ပျောက်နေသောလောဘကြီး
Vol. 135 Ch. 1860
ဝမ်လင်းသည် စဉ်းစားနေ၏။ သူက ခေါင်းကိုက်သလို ခံစားမိနေသည်။
သူ ချီတုံချတုံ ဖြစ်နေစဉ် မြေကမ္ဘာမီးကို ထုတ်နှုတ်ယူကာ နဂါးပြာကလန်ကို မီးလောင်တိုက်၍ နဂါးပြာကလန်၏ တပည့်ပေါင်းထောင်ချီကို သတ်ခဲ့ကာ၊ အကြီးအကဲလေးယောက်ကို ဒဏ်ရာဆိုးဝါးစွာဖြင့် ရှုံးနိမ့်စေခဲ့သော ဝမ်ဟူအမည်ရသောတစ်စုံတစ်ယောက်၏ သတင်းသည် ပျံ့နှံ့နေလေပြီ။
နဂါးပြာကလန်က အလွန်ဒေါသထွက်နေ၏။ သူတို့က အရူးအမူး ရှာဖွေရန် တပည့်များကို စေလွှတ်ကြသည်။ ကလန်များစွာသည် နဂါးပြာကလန် မပျော်မရွှင် ဖြစ်နေသည်ကို ကြည့်ကာ ရယ်မောလှောင်ပြောင်ကြ၏။ သို့ပေမည့် တုချင်း၏ကျင့်ကြံမှုအဆင့်၊ သူနှင့် မဟာစိတ်ဝိညာဉ်ကလန်တို့၏ ပတ်သတ်မှုကြောင့် သူတို့က ပေါ်ပေါ်ထင်ထင် မလှောင်ရဲကြပေ။
နဂါးပြာကလန်သည် သည်လိုမျိုး ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားရသည်ကို တွေ့မြင်သည့်အခါ သူတို့က ကြိတ်၍ ပျော်နေကြ၏။ ထိုဝမ်ဟူသော ဆန်းကြယ်သည့်သူကို ပူးပေါင်းရှာဖွေပေးကြသည်မှာ အပေါ်ယံသာ ဖြစ်၏။
သို့ပေမည့် ဝမ်လင်းကို ရှာဖွေဖို့ အပြည့်အဝ ပူးပေါင်းပေးသော ကလန်အချို့လည်း ရှိကြသည်။
ကောင်းကင်ဘုံနွားထီးကုန်းမြေက ကြီးမားလွန်းပေ၏။ ထိုသတင်းက ဝေးဝေးသို့ ပျံ့နှံ့ခြင်း မရှိဘဲ ဒေသတစ်ခုအတွင်း၌သာ ပျံ့နှံ့သည်။
ကောက်ရီကလန် သို့မဟုတ် မဟာစိတ်ဝိညာဉ်ကလန်ကဲ့သို့ ကလန်ကြီးများက သည်လိုကိစ္စကို အာရုံစိုက်ခဲပေ၏။
ရက်များစွာ ကုန်လွန်လာခဲ့သည်။ သို့သော် မည်သည့်သဲလွန်စမျှ မရကြသေးပေ။ နဂါးပြာကလန်၏ ဘိုးဘေးအို တုချင်း၏ ဒေါသက ပိုပြင်းထန်လာ၏။ သူကိုယ်တိုင် အပြင်ထွက်လာကာ သူ့နတ်ဘုရားအာရုံကို ဧရိယာတခွင် ဖြန့်ကျက်ခဲ့၏။ သို့သော် သူလည်း မည်သည်ကိုမျှ ရှာမတွေ့ပေ။ တကယ်တော့ ကောင်းကင်ဘုံနွားထီးကုန်းမြေက ကြီးမားကျယ်ပြောလွန်းသည် မဟုတ်လား။
လူတစ်ယောက်သည် ပုန်းကွယ်ချင်ပါက ပင်လယ်ထဲက အပ်ရှာရသလို ခက်ပေလိမ့်မည်။
ဝမ်လင်း ရှိနေသော တောင်ကို နဂါးပြာကလန်၏ တပည့်များ၏ နတ်ဘုရားအာရုံများ ဝေ့ခတ်ကျော်လွှားသွားကြ၏။ သို့သော် သူတို့သည် အဝေးတွင် ရှိနေပြီး ဝမ်လင်း၏ အတားအဆီးများက သာမန်ထက်ထူးကဲသည့်အတွက်ကြောင့် သူတို့က မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ကြပေ။
တုချင်းကိုယ်တိုင် ရောက်လာခြင်း မရှိပါက မည်သူကမျှ သာမန်မဟုတ်မှုကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့ပေမည့် သူသည် ဒေါသထွက်နေသော်လည်း တည်နေရာအတိအကျ မသိဘဲဖြင့် ကိုယ်တိုင်ကိုယ်ကျ ထွက်လာကာ စစ်ဆေးကြည့်မည် မဟုတ်ပေ။
အချိန်ကုန်လွန်လာနေရင်း နဂါးပြာကလန်၏ ရှာဖွေမှုက မလျော့ပါးသွားသည့်အပြင် ပို၍ပင် အသည်းအသန် ဖြစ်လာ၏။
ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်ကို ဖွင့်ကာ သူ့ရတနာများကို မည်သို့ထုတ်ယူရမည်ဟု စဉ်းစားနေစဉ်အတွင်း ထိုရှာဖွေမှုကို သတိပြုမိပေ၏။
သည်တလတာ အချိန်အတွင်း ဝမ်လင်းက သိုလှောင်နေရာလွတ်အကြောင်းကို တွေးရုံသာမက သူ့ခန္ဓာကိုယ်ကို အားအင်ဖြစ်စေဖို့ ကောင်းကင်ဘုံစွမ်းအင်များကိုလည်း စုပ်ယူ၏။ သူသည် သည်နေရာရှိ အနှစ်သာရများနှင့် သူ့ကိုယ်ပိုင်အနှစ်သာရများကြား ကွာခြားမှုကိုလည်း လေ့လာကြည့်သေးသည်။
သူသည် တဖြည်းဖြည်း သဲလွန်စအချို့ ရလာ၏။ ဆန်းကြယ်အနှစ်သာရများအတွက် မည်သည့်ပြဿနာမှ မရှိပေ။ ထိုအနှစ်သာရတို့မှာ လှိုဏ်ဂူလောက၌ ဖြစ်စေ၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် ဖြစ်စေ မည်သို့မျှ ပြောင်းလဲမှု မရှိပေ။ တကယ်တော့ ထိုဆန်းကြယ်အနှစ်သာရများသည် ဝမ်လင်း၏ကိုယ်ပိုင်နားလည်မှုကြောင့် ဖြစ်ပေါ်လာခြင်းတည်း။
သို့သော် အထည်ဒြပ်အနှစ်သာရများကမူ မီးအနှစ်သာရကဲ့သို့ပင် ကွာခြားပေ၏။
မိုးကြိုး၊ မီးနှင့် အငယ်စားပြီးပြည့်စုံမှုသို့ ရောက်နေသော ရေအနှစ်သာရတို့မှာ အတူတူ ဖြစ်၏။ သတ်ဖြတ်ခြင်းနှင့် အတားအဆီးအနှစ်သာရတို့ကမူ တချို့ပြောင်းလဲမှုများ ရှိသော်လည်း များများစားစား မပြောင်းလဲပေ။
“အချိန်ကျတော့မယ်။ ငါ ဆက်ပြီး တွေဝေနေလို့ မဖြစ်တော့ဘူး…” သည်နေ့တွင် ဝမ်လင်းသည် လှိုဏ်ဂူအတွင်း၌ ထိုင်နေစဉ် မျက်လုံးဖွင့်လာ၏။ သူ၏အကြည့်၌ ပြတ်သားမှုတို့ ဖြစ်ပေါ်သည်။
သူသည် ဆုံးဖြတ်ချက် မပြတ်မသားသူ မဟုတ်ပေ။ သိုလှောင်နေရာလွတ်သည် သူ့အတွက် အလွန်အရေးကြီးသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူသည် ခုမျှ ချီတုံချတုံ ဖြစ်နေမည် မဟုတ်ပါ။ သို့သော် သူက ခုချိန်၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ ဖြစ်၏။
“ဒါ ပျက်စီးသွားခဲ့ရင်လည်း တချို့အရာတွေကိုတော့ ငါ ထုတ်ယူနိုင်မှာပါ။ ပြီးတော့ ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာလည်း ရတနာအသစ်တွေ ငါ ရနိုင်သေးတာပဲ…”
“ငါသာ လက်မြန်ခဲ့ရင် သိုလှောင်နေရာလွတ်က လုံးဝ မပျက်စီးသွားတာလည်း ဖြစ်နိုင်သေးတာပဲ…”
သူ့စိတ်ကို ပြင်ဆင်ပြီးနောက် ဝမ်လင်းက ဆက်၍ တွေဝေမနေတော့ပေ။ သူ၏ကျင့်ကြံမှုအပြည့်အဝက ပျံ့နှံ့လာကာ လှိုဏ်ဂူအတွင်း၌ စိမ့်ထွက်ခြင်းမရှိ စုဝေးလာ၏။ သူ၏ကျင့်ကြံမှုက လှိုဏ်ဂူထဲ၌ ဆက်လက် သိပ်သည်းနေရင်း ပတ်ဝန်းကျင်ဧရိယာသည် စတင်၍ တွန့်ခေါက်ပုံပျက်လာ၏။
သည်တွန့်ခေါက်ပုံပျက်မှုက လှိုဏ်ဂူအတွင်း၌ လှိုင်းဂယက်တစ်ခု တဖြည်းဖြည်း ပဲ့တင်ထပ်လာသည်နှင့်တူ၏။ ဒီနေရာရှိ အရာအားလုံးသည် အစိုင်အခဲအထည်ဒြပ် ဖြစ်လာသည်နှင့်တူ၏။ ဤသည်မှာ လုံးဝ အစိုင်အခဲ ဖြစ်ခြင်းတော့မဟုတ်၊ သို့သော် ဒီနေရာရှီ အရာအားလုံးသည် ပို၍ နှေးနှေးသာ ရွှေ့လျားမှု ရှိစေလေသည်။
ဝမ်လင်းက သူ့ကျင့်ကြံမှုအပြည့်အဝကို ထုတ်ဖော်ကာ ဒီလှိုဏ်ဂူကို ခုလိုပုံစံမျိုး ပြုပြင်လိုက်သည်။ ထို့အတွက် သိုလှောင်နေရာလွတ် ပျက်စီးမှုသည် နှေးဖင့်ကောင်းနှေးဖင့်သွားလိမ့်မည်။
ဝမ်လင်းအတွက် လိုအပ်သည်မှာ အချိန်ဖြစ်၏။
သူ့အော်ရာကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို အရှိန်နှေးကွေးစေသည့်နောက် ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးမှာ အရောင်တောက်လာသည်။ သူက ဘယ်လက်ကို ပင့်မြှောက်လိုက်ကာ ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေပြီး သူ့လက်ညှိုးပေါ်တွင် ရပ်တန့်ခြင်းမန္တာန်ကို စုဝေးထားလိုက်သည်။
ထို့နောက် သူက ညာလက်ကို ပင့်မြှောက်ကာ သူ့ရှေ့ရှိ လေဟာနယ်ထံ လက်ဆန့်ထုတ်သည်။ သူသည် အရင်တုန်းက ထိုသို့အကြိမ်များစွာ လုပ်ဆောင်ခဲ့ဖူး၏။ သို့သော် သည်တစ်ကြိမ်လောက် စိုးရိမ်ဗျာပါဒ မများခဲ့ပေ။ သူ လက်ဆန့်ထုတ်လိုက်စဉ် သူ့ရှေ့တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။
ထိုအက်ကြောင်းသည် ဝမ်လင်း၏သိုလှောင်နေရာလွတ် ဖြစ်၏။
ထိုအက်ကြောင်း ပေါ်လာသည်နှင့် ရပ်တန့်ခြင်းမန္တာန် စုဝေးထားသော သူ့ဘယ်လက်က ရှေ့သို့ ညွှန်သည်။ ရပ်တန့်ခြင်းမန္တာန်ကို အကြိမ်များစွာအသုံးပြုခဲ့ပြီးနောက် ၎င်းအပေါ် သူ၏နာလည်းမှုမှာ ဆင့်ကဲတိုးတက်လာခဲ့ပြီး ဖြစ်သည်။ ခုချိန်၌ ၎င်းမန္တာန်က လူများကိုသာမက အချိန်၊ ဟင်းလင်းပြင်၊ မန္တာန်နှင့် ရတနာများကိုပါ ရပ်တန့်စေနိုင်သည်။
သို့ပေမည့် ဝမ်လင်းသည် သူ လှိုဏ်ဂူလောကမှ ယူလာခဲ့သော သူ့သိုလှောင်နေရာလွတ်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ပျက်စီးခြင်းကို ရပ်တန့်နိုင်မည်လားကိုမူ မသိပေ။
ထိုအက်ကြောင်း ပေါ်လာသည်နှင့် အတွင်းမှ တစ္ဆေအလင်း ထွက်ပေါ်လာကာ ပျက်စီးမည့်အရိပ်အယောင်များ ပေါ်လာသည်။ သို့သော် အချိန်ကို နှေးကွေးအောင် လုပ်ထားသော ဒီလှိုဏ်ဂူအတွင်း၌ ရပ်တန့်ခြင်းမန္တာန်ကြောင့်ပါ ထိုပျက်စီးမှုက ခဏတာ တန့်သွားသည်။
သို့သော် ၎င်းမှာ လုံးဝ တဒင်္ဂဖြစ်၏။ ထို့နောက် အပြင်းအထန် ပျက်စီးခြင်းဆိုက်သည်။
ဝမ်လင်း၏ အာရုံစိုက်မှုက အလွန်မြင့်မား၏။ သိုလှောင်နေရာလွတ် ပွင့်လိုက်သည်နှင့် သူ့နတ်ဘုရားအာရုံသည် အရူးအမူး ပျံ့လွင့်လာကာ အရာအားလုံးကို ထုတ်ယူရန် ဟန်ပြင်သည်။
သို့သော် ထိုတဒင်္ဂရပ်တန့်မှုက ဝမ်လင်းကို အရာအားလုံးအား ထုတ်ယူဖို့ အချိန်မလုံလောက်စေပေ။ သူသည် သူ့သိုလှောင်နေရာလွတ်အတွင်း၌ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်ကို စောင့်ကြည့်နေရ၏။ အရူးနှင့် ငွေရောင်အမျိုးသမီးတို့က အက်ကြောင်းတစ်ခုနှင့် အလွန်နီးကပ်စွာ ရှိနေကာ အတွင်း၌ ပျောက်ကွယ်သွားတော့သည်။ တချိ့ရတနာများမှာလည်း ပျက်စီးသွား၏။ တချိ့က မပျက်စီးသော်လည်း ထိုအက်ကြောင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ထိုအဖြစ်အပျက်တို့မှာ မြန်လှသဖြင့် ဝမ်လင်းအဖို့ ၎င်းကို ရပ်တန့်နိုင်ဖို့ အချိန်မရပေ။ သူသည် သူ့နတ်ဘုရားအာရုံကို ခွဲထွက်ကာ ပုံတူပွားစေပြီး အက်ကြောင်းတွင်းသို့ ဝင်ရောက်သွားသော ရတနာများထံသို့ လိုက်ပါပြီး ထိုပျောက်ကွယ်သွားသော ရတနာများပေါ်သို့ နတ်ဘုရားအာရုံဖြင့် ခပ်နှိပ်လိုက်သည်။
ထိုခဏတာအတွင်း ဝမ်လင်းသည် ချွေးပြန်သွားသည်။ သူ့အသက်ရှုသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်သွားကာ သူ့မျက်လုံးတို့သည် နီရဲသွား၏။ သူသည် ရှေ့တည့်တည့်သို့ ကြည့်ကာ စဉ်းစားသည်။
သူ၏နောက်တွင် သွေးဓားနှင့် ရွှေရောင်လက်ဝါးရာတစ်ခု လွင့်မြောနေသည်။
သွေးဓား၌ သတ်ဖြတ်ခြင်းဆန္ဒ ပြည့်နှက်၏။ ရွှေရောင်လက်ဝါးရာသည် လေဟာနယ်အတိဒုက္ခ အော်ရာကို ပေးစွမ်းသည်။ ၎င်းလက်ဝါးရာမှာ နေကိုးစင်းထဲမှ တစ်ယောက်ကြောင့် ဖြစ်ပေါ်လာသဖြင့် ၎င်းထံ၌ မဟာအင်ပါယာတစ်ယောက်၏ အော်ရာ အငွေ့အသက်လည်း ရှိနေသည်။
“တချို့အရေးကြီးတဲ့ မပျက်စီးသွားတဲ့ ရတနာအချို့ ရှိသေးတယ်။ ဒါပေမဲ့ ဒီရတနာတွေဟာ အက်ကြောင်းတွေရဲ့ ဝါးမြိုတာ ခံလိုက်ရတယ်။ ဒီ့အတွက် ငါ ကြိုပြင်ဆင်ထားတဲ့အနေနဲ့ ၎င်းတို့ပေါ်မှာ ငါ့နတ်ဘုရားအာရုံကို ချန်ထားခဲ့လိုက်တယ်။ ဒါ့ကြောင့် တနေ့ကျရင် ငါ ဒီရတနာတွေကို ပြန်ရှာချင်ရှာနိုင်မှာ…”
“အရူးနဲ့ ငွေရောင်အမျိုးသမီးတို့ကတော့…ဟူး…” ဝမ်လင်းက သက်ပြင်းချမိ၏။ သူသည် အကောင်းဆုံး လုပ်ခဲ့ပြီး ဖြစ်သည်။
“ငါ့ သိုလှောင်နေရာလွတ်ကို နောက်ထပ် အကြိမ်အနည်းငယ်လောက်ပဲ ဖွင့်လှစ်နိုင်တော့မှာ။ ဒါပေမဲ့ ဒါကို ဖွင့်လှစ်တိုင်းမှာ ပျက်စီးမှုက ပိုဆိုးလာပြီး အဆုံးသပ်မှာ လုံးဝ ပျက်စီးသွားလိမ့်မယ်။ ရီစီရုပ်သေးဟာ အဲ့အထဲမှာ ရှိနေသေးတယ်။ ငါ ဒါကို ပျောက်ကွယ်သွားစေလို့ မဖြစ်ဘူး…”
ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်၏။ သူ့ပတ်လည်ရှိ အချိန်ကို နှေးစေသည့်အော်ရာမှာလည်း တဖြည်းဖြည်း ပြန့်ကြဲသွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူ့ရှေ့ရှိ သွေးဓားနှင့် ရွှေရောင်လက်ဝါးတို့ကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်သွား၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ သူက သိုလှောင်နေရာလွတ်ကို သူ့ခန္ဓာကိုယ်အတွင်း၌ ဖန်တီးသည့် နည်းလမ်းကို အသုံးပြုသည်။ သူက ထိုနည်းလမ်းကို ခန်းယန်ထံမှ သိခဲ့ခြင်း ဖြစ်၏။ သူ့ညာလက်ကောက်ဝတ်ပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာချေသည်။
ထိုအက်ကြောင်းအတွင်း၌ လုံးဝနက်မှောင်နေကာ အတွင်းမှစုပ်အားတစ်ခု ထွက်ပေါ်နေသည်။ ၎င်းက သွေးဓားနှင့် ရွှေရောင်လက်ဝါးတို့ကို စုပ်ယူပြီးနောက် ဝမ်လင်း၏လက်ကောက်ဝတ်တွင် ပျောက်ကွယ်သွားတော့သည်။
“လူတစ်ယောက်ရဲ့ သွေးမျိုးဆက်နဲ့ သိုလှောင်နေရာလွတ်တစ်ခု ဖွင့်လှစ်ခြင်း။ ဒီလိုအရာမျိုးဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက လူတွေသာ ကောင်းကောင်းလုပ်နိုင်တဲ့ အရာမျိုးပဲ…”
ဝမ်လင်းသည် စဉ်းစားနေရင်း သူ့ညာလက်ထံမှ သွေးအလင်းလင်းလက်ကာ သွေးဓား ပျံသန်းထွက်လာသည်။ ထို့နောက် ပျောက်ကွယ်သွား၏။ ရွှေရောင်အလင်း ပေါ်လာပြီး ဝမ်လင်း၏ညာလက်တွင် ရွှေရောင်လက်ဝါးရာ ပေါ်လာတော့သည်။
ဝမ်လင်းသည် ထိုသို့အခါခါ ပြုလုပ်ကာ ဒီဖြစ်စဉ်နှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်သည်။ သူသည် တိုက်ပွဲအတွင်း သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်ရာ၌ မတော်တဆ တစ်ခုခု မဖြစ်စေရန် သေချာစေမှ ဖြစ်ပေမည်။ မဟုတ်ပါက သူ့အတွက် ထိခိုက်နိုင်၏။
“ရတနာအချို့ ဆုံးရှုံးသွားတော့ရော ဘာဖြစ်သေးသလဲ။ ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ နောက်ထပ်ရတနာအချို့ ထပ်ရနိုင်သေးတာပဲ…”
ဝမ်လင်းသည် လှိုဏ်ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ လောဘကြီးလည်း ရှိနေလောက်တယ်။ သူ ဒီမှာ ရှိနေသ၍ ငါ့အတွက် ရတနာရှားမှာ မဟုတ်ဘူး။ လောဘကြီး…အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ငါတို့ ပထမဆုံး ပြန်တွေ့ဆုံဖို့အတွက် ငါ သင့်ကို လာရှာမယ်…”
ဝမ်လင်းသည် ခပ်ရေးရေး ပြုံးလိုက်မိ၏။
“ဒါပေမဲ့ ဒီလောဘကြီးဟာ ထူးခြားလွန်းတယ်။ သူဟာ ချင်းရွှေလိုမျိုး ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ စိတ်ဝိညာဉ်အပိုင်းအစတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ သူဟာ လှိုဏ်ဂူလောကထဲကနေ ထွက်သွားနိုင်နေတယ်။ မဟာအင်ပါယာ ရွှမ်လော ကူညီပေးခဲ့သလိုမျိုး သူဟာ တခြားမဟာအင်ပါယာတစ်ယောက်ရဲ့ အကူအညီကိုပါ ရလိုက်သေးတယ်…။ ဒီကိစ္စဟာ သိပ်မရှင်းဘူး…”
ထိုမေးခွန်းသည် ဝမ်လင်း၏စိတ်ထဲ၌ ရှိနေသည်မှာ ကြာပြီ ဖြစ်၏။ သို့သော် သူသည် အဖြေကို မခန့်မှန်းကြည့်နိုင်ပေ။
“ထားလိုက်တော့…ငါ အနာဂတ်မှာ လောဘကြီးနဲ့ တွေ့ရင်တော့ ဒီထက်ပိုသိလာနိုင်တယ်။ အခု ဒီအကြောင်းထပ်တွေးတာဟာ အဓိပ္ပာယ်မရှိဘူး။ အရင်ဆုံး မြေကမ္ဘာမီးနဲ့ငါ့မီးအနှစ်သာရ ပြဿနာကို ဖြေရှင်းရအုံးမယ်။ နဂါးပြာကလန်ရဲ့ တုချင်းဟာ အားမနည်းလှဘူး။ သူသာ ငါ့ကို ရှာတွေ့ရင် ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်…”
“ငါဟာ ခုမှ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်ခါစဖြစ်တဲ့အတွက် ပြဿနာကြီးကြီးမားမား မတက်စေချင်ဘူး။ ဒါပေမဲ့ အခု ငါ့ပုံရိပ်ကို ပိုမြင့်မားအောင် လုပ်ဖို့ လိုတော့မယ့်ပုံပဲ။ ဒါမှသာ ငါဟာ ခိုင်မာတဲ့ခြေကုပ်တစ်ခု ရနိုင်မှာ…”
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။
ကောင်းကင်ဘုံသားများ၏ အင်ပါယာမြို့တော်အတွင်း၌ အလွန်ခမ်းနည်းကြီးကျယ်သော နန်းတော်တစ်ခု ရှိလေသည်။ ထိုနန်းတော်သည် ပေရာချီ မြင့်မားကာ ကောင်းကင်ဘုံနန်းတော်တစ်ခုအလား။
ထိုနန်းတော်ထံမှ ရွှေရောင်အလင်း တလျှံ့လျှံ တောက်ပစွာ ထွက်ပေါ်နေ၏။ အဝေးမှ ကြည့်လျှင်ပင် တောက်ပလွန်းသောအလင်းကို မြင်နိုင်သည်။
မဟာခန်းမအတွင်း၌ ကြီးမားသော နဂါးထိုင်ခုံတစ်ခု ရှိလေကာ နဂါးကိုးကောင်အင်ပါယာဝတ်ရုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ထိုခုံပေါ်တွင် ထိုင်နေသည်။ သူက မျက်လုံးမှိတ်ထား၏။ သို့သော် သည်အခိုက်တွင် သူသည် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးသူငယ်အိမ်တို့မှာ နေမင်းအလား။ သူ၏မြင့်မြတ်သောသွေးအော်ရာသည် ပျံ့လွင့်နေသည်။ သူ၏ခန္ဓာကိုယ်ထံမှ အတိုင်းမသိဖိအားတစ်ခု ထွက်ပေါ်နေ၏။
“အင်ပါယာဆရာသခင် ရှေ့ဖြစ်ကြည့်ခဲ့တာကတော့ တောက်ဖေ(အရူး) ပျောက်သွားခဲ့တာဟာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူးတဲ့။ ကံကောင်းမှုတစ်ခုတောင် ဖြစ်နိုင်သေးတယ်လို့ ဆိုတယ်။ အခု သူ့အော်ရာဟာ နတ်ဘုရားသင်္ချိုင်းမှာ ပြန်ပေါ်လာခဲ့ပြီ။ ဒါ့ကြောင့် ငါ သူ့ကို ပြန်သွားခေါ်ရမယ်။ အယ်…သူ့ဘေးမှာ မိန်းမတစ်ယောက်လည်း ရှိနေတာပဲ…”
ထိုအင်ပါယာဝတ်ရုံဖြင့် သက်လတ်ပိုင်းလူ၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူ့ညာလက်ကို သူ့ရှေ့ရှိ လေဟာနယ်ထံသို့ ဆန့်ထုတ်လိုက်သည်။