← Chapters

သိုလှောင်နေရာလွတ်နှင့် ပတ်သတ်သည့် ပြဿနာ

Vol. 135 Ch. 1859

သိုလှောင်နေရာလွတ်နှင့် ပတ်သတ်သည့် ပြဿနာ

Vol. 135 Ch. 1859

“ငါ တုချင်းကသာ တခြားလူတွေရဲ့အရာကို လုယူပြီး တခြားကလန်တွေရဲ့ လှိုဏ်ဂူတွေကို ဖျက်စီးခဲ့တာ…”  ထိုလူငယ်သည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူသည် ဒေါသထွက်နေလား၊ ပျော်နေလားကို ပြောဖို့ မဖြစ်နိုင်ပေ။ သို့သော် သူ့ခန္ဓာကိုယ်ထက်၌ ထူးခြားသောတွန့်ခေါက်ပုံပျက်မှုတစ်ခု ပေါ်လာ၏။ သူသည် သစ်သားလူအဖြစ်သို့ ပြောင်းလဲသွားသည့်အလား။

“ဘယ်သူမှ ငါ့ကလန်ကို မဖျက်စီးဝံ့ဘူးကွ…” ထိုလူငယ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သူ အော်ဟစ်လိုက်စဉ် လောကသည် တုန်ဟည်းလာ၏။ တိမ်စိုင်များစွာသည် ဆုတ်ပြဲကုန်ကာ အနက်ရောင်အခိုးငွေ့များသည် ပြန့်ကြဲလွင့်စင်ကုန်သည်။

“ငါ့ကလန်ကို ဖျက်စီး၊ ငါ့ကလန်တပည့်တွေကို သတ်ခဲ့တာ။ ဒါကို လုပ်ခဲ့တာ ဘယ်သူပဲဖြစ်ဖြစ် မင်း သေရမယ်…”

“မင်း ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ရှိနေရင် မင်း သေရမယ်…။ ငါ မင်းကို လာဖမ်းမယ်။ မင်းကို အပိုင်းပိုင်းလုပ်ပစ်မယ်။ နှစ်ပေါင်းထောင်ချီ ခံစားရအောင် လုပ်ပစ်မယ်…”

ထိုလူငယ်သည် မာန်သွင်းအော်ဟစ်၏။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာ ပေါက်ကွဲထွက်လာသည်။ သူနှင့် အနီးဆုံးတွင် ရှိနေသော တပည့်ထောင်ချီသည် မသေခင် အော်ဟစ်ဖို့ပင် အချိန်မရလိုက်ပေ။

“ငါ မင်းကို လိုက်သတ်မယ်…”  ထိုလူငယ်သည် နောက်လှည့်ကာ တပည့်တစ်ယောက်ထံသို့ လက်ဆန့်ထုတ်လိုက်သည်။ ထိုလူငယ်က သူ့ခေါင်းကို ဆုပ်ကိုင်လိုက်သည့်အခါ၌ သည်တပည့်မှာ ကြောက်ရွှံ့မှုတို့ ပြည့်နေလေ၏။

သူ၏အစွမ်းထက်နတ်ဘုရားအာရုံက ကလန်တပည့်၏ စိတ်ထဲသို့ တရကြမ်း ဝင်ရောက်ကာ အတင်းအကြပ် စိတ်ဝိညာဉ်ရှာဖွေခြင်း ပြုသည်။ သူသည် ထိုသူမှာ သူ့ကလန်၏ တပည့်ဖြစ်သည်ကို ဂရုမစိုက်ပေ။ ထိုတပည့်ဖြစ်သူက နာကျင်စွာအော်ဟစ်လိုက်ရပြီး သေဆုံးသွားတော့၏။ သူ့ခန္ဓာကိုယ်သည် သွေးမြူအဖြစ်သို့ ပေါက်ကွဲထွက်သည်။

သူ လိုချင်သော မှတ်ဉာဏ်ကို ရပြီးနောက် ဝမ်လင်း၏ပုံပန်းသွင်ပြင်က ထိုလူငယ်၏မျက်လုံးတွင် ရှင်းလင်းစွာ ပေါ်လာသည်။

နဂါးတစ်ကောင်အဖြစ် ပြောင်းလဲခဲ့သော အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်က တုန်တုန်ယင်ယင်နှင့် ပြောလာ၏။ “ဘိုး…ဘိုးဘေး…။ဒီလူရဲ့ နာမည်ဟာ ဝမ်…သူ…သူ ပြောခဲ့တာက  သူ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးတဲ့။ သူ့ကို ရုပ်သေးအဖြစ် သန့်စင်ဖို့ကြိုးစားခဲ့တဲ့အတွက် ကလန်ကို ဖျက်စီးခဲ့ရုံပဲတဲ့…”

သူ ထိုသို့ ပြောလိုက်စဉ် လက်နှစ်ဖက် ဆုံးရှုံးသွားသော သက်လတ်ပိုင်းလူ၏ စိတ်နှလုံးမှာ တချက် ခုန်ပေါက်သွား၏။ သူသည် သက်ပြင်းချလိုက်မိသည်။

“ဒီစွန်းမန်းဒီက နဂါးပြာကလန်မှာ ရှိတာ လုံလောက်အောင် မသေချာသေးဘူး။ ဒါ့ကြောင့် သူက ဘိုးဘေးရဲ့ စိတ်ကို နားမလည်တာပဲ။ ဘိုးဘေးက နဂါးပြာကလန်ရဲ့ ကံကြမ္မာကို ဂရုစိုက်တာ မဟုတ်ဘူး။ သူဟာ သူ့ကိုယ်သူကိုယ်ပဲ ဂရုစိုက်တာ…”

အဘိုးအိုက ထိုသို့ ပြောလိုက်စဉ် လူငယ်သည် နောက်လှည့်ကာ စွန်းအမည်ရအဘိုးအိုကို ကြမ်းကြုတ်သောအကြည့်ဖြင့် စိုက်ကြည့်သည်။

“တပည့်ထောင်ချီဟာ သူ့ကြောင့် သေဆုံးရုံပဲ ရှိသေးတယ်။ ပြီးတော့ မင်းဟာ အကြီးအကဲတစ်ယောက် ဖြစ်နေပြီး မင်းရဲ့ခန္ဓာကိုယ် ဆုံးရှုံးခဲ့ရင်တောင် မင်းရဲ့ မူလစိတ်ဝိညာဉ်နဲ့ သူ့ကို တားသင့်တယ်။ မင်းက မင်းအလုပ်ကို မလုပ်ခဲ့ဘူးပဲ။ ဒါ့ကြောင့် ငါ မင်းကို သစ်သားအဖြစ် သန့်စင်ပြီး အပြစ်ပေးတဲ့အနေနဲ့ နှစ်တစ်ရာ ချိပ်ပိတ်မယ်…”

ထိုလူငယ်သည် လေဟာနယ်ထံသို့ လက်ဆန့်ထုတ်လိုက်၏။ စွန်းအဘိုးအိုသည် တုန်ယင်ကာ နောက်ဆုတ်ရန် ဟန်ပြင်သည်။ သို့သော် သူသည် ခုခံနိုင်စွမ်းမဲ့ကာ လူငယ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ထိုလူငယ်က အမည်မသိမန္တာန်တစ်ခုကို အသုံးပြုလိုက်၏။ ထို့နောက် စွန်းအဘိုးအို၏ ခန္ဓာကိုယ်တွင် မီးခိုးရောင်အလင်း ပြည့်နှက်ကာ သူ့မူလစိတ်ဝိညာဉ်ထံ ကျူးကျော်ဝင်ရောက်သည်။ ထိုအဘိုးအိုသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ့မူလစိတ်ဝိညာဉ်သည် သစ်သားအဖြစ်သို့ ပြောင်းသွားတော့သည်။

ထိုလူငယ်သည် သူ့လက်ကို ဖြေလျှော့လိုက်ရာ သစ်သားအဖြစ်‌ ပြောင်းသွားသော အဘိုးအိုသည် မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။ ဝဲကတော့တစ်ခု ပေါ်လာကာ ထိုသစ်သားဖြစ်သွားသော အဘိုးအိုသည် ပျောက်ကွယ်၏။

ထိုသည်က နဂါးပြာကလန်၏ တပည့်အားလုံးကို ကြောက်လန့်သွားစေသည်။ မည်သူကမျှ စကားမဟဝံ့တော့ပေ။

“ကလန်တခုလုံး အစွမ်းကုန်အသုံးပြုပြီး ဒီလူ့ကို ငါ့အတွက် ရှာလာခဲ့ကြ။ မင်းတို့အားလုံးကို အချိန်သုံးလပေးမယ်။ မင်းတို့ ဒီသုံးလအတွင်း ဒီလူ့ကို မတွေ့ရင် အားလုံး သေရမယ်…”

“ကောင်းကင်ဘုံနွားထီးကုန်းမြေ တခွင့်ကိုလည်း အကြောင်းကြားလိုက်။ ဒီလူ့ကို ကာကွယ်ပေးထားတဲ့လူတိုင်း အကျိုးဆက်ခံစားရလိမ့်မယ်လို့ ပြောလိုက်ချေ…”

ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ကောင်းကင်ထက်၌ မြန်ဆန်စွာ ဖြတ်သန်းသွားလာနေ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း သူသည် ဒီတစိမ်းတပြင် လောကနှင့် တဖြည်းဖြည်း အသားကျအောင် လုပ်သည်။

“ငါ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ငါဟာ ငါ့နတ်ဘုရားအာရုံနဲ့ လှိုဏ်ဂူလောကရဲ့ နေရာအများစုကို ဖုံးလွှမ်းနိုင်တယ်။ ဒါပေမဲ့ ဒီမှာကတော့ ငါ့နတ်ဘုရားအာရုံကို မမြင်ရတဲ့ဥပဒေသတစ်ခုခုက ဖိနှိပ်ထားတဲ့ပုံပဲ…”

“ဒါဟာ ငါ့တစ်ယောက်တည်း ကွက်ဖြစ်နေတာ မဟုတ်လောက်ဘူး။ လူတိုင်းအတွက်လည်း ဒီလိုပဲနေမှာ…”

ဝမ်လင်းသည် ထိုသို့ ကောက်ချက်ချမိခြင်းမှာ သည်အချိန်အတွင်း နဂါးပြာကလန်ထံမှ မည်သည့်နတ်ဘုရားအာရုံကမှှျ သူ့အပေါ် ကျရောက်လာခြင်း မရှိသောကြောင့်ပင်။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကိုလည်း အသုံးပြုလို့ မရပြန်ဘူး…”  ဝမ်လင်းသည် မျက်မှောင်ကြုတ်မိနေ၏။ သူသည် အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့သည်။ သို့သော် သူသည် လောကနှင့် တသားတည်းပေါင်းစပ်နိုင်စွမ်းမရှိ ဖြစ်နေ၏။

“ဒါကလည်း ငါ့တစ်ယောက်တည်း ဖြစ်တဲ့ပုံ မပေါ်ဘူး။ ခုနစ်ရောင်စုံနဲ့ တစ္ဆေုအိုကြီးကျန့်တို့လိုမျိုး လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်မှာ ရှိတဲ့ နဂါးပြာကလန်ရဲ့ ဘိုးဘေးအိုကြီးတောင် ငါ့နောက်ကို အချိန်မီလိုက်လာနိုင်စွမ်း မရှိဘူး။ ဒါ့ကြောင့် သူလည်း ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးမပြုနိုင်တာ ထင်ရှားတယ်…”

ဝမ်လင်းသည် စဉ်းစားနေရင်း ကောင်းကင်၌ မြန်ဆန်စွာ သွားနေ၏။ သူသည် ဒီနေရာရှိ လောကနှင့် လှိုဏ်ဂူလောကတို့သည် တူညီသည့်ပုံ ပေါ်သော်လည်း အမှန်တော့ လုံးဝကွဲပြားသည်ကို ရေးတေးတေး သဘောပေါက်လာသည်။

လှိုဏ်ဂူလောကသည် အတုအယောင်၊ဤနေရာမှာ အစစ်အမှန် ဖြစ်ချေ၏။

သူသည် လှိုဏ်ဂူလောက၏ လောက၌ လောကနှင့် တသားတည်း ပေါင်းစပ်နိုင်၏။ သို့သော် ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင်မူ ထိုသို့ မလုပ်နိုင်ပေ။ ထို့အတွက် သူသည် ဟင်းလင်းပြင်ကွေးညွှန်ခြင်းအစွမ်းကို အသုံးမပြုနိုင်ချေ။

“ဒီအတွက် နည်းလမ်းတစ်ခုခုတော့ ရှိရမယ်။ ဒါပေမဲ့ ငါ့ကျင့်ကြံမှုအဆင့်ဟာ ဒီထက် ပိုမြင့်မားဖို့ လိုလိမ့်မယ်…”  ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။

သူ ဒီနေရာသို့ ခုမှ ရောက်လာခါစ ရှိသေး၏။ သို့အတွက် အရာရာမှာ သူ့အတွက် စိမ်းနေသေးသည်။ ကံကောင်းစွာဖြင့် သူသည် ခန်းယန်၏မှတ်ဉာဏ်များကို ရှာဖွေမိခဲ့ခြင်းပင်။ သူသည် များများစားစား မသိခဲ့ရသော်လည်း ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် ပတ်သတ်၍တော့ အတော်လေး သိခဲ့ရသည်။

“ဒီကောင်းကင်ဘုံနွားထီးကုန်းမြေဟာ ကောင်းကင်ဘုံသားတွေ အုပ်စိုးမှုအောက်မှာ ရှိတဲ့ အရှေ့ပိုင်းကုန်းမြေမှာ တည်ရှိတဲ့  ကုန်းမြေတစ်ခုပဲ။ ကောက်ရီကလန်နဲ့ မဟာစိတ်ဝိညာဉ်ကလန်တို့ဟာ ဒီကုန်းမြေမှာ အစွမ်းထက်ဆုံး ကလန်နှစ်ခု ဖြစ်တယ်။ သူတို့ဟာ ကလန်ကိုးခုနဲ့ အင်အားစုဆယ့်သုံးခုရဲ့ အစိတ်အပိုင်းလည်း ဟုတ်တယ်…”

ဝမ်လင်းသည် စိတ်ရှုပ်သလို ခံစားမိ၏။ သူသည် ဒီကလန်နှစ်ခုနှင့် ပတ်သတ်၍ မစိမ်းပေ။

“မဟာစိတ်ဝိညာဉ်ကလန်၊ ဖန်ရှန်မင်နဲ့ ဖန်ရှန်လုတို့ရဲ့ ကလန်။ ဒီကလန်က ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံရိပ်ယောင်စွမ်းရည်ကို ပိုင်ဆိုင်တယ်…။ ဒါ့အပြင် ခန်းယန်ရဲ့မှတ်ဉာဏ်ထဲမှာ ယွမ်ရီဖန်လည်း ရှိသေးတယ်။ သူဟာ ကောက်ရီကလန်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ…”

“ဒါ့အပြင် ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်လာတာ နောက်ကျတဲ့အတွက် ဆရာကတော့ ငါ သေပြီလို့ ထင်ချင်ထင်နေမှာ။ ဒါ့ကြောင့် သူ စောင့်နေမှာ မဟုတ်လောက်တော့ဘူး…”   ဝမ်လင်းသည် သက်ပြင်းချမိ၏။ သို့သော် သူ့ကို စိတ်လှုပ်ရှားမိစေသည်က ဒီကောင်းကင်ဘုံနွားထီးကလန်တွင် တာအိုခုနစ်ခုကလန် တည်ရှိနေခြင်းပင်။

“ဒီကောင်းကင်ဘုံနွားထီးကလန်ဟာ ကြီးမားလွန်းတယ်။ လှိုဏ်ဂူလောက အရွယ်အစား ဒါဇင်ချီလောက် ရှိတယ်။ လေဟာနယ်ကွေးညွှတ်ခြင်းကို အသုံးမပြုနိုင်ဘဲ သွားလာမယ်ဆို နှေးကွေးလွန်းမှာပဲ။ ဒီနေရာကနေ ရှေးနိုင်ငံရဲ့ နယ်မြေသုံးဆယ့်ခြောက်ခုရှိကို မြန်နှုန်းအပြည့် သွားမယ်ဆိုရင်တောင် နှစ်ရာချီ ကြာနိုင်တယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်မိ၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် သိသာစွာ ကြီးမားကျယ်ပြန့်လွန်းပေသည်။

“ထားလိုက်ပါတော့လေ…ဘာပဲဖြစ်ဖြစ် ငါ တာအိုခုနစ်ခုကလန်ကို တချက်လောက် သွားကြည့်ဖို့ လိုမယ်။ ဆရာ အဲ့မှာ မရှိတော့ရင်လည်း ဘယ်လောက်ပဲကြာကြာ ငါ သူ့ကိုကတိပေးထားတဲ့အတွက် ရှေးတောက်ကလန်ရှိ သွားကိုသွားရမယ်…”

“ဒါဟာ ရေရှည်ပန်းတိုင်ပဲ။ ဒါမတိုင်ခင် ငါ တန်လင်းကလန်ရှိ သွားရမယ်။ တန်လင်းကလန်ထဲ ဝင်ရောက်နိုင်မယ့် နည်းလမ်းအားလုံးကို ငါ အသုံးပြုရမယ်…”

ဝမ်လင်းသည် တန်လင်းရေကန်၏ ဆန်းကြယ်မှုကို တွေးမိသည့်အခါ သူ့စိတ်နှလုံးမှာ တချက်ခုန်မိ၏။

“ဒါပေမဲ့လည်း အဲ့တာတွေမတိုင်ခင် အရင်ဆုံး ငါ့သိုလှောင်နေရာလွတ်နဲ့ ပတ်သတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လိုတယ်။ အရူးနဲ့ ငွေရောင်အမျိုးသမီးတို့ ဘယ်လိုဖြစ်နေမလဲ ငါ သိချင်မိတယ်…”

ဝမ်လင်းသည် ထိုနှစ်ယောက်မှာ ကောင်းကင်ဘုံသွေးမျိုးဆက် ပိုင်ဆိုင်သည့်အတွက် အကယ်၍ သိုလှောင်နေရာလွတ်တစစီ ဖြစ်သွားလျှင်ပင် ထိုနှစ်ယောက်သည် အဆင်ပြေမည်ကို သိသည်။

စဉ်းစားနေရင်း အလင်းတန်းအဖြစ်ပြောင်းကာ သူသည် ကောင်းကင်၌ ရွှေ့လျားနေ၏။ သူ၏ကျင့်ကြံမှုအပြည့်အဝကို အသက်သွင်း၍ ခုလိုပုံစံ ပျံသန်းနေခြင်းသည် ဝမ်လင်းအနေဖြင့် အချိန်အကြာကြီး တောင့်ခံနိုင်သည့် အရာ မဟုတ်ပေ။

ခြင်သားရဲဘုရင်ကမူ ထူးခြား၏။ ထို့အတွက်ကြောင့် သည်နေရာတွင် ၎င်းကို မဆင့်ခေါ်တာ ပိုကောင်းပေမည်။

လဝက်ခန့်ကြာပြီးနောက် ဝမ်လင်းရှေ့တွင် တောင်တန်းကြီးတစ်ခု ပေါ်လာ၏။ တောင်စဉ်များစွာ ချိတ်ဆက်နေပြီး မျက်စိတဆုံးမျှ ရှိပေသည်။ အကြည့်တချက်ဖြင့်ပင် တောင်ပေါင်းတစ်သောင်းနီးပါး ရှိလေမည်။

ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ တောင်တန်းများနှင့် ပြည့်နေ၏။ ဝမ်လင်းသည် ဤအချက်ကို ခန်းယန်၏မှတ်ဉာဏ်များထဲမှ သိလာခဲ့ပြီး ဖြစ်၏။ လဝက်ခန့် သူ ပျံသန်းခဲ့ချိန်၌လည်း ဤအချက်ကို သူကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ပြီးလေပြီ။

“ဒီနေရာဟာ နေရာကောင်းပဲ…”  ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်ကာ သူသည် အောက်ဘက်ရှိ တောင်တန်းထံသို့ ဦးတည်ဝင်ရောက်လာ၏။ သူသည် သာမန်ဆန်လွန်းသော တောင်တစ်လုံးထံ တရှိန်ထိုး ဦးတည်ကာ ဝင်ရောက်လာ၏။

ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထိုတောင်၏ အတွင်းပိုင်းက ကွယ်ပျောက်ကာ ကြီးမားသော ကျောက်လှိုဏ်ဂူတစ်ခု ဖြစ်ပေါ်သည်။ ၎င်းမှာ ဝမ်လင်း၏ ယာယီလှိုဏ်ဂူ ဖြစ်ချေ၏။

သူက တောင်တန်းအတွင်း၌ ထိုင်ချကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်ပေါ်စေသည်။ မရေမတွက်နိုင်သော အတားအဆီးများ ပေါ်လာကာ တောင်ပေါ်သို့ ကျရောက်လာ၏။ သူက မည်သည့်ရတနာကိုမျှ မထုတ်ယူနိုင်ပေ။ ထို့ကြောင့် သူ့အော်ရာကို ဖုံးကွယ်ရန် အတားအဆီးများကိုသာ အသုံးပြုနိုင်၏။

ထိုတောင်တန်းကို ချိပ်ပိတ်ပြီး ခုခံကာကွယ်မှုအချို့ကို ချခင်းပြီးနောက် ဝမ်လင်းက ကောင်းကင်ဘုံဖယ်ကြဉ်ခြင်း ခေါင်းတလားကို မသိမ်းဆည်းသေးဘဲ သူ့ကျောပေါ်တွင်သာ သယ်ထား၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် လှိုဏ်ဂူလောကနှင့် မတူပေ။ သည်နေရာ၌ အစွမ်းထက်ကျင့်ကြံသူများစွာ ရှိပေ၏။ ထို့အတွက် သူသည် မတော်တဆမှု တစ်ခုခု မဖြစ်လာအောင် ကြိုကာကွယ်ထားရမည်။

သူသည် ခေါင်းတလားကို သူ့နောက်ကျောတွင် သယ်ဆောင်ထားမှသာ လုံခြုံမည်ဟု ခံစားရသည်။

“ခန်းယန်မှာ သိုလှောင်နေရာလွတ်တစ်ခု ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ အဲ့တာဟာ လှိုဏ်ဂူလောကရဲ့ သိုလှောင်နေရာလွတ်နဲ့ မတူဘူး။ သူက သူ့ကိုယ်ခန္ဓာကိုယ်ထဲမှာ သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်ခဲ့တာ။ ဒါ့ကြောင့် ဘာအတားအဆီးမှ မရှိဘူး။ သူ ကြိုက်တဲ့အချိန် သူ့ပစ္စည်းတွေကို ထုတ်ယူနိုင်တယ်…”

“ဒီလိုနည်းလမ်းမျိုးဟာ အတော်လေး ဆန်းကြယ်တယ်။ ဒါပေမဲ့ ဒါက ငါ အရင်တုန်းက လုံးဝ မမြင်ဖူးခဲ့တဲ့ အရာတော့ မဟုတ်ဘူး။ လှိုဏ်ဂူလောကမှာတုန်းက ကောင်းကင်ဘုံသားတွေလည်း ဒီလို လုပ်ခဲ့ကြတယ်…”

“တာအိုခုနစ်ခုကလန်က လူတွေလည်း ဒီလိုတူညီတဲ့နည်းလမ်းကို အသုံးပြုကြတယ်။ အတိတ်မှာတည်းက ငါ ကြိုပြင်ဆင်ခဲ့သင့်တာ…”

ဝမ်လင်းသည် သူ့ခေါင်းကို ယမ်းလိုက်၏။ သူသည် ဉာဏ်များလှသော်လည်း အရာအားလုံးကိုမူ ခြုံလွှမ်းသိနိုင်စွမ်း မရှိပါ။

ဝမ်လင်းသည် နေရာတွင် ထိုင်ချကာ သူ့ညာလက်ကို ပင့်မြှောက်၏။ သူက စတင်၍ ချီတုံချတုံ ဖြစ်လာ၏။ သူသည်  သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်ပါက မည်သည့်အကျိုးဆက်ဖြစ်လာမည်ကို မခန့်မှန်းမိနိုင် ဖြစ်ရသည်။

“လှိုဏ်ဂူလောကမှာ ငါ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်နိုင်ခဲ့တယ်။ လေဟာနယ်ထဲမှာတော့ မဖွင့်လှစ်နိုင်ခဲ့ဘူး။ အခု…ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ ရောက်နေပြီ။ ငါ ဘယ်လိုလုပ်ရမလဲ…”

ဝမ်လင်းသည် ခေါင်းကိုက်သလို ခံစားမိ၏။ သူသည် သူ့ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။

သူက သူ့ရှေ့တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်ကို မြင်သည်။ သို့သော် ၎င်းသည် ပေါ်လာသည်နှင့် အလင်းအစက်အပြောက်များအဖြစ် ပျက်စီးကုန်ကာ ဝမ်လင်းသည် မည်သည့်အရာကိုမျှ ထုတ်ယူလိုက်နိုင်ခြင်း မရှိပေ။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သို့သော် သူ့မျက်လုံးသည် တစ်ခုခုကို တွက်ချက်နေလျက် တောက်ပလို့နေသည်။ သူ ခုလေးတင် ဖွင့်လှစ်လိုက်သော သိုလှောင်နေရာလွတ်မှာ သူ ကြုံရာကျပန်း ဖန်တီးထားခဲ့သော သိုလှောင်နေရာလွတ်တစ်ခုသာ ဖြစ်၏။ ၎င်းသည် ပျောက်ကွယ်သွားလျှင်ပင် သူ့အတွက် မည်သည့်တန်ဖိုးမှ မဆုံးရှုံးလေပေ။

သူက ၎င်းကို သူ့ထင်မြင်ချက်ကို သေချာစေဖို့ အသုံးချလိုက်ခြင်း ဖြစ်၏။

“ပစ္စည်းအားလုံးကတော့ မပျက်စီးသွားဘူးပဲ။ အချို့ကတော့ ထိခိုက်ပျက်စီးသွားတယ်။ဒါပေမဲ့ ဒီပစ္စည်းတွေဟာ ဘယ်ဆီကိုမှန်းမသိ ပျံ့နှံ့ကုန်တယ်…”

ဝမ်လင်းသည် စဉ်းစားနေ၏။

“သွေးဓားကိုတော့ ထုတ်ယူရမယ်။ ပြီးတော့ ဆရာကြောင့် သိပ်သည်းသွားခဲ့တဲ့ ရွှေရောင်လက်ဝါးလည်း ရှိသေးတယ်။ ဒါဟာ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်တစ်ယောက်ရဲ့ စွမ်းအားနဲ့ ညီမျှတဲ့ စွမ်းအား ပိုင်ဆိုင်ထားပြီး ငါ့အတွက် အတော်လေး အသုံးဝင်တယ်…”

“ပြီးတော့ စိတ်ဝိညာဉ်ကျာပွတ်လည်း ရှိသေးတယ်။ ဒီကျာပွတ်ဟာ မူလစိတ်ဝိညာဉ်ကို ရင်ဆိုင်ဖို့ အထူးပြုထားတာ။ ဒါသာ သိုလှောင်နေရာလွတ်ထဲ ပျောက်ကွယ်သွားရင် နှမြောစရာ ကောင်းတယ်…”

“ဒါ့အပြင် လေဟာနယ်အတိဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်လောက် သန်မာတဲ့ ရီစီရုပ်သေးလည်း ရှိသေးတယ်။ ဒါ့အပြင် တစ္ဆေရွက်ဖျင်ကောပဲ…”

All Chapters