← Chapters

ဝမ်လင်းနှင့် အနှစ်သာရအားဖြင့် ယှဉ်ပြိုင်ခြင်း

Vol. 135 Ch. 1865

ဝမ်လင်းနှင့် အနှစ်သာရအားဖြင့် ယှဉ်ပြိုင်ခြင်း

Vol. 135 Ch. 1865

သို့သော် သူ၏ ရှေ့ရှိ ဆံဖြူကျင့်ကြံသူက သူ့ကို တုန်လှုပ်စေကာ သူ့ဦးရေပြားကို အကြိမ်ကြိမ်ထုံထိုင်းမိစေသည်။

အစပိုင်း၌ သူသည် သွေ့ခြောက်ကုန်သော မီးသွေးကြောများကြောင့် တုန်လှုပ်ခဲ့ရ၏။ အခု သူသည် တန်လင်းကလန်၊ လောကကလန်နှင့် တာအိုသုံးခုကလန်တို့မှ မန္တာန်များကြောင့် ကြီးစွာ ထိတ်လန့်တုန်လှုပ်နေရပြန်ပြီ။

ထို့အတွက် တုချင်းသည် ဝမ်လင်း၏နောက်ခံပုံရိပ်နှင့် ဇစ်မြစ်ကို မဆုံးဖြတ်နိုင် ဖြစ်ရ၏။ သူ့အမြင်အရ ဝမ်လင်းသည် ဆန်းကြယ်မှုများဖြင့် ထွေးခြုံနေသူ တစ်ဦးသာ။

“သူ ဒီမန္တာန်တွေကို တကယ်ပဲ ခိုးသင်လာတာ ဖြစ်နိုင်တယ်။

“ဒါမှမဟုတ်ရင် သူ့မှာ အလွန်နက်ရှိုင်းတဲ့ နောက်ခံအင်အား ရှိရမယ်။ အဲ့ကလန်တွေကနေ ဒီလိုမန္တာန်တွေကို ရဖို့ဆိုတာဟာ…”  တုချင်း၏မျက်နှာသည် ဖြူရောသွားကာ သူသည် နောက်သို့ ခြေလှမ်းတစ်ရာခန့် ဆုတ်မိ၏။ သူ့စိတ်ထဲတွင်လည်း ထင်မြင်ချက်သံသယများစွာ ဖြစ်ပေါ်လာသည်။

“ဒီလူဟာ အတော်လေး ဉာဏ်များတဲ့ပုံပဲ။ သူ့ကျင့်ကြံမှုအဆင့်ဟာ မြင်ရသလို မဖြစ်နိုင်ဘူး။ သူ့ကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။ ဒီလိုလူမျိုး၊ ဒီလိုရင်ဆိုင်ဖို့ ခက်ခဲတဲ့သူမျိုးကို တကယ်လို့ ငါ သူ့ကို သတ်နိုင်ခဲ့ရင်တောင် ဘာပြဿနာမှ မတတ်နိုင်မှာ ဖြစ်နိုင်ရဲ့လား…”

တုချင်း၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့နေမိ၏။

“ငါ ဒီလူ့ကို ရန်မစသင့်ဘူး…၊ တန်လင်းကလန်နဲ့ လောကကလန်တို့ဟာ သူ့ကို ဒီမန္တာန်တွေပေးဖို့ဆိုတာ မလွယ်လွန်းဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံအင်ပါယာ ညွှန်းဆိုထားတဲ့ တာအိုသုံးခုကလန်က စုန့်ယွမ်တောက်ဟာ နယ်မြေလောင်ကျွမ်းခြင်းမန္တာန်ကို လက်ဆင့်ကမ်းပေးတာ။ ဒါဟာ…ဒါဟာ တကယ်ပဲ ကြောက်ဖို့ ကောင်းလွန်းနေပြီ…”

“ဒီလိုနောက်ခံမျိုး…” တုချင်းသည် တစ်စုံတစ်ခုကို တွေးမိကာ သူ၏မျက်နှာမှာ ပို၍ ဖြူရောလာတော့၏။

တုချင်းသည် သူ့တုန်လှုပ်မှုကို ကောင်းကောင်းဖုံးကွယ်ထားသော်လည်း ဝမ်လင်းက တချို့တဝက်ကို ဖြတ်မြင်လိုက်သည်ပင်။ သူသည် နဂါးစိတ်ဝိညာဉ်ပေါ်တွင် ရပ်ကာ မီးစွမ်းအားကို စုပ်ယူနေ၏။ သူ့အတွက် စုပ်ယူခြင်း ပြီးမြောက်ဖို့ အချိန်တချို့ ယူရအုံးမည်။ သူသည် နှောင့်ယှက်ခံရမည်ကို မစိုးရိမ်သော်လည်း  ငြိမ်းငြိမ်းချမ်းချမ်း စုပ်ယူရလျှင်တော့ ပိုကောင်းသည် မဟုတ်လား။

သူသည် မူလတုန်းက တုချင်းနှင့် တိုက်ပွဲတပွဲ ခပ်ကြမ်းကြမ်း တိုက်ရတော့မည်ဟု တွေးထားခဲ့၏။ သို့သော် အခု ကြည့်ရသလောက် သူ့အဖို့ တုချင်းနှင့် ပြင်းပြင်းထန်ထန် တိုက်ရတော့မည့်ပုံ မပေါ်တော့ပေ။

“သင် ငါနဲ့ တိုက်ခိုက်ချင်တုန်းလား…”  ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေ၏။ သူသည် မီးများကို စုပ်ယူနေရင်း စကားဆိုလာသည်။ သူ့အသံထဲရှိ ထည်ဝါမှုက လောကတခွင် ပဲ့တင်ထပ်လေ၏။

တုချင်းက ဆက်တွေးနေသည်။  “သူက ဒီမန္တာန်သုံးခုကိုပဲ သိထားပုံ ရတယ်။ သူ ငါလန့်ပြီး ထွက်သွားအောင် ဒီမန္တာန်တွေကို အသုံးပြုပြပုံ ရတယ်။ ဒါဟာ သူ့အကန့်အသတ် ဖြစ်လောက်တယ်…”

တုချင်းသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူ ဖြစ်၏။ သူ့ကို လွယ်လွယ်နှင့် မည်သို့ အရူးလုပ်၍ ရမည်နည်း။ သူက ဝမ်လင်း၏စကားကို ကြားသည့်အခါ ရယ်မောလိုက်သည်။

သူ ဝမ်လင်းထံ တိုးဝင်လာ၏။ သူ့ပတ်လည်တွင် တွန့်ခေါက်မှု ပေါ်လာကာ သူ၏ ခရမ်းရောင်သစ်သားခန္ဓာကိုယ် လှစ်ဟပေါ်သည်။ သူ၏ခန္ဓာကိုယ်မှ မီးများ မြင့်တက်ကာ သူ့အား ဝန်းရံသည်။ အကွာအဝေးတစ်ခုမှာ ကြည့်ပါက ဤသည်မှာ တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။

“မင်းမှာ မဟာကလန်ကြီးတွေထဲက နောက်တစ်ခုရဲ့ လေးခုမြောက်မန္တာန် ပိုင်ဆိုင်နေအုံးမယ်လို့ ငါ မထင်ဘူး…”

တုချင်းသည် ထိုသို့ ပြောကာ နီးကပ်လာစဉ် ဝမ်လင်းက ရယ်မောလိုက်၏။ တုချင်းက ဝမ်လင်း၏ရယ်သံကို ကြားသည့်အခါ ထိုရယ်သံအတွင်း၌ လှောင်ပြောင်မှု အငွေ့အသက်ကို ခံစားမိကာ သူ့စိတ်မှာ တုန်ယင်သွားမိသည်။

ဝမ်လင်းသည် နေရာတွင်ထိုင်ကာ မီးနဂါးဆယ့်ခြောက်ကောင်ကို ထိန်းချုပ်ထားပြီး သူ့ညာလက်ကို ကောင်းကင်ထက်သို့ ဝေ့ယမ်းလိုက်သည်။

လောကသည် အနက်ရောင်လေပြင်းများဖြင့် ခြုံလွှမ်းထာ၏။ လေပြင်းနက်က တဝီဝီမြည်ကာ ဟိန်းအော်သံများသည် ထွက်ပေါ်လာ၏။ အနက်ရောင်လေပြင်းအတွင်း၌ နဂါးနက်ဆယ့်သုံးကောင်သည် လှုပ်ရှားနေသည်။

တချိန်တည်းမှာ ထိုနဂါးနက်များက ပါးစပ်များဟကာ လေမှုတ်ထုတ်၏။ မရေမတွက်နိုင်သော မိုးစက်များသည် လေပြင်းအတွင်း ရွှေ့လျားသည်။ နဂါးဘုရင်က မိုးကို ဆင့်ခေါ်လိုက်သည့်အလား ထင်မှားရချေ၏။

ထိုမျှသာ ဆိုပါက အံ့အားသင့်စရာ မရှိသေးပေ။ သို့သော် မိုးစက်တိုင်းက ရွှေရောင်တောက်ပမှုအလင်းကို ပေးစွမ်းကာ ကျဆင်းလာနေခြင်းတည်း။ ထိုမိုးစက်တို့က တုချင်းထံ တိုးဝင်လာသည်။

“လေဆင့်ခေါ်ခြင်း၊ မိုးဆင့်ခေါ်ခြင်း၊ ဆန်းကြယ်လက်နက်…။ ကုန်းမြေပျက်စီးခြင်း၊ တောင်ခြေမွခြင်း…”  ဝမ်လင်း၏ အေးစက်စက်အသံ ပဲ့တင်ထပ်သည်။ မြေပြင်ပေါ်၌ အက်ကြောင်းများစွာ ပေါ်လာကာ ပုံရိပ်ယောင်မီးတောင်များသည် မီးသွေးကြော၏ အထက်ရှိ မြေပြင်ထုတွင် ပေါ်လာသည်။ ထိုမီးတောင်အားလုံးသည် အနက်ရောင်အခိုးငွေ့များနှင့်အတူ ပေါက်ကွဲထွက်ကာ အဆုံးအစမဲ့ ချောရည်ပူတို့ ပေါက်ကွဲထွက်လာသည်။

“လနက်၊ကြယ်လင်သောကောင်းကင်…”  ဝမ်လင်းသည် ကောင်းကင်ထက်သို့ လက်ညွှန်၏။ တောက်ပသောလတစင်း ကောင်းကင်ထက်တွင် ပေါ်လာသည်။

အခုက နေ့ခင်းအချိန်ဖြစ်၏။ ထို့အတွက် သည်လ ပေါ်ထွန်းလာမှုက အလွန်ထူးဆန်းနေသည်။

ထိုလ ပေါ်လာသည်နှင့် ဝမ်လင်းက တိုးဝင်လာသော တုချင်းထံ လက်ညွှန်လိုက်သည်။ လအမှတ်အသားတစ်ခု တုချင်း၏မျက်နှာထက်တွင် ပေါ်လာကာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သည်။

“ဒီမန္တာန်ကကော…”   ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မီးနဂါးဦးခေါင်းပေါ်တွင် ရပ်၍ ထပ်မံတုန်လှုပ်ကာ မျက်နှာဖြူရောသွားသော တုချင်းထံ ငုံ့ကြည့်သည်။

“နက်…လနက်ကလန်၊ လက်နက်ပညာရပ်ရဲ့ ပထမဆုံးမန္တာန်…” တုချင်း၏စိတ်ထဲတွင် မိုးကြိုးသံအလား တုန်ဟည်းမိသွားသည်။ လနက်ကလန်သည် အရှေ့ပိုင်းကုန်းမြေ၏ ကလန်ကိုးခု၊ အင်အားစုဆယ့်သုံးခုတို့ထဲမှ တစ်ခု ဖြစ်၏။

တုချင်းက ရုတ်တရက် ခေါင်းမော့လိုက်ရာ သူ၏မျက်လုံးတို့သည် နီရဲနေသည်။ သူသည် ဝမ်လင်း ထုတ်ဖော်ပြသသော မန္တာန်များကြောင့် တုန်လှုပ်မိနေ၏။ သို့သော် သူသည် ဝမ်လင်းနောက်သို့ လိုက်လံသည်မှာ အချိန်ကြာနေပြီ ဖြစ်၍ သူ့အတွက် ပြန်ဆုတ်လျှင် သိက္ခာကျရတော့မည်။

ခုချိန်ထိ သူသည် တစ်ကြိမ်သာ တိုက်ခိုက်ရသေးသည်။

“မင်းမှာ တခြားကလန်တွေရဲ့ မန္တာန်အများကြီး ပိုင်ဆိုင်ထားတော့ရော ဘာဖြစ်သေးသလဲ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်ဟာ ငါ့ထက်နိမ့်ရမယ်။ မဟုတ်ရင် မင်းက ငါ့ကို ရပ်တန့်ဖို့ ဒီလောက်နည်းလမ်းအများကြီး အသုံးပြုပြနေမှာ မဟုတ်ဘူး…”

“ဒီလိုမျိုးပုံစံတွေ လုပ်ပြနေတယ်ဆိုတာ မင်း မတိုက်ခိုက်ရဲဘူးလို့ ဆိုလိုတာပဲ…”

တုချင်းသည် မာန်သွင်းလိုက်၏။ သူသည် အခုလို ခက်ခဲသည့်အခြေအနေမျိုးကို မကြုံခဲ့ဖူးပေ။ သူသည် သူ့စိတ်နှလုံးထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ကာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်မှ မီးများက သူ့လက်တွင် မြောက်များစွာ သိပ်သည်းလာသည်။ သူ၏သစ်သားခန္ဓာထံမှ ခရမ်းရောင်အခိုးငွေ့များစွာ ထွက်ပေါ်လာကာ ဝမ်လင်းထံ ပျံသန်းလာ၏။

“ဒီအဘိုးအိုရဲ့ ကျင့်ကြံမှုဟာ ကိုယ်တိုင်ကိုယ်ကျ ပိုင်ဆိုင်လာခဲ့တာ။ ငါ့မှာ မင်းလိုမျိုး အားကျဖို့ကောင်းတဲ့ မန္တာန်တွေ မရှိဘူးဆိုရင်တောင် ငါဟာ အနှစ်သာရသုံးခု ပိုင်ဆိုင်ထားတယ်။ ဒီအနှစ်သာရသုံးခုနဲ့ ဒီအဘိုးအိုဟာ ဆန်းကြယ်ဒုက္ခတွေကို ဖြတ်သန်းခံယူပြီးပြီ။ မင်းလို မီးအနှစ်သာရနဲ့ ကျင့်ကြံသူကို ငါက ဘာလို့ ကြောက်နေရမှာလဲ…”

“မင်း ဒီလောက်မောက်မာနေပုံ ထောက်မှတော့ ဒီအဘိုးအိုက မင်းမှာ အနှစ်သာရ ဘယ်နှစ်ခု ပိုင်ဆိုင်ထားလဲ မြင်ချင်မိတယ်…”

တုချင်းသည် ကောင်းကင်ထက်သို့ မာန်သွင်းကာ သူ၏ညာလက်ရှိ မီးက ခရမ်းရောင်အခိုးငွေ့နှင့် ပေါင်းစပ်ကာ ခရမ်းရောင်မီးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းသည်။ ခရမ်းရောင်မီးသည် လောကကို အရောင်ထင်းစွန်းစေကာ တုချင်းသည် သူ့အား အပူလှိုင်းတစ်ခု ဝန်းရံစေလျက် ဝမ်လင်းထံ လျှောက်လှမ်းလာတော့သည်။

“မဟာမြေအနှစ်သာရ…” တုချင်း ရှေ့သို့ လှမ်း၏။ သူ့ဘယ်လက်ကို အောက်ဘက်ရှိ မြေပြင်ထံ ဆန့်ထုတ်သည်။ အောက်ဘက်ရှိ မြေပြင်ထံမှ အက်သံများ ထွက်ပေါ်လာကာ အဝါရောင်သဲမှုန့်ျား ပျံသန်းတက်လာသည်။ ယင်းတို့က တုချင်း၏ဘယ်လက်တွင် အဝါရောင်မြူစိုင်တစ်ခုကဲ့သို့ စုဝေးလေသည်။

ထိုမြူအတွင်း၌ သိပ်သည်းသော မြေအနှစ်သာရအော်ရာ ရှိနေသည်။ ထိုအော်ရာသည် ပျံ့လွင့်ကာ မြေပြင်ထုသည် တွန့်ခေါက်လာသည်။ ပတ်ဝန်းကျင်ဧရိယာသည် သဲကန္တာရတစ်ခုအဖြစ်သို့ ပြောင်းသွားသည့်အလား။

“အလေးချိန်အနှစ်သာရ…” တုချင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ မာန်သွင်း၏။ သူ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူ တယောက်ဖြစ်လာပြီး ဆန်းကြယ်ဒုက္ခအဆင့်တော်တော်များများကို ဖြတ်သန်းနိုင်သည့် အကြောင်းရင်းမှာ သူ၏ အလေးချိန်အနှစ်သာရကြောင့်ပင်။

သူ့ကို မဟာစိတ်ဝိညာဉ်ကလန်က အလေးထားခြင်းမှာလည်း သူ၏ ဒီအနှစ်သာရကြောင့်သာ။

အလေးချိန်အနှစ်သာရ၊ လောကရှိ အလေးချိန်အားလုံးကို နားလည်သဘောပေါက်ခြင်း၊ သဲတမှုန့်ကစ၍ ကုန်းမြေတစ်ခု၏ အလေးသဘောတရားကို နားလည်ခြင်း။ သူသည် အလေး၏ ပြောင်းလဲမှုအားလုံးကို နားလည်သည့်အတွက် အတွေးတစ်ချက်ဖြင့်ပင် အလေးသဘာဝကို ပြောင်းပစ်နိုင်ပေသည်။

ထိုအလေးအနှစ်သာရသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် တွေ့ရမများပေ။ ၎င်းကို နားလည်နိုင်ဖို့ အထူးအရည်အချင်း လို၏။ တုချင်းသည် မူလတုန်းက ထိုသို့ အရည်အချင်း မရှိပေ။ သို့သော် သူ့သစ်သားခန္ဓာ၌ အလေးအနှစ်သာရ အရိပ်အမြွက် ပါဝင်၏။ သည့်အတွက် သူသည် ၎င်းအလေးချိန်အနှစ်သာရအကြောင်းကို တဖြည်းဖြည်း နားလည်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ပေါ်လာသည့်နောက် မမြင်ရပေ။ သို့သော် ၎င်းသည် တုချင်း၏ ခရမ်းရောင်မီးပင်လယ်ကို အလေးချိန် ပေးစွမ်းလေ၏။

ရှေးအချိန်များတည်းက မီးအပေါ် နားလည်သဘောပေါက်မှု အမျိုးအစားနှစ်ခု ရှိ၏။ ထိုနှစ်ခုကြား သော့ချက်မှာ မီးသည် အလေးချိန် ပိုင်ဆိုင်သည်လော ဟူ၍ ဖြစ်၏။

နားလည်မှုတစ်ခုက မီး၌ အလေးဓာတ်သဘာဝ ရှိစေခြင်း ဖြစ်ပြီး တခြားနားလည်သဘောပေါက်မှုတစ်ခုကမူ အရိပ်အယောင်မျှသာ ဖြစ်ပြီး မည်သည့်အလေးချိန်မှ မရှိလေပေ။

ခုချိန်ထိ လူများက သည်မီးအပေါ် အခုလို ပိုင်းခြားထားကြ၏။ သို့သော် မီးဓာတ်၏ အလေးချိန် ရှိခြင်း၊မရှိခြင်းက မန္တာန်များအပေါ် မသက်ရောက်ပေ။ သူ့အလေးချိန်အနှစ်သာရကြောင့် တုချင်းက သူ့မီးကို အလေးချိန် ပေးစွမ်းနိုင်ပေ၏။

သည့်အတွက်ကြောင့် သူ့မီး၏စွမ်းအားမှာ များစွာ တိုးတက်နိုင်သည်။

တချိန်တည်းမှာ သူ့ဘယ်လက်ရှိ မြေအနှစ်သာရမြူကလည်း အလေးအနှစ်သာရ၏ သက်ရောက်မှုအောက်တွင် ပြောင်းလဲလာခဲ့၏။ တုချင်းက သူ့လက်တွင် ကုန်းမြေတစ်ခုကို ဆုပ်ကိုင်ထားသည့်နှယ်။

အဖြစ်အပျက်အားလုံးသည် မျက်စိတမှိတ်အတွင်းသာ။ သူ့အနှစ်သာရသုံးခုကို ခင်းကျင်းထုတ်ဖော်ပြီးနောက် တုချင်းက ဝမ်လင်းထံ တိုးဝင်လာချေပြီ။

“မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီအဘိုးအိုအတွက် သေလိုက်တော့…”

ဝမ်လင်းသည် မီးနဂါး၏ဦးခေါင်းပေါ်၌ ရပ်နေဆဲ ဖြစ်၏။ သူ့မျက်လုံးသူငယ်အိမ်မှာ ကြုံ့နေသည်။ အတွေးတချက်ဖြင့်ပင် မီးနဂါးသည် မာန်သွင်းကာ နောက်ဆုတ်၏။ တချိန်တည်းမှာ ဝမ်လင်း အစောပိုင်းတုန်းက အသုံးပြုခဲ့သော မန္တာန်များက တုချင်းထံ ပျံသန်းဝင်လာသည်။

ခုနစ်ရောင်စုံလှံ၊ စစ်စိတ်ဝိညာဉ်လက်ဝါး၊ ရှေးဟောင်းထီးဖွင့်လှစ်ခြင်း၊  အနက်ရောင်လေပြင်းထဲရှိ လနက်၊ကြယ်လင်သောကောင်းကင် မန္တာန်အစွမ်းတို့က ရှေ့သို့ ပျံသန်းလာကြ၏။ ယင်းတို့မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ကျော်ကြားလှသော မန္တာန်များပင်။ ဤသည်မှာ ဝမ်လင်း၏ စွမ်းအားအပြည့်အဝလည်း ဟုတ်သည်။

မီးနဂါး၏ တည်ရှိမှုကြောင့် ဝမ်လင်းသည် ၎င်းနှင့် ချိတ်ဆက်နေ၏။ မီးနဂါးထံ တိုက်ခိုက်မှုမှ ဖြစ်ပေါ်သော တုန်ခါမှုလှိုင်း အများစုကို လွှဲပြောင်းပို့လွှတ်စေခြင်းဖြင့် ဝမ်လင်းသည် တုချင်းနှင့် တိုက်ခိုက်နိုင်ပေသည်။

သူသည် အုပ်စိုးသူကိုပင် ချိပ်ပိတ်ခဲ့ပြီး တစ္ဆေအိုကြီးကျန့်၊ ခုနစ်ရောင်စုံတာအိုသခင်တို့နှင့်ပင် တိုက်ခိုက်ရဲခဲ့သူ မဟုတ်လား။ သူသည် ဒီတုချင်းလောက်ကို တိုက်ခိုက်ဖို့ မည်သို့ ကြောက်လန့်နေပါ့မည်နည်း။

ဝမ်လင်းက သူ့သိုလှောင်အိတ်နေရာလွတ်ကို မဖွင့်လှစ်နိုင်ခြင်းကြောင့်သာ မဟုတ်ပါက တုချင်းသည် ရီစီရုပ်သေး ထွက်လာသည်နှင့် ကျိန်းသေပေါက် ရှုံးရလိမ့်မည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ တုချင်း၏ ကျင့်ကြံမှုအဆင့်မှာ အစွမ်းထက်လှ၏။ သူသည် မည်သည့်မန္တာန်ကိုမျှ အသုံးမပြုဘဲ သူ့အနှစ်သာရသုံးခုကိုသာ အသုံးချ၍ သူ၏အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို ထုတ်ဖော်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ ဝမ်လင်း၏ မန္တာန်လေးခုလုံး ပျက်စီးသွားသည်။ သို့သော် တုချင်း အနှစ်သာရစွမ်းအားများက တုန်ခါလှိုင်းကို ဖန်တီးစေကာ ဝမ်လင်းထံ ရောက်လာစေသည်။ ဝမ်လင်း၏အောက်ရှိ မီးနဂါးသည် ထိုတုန်ခါလှိုင်းကို ဆက်၍မခံနိုင်တော့ပေ။ ၎င်းသည် အော်ဟစ်ကာ ရုတ်တရက် ပျက်စီးသွားလေ၏။

ထိုမီးနဂါးသည် ဧရာမမီးလုံးအဖြစ်သို့ ပြောင်းကာ ဝမ်လင်းကို ဝန်းရံသည်။

တုချင်းသည် ပျက်စီးသွားသော မန္တာန်လေးခု၏ ဖိသိပ်အားကို ဖြတ်သန်း၍ ဝင်ရောက်လာ၏။ သူသည် အနီးကပ် ဝမ်လင်းကို အသေအကြေ ရိုက်ချရန် တိုးဝင်လာခြင်းတည်း။

သို့သော် ထိုအခိုက်တွင် ဝမ်လင်း၏အသံသည် မီးလုံးအတွင်းမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

“သင်က ငါ့မှာ အနှစ်သာရတစ်ခုပဲ ပိုင်ဆိုင်ထားတယ်လို့ ထင်တာလား။ အနှစ်သာရသုံးခုဟာ အတော်လေး များနေပြီလို့ သင် ထင်နေတာလား…”

တခြားတယောက်ယောက်သာ ဖြစ်ပါက တုချင်းသည် ဒီစကားကို လစ်လျူရှုထားနိုင်၏။ သို့သော် အခု ဝမ်လင်းက ပြောလာသည်ဖြစ်ရာ တုချင်းသည် မည်သည့်ကြောင့်မှန်းမသိ သူ့စိတ်ထဲ၌ တုန်ယင်မှုကို ခံစားမိလိုက်ရသည်။

All Chapters