ဟင်္သာငှက်က မြေကမ္ဘာမီးကြောကို ဝါးမြိုခြင်း
Vol. 135 Ch. 1863
အချိန်အတန်ကြာပြီးနောက် တုချင်းက အံတင်းတင်းကြိတ်သည်။ သူ့မျက်လုံးထဲ၌ အေးစက်မှု ပေါ်လာသည်။
“ခုချိန်မှ ငါ လက်မလျှော့ချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို မှီလာရင် တချက်ကြည့်ကြည့်ရမယ်။ သူ့ခွန်အားက အတုအယောင်ဆိုရင် ငါ သူ့ကို သတ်ပစ်မယ်။ သူ့ကျင့်ကြံမှုအဆင့်က ကောင်းမွန်ပြီး ငါနဲ့ ယှဉ်နိုင်ရင် ငါ့ရည်ရွယ်ချက်ကို ပြောင်းပစ်ရမယ်။ နဂါးပြာကလန်က ဖျက်စီးခံလိုက်ရတယ်။ဒါဟာ ပြောင်းလဲလို့ မရတော့ဘူး။ သူသာ နဂါးပြာကလန်ကို လာပူးပေါင်းမယ်ဆိုရင် ကလန်ရဲ့ လွှမ်းမိုးနိုင်မှုဟာ အများကြီး တိုးတက်လာလိမ့်မယ်…”
တုချင်းသည် ဘိုးဘေးအို ဖြစ်၏။ သူသည် စိတ်ခံစားချက်နောက်လိုက်သော်လည်း သူ့စိတ်ကမူ သာမန်မဟုတ်ပေ။
သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးနောက် တုချင်းက သူ့ရှေ့ရှိ လေဟာနယ်ထံ လက်ဆန့်ထုတ်လိုက်၏။ သူ့ရှေ့တွင် စက္ကူကြိုးကြာငှက်တစ်ကောင် ပေါ်လာ၏။ သူသည် ၎င်းကို ပစ်လွှတ်လိုက်ရာ ထိုကြိုးကြားငှက်သည် အခိုးအငွေ့ကြိုးကြာအဖြစ်သို့ ပြောင်းသွား၏။ ၎င်းက အော်သံပေးကာ ရှေ့သို့ ပျံသန်းသွားတော့သည်။
တုချင်းသည် အကွာအဝေးတစ်ခုထံ ၎င်းနောက်သို့ လိုက်ပါလာသည်။
“မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဒီရတနာနဲ့ဆို ဒီလူဟာ အချိန်ကြာကြာ လွတ်မြောက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး…”
ကောင်းကင်ဘုံနွားထီးကုန်းမြေ တခွင် ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ထို့နောက် မီးများ ဖုံးအုပ်နေသော ဟင်္သာငှက်ကြီးသည် ထိုးထွက်လာ၏။ လောကသည် တွန့်ခေါက်ပုံပျက်ကာ မြေပြင်သည် သွေ့ခြောက်ကုန်၏။
ဝမ်လင်းသည် ထိုဟင်္သာငှက်ကြီး၏ ခေါင်းထက်တွင် ရပ်နေကာ သူ့ဆံပင်ဖြူတို့က တလွင့်လွင့်၊ သူ၏မျက်လုံးတို့မှာ တောက်ပနေ၏။
သူ ဒုတိယမြောက်မြေကမ္ဘာစိတ်ဝိညာဉ်ကို ဝါးမြိုခဲ့သည်မှစ၍ လဝက်ခန့် ရှိလာခဲ့ပေပြီ။ သည်အချိန်အတွင်း ဝမ်လင်းသည် လုံးဝ အချိန်မဖြုန်းခဲ့၊ ရှေ့သို့သာ ဆက်တိုက်ခရီးနှင်နေ၏။ မြေကမ္ဘာမီးကြောကို တွေ့တိုင်း သူသည် ၎င်းစိတ်ဝိညာဉ်ကို စုပ်ယူခဲ့သည်။
သည်လဝက်အတွင်း ဝမ်လင်းသည် မြေကမ္ဘာမီးကြော ကိုးခုကို ဝါးမြိုခဲ့ပြီး ဖြစ်၏။ ပြီးခဲ့သောနှစ်ခုနှင့်ပါ ထည့်ပေါင်းပါက အခုဆို မီးနဂါးစိတ်ဝိညာဉ် ဆယ့်တစ်ခု ရှိခဲ့လေပြီ။
သူ၏မီးအနှစ်သာရမှာ လှိုဏ်ဂူလောကမှာထက် များစွာ ပိုအစွမ်းထက်လာခဲ့ချေပြီ။ ထိုတုန်လှုပ်ဖွယ်ပြောင်းလဲမှုက ဝမ်လင်း၏မျက်လုံးကို နီရဲစေဟန် ရကာ သူသည် ဆက်လက်၍ အရူးအမူး ဝါးမြိုနေသည်။
ဝမ်လင်းသည် တစုံတစ်ယောက် သူ့နောက်သို့ လိုက်လာသည်ကို သိနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သူသည် သူ့နောက်သို့ လိုက်လာသူမှာ မည်သူမှန်း မမြင်ရသော်လည်း ထိုသူ မည်သူမည်ဝါ ဖြစ်သည်ကို သူ ရှင်းလင်းစွာ သိ၏။
ထိုသူမှာ နဂါးပြာကလန်၏၊ လေဟာနယ်အတိဒုက္ခအဆင့်ဘိုးဘေး တုချင်း ဖြစ်မည်သာ။
ထိုကိစ္စကို သိဖို့ မခက်ပေ။ သူ့နောက်သို့ လိုက်လာဝံ့သူမှာ သူတို့၏ခွန်အားအပေါ် ယုံကြည်မှု ရှိသူသာ ဖြစ်ရမည်။ ဝမ်လင်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်သို့ ရောက်လာခဲ့သည့်အချိန်မှစ၍ သူနှင့် ပြဿနာတက်ခဲ့သောသူများကြား၌ ထိုသို့သောခွန်အားမျိုး ပိုင်ဆိုင်သူမှာ နဂါးပြာကလန်၏ဘိုးဘေးသာ ရှိသည် မဟုတ်လား။
“ခန်းယန်ရဲ့ မှတ်ဉာဏ်အရ ဒီဘိုးဘေးဟာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်မှာ ရှိတယ်။ ဒါပေမဲ့ ခန်းယန်သိထားတဲ့အချက်က မှန်ချင်လည်းမှန်မယ်။ မှားချင်လည်း မှားနိုင်တယ်…”
“အဲ့ဘိုးဘေးက လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ကို ရောက်ဖို့ ဆန်းကြယ်အတိဒုက္ခအဆင့်ကိုးခုကို အမှန်တကယ် ဖြတ်သန်းခဲ့ရမယ်။ ဒါမှမဟုတ် သူဟာ ဆန်းကြယ်အတိဒုက္ခအဆင့်မှာပဲ ရှိနေနိုင်တာလည်း ဖြစ်နိုင်သေးတယ်…”
ဝမ်လင်းသည် ခန်းယန်၏မှတ်ဉာဏ်ထဲကလောက် တုချင်း၏ ကျင့်ကြံမှုအဆင့်သည် မြင့်မားမည်ဟု မယုံကြည်ပေ။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာကာ သူ၏အောက်မှ ဟင်္သာငှက်သည် တုန်လှုပ်ဖွယ်အော်မြည်သံကို ထုတ်ဖော်သည်။ မီးသွေးကြောများကိ ပိုများများ ဝါးမြိုပြီးနောက် ဟင်္သာငှက်က ပိုမြန်လာ၏။ ၎င်းသည် ခြင်သားရဲဘုရင်နှင့် မယှဉ်နိုင်သော်လည်း ဝမ်လင်းနီးပါး မြန်နေလေပြီ။
ဟင်္သာငှက်က အော်မြည်သံပေးကာ သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ နေ့ဝက်ခန့်ကြာပြီးနောက် အလင်းတန်းတစ်ခု နီးကပ်လာကာ တုချင်းပေါ်လာ၏။ သူသည် ဝမ်လင်းနောက် လိုက်လာသည်မှာ လဝက်ခန့် ရှိနေပြီ ဖြစ်ကာ ဝမ်လင်းနှင့် ပိုပိုနီးလာ၏။ သို့သော် သူ့စိတ်အခြေအနေကမူ ပိုပို သုန်မှုန်လာ၏။
သည်လဝက်အတွင်း သူသည် သွေ့ခြောက်သွားသော မြေကမ္ဘာမီးသွေးကြောကိုးခုကို တွေ့မြင်ခဲ့ရ၏။ မယုံကြည်နိုင်ဖွယ် ခံစားမှုက ပိုပိုအားကောင်းလာသည်။ ဤအဖြစ်က သူ့ကို ကြီးစွာ တုန်လှုပ်စေ၏။ အစောပိုင်းတုန်းက သူ့အတွေးများကိုပါ စတင် လှုပ်ခတ်လာစေသည်။
“နောက်တနေရာ။ သေလိုက်တော့။ ဒီလူက ဘယ်လောက်များများ ဝါးမြိုပြီးမှ ရပ်တန့်မှာလဲ။ ငါ ဘယ်လို ဆက်လိုက်ရမလဲ…”
တုချင်းက အောက်ဘက်ရှိ သွေ့ခြောက်သွားသော မီးသွေးကြောကို ကြည့်၏။ သူ၏ဦးရေပြားမှာ ထုံထိုင်းမိနေသည်။
“ငါ သူ့ကို မှီတဲ့အခါကျရင် ငါဟာ သူ့ပြိုင်ဘက် မဟုတ်ခဲ့ရင် သူ့ကြောင့် ငါ ဒဏ်ရာရသွားနိုင်တယ်။ အဲ့ကျရင် ငါ့လိုက်လံမှုက ဟာသကြီးတစ်ခု ဖြစ်သွားလိမ့်မယ်….”
ထိုသို့သောအတွေး တုချင်း၏စိတ်ထဲ၌ ဝင်လာ၏။
သူသည် ခဏတာ တုန့်ဆိုင်းပြီးနောက် မာန်သွင်းကာ ကောင်းကင်ထက်သို့ အော်ဟစ်လိုက်၏။ သူသည် စွန့်စားကြည့်တော့မည်ပင်။ သူသည် တဖက်လူ၏ ကျင့်ကြံမှုအဆင့် အတိအကျကို မတွေ့မြင်ရသေးဘဲ ခုလိုမျိုး နောက်မဆုတ်ချင်ပေ။
“ငါဟာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်မှာ ရှိတယ်လို့ အပြင်ဘက်လောကကို ကြော်ငြာထားခဲ့တယ်။ ဒါပေမဲ့ အမှန်တော့ ငါဟာ ခုနစ်ခုမြောက်ဆန်းကြယ်ဒုက္ခအဆင့်မှာပဲ ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မီးသစ်သားခန္ဓာဟာ ပုံမှန်လူတွေထက် အများကြီး ပိုအားကောင်းတယ်။ ငါ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာဟာ ရှေးနိုင်ငံကလူတွေလိုမျိုးပဲ။ ငါ သူနဲ့ မတိုက်ခိုက်နိုင်ဘူးဆိုတာ မယုံဘူး။ သူ့ကျင့်ကြံမှုအဆင့်က ငါနဲ့ ယှဉ်နိုင်ရင်တောင် သူ့ခန္ဓာကိုယ်ဟာ ငါ့လောက် သန်မာမှာ မဟုတ်ဘူး…”
တုချင်းသည် သူ၏ မာန်သွင်းသံ၌ ယုံကြည်မှုကို ရှာတွေ့လိုက်သည့်အလား။ သူသည် အခိုးအငွေ့ကြိုးကြာငှက်၏ လမ်းညွှန်မှုအောက်၌ ပို၍မြန်ဆန်စွာ ဦးတည်လေတော့သည်။
ခုနစ်ရက်ခန့် ကြာမြင့်ပြီးနောက် ဝမ်လင်းအောက်ရှိ ဟင်္သာငှက်သည် ပို၍ ကြီးမားလာ၏။ ၎င်းသည် ပျံသန်းနေရင်း ကောင်းကင်ကို ဖုံးလွှမ်းထားသည့်နှယ်။ ပြီးခဲ့သော ခုနစ်ရက်အတွင်း သူသည် မီးနဂါးစိတ်ဝိညာဉ်သုံးကောင်ကို စုပ်ယူခဲ့သေး၏။
မီးစိတ်ဝိညာဉ်ဆယ့်လေးခုကို စုပ်ယူပြီးနောက် ဝမ်လင်း၏ မီးစွမ်းအားသည် များစွာ တိုးတက်လာသည်။ လှိုဏ်ဂူလောကထက်စာလျှင် သူ့မီးစွမ်းအားမှ နှစ်ဆတိုးလာခြင်းပင်။
သူ့နောက်တွင် တုချင်းသည် ဝမ်လင်းကြောင့် သွေ့ခြောက်သွားသော မီးကြောထံသို့ ရောက်လာ၏။ သူ၏မျက်နှာမှာ ဖြူရောနေသည်။ သည်နောက်ကနေ လိုက်လံသော နေ့ရက်များမှာ သူ့အဖို့ အရင်က လုံးဝ မခံစားမိခဲ့ဖူးသော ညှင်းပန်းနှိပ်စက်မှု တမျိုး ဖြစ်နေ၏။
သည်လိုနှိပ်စက်မှုမျိုးက သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်ခြင်းမဟုတ်၊ သူ့စိတ်ပေါ်သို့ သက်ရောက်ခြင်း ဖြစ်၏။ သူသည် နောက်ထပ်မီးသွေးကြော တစ်ခုပြီးတစ်ခု သွေ့ခြောက်သွားခဲ့သည်ကို မြင်နေခဲ့ရ၏။
နောက်ထပ် လေးရက်ကြာပြီးနောက် ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ နောက်ထပ်တနေရာတွင် နဂါးတစ်ကောင်၏ ဟိန်းသံမှာ ဖြည်းဖြည်းချင်း လွင့်ပျောက်ကွယ်လေ၏။ ဧရာမဟင်္သာငှက်တစ်ကောင်က မြေအောက်မှ ထိုးထွက်လာခဲ့သည်။
နာရီဝက်ခန့်ကြာပြီးနောက် တုချင်း၏ပုံရိပ် ထပ်မံ ပေါ်လာ၏။ သူသည် မြေပြင်ထက်သို့ ကြောင်ရီစွာ အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။
“ဆယ့်ခြောက်…” ထိုအခိုက်တွင် တုချင်းသည် ထိုဝမ်အမည်ရ ဆန်းကြယ်သောလူမှာ မြေကမ္ဘာမီးကြောစိတ်ဝိညာဉ် တစ်ခု ဖြစ်လေမည်လားဟုပင် တွေးမိလာသည်။
နှစ်ရက်ကြာပြီးနောက် ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ တောင်တန်းများ ပြည့်နှက်နေသော နေရာတစ်ခု၊ ထိုနေရာတွင် တောင်တန်းများက အဆုံးမရှိလေသည့်အလား။ သို့သော် မည်သည့်သစ်ပင်ပန်းမန်၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။ ဤနေရာမှာ လုံးဝနက်မှောင်ကာ စိတ်ဓာတ်ကျစေလောက်မည့် ခံစားမှုကို ပေးစွမ်းသည်။
မြေပြင်သည် သွေ့ခြောက်ကာ အက်ကွဲနေ၏။ အပူဓာတ်အော်ရာ တည်ရှိပုံရကာ လေဟာနယ်အတွင်း၌ ပျံ့လွင့်နေ၏။
ထိုနေရာသည် လူသူခေါင်လှသော နေရာတစ်ခု ဖြစ်ကာ ကျင့်ကြံသူအနည်းငယ်သာ လာရောက်တတ်၏။ အချိန်အများစုတွင် ဤနေရာသည် တိတ်ဆိတ်နေပေ၏။ သို့သော် သည်အခိုက်တွင် ထိုတောင်တန်းများ၏ အတွင်းနက်ပိုင်းမှ ချောက်ခြားဖွယ်ဟိန်းအော်သံ တစ်သံ ထွက်ပေါ်လာသည်။
ထိုဟိန်းအော်သံသည် မီးနဂါးစိတ်ဝိညာဉ်၏ ဟိန်းသံပင်။ ၎င်းအသံက ဝမ်လင်း အရင်က ကြားခဲ့ရသော ဟိန်းသံများနှင့် မတူပေ။ ထိုဟိန်းသံသည် လောကကို လှုပ်ခါစေနိုင်၏။ ထိုအသံကို ဝမ်လင်းသာမက တခြားသက်ရှိဖြစ်တည်မှုများကပါ ကြားရနိုင်သည်။
ဤသည်မှာ စိတ်ဝိညာဉ်ဟိန်းသံတစ်သံ မဟုတ်လေတော့။ သို့သော် လုံလောက်အောင်အစွမ်းထက်သော စိတ်ဝိညာဉ်တစ်ခုက အစစ်အမှန်ဟိန်းသံကို ထုတ်လွှတ်လေသည့်အလား။
မြေကမ္ဘာမီးကြောများစွာကို ဝါးမြိုပြီးနောက် ဝမ်လင်းအနေဖြင့် ပထမဆုံးအကြိမ် ၎င်းမီးနဂါးကို မဝါးမြိုနိုင်ခြင်းလည်း ဟုတ်သည်။ ဧရာမဟင်္သာငှက်သည် တောင်ထံမှ ပျံသန်းလာ၏။ ဟင်္သာငှက်၏ဦးခေါင်းပေါ်ရှိ ဝမ်လင်းသည် ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏နောက်တွင် တောင်သည် တုန်ယင်ကာ တောင်တန်းပေရာထောင်ချီသည် ပျက်စီး၏။ ၎င်း၏ခန္ဓာကိုယ် အရွယ်အစားကို မသိရဘဲ ပေတစ်သိန်းမျှရှိသော မီးနဂါးတစ်ကောင်၏ ဦးခေါင်းက မြောက်တက်လာ၏။
ထိုမီးနဂါးသည် စိတ်ဝိညာဉ်တစ်ခု ဖြစ်သည်မှာ သိသာသည်။ သို့သော် ၎င်းက အစစ်အမှန်နှင့် တူ၏။ ၎င်းသည် သာမန်မီးသွေးကြောခွဲများထက် များစွာ ပိုသန်မာသည်မှာ ထင်ရှား၏။
“ဒါဟာ ပင်မမီးသွေးကြောငယ်ပဲ။ ဒါဟာ သွေးကြောအခွဲတစ်ခု မဟုတ်ဘူး…”
ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူက ဒီဧရိယာကို သေချာ စမ်းစစ်ကြည့်ခဲ့ပြီး ဖြစ်၏။ သူသည် ထိုစိတ်ဝိညာဉ်မည်မျှ အစွမ်းထက်သည်ကို တွေ့မြင်သည့်အခါ သူ့ထင်မြင်ချက်မှာ ပို၍ သေချာသွားသည်။
ပင်မမီးသွေးကြောသည် အခွဲများစွာ ရှိနိုင်၏။ သို့ပေမည့် ပင်မမီးသွေးကြောငယ်ကမူ ထိုအခွဲများနှင့် ကွာခြားလှသည်။ လွန်ခဲ့သောအချိန်များစွာက ၎င်းမှာ ပင်မမီးသွေးကြောနှင့် ချိတ်ဆက်ကောင်း ချိတ်ဆက်နေနိုင်သည်။ သို့သော် နောက်ပိုင်း၌ ၎င်းက ကွဲထွက်ခွဲကာ သီးခြားတည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
ပင်မမီးသွေးကြောငယ်က အခြေခံအားဖြင့် ပင်မမီးသွေးကြော၏ ကလေးငယ်ကဲ့သို့ပင်။ ၎င်း၏ခွန်အားကလွဲ၍ ၎င်းနှင့်ပင်မမီးသွေးကြောတို့ကြား ကွာခြားချက် မရှိပေ။
“ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ပင်မမီးကြောငယ် ဘယ်နှစ်ခုလောက်များ ရှိမလဲ ငါ သိချင်မိတယ်။ ဒါပေမဲ့ ဒီလိုမီးကြောဟာ သိပ်မများလောက်ဘူး။ မီးကြောငယ်ကို ဝါးမြိုတာဟာ အခွဲမီးကြောတွေ အများအပြားကို ဝါးမြိုတာနဲ့ ညီမျှလိမ့်မယ်။ ငါ ဒီပင်မမီးကြောငယ်နဲ့ ကြုံနေပြီ ဆိုမှတော့ ၎င်းကို ဒီအတိုင်း လွှတ်ပေးလိုက်စရာ အကြောင်းမရှိဘူး…”
ဝမ်လင်း၏အောက်ရှိ ဟင်္သာငှက်သည် အော်မြည်သံ ပြုကာ ကောင်းကင်ထက်သို့ လှည့်ပျံ၏။ ၎င်းက တိုးဝင်လာသော မီးနဂါးစိတ်ဝိညာဉ်ထံ ဦးတည်ဝင်လာခြင်းပင်။
မြေကမ္ဘာမီးနဂါးစိတ်ဝိညာဉ်သည် ကြမ်းကြုတ်လှ၏။ ၎င်းထံမှ မီးများစွာ ပျံ့လွင့်ကာ လေထဲရှိ ပတ်ဝန်းကျင်ရာထောင်ချီကို ဖုံးလွှမ်းထားသည်။ ဤဖုံးလွှမ်းမှုထဲတွင် ဝမ်လင်းနှင့် သူ့ဟင်္သာငှက်တို့ပါ ပါဝင်နေ၏။
ပတ်ဝန်းကျင်တခုလုံးကို မီးများဖြင့် ချိပ်ပိတ်ထား၏။ အနက်ရောင်မီးခိုးမီးငွေ့များသည် လေထုကိုပါ လောင်ကျွမ်းနေသည်။ တချိန်တည်းမှာ သည်ဧရိယာရှိ ဟင်းလင်းပြင်သည် တွန့်ခေါက်ပုံပျက်လာကာ ဒီနေရာရှိ အရာအားလုံးကို ဝေဝါးသွားစေသည်။
မီးနဂါးကြီးက လွှမ်းမိုးနိုင်သော သဘာဝကို လှစ်ဟကာ ဝမ်လင်း၏ ဟင်္သာငှက်ထံ တိုးဝင်လာချေ၏။
ဝမ်လင်းသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သည်ပင်မသွေးကြောငယ်က သန်မာကာ ဆန်းကြယ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အစွမ်းချင်းညီမျှသော်လည်း ဝမ်လင်းကို နောက်ဆုတ်သွားစေဖို့တော့ မလုံလောက်သေးပေ။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူက မီးနဂါးထံ လက်ညွှန်လိုက်လေ၏။
“မီးသွေးကြောအခွဲဆယ့်ခြောက်ခု၊ ငါ့အမည်နာမကြောင့် ပေါ်လာစေ…”
ဝမ်လင်း၏စကားသံ ပဲ့တင်ထပ်လာသည့်အခါ၌ မီးနဂါးဆယ့်ခြောက်ကောင်သည် ဟင်္သာငှက်ပတ်လည်တွင် ပေါ်လာကာ တိုးဝင်လာသော မီးနဂါးကြီးထံ တရှိန်ထိုး ဝင်ရောက်လေ၏။
ထိုအခိုက်တွင် အကွာအဝေးတစ်ခုမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ တုချင်းသည် နောက်ဆုံးတွင် မှီလာခဲ့ပေပြီ။
သူသည် ပေရာချီအကွာတွင် ရပ်လိုက်၏။ သူက မီးတောက်များထံမှ ဟိန်းအော်သံကို ကြားရသည်။ သည်အခါ သူ့ခန္ဓာကိုယ်သည် တုန်ခါရ၏။ သူ၏ လူသားခန္ဓာကိုယ်ပေါ်၌ အက်ကြောင်းများ ပေါ်လာကာ သူသည် ခရမ်းရောင်သစ်သားလူအဖြစ်သို့ ပြောင်းသည်။
သစ်သားလူအဖြစ် ပြောင်းလိုက်သည့်အခါတွင် သူ့ခန္ဓာကိုယ် ပတ်လည်ရှိ မီးသည် ပျံ့နှံ့ကာ သူ့အား ဝန်းရံသည်။ သို့သော် ထိုမီးက သူ့သစ်သားခန္ဓာကိုယ်ကို လုံးဝ မထိခိုက်စေပေ။
တုချင်း၌လည်း မီးအနှစ်သာရ ပိုင်ဆိုင်ထားပေ၏။
မီးအနှစ်သာရ ၎င်းဘာသာ ပေါ်လာရသည့်အကြောင်းရင်းမှာ ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ မီးကို ကိုယ်စားပြုသော ဟိန်းအော်သံကြောင့်တည်း။ တုချင်းသည် ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အသိအမှတ်ပြုခံထားရသော မီးအနှစ်သာရ ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
သာမန်မီးသွေးကြောသာ ဆိုပါက တုချင်း၏မီးအနှစ်သာရအပေါ် သက်ရောက်နိုင်မည့် စွမ်းအား မရှိပေ။ သို့သော် ဒီပင်မသွေးကြောငယ်ကမူ ပင်မသွေးကြောနှင့် မကွာခြားလှပေ။ ထို့ကြောင့် ၎င်းထံ၌ တူညီသောသက်ရောက်မှု ရှိချေ၏။
တုချင်း၏အမူအရာက ပြောင်းလဲသွားသည်။ သူ၏ အကြည့်က အကွာအဝေးတစ်ခုရှိ မီးတောက်တိမ်တိုက်များထံ ကျရောက်သွားသည်။ သူသည် ထိုမီးတောက်များအတွင်း ပုန်းကွယ်နေသော မီးနဂါးတစ်ကောင်ကို မီးနဂါးဆယ့်ခြောက်ကောင်နှင့် ဟင်္သာငှက်တို့က ဝါးမြိုနေသည့် ထူးခြားသော မြင်ကွင်းကို လှမ်းမြင်သည်။
ဟင်္သာငှက်၏ ဦးခေါင်းထက်၌ ဆံဖြူပုဂ္ဂိုလ်တစ်ယောက်လည်း ရှိနေ၏။
“သူပဲကို…” တုချင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။