ဘိုးဘေးအို ပြန်ရောက်ရှိလာခြင်း
Vol. 135 Ch. 1858
တာအိုရေရွတ်သံသည် လောင်ကျွမ်းနေသော နဂါးပြာကလန်တခွင်သို့ ပဲ့တင်ထပ်ကာ ထူးခြားသောအသံကို ဖြစ်ပေါ်စေသည်။ ထိုအသံသည် ထက်ရှ၊ကြမ်းရှခြင်း မရှိပေ။ သို့သော် ၎င်းထံ၌ ဝမ်လင်း၏စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်မှ ခွဲထုတ်သော ထူးခြားသည့်စွမ်းအား ရှိနေသည်။ သူ့အတွေးများပေါ်သို့ပင် သက်ရောက်ခြင်းခံရပြီး သူ၏အနှစ်သာရခုနစ်ခုပေါ်သို့လည်း အလားတူပင်။
ထိုနည်းစနစ်မှာ တဦးတယောက်တည်း လုပ်ဆောင်ဖို့ အလွန်ခက်၏။ ထို့ကြောင့် ကျင့်ကြံသူအုပ်စုလိုက် အသုံးပြုရခြင်းပင်။ နဂါးပြာကလန်၏ တပည့်များသည် ဝမ်လင်း ထွက်ခွာမည်ကို ဟန့်တားဖို့ သည်နည်းစနစ်ကို သိသိသာသာ အသုံးပြုချင်နေသည်။
ဝမ်လင်းသည် လှိုဏ်ဂူလောက၌ ဒီလိုမန္တာန်မျိုးကို ကြုံခဲ့ဖူး၏။ သို့သော် စွမ်းအားကမူ ကွာခြားလှ၏။ သည်မန္တာန်က သူသည် ဆန်းကြယ်ဒုက္ခအဆင့်များကို ဖြတ်ကျော်ပြီးသော လူများနှင့် တိုက်ခိုက်နိုင်သည်ဟု ဆိုနိုင်သည်။ သို့တောင်မှ သူသည် ထိုမန္တာန်၏ သက်ရောက်မှုကို ခံနေရဆဲပင်။ ဤသည်က ထိုမန္တာန်မည်မျှ ကြောက်မက်ဖွယ်ကောင်းပုံကို ပြသသည်။
သို့ပေမည့် ဝမ်လင်းသည် ရှေးသင်္ချိုင်းအတွင်း၌ နှလုံးခုန်သံမိုးကြိုးကို နားလည်သဘောပေါက်ထားခဲ့ပြီး ဖြစ်၏။ ၎င်းမှာ သည်မန္တာန်နှင့် ဆင်တူသည်။ သူ့နှလုံးခုန်သံသည် မိုးကြိုးသံအလား လောကတခွင် ပဲ့တင်ထပ်နိုင်သည်။ ၎င်းအသံက ပို၍ ပြင်းထန်လာကာ နဂါးပြာကလန်၏ တပည့်သောင်းချီ၏ ထိတွေ့မိကာ သူတို့၏စိတ်နှလုံးခုန်သံသည် အရိုင်းဆန်လာသည်။
ထိုသို့ဖြင့် ဝမ်လင်းနှင့် ထိုအုပ်စုသည် ဘက်ညီနေသည်။
ဝမ်လင်းသည် လှိုဏ်ဂူလောကမှ ဖြစ်သော်လည်း သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင်ပင် အားမနည်းလေပေ။ သူသည် အကြီးအကဲလေးယောက် တဟုန်ထိုး ဝင်ရောက်လာစဉ် လှိုဏ်ဂူအတွင်းမှ လှမ်းထွက်၏။ သူ့လက်ကို မြေပြင်ထက်သို့ ဆန့်ထုတ်လိုက်သည်။
နဂါပြာကလန်တခုလုံး၏ မြေပြင်သည် တုန်ဟည်းကာ မီးများသည် မြေအောက်မှ မြင့်တက်လာ၏။ ထိုမီးတို့သည် ဒီလှိုဏ်ဂူထံမှ ပေါက်ကွဲထွက်လာကာ အရင်ထက် များစွာ ပိုပြင်းထန်သည်။
ဝမ်လင်းသည် လှိုဏ်ဂူလောကမှ ဂြိုဟ်များ၊တောင်များထံမှ စိတ်ဝိညာဉ်ကို ထုတ်နှုတ်ဖို့ သည်မန္တာန်ကို အသုံးပြုခဲ့၏။ သည်တကြိမ်၌ သူသည် မြေကမ္ဘာမီးကြော၏ စိတ်ဝိညာဉ်ကို ထုတ်နှုတ်ယူနေသည်။
ကောင်းကင်ဘုံနွားထီးကုန်းမြေတခုလုံးသည် အဘက်ဘက်သို့ ချိတ်ဆက်ထားသော မီးသွေးကြောကွန်ယက်ကြီး မြေအောက်တွင် ရှိနေလေ၏။ ၎င်းသည် တစုံတစ်ခုကို ချိပ်ပိတ်ထားသော အစီအရင်ကြီးတစ်ခုနှင့် တူသည်။
ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ပင်မမီးသွေးကြော၏ စိတ်ဝိညာဉ်ကို မထုတ်ယူနိုင်ပေ။ သို့သော် နဂါးပြာကလန်၏အောက်ရှိ အခွဲမီးသွေးကြောကမူ ကျယ်လောင်စွာ မြည်ဟိန်းလာချေ၏။
ထိုတုန်ဟည်းသံ ပဲ့တင်ထပ်လာကာ မီးများ မြင့်တက်လာစဉ် ကျင့်ကြံသူထောင်သောင်းချီနှင့် အကြီးအကဲလေးယောက်တို့၏ အမူအရာများသည် ပြောင်းလဲသွားကြသည်။ အကြီးအကဲလေးယောက်သည် လှိုဏ်ဂူထဲသို့ ဝင်ရောက်လာသည်နှင့် မီးများ ဝန်းရံထားသော ဝမ်လင်းကို ကိုယ်တိုင်တွေ့မြင်ကြ၏။ ဝမ်လင်း၏အောက်ရှိ ဧရာမနဂါး၏ဦးခေါင်းမှာ တောင်တလုံးမျှ ကြီးမားချေသည်။
ဤသည်မှာ မီးနဂါးဖြစ်၏။ ၎င်း၏နါးနှုတ်ခမ်းမွှေးက ဝေ့ယမ်းနေသည်။ ၎င်း ပေါ်လာသည်နှင့် တောင်သည် ပျက်စီးပြိုလဲသည်။
ထိုတုန်ဟည်းသံ ပဲ့တင်ထပ်နေစဉ် နဂါးပြာကလန်ဝင်များ၏ရှေ့ရှိ တောင်တခုလုံးသည် ပျောက်ကွယ်သွားသည်။
ထိုတောင် ပျောက်ကွယ်သွားချိန်၌ ပေတစ်သိန်းမျှ ရှည်လျားသော မီးနဂါးတစ်ကောင်၏ ဦးခေါင်းကြီးသည် မြေအောက်မှ ထွက်လာသည်။ ထိုမီးနဂါးသည် ရုပ်ပိုင်းခန္ဓာမရှိပေ။ ၎င်းသည် မီးဖြင့် ပြုလုပ်ထားကာ ရှေးကျသောစိတ်ဝိညာဉ်အော်ရာကို ပေးစွမ်းသည်။
ထိုမီးနဂါးက မည်သည့်အရာ ဖြစ်သနည်း။ ၎င်းမှာ မြေကမ္ဘာမီးသွေးကြော ဖြစ်သည်မှာ ရှင်းပေသည်။
ထိုမီးနဂါး၏ ဦးခေါင်းထက်၌ လူတစ်ယောက် ရပ်နေ၏။ သူ့၏ဆံပင်ဖြူများသည် တလွင့်လွင့် ဖြစ်နေ၏။ သူ့မျက်လုံးတို့မှာ ကြယ်များအလား။ သူ့နောက်ကျောတွင် ခေါင်းတလား တစ်ခု ရှိလေသည်။ သူက နေရာတွင် ရပ်နေရုံဖြင့် လောက၏ ထိပ်တွင် မားမားရပ်နေသည့်နှယ်။
သူ့နောက်တွင် တောက်ပနေသောမီးကြောင့် သူ့ကို တိုက်ရိုက်ကြည့်ဖို့ ခက်ပေလိမ့်မည်။
ကောင်းကင်ထက်ရှိ ကျင့်ကြံသူသောင်းချီ၏ တာအိုရေရွတ်သံမှာ လုံးဝ ရပ်တန့်သွား၏။ ထိုကျင့်ကြံသူများ၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တို့တွင် ကြောက်ရွှံ့မှုများ ပြည့်လာသည်။
သူတို့၏အမြင်မှာ ဝေဝါးကုန်၏။
သည်လိုလူမျိုး၊ သည်လိုအရှိန်အဝါ၊ သည်လိုမီးနဂါးမျိုးမှာ သူတို့ တိုက်ခိုက်နိုင်သောအရာ မဟုတ်ပေ။
အကြီးအကဲလေးယောက်သည် နောက်သို့ ပြန်ဆုတ်ကြ၏။ မြေကမ္ဘာမီးမှ ဖိအားနှင့် မြေကမ္ဘာမီးစိတ်ဝိညာဉ်၏ ခွန်အားက သူတို့လေးယောက် ခုခံနိုင်သောအရာ မဟုတ်ပေ။ သူတို့ နောက်ဆုတ်ရမည်သာ။
သူတို့၏ကျင့်ကြံမှုအဆင့်က မနိမ့်သော်လည်း ဝမ်လင်းနှင့်ထိုမီးနဂါးရှေ့တွင် သူတို့သည် ပုရွတ်ဆိတ်များအလား။
ဤသည်မှာ ဝမ်လင်းဖြစ်ပေ၏။
သူသည် လှိုဏ်ဂူလောက၏ အထွတ်အထိပ် ဖြစ်၏။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ဝင်ရောက်လာခါစ ဖြစ်သော်လည်း သူ၏ပုံစံစရိုက်သည် အတူတူသာ။
ဝမ်လင်း မီးနဂါးပေါ်တွင် ရပ်နေစဉ် ၎င်းက ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းအော်သံကို ထုတ်ဖော်သည်။
ဝေါင်း။
ထိုဟိန်းသံက ကောင်းကင်ထက်ရှိ ကျင့်ကြံသူများကို သွေးအန်သွားစေသည်။ သူတို့အားလုံး နောက်ဆုတ်ကုန်၏။ မည်သူကမျှ ဝမ်လင်းကို မတားဝံ့ကြပေ။ သူတို့က သူ့အတွက် လမ်းဖယ်ပေးရသည်။
ပေတစ်သိန်းခန့်မီးနဂါး ပေါ်လာကာ ဝမ်လင်းကို ကောင်းကင်ထက်သို့ သယ်ဆောင်သွားလေသည်။
“ငါတို့ သူ့ကို ထွက်သွားခွင့် ပြုလို့ မဖြစ်ဘူး။ ဘိုးဘေးအို လမ်းမှာ ရောက်နေပြီ။ သူ ဒီကို မကြာခင် ရောက်လာတော့မှာ။ ငါတို့ သူ့ကို ခဏစောင့်ရုံပဲ…”
ထိုသက်လတ်ပိုင်းလူ၏မျက်နှာသည် ဖြူရောနေပြီး သူက ရှတတအော်ဟစ်လိုက်၏။ သူသည် ဝမ်လင်းထံ တိုးဝင်လာချေသည်။
ကျန်သည့်သုံးယောက်မှာ အံတင်းတင်းကြိတ်ကာ ထိုးထွက်လာကြ၏။ သူတို့သည် ကြောက်လန့်နေသော်လည်း ဘိုးဘေး၏ဒေါသကို ကြောက်မှုက ပိုသာနေ၏။ ဘိုးဘေးသာ ဒေါသထွက်လာပါက သူတို့၏ကျင့်ကြံမှုအဆင့်ဖြင့် ခံနိုင်လိမ့်မည် မဟုတ်ပေ။
နဂါးပြာကလန်တစ်ခုလုံးသည် သည်အချိန်၌ ဖျက်စီးခံရလုနီးပါးပင်။ သူတို့သည် ဘိုးဘေးပြန်ရောက်လာသည့်အခါ သူ၏ဒေါသကို စိတ်ကူးကြည့်နိုင်၏။
အကြီးအကဲလေးယောက်က ဝမ်လင်းထံ ထပ်မံ တိုးဝင်လာကြ၏။ သူတို့က ဝမ်လင်း ထွက်ခွာမည်ကို ဟန့်တားဖို့ အစွန်းကုန် လုပ်ဆောင်ကြတော့မည်။
ဝမ်လင်းက ထိုလေးယောက် ရောက်လာချိန်၌ တည်ငြိမ်စွာသာ ရှိနေ၏။ သူသည် မီးနဂါးနှင့် ပေါင်းစပ်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သူသည် ထိုလေးယောက် သူ့ကို ပိတ်ဆို့သည်ကို တစ်စက်လေးမျှ ဂရုမစိုက်ပေ။
သက်လတ်ပိုင်းလူက အမြန်ဆုံးဖြစ်၏။ ချက်ခြင်းပင် မီးနဂါးရှေ့သို့ သူ ရောက်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မီးနဂါးပေါ်သို့ ဖိချလိုက်၏။ သူ့မျက်နှာထက်ရှိ သွေးကြောများသည် ဖောင်းကြွလာကာ သူက ကျယ်လောင်စွာ မာန်သွင်းဟစ်အော်သည်။
ဆံဖြူအဘိုးအိုက သက်လတ်ပိုင်းလူ၏နောက်တွင် လိုက်ပေါ်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူက လျှာထိပ်ကို ကိုက်၍ သူ့အနှစ်သာရသွေးကို ထွေးထုတ်သည်။ ထိုသွေးက မကောင်းဆိုးဝါးတစ္ဆေများ ပြည့်နှက်ဟန် ထင်ရသော သွေးမြူအဖြစ်သို့ ပြောင်းကာ မီးနဂါးကို ပိတ်ဆို့သည်။
နောက်နှစ်ယောက်လည်း ရှိသေး၏။ သူတို့နှစ်ယောက်လုံးက ဧရာမနဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းကာ ထွက်လမ်းအားလုံးကို ပိတ်ဆို့သည်။
“ပိုးဖလံလေးတွေက တောက်ပတဲ့လမင်းနဲ့ ယှဉ်ပြိုင်ဝံ့တာလား…” မီးနဂါးထံမှ အေးစက်စက်အသံ ထွက်ပေါ်လာ၏။ မီးနဂါးက သက်လတ်ပိုင်းလူထံ နီးကပ်လာကာ ကျယ်လောင်စွာ မြည်ဟိန်းသံ ပဲ့တင်ထပ်၏။
သက်လတ်ပိုင်းလူ၏ခန္ဓာကိုယ်ကို ရေခိုးရေငွေ့များစွာဖြင့် ဝန်းရံထား၏။ သို့သော် ၎င်းတို့မှာ ချက်ခြင်း အငွေ့ပြန်ကုန်သည်။ သူ့ဆံပင်တို့မှာ စတင်လောင်ကျွမ်းလာပြီး သူ့အရေပြားပေါ်၌ မီးအစက်အပြောက်များ ပေါ်လာချေသည်။ ထိုမီးသည် သူ့ခန္ဓာကိုယ်ကို ဒဏ်ရာရစေရုံသာမက သူ၏မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့ကိုပါ ဒဏ်ရာရစေသည်။ တကယ်တော့ ဤသည်မှာ သာမန်မြေကမ္ဘာမီး မဟုတ်ပေ။ မြေကမ္ဘာမီး၏ စိတ်ဝိညာဉ် ဖြစ်ချေ၏။
မြေကမ္ဘာမီးသွေးကြောအခွဲတစ်ခု၏ စိတ်ဝိညာဉ်မှာ သူ ခုခံနိုင်သောအရာ မဟုတ်လေပေ။ ဝမ်လင်း၏ တုန်လှုပ်ဖွယ်ကျင့်ကြံခြင်းက ထိုမီးနဂါးကို ပိုသန်မာစေသည့်အခါ ဆိုဖွယ်ရာ မရှိတော့ချေ။
သက်လတ်ပိုင်းလူမှာ အသက်တရှိုက်စာပင် မခုခံနိုင်လိုက်ပေ။ သူသည် ကောင်းကင်နှင့်မြေကြီးကြားရှိ မီးပြင်းဖိုအတွင်းသို့ ရောက်သွားသည့်နှယ် ခံစားမိလိုက်သည်။ သူသာ နောက်မဆုတ်ပါက ပြာဖြစ်သည့်အထိ လောင်ကျွမ်းခံရလေမည်။
သည်အခိုက်၌ သူ၏ကြောက်ရွှံ့မှုက ဘိုးဘေးအပေါ် ကြောက်ရွှံ့မှုကို ဖိနှိပ်သွားလေပြီ။ သူသည် တုံ့နှေးခြင်းမရှိ သွေးထွေးထုတ်ကာ နောက်သို့ ပေရာချီဆုတ်၏။ ထို့နောက် သူသည် သွေးထပ်အန်ကာ အရူးအမူး နောက်ဆုတ်တော့၏။ မီးနဂါးနှင့် ထိမိလိုက်သော သူ့လက်နှစ်ဖက်မှာ အများစု လောင်ကျွမ်းခံလိုက်ရချေပြီ။
သူသည် နောက်ဆုတ်သော်လည်း လေပြင်းက သူ့လက်နှစ်ဖက်ကို တိုက်ခိုက်ကာ သူ့လက်တို့ကို ပြာမှုန့်ဖြစ်သွားစေသည်။
ဆံဖြူအဘိုးအိုထံမှ ထွက်ပေါ်လာသော သွေးမြူသည် နဂါးနှင့်ထိမိသည့်အခါ ပျက်စီးသွား၏။ ၎င်းမြူက ထိုအဘိုးအိုကို တန်ပြန်ထိခိုက်သွားစေသည်။ တစီစီအသံများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ် ပျက်စီး၏။ သူ့မူလစိတ်ဝိညာဉ်သည် ထိတ်လန့်တကြား ထွက်ပြေးလေသည်။ သည်အခိုက်၌ သူသည် ဝမ်လင်းကို ထပ်မံ၍ မတားဆီးဝံ့တော့ပေ။
နဂါးနှစ်ကောင်အဖြစ် ပြောင်းထားသော အကြီးအကဲနှစ်ယောက်မှာလည်း မီးနဂါး၏ ရိုက်ခတ်ခြင်း ခံရ၏။ ထိုနဂါးနှစ်ကောင်သည် ပျက်စီးပြိုလဲကာ သူတို့သည် သွေးအန်လိုက်ရသည်။ ဆံဖြူအဘိုးအိုကဲ့သို့ပင် သူတို့၏ခန္ဓာကိုယ်များသည် ပေါက်ကွဲကုန်၏။
သူတို့၏မူလစိတ်ဝိညာဉ်များသည် တသက်မမေ့နိုင်သော အကြောက်တရားနှင့် အသည်းအသန် ထွက်ပြေးကုန်သည်။
ထိုအစွမ်းထက်ကျင့်ကြံသူလေးယောက်သည်ပင် ဝမ်လင်းကို အချိန်ဆွဲထားနိုင်စွမ်း မရှိပေ။ မီးနဂါးထံမှ တချက်ဝေ့ယမ်းတိုက်ခိုက်မှုက သူတို့အားလုံးကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။ နဂါးပြာကလန်၏ တပည့်များအားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ သေလောက်အောင် တိတ်ဆိတ်သွားကြသည်။
မီးနဂါးသည် ကောင်းကင်ထက်သို့ ထိုးတက်ကာ ဝမ်လင်းသည် မီးနဂါး၏ဦးခေါင်းပေါ်၌ ပေါ်လာ၏။ သူက အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
“ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ ဒီနေ့ကိစ္စ ဖြစ်ခဲ့တာဟာ မင်းတို့ကလန်က ငါ့ကို ရုပ်သေးအဖြစ် သန့်စင်ချင်ကြလို့ပဲ…”
ဝမ်လင်းသည် ထိုအေးစက်စက်စကားလုံးများ ချန်ကာ သည်နေရာရှိ လူတိုင်း၏ ကြောက်လန့်တကြား အကြည့်အောက်၌ မီးနဂါးနှင့်အတူ ထွက်ခွာလာတော့သည်။ သူသည် ပိုသေးသထက်ဝေးသွားကာ မိုးကုပ်စက်ဝန်း၌ ပျောက်ကွယ်သွားတော့သည်။
ကလန်တစ်ခုလုံးသည် လူတစ်ယောက်ကို တစက္ကန့်ပင် ဟန့်တားနိုင်စွမ်း မရှိခဲ့ပေ။ ဝမ်လင်း၏ပုံရိပ်၊ သူ့စွမ်းအားနှင့်အော်ရာက နဂါးပြာကလန်ရှိ လူတိုင်း၏ စိတ်နှလုံးထဲတွင် နက်နက်နဲနဲ စွဲထင်းသွားလေပြီ။
ထိုတိုက်ပွဲဖြင့်ပင် ဝမ်လင်းကို ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ ကျော်ကြားစေနိုင်လောက်၏။
ဝမ်လင်း ထွက်သွားပြီး အမွှေးတိုင်တတိုင်ထွန်းစာလောက် ကြာမြင့်ပြီးနောက် သူတို့၏ခန္ဓာကိုယ်များ ဆုံးရှုံးသွားသော အကြီးအကဲသုံးယောက်နှင့် လက်နှစ်ဖက်ဆုံးရှုံးသွားသော သက်လတ်ပိုင်းလူတို့သည် စဉ်းစားခန်း ဝင်နေကြ၏။ သူတို့သည် တုန်ယင်မိနေသည်။ ထိုစဉ် လောက၏ တခြားအရပ်မှ တုန်လှုပ်ဖွယ်ဒေါသတကြီးအသံတစ်သံ ပဲ့တင်ထပ်လာ၏။
ထိုဟိန်းအော်သံ ပဲ့တင်ထပ်လာစဉ် လောကသည် အရောင်များပြောင်းလဲကာ မြေပြင်ထက်ရှိ လောင်ကျွမ်းနေသောမီးသည် ငြှိမ်းသေသွားကာ အနက်ရောင်အခိုးငွေ့များအဖြစ် ပြောင်း၍ လေထဲသို့ မြင့်တက်သည်။
ထိုအသံက အကြီးအကဲလေးယောက်၏ စိတ်နှလုံးများကို တုန်ယင်သွားစေသည်။ သူတို့ မော့ကြည့်လိုက်ချိန်၌ အလင်းတန်းနှစ်ခု နီးကပ်လာသည်ကို မြင်သည်။ ထိုအလင်းတန်းများထဲမှ တစ်ခုသည် လောကကို ဆုတ်ဖြဲစေလုနီးပါး ဖြစ်၏။
ထိုအလင်းတန်းထဲ၌ ပုံရိပ်တစ်ခု ရှိသည်။ ၎င်းမှာ လူငယ်တစ်ယောက် ဖြစ်၏။ သူ့နှုတ်ခမ်းတို့မှာ နီ၍ သွားများမှာ ဖွေးသည်။ သူ့ထံ၌ ဓားသွားအလားမျက်ခုံးနှစ်ခု ပိုင်ဆိုင်ထားကာ သူသည် သာမန်ရုပ်ချေသည့်ပုံမျိုး မဟုတ်ပေ။ သို့သော် သူ ဒေါသ ဖြစ်နေသည့်ပုံ ပေါ်သဖြင့် သူ၏အမူအရာမှာ ကြမ်းကြုတ်နေသည်။
သူက မြန်လွန်း၏။ ချက်ခြင်းလိုလို အဝေးကနေ နဂါးပြာကလန်၏ အထက်သို့ ရောက်လာ၏။ သူသည် အောက်ဘက်ရှိ အပျက်အစီးပုံကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားသွားသည်။
သူ၏ငြိမ်သက်မှုက ကြီးမားသောဖိအားကို သယ်ဆောင်ကာ မဟာအကြီးအကဲလေးယောက်ထံ ကြောက်ရွှံ့မှု ဖြစ်ပေါ်စေသည်။
သည်အခိုက်တွင် နောက်ထပ်အလင်းတန်းတစ်ခု ရောက်လာပြီး အမျိုးသမီးတစ်ယောက်အသွင်သို့ ပြောင်းသည်။ သူမက အလွန်လှပကာ စွဲဆောင်မှု ရှိလွန်း၏။ သို့သော် သူမသည် အောက်ဘက်ရှိ အပျက်အစီးပုံကို တွေ့မြင်သည့်အခါ သူမ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူမက လူငယ့်နားသို့ တုံ့နှေးခြင်းမရှိ ရွှေ့လျားလာသည်။