ်ပျက်သွားစေသည်။ သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် ပုံရိပ်တစ်ခုက လေလံအိမ်၏ဝင်ပေါက်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာသည်။

ဤလူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် သရဖူဆောင်းထားကာ ခါးတွင် ကျောက်စိမ်းဖြူဆွဲသီးကို ချိတ်ဆွဲထားသည်။ သူ၏ အသားအရေသည် ဖြူဖွေးနေပြီး မျက်နှာသွင်ပြင်သည် ချောမောခန့်ညားပေ၏။ သူသည် ကျက်သရေရှိသော လူငယ်သခင်လေးတစ်ဦး၏ ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သူ့ကို မြင်တွေ့သူတိုင်း လူများကို "သိပ်ကြည့်ကောင်းတဲ့ လူငယ်လေးပဲ" ဟု ချီးကျူးစေနိုင်သည်။

သူသည် တန်ထင်းခန်းမဆောင်မှ ထွက်လာသော ယဲ့ကျန်းမှလွဲ၍ တခြားလူ မဟုတ်ချေ။ သူသည် လေလံအိမ်ထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်လာသည်။ အနီးရှိ အိမ်တော်ထိန်းတစ်ဦး သူ့ကို နှုတ်ဆက်ရန် အလျင်အမြန် ရှေ့တိုးလာပေ၏။

"သခင်လေး... တစ်ခုခု ဝယ်ချင်လို့လား... အကြံပြုပေးဖို့ ကျွန်တော် ကူညီပေးရမလား"

ယဲ့ကျန်းက သူ၏အင်္ကျီလက်ရှည်ကို ဝှေ့ယမ်းလိုက်ရာ တံဆိပ်ပြားတစ်ခုက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ ဤတံဆိပ်ပြားသည် ကြေးနီရောင် ဖြစ်ပြီး ထိုအရာပေါ်တွင် နဂါးနှင့် ဖီးနစ်ငှက်ကဲ့သို့ ကြီးကျယ်ခမ်းနားသောပုံစံဖြင့် 'လင်း' စာလုံးကို ထွင်းထုထားသည်။

အိမ်တော်ထိန်း ထိတ်လန့်သွားကာ သူ့ရှေ့မှ လူ၏ အထောက်အထားကို သူ ချက်ချင်း သိလိုက်သည်။ သူသည် လင်းပေါင်ခန်းမရုံးချုပ်မှ ဖြစ်ပေမည်။

ယဲ့ကျန်းက သူ၏အထောက်အထားကို ပြောပြပြီးနောက် သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်၏။

"ခင်ဗျားတို့ရဲ့ တာဝန်ခံကို တွေ့ချင်တယ်"

အိမ်တော်ထိန်းသည် မငြင်းဆန်ရဲသည့်အပြင် သူ့ကို အချိန်တခဏကြာမျှပင် စောင့်ဆိုင်းနေခိုင်းဝံ့ခြင်း မရှိပေ။ ထို့ကြောင့် သူသည် ယဲ့ကျန်းကို သီးသန့်ခန်း၏အပြင်ဘက်သို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားတော့သည်။

တံခါးခေါက်တော့မည့်ဆဲဆဲတွင် ယဲ့ကျန်းက သူ့ကို ဟန့်တားလိုက်သည်။ အကြောင်းအရင်းမှာ အခန်းထဲတွင် တုယန်လင်နှင့်ယဲ့ချန်ခုံးတို့သည် ကျုံးချင်အကြောင်း ဆွေးနွေးနေကြသောကြောင့်ပင်။

"တာဝန်ခံတု... အဲ့ဒီလူရဲ့စွမ်းအားက ငါတို့ တွေးထင်ထားတာထက် ကျော်လွန်နေတယ်"

"အနာဂတ်မှာ သူ့ကို ပြန်တွေ့ရင် သူ့ရဲ့မျက်နှာသာရဖို့ ဘယ်အရာကိုမှ မနှမြောဘဲ ကြိုးစားရမယ်"

"သူ့ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်တာနဲ့ မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေက စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်လာမှာပါ"

ထိုအချိန်တွင် သီးသန့်ခန်းထဲ၌ ယဲ့ချန်ခုံးက တည်ကြည်လေးနက်စွာ အကြံပေးနေသည်။

ဤသည်က တုယန်လင်ကို အချိန်တခဏကြာမျှ တွေဝေသွားစေသည်။

"သခင်လေးချန်ခုံး... ဒီလူက အရမ်းထူးခြားတယ်ဆိုတာ ကျွန်မ သိတယ်"

"ဒါပေမယ့် ကျွန်မတို့ မြင့်မြတ်နယ်မြေ ဂိုဏ်းတွေက လောကီရေးရာတွေနဲ့ ကင်းကွာနေကြတာလေ... 'မျက်နှာသာရဖို့ ဘယ်အရာကိုမှ မနှမြောဘဲ ကြိုးစားရမယ်' ဆိုတာ နည်းနည်း... များလွန်းနေမလား"

ယဲ့ချန်ခုံးက သူ၏လက်ချောင်းများဖြင့် စားပွဲခုံကို ဆက်တိုက်ခေါက်နေသည်။ ထို့နောက် သူသည် တီးတိုးပြောဆိုလိုက်၏။

"အဲ့ဒီလူက ဘုရင်အဆင့် နတ်ဘုရားလက်နက် နှစ်ခုပဲ ထုတ်ပေးနိုင်တယ် ဆိုရင်တော့ ဒီလို လေးလေးနက်နက် ဆက်ဆံဖို့ မထိုက်တန်ဘူး"

"ဒါပေမယ့် ဒီလူက ကျွန်တော်တို့ ထင်ထားသလောက် ရိုးရှင်းတာ မဟုတ်ဘူး"

"သူက ချောင်ရှားတောင်ကြား ဝူကျီဂိုဏ်း ဖူယွင်ဂိုဏ်းက ဘိုးဘေးတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ သတင်းကို ငါ အခုလေးတင် ရလိုက်တယ်"

"ဒါ့ပြင် မြင့်မြတ်နယ်မြေသုံးခုက ဘိုးဘေးတွေက သူ့ကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် သွယ်ဝိုက်ပြီး သတ်မှတ်ထားကြတယ်"

"ပြောပါဦး... ဒီလို တည်ရှိမှုမျိုးဆီက မျက်နှာသာရအောင်လုပ်ဖို့ မထိုက်တန်ဘူးလား"

ဤစကားများ ပြောလိုက်သည်နှင့် တုယန်လင်၏မျက်လုံးသူငယ်အိမ်များ သိသိသာသာ ကျဥ်းမြောင်းသွားသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အဆုံးမဲ့စိတ်ခံစားမှု မုန်တိုင်းတစ်ခု၏ တိုက်ခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

မြင့်မြတ်နယ်မြေသုံးခု၏ ဘိုးဘေးများ... သူတို့သည် မည်မျှထိ သာလွန်ထူးကဲပြီး သီးခြားရပ်တည်နိုင်သူများ ဖြစ်သနည်း။ သူတို့ကို အရှေ့ပိုင်းဒေသ၏ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များဟု ပြောဆိုနိုင်သည်။

သို့ရာတွင် ဤကဲ့သို့တည်ရှိမှုများသည် ထိုလူကို သူတို့၏ခေါင်းဆောင်အဖြစ် သွယ်ဝိုက်ပြီး သတ်မှတ်ထားကြသည်ဟု ဆိုသလော...

ထိုပုဂ္ဂိုလ်ထံတွင် မည်ကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သည့် နောက်ခံမျိုး ရှိနေသနည်း....

သူမ၏သပ်ရပ်သော မျက်နှာချေလိမ်းခြယ်ထားမှုပေါ်တွင် ထိတ်လန့်နေသော အမူအယာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။ သူမ၌ အမျိုးသမီးတစ်ယောက်၏ပုံရိပ်မျိုး မရှိတော့ချေ။ သူမ၏ပါးစပ် ကျယ်လောင်စွာ ပွင့်ဟနေပြီး ကြက်ဥတစ်လုံး ဝင်ဆံ့လောက်အောင် ကျယ်နေပေ၏။ အချိန်အတော်ကြာပြီးနောက် သူမက မယုံကြည်နိုင်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။

"ဒါ... ဒါက အမှန်ပဲလား"

ယဲ့ချန်ခုံးက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။

"မြင့်မြတ်နယ်မြေသုံးခုက ဘိုးဘေးတွေအကြောင်းကို ငါက ဘယ်လိုလုပ်ပြီး နောက်ပြောင်ရဲမှာလဲ"

"ဒါပေမယ့် ငါ ပြောခဲ့တဲ့ ဒီသတင်းကို မင်းကလွဲပြီး ဘယ်ကိုမှ မပြန့်စေရဘူး... မဟုတ်ရင် ပြဿနာ တက်လာနိုင်တယ်"

ယဲ့ချန်ခုံး ဤသတင်းကို ရရှိစဉ်က သူ၏ရင်ထဲမှ ထိတ်လန့်တုန်လှုပ်မှုသည် တုယန်လင်ထက် လျော့နည်းခြင်း မရှိခဲ့ချေ။ တုယန်လင်က ကျုံးချင်ကို ဖုန်မြို့လေလံအိမ်ထံ ထောက်ခံပေးခဲ့သည့် ကျေးဇူးသာ မရှိပါက သူ ဤသတင်းကို ဘယ်သောအခါမျှ မျှဝေခဲ့မည် မဟုတ်ပေ။

တံခါးအပြင်ဘက်တွင်ရှိနေသော ယဲ့ကျန်းသည် ထိုစကားကို ကြားလိုက်ချိန်၌ သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ ဤသည်မှာ သူ အလွန်စိတ်လှုပ်ရှားနေခြင်းကြောင့်ဖြစ်ကြောင်း သိသာထင်ရှားသည်။

"လင်းမြို့ကို လာခဲ့တဲ့ ဒီခရီးစဉ်က သေချာပေါက် နေရာမှန်ကို ရောက်လာခဲ့တာပဲ"

All Chapters