တုချင်း၏ထိတ်လန့်မှု
Vol. 135 Ch. 1862
ဝမ်လင်းသည် သူ့နောက်လိုက်လာသော လူများကို မည်သည့်သဲလွန်စမျှ မရစေချင်ပေ။ အထူးသဖြင့် သူက အတားအဆီးပညာရပ်၌ ကျွမ်းကျင်သူ မဟုတ်လား။
အတားအဆီးများသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းနေစဉ် သူက လှိုဏ်ဂူနံရံများ၏ တစ်ပေကျော်ထိ လောင်ကျွမ်းစေလိုက်သည်။ မည်သည့်သဲလွန်စအရိပ်အယောင်မှ မကျန်တော့ပေ။
ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်းက လှိုဏ်ဂူထဲမှ လှမ်းထွက်လာကာ ကောင်းကင်ထက်၌ရပ်၏။ ကောင်းကင်သည် တိမ်စိုင်များကင်းကာ အလွန်ကြည်လင် လှပနေ၏။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာကို ရှုရှိုက်လိုက်ရင်း ဝမ်လင်းက အကွာအဝေးတစ်ခုထံ မြန်ဆန်စွာ ပျံသန်းလာသည်။
သူသည် အလွန်မြန်ကာ အလင်းတန်းတစ်ခုအဖြစ် မိုးကုပ်စက်ဝန်းထံ ပျောက်ကွယ်သွားတော့သည်။ သူ့အမြန်နှုန်းက အရင်ထက် ပိုမြန်၏။ သည်အခိုက်တွင် ဝမ်လင်းသည် မြန်နှုန်းအပြည့်ဖြင့် ဖြစ်ကာ ဖျတ်ခနဲအတွင်း ကီလိုမီတစ်သိန်းကျော်သို့ ပျံသန်းလာခဲ့ပြီးပင်။
ဝမ်လင်း ထွက်ခွာသွားပြီး တတိယမြောက်နေ့၌ အလင်းတန်းများသည် ဒီတောင်တန်းထံ ရောက်ရှိလာကြသည်။ ထိုအလင်းတန်းများထဲမှ တစ်ခုက နဂါးပြာကလန်၏ ဘိုးဘေး တုချင်း ဖြစ်သည်။ သူက သုန်မှုန်စွာဖြင့် တောင်တလုံးကို ကြည့်ကာ တောင်ထိပ်ပေါ်သို့ လက်ဖြင့် ဖိချလိုက်သည်။
လောကသည် တုန်ဟည်းသွားကာ ပေတစ်ထောင်ကျော် အထူရှိ သစ်သားလက်တဖက် ပေါ်လာ၏။ ၎င်းကမီးဖြင့် ဖုံးလွှမ်းပြီး တောင်ထံသို့ ရိုက်ချလာသည်။
ကျယ်လောင်စွာ တုန်ဟည်းသံ မြည်ဟိန်းပဲ့တင်ထပ်ကာ တောင်သည် ပျက်စီး၍ မရေမတွက်နိုင်သော အစိတ်အပိုင်းများ ပြန့်ကြဲသွားသည်။
“လွန်ခဲ့တဲ့သုံးရက်က ဒီမှာရှိတဲ့ မြေကမ္ဘာမီးဟာ ပြောင်းလဲခဲ့တယ်။ ဝမ်ဆိုတဲ့ ကျင့်ကြံသူက ဒီမှာ ပုန်းနေခဲ့တာ ထင်ရှားတယ်။ စိတ်တိုဖို့ ကောင်းလိုက်တာ…ငါ့ကျင့်ကြံမှုအပြည့်အဝကို အသုံးပြုခဲ့ပေမယ့် နောက်ကျသွားခဲ့တယ်…”
တုချင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာကာ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။
“ဒီနေရာကနေ လူခွဲပြီး ဆက်ရှာကြ။ သူ ကောင်းကင်ဘုံနွားထီးကုန်းမြေကနေ လွတ်မြောက်သွားနိုင်လိမ့်မယ်လို့ ငါ မယုံကြည်ဘူး…” တုချင်းက အသက်ဝဝရှိုက်သွင်းကာ လက်သီးတင်းတင်းဆုပ်သည်။
“ဒီလူသာ ပုန်းနေရင် သူ့ကို ရှာဖို့ ခက်လိမ့်မယ်။ ကြည့်ရတာ ငါ မဟာစိတ်ဝိညာဉ်ကလန်ကနေ အကူအညီတောင်းဖို့ လိုတော့မယ့်ပုံပဲ…”
ဝမ်လင်းသည် တခြားတဖက်ကို မရှောင်ချင်ပေ။ သူသာ အမှန်တကယ် ပုန်းလိုပါက အဝေးရှိ တောင်တလုံးကို ရှာကာ အတွင်း၌ ပုန်းနေရုံပင်။ ရှစ်နှယ်၊ဆယ်နှစ်လောက် ကြာပြီးနောက်မှ သူသည် ပြဿနာမရှိ ထွက်သွားနိုင်သည်။
သူ အစောပိုင်းက ထွက်ခွာလာခဲ့သည့် အဓိကအကြောင်းရင်းမှာ သူ့မီးအနှစ်သာရကို ကြီးစွာ အင်အားပြည့်စေမည့် အရာတစ်ခုကို သူ ရှာတွေ့လိုက်ခြင်းကြောင့်ပင်။
ဝမ်လင်းသည် ကောင်းကင်တခွင် ပျံသန်းလာစဉ် သူ့နတ်ဘုရားအာရုံသည် ပျံ့နှံ့လာပြီး မြေပြင်ကို ဖုံးလွှမ်းသွားသည်။ သူ၏မျက်လုံးသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာ၏။
“ဒီကောင်းကင်ဘုံနွားထီးကုန်းမြေမှာ မြေကမ္ဘာမီးအကိုင်းအခွဲတွေ အများကြီး ရှိနေတယ်။ အနည်းဆုံး ထောင်ချီလောက်မယ်။ ငါသာ ဒါတွေ အားလုံးနဲ့ ပင်မမြေကမ္ဘာမီးသွေးကြောကို စုပ်ယူနိုင်ခဲ့ရင် အတိတ်တုန်းက တန်လင်းရေကန်မှာလိုမျိုး အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းနိုင်မလား…”
ထိုအကြောင်းကို တွေးမိကာ ဝမ်လင်းသည် စိတ်လှုပ်ရှားမိချေ၏။
သူသည် ကောင်းကင်ဘုံနွားထီးကုန်းမြေမှ မီးကို မည်သူကမျှ မစုပ်ယူနိုင်သည်ကို ဝိုးတဝါးခန့်မှန်းမိ၏။ သူတို့က မီး၏ အသိအမှတ်ပြုမှုကို ရကာ ၎င်း၏အနှစ်သာရကို နားလည်နိုင်ပြီး တတိယအဆင့်ကျင့်ကြံသူများ ဖြစ်လာနိုင်သည်။
သူတို့သည် ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်ပြီး သူတို့၏အနှစ်သာရက လုံလောက်အောင် သန်မာပါက မီးတို့၏ဘုရင် ဖြစ်လာနိုင်ကြသည့်ပုံပင်။ သို့သော် အဆုံးသပ်၌ ဤသည်မှာ ဝမ်လင်းနှင့် လုံးဝ ကွာခြားလှ၏။
ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ လူ မဟုတ်ပေ။ သူသည် ဒီနေရာရှိမီးကိုလည်း မဆင်ခြင်ခဲ့ပေ။ သူက ဒီနေရာရှိမီး၏ အသိအမှတ်ပြုမှုကိုလည်း မရပေ။ ထို့အတွက် ဒီနေရာရှိမီး၏ တွန်းကန်အားက သူ့အတွက် ရှိနေသည်မှာ သဘာဝပင်။
၎င်းမှာ ကောင်းကင်နှင့်မြေကြီး၏ ဆန္ဒနောက်သို့လိုက်ခြင်းနှင့် ကောင်းကင်နှင့်မြေကြီးကို ဖိဆန်သောဆန္ဒကဲ့သို့ပင်။ သို့သော်လည်း ဝမ်လင်းက မြေကမ္ဘာမီးစိတ်ဝိညာဉ်ကို စုပ်ယူကာ သူ၏မီးအနှစ်သာရကို ကြီးမားစွာ တိုးတက်စေနိုင်ပေသည်။
“မဟာအင်ပါယာရွှမ်လော ပြောခဲ့တာကတော့ လှိုဏ်ဂူလောကက မဟုတ်တဲ့သူတွေဟာ သူတို့ဟာသူတို့ အတင်းအကြပ် လျှောက်လှမ်းရတယ်တဲ့။ ငါဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ပြန်လည်မွေးဖွားခဲ့တာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါဟာ ဒီမှာ မကြီးပျင်းခဲ့ဘူး…”
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ ငါ့အတွက် အန္တရာယ်နေရာတစ်ခု မဟုတ်ဘူး။ ရတနာသိုက်တစ်ခုပဲ…” ဝမ်လင်းသည် နောက်ထပ်တောင်တန်းတစ်ခုထံ ဦးတည်လှမ်းလာရင်း သူ၏မျက်လုံးသည် အရောင်တောက်လာ၏။
သည်နေရာရှိ တောင်တန်းသည် မီးဓာတ်အငွေ့အသက် မရှိဘဲ လုံးဝ စိမ်းစိုနေ၏။ သို့ပေမည့် ဝမ်လင်း၏မီးအနှစ်သာရဖြင့် သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ ထိုတောင်အောက်တွင် အိပ်ပျော်နေသော ဧရာမမီးနဂါးတစ်ကောင်ကို အာရုံခံမိလိုက်သည်။
ဝမ်လင်း၏အကြည့်က မီးနဂါးပေါ်သို့ ကျရောက်သွားခိုက်တွင် မီးနဂါးသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ ၎င်း၏မျက်လုံးထဲ၌ မီးပင်လယ်တစ်ခု ရှိနေကာ မီးတောက်များကိုဖြတ်၍ ထိုနဂါးက ဝမ်လင်းကို စူးစူးရဲရဲ ကြည့်သည်။
ဝေါင်း…။
ဟိန်းအော်သံ ပဲ့တင်ထပ်ကာ မြေကမ္ဘာသည် တုန်ယင်၏။ တောင်ထိပ်သည် လေပြင်းတစ်ခုအလား လှုပ်ခါယမ်းသည်။ သို့ပေမည့် သာမန်လူများသည် ထိုဟိန်းအော်သံကို ကြားနိုင်မည် မဟုတ်ပေ။ ကျင့်ကြံသူများသည်ပင် ၎င်းအသံကို ထောက်လှမ်းမိဖို့ ခက်မည်။ ဝမ်လင်းကဲ့သို့ မတူညီသောမီးအနှစ်သာရနှင့် တစ်စုံတစ်ယောက်ကသာ ထိုတွန်းကန်အား၏ ဟိန်းအော်သံကို ရှင်းရှင်းလင်းလင်း ကြားရနိုင်မည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွားကာ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
“မီးသွေးကြောခွဲတစ်ခုရဲ့ စိတ်ဝိညာဉ်က ငါ့ကို ဟိန်းဟောက်ရဲတာလား။ သတ္တိသိပ်ရှိနေတယ်ပေါ့…”
ဝမ်လင်းသည် ရှေ့သို့ လှမ်းကာ တောင်ပေါ်သို့ ခြေချလိုက်၏။ သူသည် ရုတ်တရက် သူ့အောက်ဘက်သို့ ညာလက်ကို ဆန့်ထုတ်လိုက်သည်။
“မြေကမ္ဘာမီးစိတ်ဝိညာဉ် ထုတ်နှုတ်ခြင်း…”
သူ့ညာလက်ကို ပင့်တင်လိုက်ချိန်၌ တောင်သည် တုန်ဟည်းကာ မီးပင်လယ်တစ်ခု အောက်ဘက်မှ ပေါက်ကွဲထွက်လာ၏။ ဝမ်လင်းအောက်ရှိ တောင်သည် ပျက်စီးကာ ကျောက်စကျောက်နများ နေရာအနှံ့ လွင့်စင်သည်။ မီးနဂါး၏ ဦးခေါင်းမှာ ပျက်စီးသွားသောသ တောင်ထံမှ တရကြမ်း ထိုးထွက်လာ၏။
၎င်း ပေါ်လာသည်နှင့် အပြာရောင်ကောင်းကင်သည် နီရဲလာသည်။
ထိုမီးနဂါးသည် ဝမ်လင်း ဝါးမြိုခဲ့သော မီးနဂါးထက် အနည်းငယ် ပိုကြီးမား၏။ ၎င်းထံမှ မီးသည် စိတ်ဝိညာဉ်လေဟာနယ်ကျင့်ကြံသူတစ်ယောက်၏ အစွမ်းအပြည့်နှင့် ညီမျှသည်။
၎င်းက ဟိန်းဟောက်နေစဉ် မီးနဂါး၏ဦးခေါင်းကြီးက ဝမ်လင်းနှင့် နီးကပ်လာကာ သူ့ထံ ရိုက်ချလာသည်။ ကောင်းကင်ယံမှ မီးတောက်ဥက္ကာပျံတစ်စင်းက ဝမ်လင်းထံ တန်းတန်းမတ်မတ် ဝင်ရောက်လာသည့်နှယ်။ ထိုတုန်လှုပ်ဖွယ် အရှိန်ဟုန်က ကျင့်ကြံသူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေဖို့ လုံလောက်သည်။
သို့ပေမည့် ဝမ်လင်း၏အမူအရာသည် တည်ငြိမ်ကာ တစက်လေးမျှ မပြောင်းလဲသွားပေ။ သူ့မျက်လုံးထဲရှိ အေးစက်မှုက ပိုလာလေသည်။ မီးနဂါးသည် သူ့ထံ တရကြမ်း ဝင်ရောက်လာစဉ် သူ့ညာလက်ကို ပင့်မြှောက်ကာ ၎င်းထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
ကျယ်လောင်စွာ တုန်ဟည်းသံ လောကတခွင် ပဲ့တင်ထပ်၏။ ဝမ်လင်း၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသည်။ သို့သော် သူသည် ခြေလှမ်းတစ်ဝက်ပင် နောက်မဆုတ်ပေ။ သို့ပေမည့် မီးနဂါးသည် နာကျင်စွာအော်ဟစ်လိုက်ရကာ ၎င်း၏ဦးခေါင်းသည် ပေါက်ကွဲသွားသည်။
ထိုနဂါးက ပျက်စီးသွားချိန်၌ ၎င်းသည် မီးပင်လယ်အဖြစ်သို့ ပြောင်းကာ ပြန်ဖွဲ့တည်မည့်အရိပ်အယောင် ပြလာသည်။ နဂါး၏မျက်လုံးသည် ဦးဆုံး ပြန်ဖွဲ့စည်းသည်။ ယင်းမျက်လုံးထံမှ ဒေါသတကြီးအကြည့်ကို ပေးစွမ်းသည်။
သို့ပေမည့် ဝမ်လင်းသည် မီးနဂါးကို ပြန်ဖွဲ့စည်းဖို့ အခွင့်အရေး မည်သို့ပေးပါ့မည်နည်း။ သူက ရှေ့သို့ ခြေလှမ်းကာ သူ၏ဘယ်မျက်လုံးထဲရှိ မီးသည် တောက်ပသွားသည်။ သူ့ဘယ်မျက်လုံးတွင် ဟင်္သာငှက်ပေါ်လာကာ မီးနဂါးထံသို့ တရှိန်ထိုး ဝင်ရောက်၏။
“မြေကမ္ဘာမီးရဲ့ စိတ်ဝိညာဉ်၊ မင်းက ကိုယ့်နေရာကိုယ် မသိသေးဘူးပဲ…” ဟင်္သာငှက်သည် ဝါးမြိုနေစဉ် ဝမ်လင်း၏ အားကောင်းသောအသံက လောကတွင် ပဲ့တင်ထပ်သည်။
မီးနဂါး၏ခန္ဓာကိုယ်သည် တုန်ယင်၏။ ၎င်း၏ဦးခေါင်းသည် ဟင်္သာငှက်၏စုပ်ယူခြင်း ခံရသည်။ ထိုစုပ်ယူမှုက အရှိန်မြင့်လာစဉ် မြေပြင်ထုသည် တုန်ယင်ကာ လောကသည် အရောင်များ ပြောင်းလဲသည်။ မီးပင်လယ်အဖြစ် ပြောင်းသွားသော မီးနဂါးသည် ဟင်္သာငှက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
မြေကမ္ဘာမီးစိတ်ဝိညာဉ်နှစ်ခုကို စုပ်ယူပြီးနောက် ဟင်္သာငှက်၏ခန္ဓာကိုယ်သည် ပေထောင်ချီ ချဲ့ကားလာခဲ့၏။ ၎င်းသည် ကောင်းကင်တခွင် ဖုံးအုပ်လေသည့်အလား။
မီးသည် ကြမ်းကြုတ်နေရင်း ဟင်္သာငှက်သည် ကျယ်လောင်စွာ အော်မြည်လိုက်သည်။
ထိုအော်မြည်သံသည် ဟင်္သာငှက်ကို ဗဟိုပြုကာ လှိုင်းဂယက်များအဖြစ် ပျံ့နှံ့သည်။ ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းကာ ဟင်္သာငှက်ဦးခေါင်းပေါ်သို့ ရပ်သည်။ သူ့ခန္ဓာကိုယ်သည် မီးများဖြင့် ပြည့်ဖုံးနေ၏။
ဟင်္သာငှက်သည် မြည်ဟိန်းအော်ဟစ်လိုက်ပြီး ရှေ့သို့ ချက်ခြင်း တိုးဝင်သည်။ အဝေးမှ ကြည့်ပါက မီးတိမ်တိုက်တစ်ခု ရှေ့သို့ ရွှေ့လျားနေသည်နှင့်ပင် တူသေးသည်။
ဝမ်လင်းသည် သူ့မီးအနှစ်သာရမှာ ပို၍ အားကောင်းလာသည်ကို ခံစားမိ၏။ ထိုကြီးထွားမှုက ဝမ်လင်းကို စိတ်လှုပ်ရှားစေသည်။ အကြောင်းမှာ အတိတ်တုန်းက လှိုဏ်ဂူလောက၌ မီးအနှစ်သာရသည် ပြောင်းလဲခြင်း ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။ ဝမ်လင်းသည် သူ့မီးအနှစ်သာရမှာ လုံးဝ ပြီးပြည့်စုံကာ အကန့်အသတ်သို့ ရောက်ခဲ့ပြီဟု တွေးထားခဲ့သည်။
သို့သော် သူသည် အမြဲတမ်း တစ်ခုခုလိုနေသေးသလို ခံစားမိခဲ့ရ၏။ သူသည် မည်သည်မှန်း အတိအကျ မရှာတွေ့နိုင် ဖြစ်ခဲ့ရသည်။
ထိုခံစားမှုက သူ ငါးခုမြောက်ပန်းအတွင်းရှိ တန်လင်းရေကန်သို့ မဝင်ရောက်ခင်ချိန်ထိပင်။ ထိုရေကန်သို့ ဝင်ရောက်ခဲ့ပြီးနောက် ဝမ်လင်းအတွက် ပိုမြင့်မားသောလမ်းကြောင်းတစ်ခု ပွင့်လှစ်ခဲ့လေ၏။
ထိုရေကန်က သူ့ကို သူ၏မီးအနှစ်သာရသည် အနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းနိုင်ကြောင်း သိပေသည်။
ထိုသို့သာ ဖွဲ့စည်းနိုင်ပါက သူ မန္တာန်တစ်ခု အသုံးပြုသည့်အခါတိုင်း တစ်ယောက်တည်းက အသုံးပြုသည် မဟုတ်တော့ နှစ်ယောက်ထပ်တူ အသုံးပြုသည်နှင့် တူပေမည်။ ထိုအခါကျလျှင် သူ့စွမ်းအားသည် ပိုအစွမ်းထက်လာမည် ဖြစ်၏။ ဤသည်မှာ ဝမ်လင်း စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသောအရာပင်။
ခုချိန်၌ သူ့မီးအနှစ်သာရသည် ပို၍ အားကောင်းလာကာ အစစ်အမှန်အနှစ်သာရခန္ဓာ ဖွဲ့စည်းမှုနှင့် နီးကပ်လာခဲ့လေပြီ။
သည်ထူးခြားသော ကုန်းမြေ၌ အစွမ်းထက်ကျင့်ကြံသူများ ပြည့်နေရာ သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာခြင်းထက် ပို၍ စိတ်လှုပ်ရှားဖို့ကောင်းတာ မရှိတော့ပေ။ ဝမ်လင်းသည် ဟင်္သာငှက်ကြီးကို စီးနင်းကာ ရှေ့သို့ ဆက်လာနေ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ နောက်ထပ်မီးသွေးကြောကို ရှာဖွေနေသည်။
ဝမ်လင်း ထွက်သွားပြီး နှစ်ရက်အကြာတွင် အလင်းတန်းတစ်ခုသည် အကွာအဝေးတစ်ခုမှ နီးကပ်လာ၏။ ထိုအလင်းတန်းထဲရှိ ပုဂ္ဂိုလ်မှာ နဂါးပြာကလန်၏ဘိုးဘေး တုချင်းပင်။ သူသည် သည်တစ်ကြိမ်၌ အလွန်မြန်ဆန်စွာ ရောက်လာခြင်း ဖြစ်၏။ သူ ရောက်လာသည့်အခါ၌ သူသည် အနည်းငယ် တုန်လှုပ်မိသွားသည်။ သူသည် အောက်ဘက်ရှိ တောင်တန်းများကို ကြည့်ကာ သူ့မျက်တောင်မှာ လှုပ်ခတ်သွား၏။
“တစ်ခုခုတော့ မှားနေပြီ။ သူက မြေကမ္ဘာမီးကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် ပြောင်းလဲမှု ဖြစ်စေတာဆိုရင် မတော်တဆ ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ အခုက သုံးကြိမ်မြောက်ပဲ။ သူ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ သိသာတယ်။ ဒါပေမဲ့ သူက ဒါကို ဘာအတွက် လုပ်နေတာလဲ…”
တုချင်းက မျက်မှောင်ကြုတ်နေ၏။ သူ အဖြေမတွေ့နိုင် ဖြစ်နေသည်။
သူသည် တောင်ပေါ်သို့ ခြေချကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ သူသည် မြေပြင်ထက်သို့ ဂရုတစိုက်ရှာဖွေရင်း သူ၏ ရှာဖွေခြင်းကို မြေအောက်ထိ ဆန့်ထုတ်သည်။
ထိုအခါ သူသည် ပင့်သက်ရှိုက်မိသွားကာ သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။
“မြေကမ္ဘာမီးကြောဟာ သွေ့ခေါက်ပြီး မြေကမ္ဘာမီး ပျောက်ကွယ်နေတယ်။ ၎င်းဟာ သေသွားတာပဲ။ သူက မြေကမ္ဘာမီးကို စုပ်ယူခဲ့တာလား။ ဒါ မဖြစ်နိုင်ဘူး။ မီးအနှစ်သာရနဲ့ ကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် မြေကမ္ဘာမီးကို အတင်းအကြပ် စုပ်ယူဝံ့မှာ မဟုတ်ဘူး။ ဒီလိုလုပ်ရင် သူတို့ရဲ့ ခန္ဓာကိုယ်ကို တွန်းကန်အားတစ်ခု ဖြစ်စေလိမ့်မယ်။ ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ မြေကမ္ဘာမီးက သူတို့ကို တိုက်ခိုက်လိမ့်မယ်။ သူ ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…”
တုချင်း၏မျက်လုံးထဲတွင် ထိတ်လန့်မှု ရှိလာသည်။
သူသည် အရင်တုန်းက မြေကမ္ဘာမီးကြောကို စုပ်ယူနိုင်သည့်သူ ရှိသည်ဟု၍ လုံးဝ မကြားမိခဲ့ဖူးပေ။ မီးအနှစ်သာရနှင့် ကျင့်ကြံသူများသည် ထိုမီး၏ အသိအမှတ်ပြုမှုကို ရဖို့ စတေးမှုဖြင့် ကမ်းလှမ်းခဲ့ကြသည်သာ။ မည်သူကမျှ မဝါးမြိုရဲကြပေ။ သို့မဟုတ် မဝါးမြိုနိုင်ကြပေ။