← Chapters

သည်းခံတာက အရေးကြီးဆုံးပဲ

Vol. 11 Ch. 109

သည်းခံတာက အရေးကြီးဆုံးပဲ

Vol. 11 Ch. 109

နောက်တစ်နေ့ နံနက်ခင်း၌...

ပိုးမွှားများနှင့်ငှက်များ၏ အော်မြည်သံများသည် မိုးကောင်းကင်ယံအနှံ့အပြား၌ ပဲ့တင်ထပ်နေသည်။

အစိမ်းရောင်မီးခိုးငွေ့တစ်တန်းသည် မူဖူတောင်မှ တလိမ့်လိမ့်တက်လာပေ၏။

ခြံဝန်းငယ်လေးထဲတွင်...

ကျုံးချင်သည် ဆေးဖော်စပ်နေသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ဆေးမီးဖိုသည် သုံးပေခန့်အမြင့်သို့ မြောက်တက်သွားပေ၏။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဆေးမီးဖို၏ အရည်အသွေး အရေးပါပုံကို တွေ့မြင်နိုင်သည်။

သာမန်ဆေးမီးဖိုတစ်ခုသာ ဖြစ်ပါက ထိုကဲ့သို့ ပေါက်ကွဲမှုအပြီးတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

သို့သော် မူလက ဆေးဖော်စပ်ခြင်းတောင်၏ ရတနာဖြစ်သော ဤမီးဖိုသည် ပေါက်ကွဲမှု အမြောက်အများ ကြုံတွေ့ရသော်လည်း အက်ကွဲကြောင်း အနည်းငယ်သာ ရှိပြီး ထိုအရာ၏ အသုံးပြုနိုင်စွမ်းကို မထိခိုက်စေချေ။

ဤသည်ကို ယုံကြည်စိတ်ချရသော ထုတ်ကုန်တစ်ခု၏ စံနမူနာဟု ခေါ်ဆိုနိုင်သည်။

ကျုံးချင်သည် ယခုအချိန်တွင် မီးဖိုပျက်စီးမှုကို ဂရုစိုက်ရန် အချိန်မရှိချေ။

ထိုအစားထိုး သူသည် မီးခိုးများ အဆက်မပြတ် အူထွက်နေသော မီးဖိုကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် သူက တီးတိုးရေရွတ်လိုက်၏။

"ဒါဆို... ထပ်ပြီး ကျရှုံးသွားပြန်ပြီလား"

သူ တီးတိုးရေရွတ်ရင်း ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်သည်။

သူ ဝမ်းသာသွားသည်မှာ မီးဖိုထဲရှိ ဆေးဖက်ဝင် ပစ္စည်းများသည် အနည်အဖတ်များအဖြစ် ပြောင်းလဲသွားမှု မရှိခြင်းပင်။

ထို့ပြင် မီးလောင်ကျွမ်းထားသော အမှုန်အမွှားများ အဖြစ်လည်း ပြောင်းလဲသွားခြင်း မရှိချေ။

မီးဖိုထဲတွင် လက်သီးဆုပ် အရွယ်အစားရှိပြီး ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အရာတစ်ခု ရှိနေသည်။

ထိုအရာသည် အဝါရောင်ဖြစ်ပြီး ခပ်ဖျော့ဖျော့ စိတ်ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေသည်။

ထိုအရာတစ်ခုလုံးသည် ဖြူကောင်လေးတစ်ကောင်အလား ထက်ရှသောဆူးများဖြင့် ဖုံးလွှမ်းထားသည်။

"ဒါက ဆေးလုံးလား"

ကျုံးချင် သံသယဖြစ်နေသည်။

အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသော အပြင်စည်းတပည့်နှစ်ဦးဖြစ်သည့် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့သည် စစ်ဆေးရန်အတွက် ချက်ချင်းရှေ့တက်လာကြသည်။

ထို့နောက် သူတို့သည် ကျွမ်းကျင်သော သုံးသပ်ချက်တစ်ခုကို ပေးလိုက်၏။

"တောင်သခင်... ဒါက တကယ့်ကို ဆေးလုံးပါ"

"ဒီအဘိုးကြီး မမှားဘူးဆိုရင် ဒီအရာဆီက ထွက်ပေါ်နေတဲ့ ခပ်ဖျော့ဖျော့ စိတ်ဝိညာဉ်အလင်းတန်းတွေကြောင့် အရမ်းအဆင့်နိမ့်တဲ့ နတ်ဘုရားသန့်စင်ဆေးလုံးပါ"

"ဆေးညွှန်းမှာ မှတ်တမ်းတင်ထားတဲ့ ပြီးစီးသွားတဲ့ထုတ်ကုန်ရဲ့ လုပ်ဆောင်ချက်က ၁ ရာခိုင်နှုန်းလောက် ရှိနေတယ်"

အို ဘုရားရေ...

ဆေးလုံးတစ်လုံး အောင်မြင်စွာ ဖော်စပ်နိုင်ခြင်းသည် ပျော်ရွှင်စရာ ကိစ္စတစ်ခု ဖြစ်သင့်သည်။

သို့သော် ဤထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဆေးလုံးကို ကြည့်ရင်း ကျုံးချင်၏စိတ်ခံစားချက်များ အလွန်ရှုပ်ထွေးနေသည်။

ဒီအရာက တကယ်ရော စားလို့ရရဲ့လား....

တခြားလူများ ဖော်စပ်ထားသော ဆေးလုံးများသည် ကြည်လင်တောက်ပခြင်း သို့မဟုတ် ကျောက်စိမ်းကဲ့သို့ ချောမွေ့ခြင်းတို့ ရှိနေသည်။

သို့ရာတွင် သူ ဆေးဖော်စပ်ချိန်တွင်မူ ပုံသဏ္ဍာန် အမျိုးမျိုး ထွက်ပေါ်လာသည်။

လက်သီးဆုပ်အရွယ်အစားရှိကာ ဆူးများဖြင့် ဖုံးအုပ်ထားသော ပုံသဏ္ဍာန်နှင့်ဆိုလျှင် စားလိုက်ပါက နေရာမှာပင် သေဆုံးသွားနိုင်သလော...

"ထားလိုက်တော့... ထားလိုက်ပါတော့"

"အနည်းဆုံးတော့ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့တာပဲလေ"

"ဒီလောက် အချိန်ကြာကြာ ကြိုးစားခဲ့ရတာ အချည်းနှီး မဖြစ်ခဲ့ဘူး"

"ဘာပဲဖြစ်ဖြစ် ဆေးလုံးတစ်လုံး အောင်အောင်မြင်မြင် ဖော်စပ်နိုင်တာက ကောင်းတဲ့အရာပါပဲ"

ကျုံးချင်က သူ့ကိုယ်သူ အဆက်မပြတ် နှစ်သိမ့်လိုက်သည်။

ထို့နောက် သူ ဖော်စပ်ထားသော နတ်ဘုရားသန့်စင်ဆေးလုံးကို သိမ်းဆည်းလိုက်၏။

ဤသည်မှာ ပုံပန်းသဏ္ဍာန် မကောင်းသော်လည်း...

သူ့အတွက်မူ အထူးသီးသန့် အမှတ်တရအဓိပ္ပာယ် ရှိသည်။

နတ်ဘုရားသန့်စင်ဆေးလုံးကို အောင်မြင်ခဲ့ပြီ ဖြစ်သဖြင့် ကျုံးချင်သည် ယခုချိန်၌ တခြား ဆေးလုံး အမျိုးအစားတစ်ခုကို ဖော်စပ်ရန် ပြင်ဆင်လိုက်သည်။

ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း စိန်ခေါ်မှသာ တိုးတက်အောင်မြင်မှုကို ရရှိနိုင်ပေမည်။

ဤသည်က ရည်မှန်းချက်ကြီးမားသောလူတိုင်း အစဥ်အမြဲ သတိရသင့်သော ဆောင်ပုဒ်ပင်။

မကြာမီမှာပင်...

ကျုံးချင်သည် ဆေးကျမ်းထဲတွင် ဒုတိယ ဆေးဖော်စပ်နည်းကို တွေ့လိုက်ရသည်။

"ပြန်လည်ရှင်သန်ခြင်းဆေး..."

"ဒီဆေးလုံးက ကောင်းကင်ဘုံကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိပြီးတော့ သေသူကို အသက်ပြန်ရှင်စေနိုင်ပြီး အရိုးတွေကို ပြန်ပေါက်ဖွားစေနိုင်တယ်"

"ဒဏ်ရာတွေ ကုသဖို့ ရောဂါတွေ ကုသဖို့ အဆိပ်တွေ ဖယ်ရှားဖို့နဲ့ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ဖို့အတွက် အထွတ်အထိပ် ရတနာဆေးလုံးပဲ"

ဆေးညွှန်း၏ဖော်ပြချက်ကို ဖတ်နေစဉ်တွင် ကျုံးချင်၏မျက်လုံးများ တောက်ပသွားသည်။

"ဒီဆေးလုံးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ"

"ငါ ဆုံးဖြတ်လိုက်ပြီ... ဒီဆေးလုံးက အခုချိန်ကစပြီးတော့ ငါ့ရဲ့ အဓိကအာရုံစိုက်မှု ဖြစ်လာလိမ့်မယ်"

သူသည် ပြန်လည်ရှင်သန်ခြင်းဆေးလုံးအတွက် လိုအပ်သော စိတ်ဝိညာဉ်ဆေးပင်များကို ဂရုတစိုက် စစ်ဆေးလိုက်၏။

ထို့နောက် သူသည် သူ၏ရတနာသိုလှောင်ခန်းအတွင်းရှိ ဆေးပင်များနှင့် သေသေချာချာတိုက်၍ စစ်ဆေးလိုက်သည်။

အဓိကပါဝင်ပစ္စည်းတစ်ခု လိုနေသေးကြောင်း သူ တွေ့လိုက်ရသည်။

ဤသည်မှာ ရနံ့ဆယ်ပါး သစ်သီးပင်။

ကျုံးချင်က မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ဒီနေ့ နေသာတယ်... အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးပဲ"

ထိုအကြောင်းကို တွေးတောမိပြီးနောက် သူ အပြင်စည်းတပည့်နှစ်ဦးကို တစ်ချက်ကြည့်လိုက်သည်။

"ငါ ဒီနေ့ အပြင်သွားစရာ ရှိတယ်... မင်းတို့နှစ်ယောက်က ကျင့်ကြံဖို့အတွက် သွားလို့ ရပြီ"

ဆေးလုံးစမ်းသပ်ခံရမည်ဟု မူလက ထင်မှတ်ထားသော ဝူယွဲ့နှင့် ရှီရှောင်ထျန်းတို့သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

သူတို့၏တောင်သခင် ဖော်စပ်ထားသော ဆေးလုံးများသည် ပြီးစီးသွားသော ဆေးလုံးများ ဖြစ်သည်မှာ မှန်သော်လည်း...

သူတို့အနက်မှ တစ်ယောက်ကိုသာ အတင်းအကြပ် သောက်သုံးခိုင်းခြင်းခံရလျှင် ပြဿနာများ ဖြစ်ပေါ်လာချေရှိသည်။

သူတို့၏တောင်သခင်သည် တစ်နည်းအားဖြင့် ကောင်းကင်နှင့်မြေပြင်ကို အံ့အားသင့်စေနိုင်သော ပါရမီရှင်တစ်ဦးပင်။

သူတို့၏ ဘဝတသက်တွင် ဆူးများပါသော ဆေးလုံးမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဘူးချေ။

ကျုံးချင်၏နောက်သို့ လိုက်ပြီးနောက် သူတို့နှစ်ယောက်၏အမြင်များ အံ့အားသင့်ဖွယ်ကောင်းလောက်သည့်အထိ ကျယ်ပြန့်လာသည်။

"တောင်သခင်ရဲ့အမိန့်ကို နာခံပါတယ်"

သူတို့နှစ်ယောက်သား လိမ္မာပါးနပ်စွာ ဆုတ်ခွာသွားကြ၏။

ကျုံးချင် ခြံဝန်းထဲမှ ထွက်ခွာလာသည်။

"ဆရာ"

တံခါး၏အပြင်ဘက်တွင် ကျင့်ကြံခြင်း ပြီးဆုံးသွားသဖြင့် ခြံဝန်းငယ်လေးသို့ ဂါရဝပြုရန် သွားတော့မည့် လင်းဖုန်းက ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဒီကာလအတွင်းမှာ မင်းက ကြိုးကြိုးစားစား ကျင့်ကြံခဲ့တယ်"

ကျုံးချင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

စနစ်မှ ပြန်လည်ပေးပို့သော ကျင့်ကြံခြင်းမှတစ်ဆင့် သူတို့နှစ်ဦး၏အခြေအနေကို သူ အချိန်မရွေး ခံစားသိရှိနိုင်သည်။

သူတို့သည် အစားအသောက်နှင့် အိပ်စက်ခြင်းကိုပင် မေ့လျော့သည်အထိ အမှန်တကယ် ကြိုးစားခဲ့ကြ၏။

"ကျင့်ကြံခြင်းလမ်းစဉ်က အလုပ်နဲ့အနားယူမှု မျှတဖို့ လိုအပ်တယ်... ဆက်တိုက်ပြင်းပြင်းထန်ထန် ကျင့်ကြံတာက ရလဒ်ကောင်းတွေကို ရရှိစေပေမယ့် အချိန်ကြာလာရင် မင်းတို့ရဲ့ စိတ်နေသဘောထားနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြစ်လာနိုင်တယ်"

"ဒီနေ့ ငါက ဆေးဖက်ဝင်ပစ္စည်းတချို့ ရှာဖို့ အပြင်ထွက်ဖို့ ပြင်ဆင်နေတာနဲ့ အတော်ပဲ... ဒီခရီးစဉ်မှာ မင်း ငါ့နောက်ကနေ လိုက်ခဲ့ရမယ်"

"ဆရာ့ရဲ့အမိန့်ကို နာခံပါတယ်"

ထိုသို့ဖြင့် ဆရာနှင့်တပည့်သည် မူဖူတောင်မှ ထွက်ခွာလာကြတော့သည်။

သူတို့သည် ဟန်တွမ်တောင်တန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ကြသည်။

ထိုနေရာသည် ဝိညာဉ်ဆေးတောင်တန်းဟု လူသိများသော ရှေးဟောင်းသစ်တောကြီးပင်။

… …

တစ်ချိန်တည်းမှာပင်

ဟောက်ဟန်ဂိုဏ်း၏ ဘိုးဘေးရှဲ့ဟောင်သည်တောင်ပေါင်းထောင်ချီနှင့် ရေပြင်ပေါင်း သောင်းချီကို ဖြတ်ကျော်ပြီးနောက် လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ရှန်ကျန်းဂိုဏ်းသို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။

ရှန်ကျန်းဂိုဏ်းသည် ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်သော်လည်း...

သူ အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိချေ။

ထိုအစားထို သူသည် လမ်းတလျှောက်လုံးဂရုစိုက်ကာ ပုန်းလျှိုးကွယ်လျှိုး ဝင်လာခဲ့သည်။

သူ ခိုးဝင်လာပြီးနောက် မူဖူတောင်ပေါ်သို့ ရောက်ရှိလာသည်။

သူ၏ ခိုးဝင်ခြင်းနည်းစနစ်သည် ပြီးပြည့်စုံခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု အမှန်တကယ် ပြောနိုင်သည်။

လမ်းတလျှောက်တွင် ရှန်ကျန်းဂိုဏ်း၏အဆင့်မြင့် အဖွဲ့ဝင်များနှင့် ရံဖန်ရံခါ ကြုံတွေ့ရသော်လည်း မည်သူမျှ သူ့ကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိချေ။

သူသည် ဝူယွဲ့နှင့်ရှီရှောင်ထျန်းတို့ နံဘေးမှ ဖြတ်သွားသောအချိန်တွင်ပင် သူတို့နှစ်ယောက်သားလုံးဝသတိမထားမိကြချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့နှစ်ယောက်ကို မြင်လိုက်ရချိန်တွင် ရှဲ့ဟောင်၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

ပုံမှန်အားဖြင့် ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းတွင် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများ မည်သည်ကြောင့် ရှိနိုင်မည်နည်း....

ထို့ပြင် သူတို့၏စကားဝိုင်းမှတဆင့် သူတို့၏ အထောက်အထားကို သူ သိလိုက်ရသည်။

ထိုလူနှစ်ယောက်သည် မူဖူတောင်က လူများပင်။

ဤသည်က သူ၏စိတ်နှလုံးသားကို အနည်းငယ် လှုပ်ရှားသွားစေသည်။

ဤသည်က မူဖူတောင်သည် အနည်းငယ် ထူးခြားပုံရသည်ကို ညွှန်ပြနေခြင်းပင်။

သို့ရာတွင် ဤထူးခြားမှုသည် လက်ရှိတွင် သူ၏ထိန်းချုပ်နိုင်မှုအောက်၌သာ ရှိနေပေ၏။

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူနှစ်ဦးသည် ထူးခြားသော်လည်း သူ့ကို ယှဉ်ပြိုင်ရန် မလုံလောက်ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင်ကြံသူတစ်ဦးပင်။

မူဖူတောင်၏ တောင်သခင်ထံတွင် တခြားမည်သည့်ထူးခြားမှုများ ရှိသေးသည်ကို သူ သိလိုသည်။

သူ၏ ကြီးမားသော ဟောက်ဟန်ဂိုဏ်း ပိုင်ရှင်ပြောင်းလဲသွားသည်မှာ အမှန်တကယ်ကို မူဖူတောင်သခင်ကြောင့် ဖြစ်နေသလော...

ထိုအကြောင်းကို တွေးတောရင်း သူ ခြံဝန်းငယ်လေးထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။

သို့သော် ခြံဝန်းထဲတွင် မည်သူမျှ မရှိချေ။

"သူ အပြင်ထွက်သွားတာလား"

ရှဲ့ဟောင်က မျက်မှောင်ကြုတ်လိုက်သည်။

သူ ခြံဝင်းငယ်လေးကို လေ့လာကြည့်ရှုပြီးနောက် သူ၏မျက်နှာထား ပြောင်းလဲသွားသည်။

သူသည် အနက်ရောင် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အိမ်၏ခေါင်မိုးစွန်းတွင် ကပ်နေလိုက်သည်။

ထို့နောက် သူသည် ပတ်ဝန်းကျင်မှ အရိပ်များနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားသည်။

မည်သူမျှ ပုံမှန်မဟုတ်သော တစ်စုံတစ်ရာကို မမြင်နိုင်အောင် သူ လုပ်ဆောင်လိုက်၏။

ဤသည်မှာ ရှဲ့ဟောင်၏ ဆန်းကြယ်စွမ်းရည်ဖြစ်ပြီး အရိပ်ခိုးဝင်ခြင်းနည်းစနစ်၏ အဓိကအောင်မြင်မှု အမှတ်အသားလည်း ဖြစ်သည်။

အရိပ်ရှိနေသရွေ့ ဤသည်က သူ၏ပုန်းခိုရာနေရာ ဖြစ်လာပြီး သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။

ဒဏ္ဍာရီလာ ဉာဏ်ပညာမျက်လုံး ကောင်းကင်ဘုံမျက်လုံး သို့မဟုတ် နတ်ဘုရားမျက်လုံး ပိုင်ဆိုင်သူများ သို့မဟုတ် သူ့ထက် ကျင့်ကြံဆင့်နယ်ပယ် များစွာသာလွန်သူများသာ ပုံမှန်မဟုတ်မှုကို ရှာဖွေတွေ့ရှိနိုင်သည်။

သို့သော် ရှဲ့ဟောင်သည် သူ ရှာဖွေတွေ့ရှိခံရမည်ဟု မယုံကြည်ချေ။

သူ၏ အရိပ်ခိုးဝင်ခြင်း နည်းစနစ်သည် အဓိကအောင်မြင်မှုအဆင့်သို့ ရောက်ရှိစဥ်မှစ၍ သူ့ဘက်မှ ထုတ်ဖော်ပြသခြင်းမပြုလျှင် မည်သူကမျှ သူ့ကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ဖူးချေ။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး သူ၏နံဘေးမှ ဖြတ်သွားလျှင်ပင် ရှာမတွေ့နိုင်ဟု သူ ယုံကြည်မှုရှိသည်။

ကျုံးချင် ထွက်ခွာသွားခြင်းက သူ ပုန်းခိုရမည့် နေရာရှာရန် အကောင်းဆုံး အခွင့်အရေးတစ်ခုကို ပေးစွမ်းလိုက်ခြင်းပင်။

ဤနေရာသည် စောင့်ကြည့်ရန်နှင့်ထောက်လှမ်းရန် သင့်တော်ရုံသာမက ထွက်ပြေးရန်လည်း အဆင်ပြေသည်။

"မင်းရဲ့စွမ်းရည်က ဆွန်းဝမ်ရှန်း ပြောသလို တကယ်ကြီးမားဖို့ပဲ မျှော်လင့်မိတယ်"

"မဟုတ်ရင်တော့..."

သူသည် စိတ်ထဲမှ လှောင်ပြောင်ကာ တိတ်တဆိတ် စောင့်ဆိုင်းလိုက်သည်။

သူသည် နေရာအနှံ့အပြားသို့ ခရီးသွားခဲ့ဖူးပြီး အောင်မြင်မှုနှင့်ကျရှုံးမှုများကို ကြုံတွေ့ခဲ့ဖူးကာ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်အထိ ကျင့်ကြံခဲ့သူပင်။ သူကဲ့သို့ လူတစ်ဦးအတွက် သူ မလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သည်းခံခြင်းပင်။

All Chapters