အထောက်အပံ့
Vol. 135 Ch. 1861
အင်ပါယာဝတ်ရုံဖြင့် သက်လတ်ပိုင်းလူက လက်ဆန့်ထုတ်လိုက်သည့်အခါတွင် ခန်းမထဲ၌ ဝဲကတော့တစ်ခု ပေါ်လာသည်။ တစ္ဆေအလင်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းအလင်းက မည်သည့်နေရာသို့ ဦးတည်သည်မှန်း မသိရပေ။
ထိုဝဲကတော့အတွင်း၌ တဝီဝီမြည်သံ ပဲ့တင်ထပ်ကာ ဝိုးတဝါးအရိပ်နှစ်ခု ပေါ်လာပြီးနောက် ထိုသက်လတ်ပိုင်းလူ၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
ထိုပုံရိပ်နှစ်ခုမှာ သတိမေ့နေသော အရူးနှင့် ငွေရောင်အမျိုးသမီးတို့ ဖြစ်ကြ၏။
သက်လတ်ပိုင်းလူက ထိုအမျိုးသမီးကို လစ်လျူရှုကာ သူ့အကြည့်က အရူးပေါ်၌သာ ကျရောက်နေ၏။ သူသည် မျက်မှောင်ကြုတ်ကာ ရှေ့လှမ်းလာသည်။ သူ လှမ်းလာစဉ် အရူး၏ခန္ဓာကိုယ်သည် ထူးဆန်းစွာ လေထဲသို့ မြောက်တက် လွင့်မြောလေ၏။ သက်လတ်ပိုင်းလူက အရူး၏ရင်ဘက်ပေါ်သို့ လက်ဖြင့် ဖိလိုက်သည်။
အစွမ်းထက်ကောင်းကင်ဘုံစွမ်းအင်က အရူး၏ခန္ဓာကိုယ်တွင်းသို့ တရဟော ဝင်ရောက်သွားသည်။ ခဏအတွင်း သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။
ထိုအစွမ်းထက်လှသော ကောင်းကင်ဘုံစွမ်းအင်တို့က အရူး၏ သွေးမျိုးဆက်ကို လှုံ့ဆောက်ကာ သူ့ပိတ်နေသော သွေးကြောများကို ပွင့်ဟစေသည်။
သို့ပေမည့် အရူးသည် သတိလစ်နေဆဲ ဖြစ်ကာ နိုးမလာသေးပေ။
“အန်…” သက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်ကတာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ သူ၏နောက်တွင် ကြီးမားသောနေမင်းအရိပ် ပေါ်လာသည်။ ထိုအရိပ်က နန်းတော်တခုလုံးကို ခြုံလွှမ်းသွားကာ လောကသို့ ပျံ့နှံ့သည်။ အဝေးမှ ကြည့်ပါက ရွှေရောင်နေတစင်းသည် နန်းတော်ကို ခြုံလွှမ်းထားသည်အား မြင်ရလိမ့်မည်။
“တောက်ဖေ…နိုးလာတော့…” သက်လတ်ပိုင်းလူက သူ့ညာလက်ကို ဝေ့ယမ်းကာ အရူး၏ရင်ဘက်ပေါ်သို့ ဖိချလိုက်ချေ၏။ ရွှေရောင်ကောင်းကင်ဘုံစွမ်းအင်သည် အရူး၏ခန္ဓာကိုယ်တွင်းသို့ တရကြမ်း တိုးဝင်ကာ သူ့ဦးခေါင်းထံ ဦးတည်သည်။ ၎င်းသည် ချက်ခြင်းပင် သူ၏ ပိတ်နေသော သွေးကြောများနှင့် သွေးကြောမျှင်များကို ပွင့်ဟသွားစေသည်။
ယင်းတို့ ပွင့်ဟသွားပြီးနောက် နှစ်ပေါင်းများစွာကြာ စုဝေးနေသော ရူးသွပ်ခြင်းအော်ရာသည် ပြန့်ကြဲသွားချေသည်။
“အစ်ကိုကြီး…” ထိုအခိုက်တွင် အရူး၏မျက်နှာမှာ နီမြန်းလာပြီး သူ မျက်လုံးဖွင့်လာ၏။ သူက အံ့အားသင့်ဟန် အော်ဟစ်လိုက်မိပြီး သွေးအန်ထုတ်ကာ ထပ်မံ သတိလစ်သွားပြန်သည်။
သက်လတ်ပိုင်းလူ၏မျက်မှောင်မှာ တဖြည်းဖြည်း ပြေလျှော့လာ၏။ သူ့နောက်မှ နေမင်းအရိပ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“မင်းသား တောက်ဖေကို အနားယူဖို့ ပို့ဆောင်ပေးလိုက်။ ဒီအမျိုးသမီးကိုပါ ပို့ဆောင်လိုက်…” ထည်ဝါကြီးမြတ်သောအသံ ထွက်ပေါ်လာစဉ် ခန်းမအတွင်း၌ ရွှေရောင်အခိုးငွေ့အမျှင်တန်းနှစ်ခု ပေါ်လာ၏။ ယင်းတို့က အမျိုးသမီးနှစ်ယောက်အဖြစ်သို့ ပြောင်းသည်။ သူတို့က အင်ပါယာဝတ်ရုံဖြင့် အမျိုးသားကို ဦးညွှတ်လိုက်ပြီးနောက် သတိမေ့နေသော အရူးနှင့် ငွေရောင်အမျိုးသမီးတို့ကို ခန်းမအတွင်းမှ သယ်ဆောင်သွားကြသည်။
အင်ပါယာဝတ်ရုံဖြင့်လူက နဂါးထိုင်ခုံတွင် ထိုင်ချကာ သူ့မျက်လုံးကို ဖြည်းဖြည်းချင်းမှိတ်ပြီး စဉ်းစားခန်းဝင်သည်။ “တောက်ဖေ ပျောက်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဘာတွေ ဖြစ်ခဲ့လဲ ငါ မသိဘူး။ သူ ဒဏ်ရာအပြင်းအထန် ရထားခဲ့တယ်။ သူ့သွေးမျိုးဆက်ဟာလည်း နည်းနည်း အားနည်းသွားတယ်။ သူ နိုးလာတဲ့အခါကျရင်တော့ ငါ သူ့ရှိ အကျိုးအကြောင်း သိရမှာပဲ…”
ခုလက်ရှိ၌ ဝမ်လင်းသည် သူဖန်တီးထားသော တောင်အတွင်းရှိ လှိုဏ်ဂူထဲ၌ ရှိနေသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မီးပင်လယ်တစ်ခုက သူ့အား ဝန်းရံသည်။
ထိုမီးပင်လယ်သည် အပြင်းအထန် လောင်ကျွမ်းနေပြီး သူ၏နောက်၌ တဖြည်းဖြည်း ကြီးမားသောဟင်္သာငှက်အဖြစ်သို့ ပြောင်းသည်။ ထိုဟင်္သာငှက်က ဝမ်လင်းကို လှည့်ပတ်ရာ မီးပင်လယ်သည် ပို၍ အပြင်းအထန် လောင်ကျွမ်းလာသည်။
သူ တချိန်လုံး သယ်ဆောင်ထားသော ကောင်းကင်ဘုံဖယ်ကြဉ်ခြင်းခေါင်းတလားကို ဝမ်လင်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ သိုလှောင်နေရာလွတ်အသစ်ထဲသို့ ထည့်သိမ်းလိုက်၏။ သည်အခိုက်တွင် သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ၏ပတ်လည်ရှိ မီးပင်လယ်သည် မီးနဂါးခုနစ်ကောင်အဖြစ်သို့ ပြောင်း၍ သူ့ဘယ်မျက်လုံးအတွင်းသို့ ဝင်ရောက်သည်။
ယင်းတို့ကို သူ့ဘယ်မျက်လုံးက ချက်ခြင်း စုပ်ယူလိုက်ရာ ဝမ်လင်း၏ဘယ်မျက်လုံးတွင် မီးတောက်အသွင်အမှတ်အသားတစ်ခု ပေါ်လာသည်။
ထိုအမှတ်အသားက တဖျတ်ဖျတ် လင်းလက်၏။
“ငါ့ကိုယ်ပိုင်မီးအနှစ်သာရဟာ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်သလို ၎င်းဟာ ငါ လှိုဏ်ဂူလောကမှာ ရှိခဲ့တဲ့အချိန်ကထက် အနည်းငယ်တောင် ပိုအားကောင်းလာသေးတယ်။ ဒါပေမဲ့ ဒါဟာ ဒီကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ မြေကမ္ဘာမီးနဲ့ မယှဉ်နိုင်သေးဘူး…”
“အရှင်သခင်ကသာ ဒီမီးအမျိုးအစားနှစ်ခုကြား ဆုံးဖြတ်နိုင်ရမယ်။ မဟုတ်ရင် ငါသာ မီးအနှစ်သာရနဲ့ တခြားတယောက်နဲ့ဆုံရင် သူတို့က တချက်ကြည့်ရုံနဲ့ တခုခုမှားနေတာ ပြောနိုင်လိမ့်မယ်။ ဒါ့အပြင် ဒီမှာရှိတဲ့ မြေကမ္ဘာမီးဟာ ကွဲပြားပြီး ငါ့ကိုလည်း ဆိုးကျိုး ဖြစ်စေနိုင်တယ်…” ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်သည်မှာ တလ ပြည့်ခဲ့လေပြီ။ သူသည် ကွဲပြားခြားနားမှုများကို ခံစားမိနိုင်၏။
လှိုဏ်ဂူလောက၌ လောကရှိ မီးအားလုံးကို သူ ထိန်းချုပ်နိုင်ပေသည်။ သူသည် မီးတို့၏အင်ပါယာကဲ့သို့ ဖြစ်ကာ မီးအနှစ်သာရ ကုန်ဆုံးမှုနှင့် ပတ်သတ်၍လည်း လုံးဝ စိုးရိမ်စရာ မလိုခဲ့ပေ။ သူ အသက်ရှုနေသ၍ သူက မီးအနှစ်သာရကို အားဖြည့်တင်းနိုင်၏။
သို့သော် ၎င်းမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ မတူတော့ပေ။ သူသည် အပြင်လူတစ်ယောက် ဖြစ်ရုံသာမက သူ့မီးအနှစ်သာရမှာလည်း အပြင်ဘက်က ဖြစ်နေ၏။ ဒီနေရာ၌ မီးစွမ်းအားအတွက် အားဖြည့်တင်းဖို့ သူ့အတွက် ခက်ခဲလွန်းပေမည်။
ထိုအခြေအနေက သူ့ထက် အားနည်းသောတယောက်ယောက်နှင့် ဆုံပါက ပြဿနာ မဟုတ်ပေ။ သို့သော် သန်မာသောသူနှင့် ရင်ဆိုင်ရပါက အားနည်းချက်ကြီး ဖြစ်လာလိမ့်မည်။ နဂါးပြာကလန်၌ ဝမ်လင်းသည် မြေကမ္ဘာမီးစိတ်ဝိညာဉ်ကို ထုတ်နှုတ်ယူခဲ့သည်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တော့ ထိုသို့မရိုးစင်းပေ။
သူသည် နဂါးပြာကလန်မှ ထွက်ခွာဖို့အတွက် မြေကမ္ဘာမီးစိတ်ဝိညာဉ်ကို အမှန်တကယ် ထုတ်နှုတ်ယူခဲ့ဖို့ မလိုပေ။ သူက ဒီနေရာရှိ မီး၏ တွန်းကန်အားကို စစ်ဆေးကြည့်ချင်ခဲ့သည့်အတွက်ကြောင့်သာ ထိုစိတ်ဝိညာဉ်ကို ထုတ်နှုတ်ယူခဲ့ခြင်း ဖြစ်၏။
ထိုတွန်းကန်အားက အလွန်အားကောင်း၏။ ဝမ်လင်း၏ အစွမ်းထက်သော ဖိနှိပ်မှုအောက်၌ပင် ထိုမီးနဂါးက သူ နဂါးပြာကလန်မှ ထွက်ခွာလာသည့်နောက် ပုန်ကန်ဖို့ ကြိုးစားခဲ့၏။ အဆုံးသပ်၌ ဝမ်လင်းက ၎င်းကို ဖိနှိပ်ခဲ့ရာ မီးနဂါးသည် မြေပြင်အတွင်း ပျောက်ကွယ်သွားခဲ့လေ၏။
“ဒီနေရာမှာ ရှိတဲ့ မီးရဲ့ တွန်းကန်အားက ပြင်းထန်လွန်းတယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ မီးက ငါ့ကို အသိအမှတ် မပြုတော့ ငါလည်း ၎င်းကို အသိအမှတ်ပြုဖို့ မလိုတော့ဘူး။ ငါ ဒါကို ဖိနှိပ်ပြီး ငါ့ခွန်အားကို မြှင့်တင်ဖို့ စုပ်ယူရမယ်…”
ဝမ်လင်း၏မျက်လုံးထံမှ အေးစက်စက်အကြည့် လှစ်ဟပေါ်၏။ အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီးနောက် သူက မျက်လုံးမှိတ်လိုက်သည်။ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် သူ့ဘယ်မျက်လုံးတွင်းသို့ ဝင်ရောက်လာပြီးနောက် ဟင်္သာငှက်အဖြစ်သို့ ပြောင်းကာ ထိုးထွက်လာချေသည်။
ထိုဟင်္သာငှက်မှာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ဖြင့် ဖြစ်ပေါ်လာခြင်းတည်း။ ၎င်းသည် လှိုဏ်ဂူထဲ၌ အပူချိန်ကို မြင့်မားသွားစေပြီးနောက် မြေအောက်သို့ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်ဘုံနွားထီးကုန်းမြေတခုလုံးသည် တောင်တန်းများအောက်ဘက်ရှိ ကုန်းမြေတခွင် ပျံ့နှံ့နေသော ကြီးမားသည့် မြေကမ္ဘာမီးကြော ရှိပေသည်။ ဝမ်လင်း၏မူလစိတ်ဝိညာဉ် မြေအောက်သို့ ဝင်ရောက်လာစဉ် ရှိသေး သူသည် အောက်ဘက်မှ ထွက်ပေါ်လာသောအပူဓာတ်ကို ခံစားမိလိုက်သည်။
ထိုအပူဓာတ်အော်ရာက မူလစိတ်ဝိညာဉ်အတွက် အလွန်ဘေးဖြစ်စေနိုင်၏။ သို့သော် ၎င်းက ဝမ်လင်းအတွက်မူ ပြဿနာ မရှိပေ။ သူသည် အောက်ခြေသို့ ဆက်သွားနေစဉ် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အပူလှိုင်းက ဒီမြေကမ္ဘာမီးကို ခုခံသည်။
သူ၏မူလစိတ်ဝိညာဉ်က မြေအောက်သို့ သွားနေခြင်းကြောင့် ဝမ်လင်း ရုပ်ပိုင်းအသွင်နှင့် ရှိနေချိန်နှင့် မြင်ရသည့်မြင်ကွင်းမှာ လုံးဝ မတူတော့ပေ။ သည်နေရာတွင် မြေကြီးထု မရှိပါဘဲ မီးအစက်အပြောက်များသာ ရှိနေ၏။ ၎င်းမှာ မီးကမ္ဘာတစ်ခုအလား။
သူသည် မြေပြင်အတွင်းနက်ပိုင်းထိ သွားနေစဉ် အကွာအဝေးတစ်ခုမှ ဟိန်းအော်သံ ကြားရ၏။ ထိုအော်သံက လူတစ်ယောက်၏နားဖြင့် မကြားနိုင်၊ မူလစိတ်ဝိညာဉ်ဖြင့်သာ ရှင်းရှင်းလင်းလင်း ခံစားမိနိုင်၏။ ထိုအော်သံ ထွက်ပေါ်လာသည့်အခါ ပိုပြင်းထန်သောအပူလှိုင်းက ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်သည်။
ထိုအပူလှိုင်းရှိ အပူချိန်မှာ ရတနာအားလုံးကို အရည်ပျောက်စေနိုင်လောက်သည်။ သက်ရှိဖြစ်တည်မှုများ၏ စိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်းစေနိုင်လောက်သည်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ ထိုဟိန်းအော်သံက ပို၍ စိန်ခေါ်လိုသည့်ပုံ ပေါ်လာကာ မတူညီသောမီးအမျိုးအစားနှစ်ခုသည် ထိပ်တိုက်တွေ့ချေပြီ။
ထိုဟိန်းအော်သံ ပဲ့တင်ထပ်လာစဉ် ဝမ်လင်းကနေ ဖြစ်ပေါ်သော ဟင်္သာငှက်ကလည်း စူးစူးရှရှ အော်မြည်သံ ပြု၏။ ၎င်းအသံမှာ ဟင်္သာငှက်အော်မြည်သံ ဖြစ်၏။ ယင်းအသံက ဓားသွားအလား ထက်ရှလာကာ မြေပြင်အတွင်းသို့ ထွင်းဖောက်၍ တခြားဟိန်းအော်သံ၏ ဇာစ်မြစ်ထံ ဦးတည်သည်။
ဝမ်လင်းသည် ပိုနက်သော မြေအောက်သို့ မြန်ဆန်စွာ တိုးဝင်လာနေ၏။ သူသည် အသက်ရှိုက်စာအနည်းငယ်အတွင်း အကွာအဝေးများစွာကို ဖြတ်သန်းလာခဲ့ပြီးဖြစ်ကာ ဟိန်းအော်သံ၏ ဇစ်မြစ်ထံ မကြာမီတွင် ရောက်လာချေ၏။
ပေရာချီရှိသော မီးနဂါးတစ်ကောင် ရှိနေကာ ၎င်းထံမှ အနီရောင်တောက်ပမှုကို ပေး၍ ပြင်းထန်ကြမ်းရင့်သော အော်ရာက ထိုနဂါးကို လွှမ်းခြုံထားသည်။ ထိုမီးနဂါးက နေရာတွင် ခွေနေပြီး ဝမ်လင်း၏ဟင်္သာငှက်ကို စိုက်ကြည့်သည်။ ဝမ်လင်း နီးကပ်လာစဉ် ၎င်းက နောက်ထပ်ဟိန်းအော်လိုက်၏။
ထိုမြင်ကွင်းသည် အလွန်တုန်လှုပ်ဖွယ်ပင်။ မြေအောက်လောက၌ နဂါးနှင့်ဟင်္သာငှက်တို့ တွေ့ကြလေပြီ။ ဟိန်းအော်သံနှင့် အော်မြည်သံတို့က ထိပ်တိုက်တွေ့ကာ ထိုနှစ်ကောင်ကြား မီးတိုက်ပွဲတစ်ခု စတင်ပေပြီ။
လူတစ်ယောက်၏ နတ်ဘုရားအာရုံဖြင့် ကြည့်ပါက ဤမြင်ကွင်းကို တွေ့မြင်နိုင်၏။ သို့သော် သူတို့သည် ဒီနေရာတွင် ရှိနေပြီး ပကတိမျက်စိဖြင့် ကြည့်ပါက လုံးဝ ကွဲပြားသော အရာတစ်ခု ဖြစ်ပေလိမ့်မည်။ သူတို့သည် ဧရာမမီးသွေးကြောတစ်ခုကိုသာ မြင်နိုင်မည် ဖြစ်ပြီး ထိုမီးကြောက အနီရောင်ရှိကာ မြေအောက်၌ လောင်ကျွမ်းလျက် အဆုံးမဲ့အပူဓာတ်ကို ထုတ်လွှတ်နေသည်ကိုသာ တွေ့ရလိမ့်မည်။
ထိုကြီးမားသော မီးသွေးကြောမှာ ဝမ်လင်းကို ဟိန်းအော်နေသော မီးနဂါး ဖြစ်ပေ၏။ ထိုမီးနဂါးမှာ ဒီမီးသွေးကြောအခွဲ၏ စိတ်ဝိညာဉ်ပင်။
အလားတူပင် လူတစ်ယောက်က ပကတိမျက်စိဖြင့် ဝမ်လင်း၏ဟင်္သာငှက်ကို ကြည့်ပါကလည်း သူတို့သည် ဟင်္သာငှက်တစ်ကောင်ကို မြင်ရလိမ့်မည် မဟုတ်၊ တခြားနေရာမှ လာနေသော မီးတစ်ခုဟုသာ မြင်ရလိမ့်မည်။ ထိုမီးမှာ ဒီနေရာရှိ မီးနှင့် အတူတူ မတည်ရှိနိုင်ချေ။
သည်လောက၌ မီးဟု ခေါ်နိုင်သော စကားတစ်ခွန်းသာ ရှိ၏။ မီးကို ကိုယ်စားပြု၍ ရံဖန်ရံခါ မီးတောက်ဟု ခေါ်နိုင်သည်။ သို့သော် ယင်းစကားလုံးက မီးဟူသော တခွန်းတည်းစကားကို လုံးဝအစားထိုး၍ မရနိုင်ပေ။
မီးဟူသည်ကား လွှမ်းမိုး၏။ ၎င်းသည် အတူယှဉ်တွဲ မတည်ရှိနိုင်၊ တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်နိုင်သည်။
မီးနဂါးသည် ဟိန်းဟောက်ကာ ရှေ့သို့ တိုးဝင်လာ၏။ ၎င်း၏ခန္ဓာကိုယ်ကို သိပ်သည်းသောမီးက ဝန်းရံထားလျက် ဝမ်လင်း၏ဟင်္သာငှက်ထံ ဦးတည်လာသည်။ ၎င်းက ပါးစပ်ဟကာ ဟင်္သာငှက်ကို ဝါးမြိုရန် ကြိုးစားသည်။
ဝမ်လင်း ဟင်္သာငှက်၏မျက်လုံးတို့က တောက်ပသွားပေသည်။ မီးသွေးကြော၏ အခွဲအခတ်တစ်ခု၏ စိတ်ဝိညာဉ်က ဝမ်လင်းကို နောက်ဆုတ်စေဖို့ အရည်အချင်း မရှိပါ။ ဟင်္သာငှက်သည် အော်မြည်သံပေးကာ ပါးစပ်ဟထားသော မီးနဂါးထံ တိုးဝင်လာ၏။
“ဒီလောကမှာ ရှိတဲ့ မီးအားလုံးဟာ ငါ့အမိန့်ကို နာခံရမယ်။ ၎င်းရဲ့ သခင်အဖြစ် ငါ့ကို ပူဇော်ရမယ်…။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ မီးတောင် ငါ့ကို နာခံရမယ်…”
ဝမ်လင်း၏နတ်ဘုရားအာရုံသည် မီး၏လွှမ်းမိုးနိုင်သော သဘာဝဖြင့် မြေအောက်၌ ပဲ့တင်ထပ်သည်။
မီးနဂါးသည် ဟင်္သာငှက်ကို ဝါးမြိုကာ နာကျင်သောဟန်ပန် ဖြစ်ပေါ်၏။ ၎င်း၏ခန္ဓာကိုယ်သည် တွန့်လိမ်ကာ မီးများသည် ၎င်းထံမှ ပန်းထွက်၏။ ဟင်္သာငှက်သည် တဖြည်းဖြည်း မီးနဂါးအတွင်း၌ ပေါ်လာသည်။ ၎င်းသည် တဖြည်းဖြည်းကြီးမားလာကာ မီးနဂါးကို ခြုံလွှမ်းပစ်၍ ထင်ထင်ရှားရှား ပေါ်လာချေ၏။
၎င်းဟင်္သာငှက် ထင်ရှားလာသည့်အခါ ၎င်းသည် မီးနဂါးထံမှ ထွက်ပေါ်နေသော မီးကို ဆက်လက် စုပ်ယူသည်။ ၎င်းက ပို၍ အားကောင်းလာရင်း မီးနဂါး၏ ဟိန်းအော်သံက အားပျော့လာသည်။ သို့ပေမည့် မီးနဂါးသည် စုပ်ယူခံနေရစဉ် ပို၍ပင် အပြင်းအထန် စတင်ရုန်းကန်လာ၏။
ဝမ်လင်း ရှိနေသော မြေအောက်၌ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ မြေကြီးထုသည် တုန်ယင်ကာ မြေအောက်မှ မီးများ ပန်းထွက်ကာ ပွင့်ဟလောင်ကျွမ်းသည်။
ထိုဖြစ်စဉ်က သိပ်မကြာလိုက်ပေ။ အမွှေးတိုင်တစ်တိုင်စာမျှ ကြာမြင့်ပြီးနောက် မြေအောက်မှ ပန်းထွက်လာသော မီးများသည် ချက်ခြင်း ကြုံ့သွားကာ မြေအောက်အတွင်းနက်ပိုင်းထဲရှိ အက်ကြောင်းများအတွင်း လွင့်ပြယ်ပျောက်ကွယ်သည်။ မီးနဂါးက ရုန်းကန်နေသည်ကို ရပ်တန့်သွားကာ ဟင်္သာငှက်သည် အပြည့်အဝ ထင်ရှားလာတော့၏။ ၎င်းက မျက်လုံးဖွင့်ကာ အေးစက်စက်အကြည့်ကို ထုတ်ဖော်သည်။
“မီးသွေးကြောအခွဲတစ်ခုရဲ့ စိတ်ဝိညာဉ်ကို စုပ်ယူလိုက်တဲ့နောက် ငါ့မီးအနှစ်သာရဟာ များစွာ အားကောင်းလာတယ်…” ဟင်္သာငှက်က မီးပင်လယ်အဖြစ် ပြောင်းကာ မြေပြင်ပေါ်သို့ ပြန်တက်လာ၏။ ၎င်းက ဝမ်လင်း၏ဘယ်မျက်လုံးအတွင်းသို့ ဝင်ရောက်သည်။
ဝမ်လင်းမူလစိတ်ဝိညာဉ် ပြန်ရောက်လာသည့်အခါ၌ သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် မျက်လုံးဖွင့်လာသည်။
“ငါ့အတွက် ဒီလိုမျိုး ဖြည့်တင်းပေးနိုင်မှုဟာ ရှားလှတယ်…” ဝမ်လင်းသည် မြေပြင်ထက်သို့ ကြည့်၏။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။