ရက်စက်လွန်းတယ်
Vol. 135 Ch. 1866
ထိုမီးလုံး၏အတွင်း၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားနေသည်။
ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာစဉ် တုချင်းနှင့် ရင်ဆိုင်ထားသော မီးလုံး၏ တခြားဘက်တွင် တွန့်ခေါက်ပုံပျက်ကာ မျက်နှာတစ်ခု ပေါ်လာ၏။ ထိုမျက်နှာမှာ ဝမ်လင်း၏ အေးတိအေးစက်မျက်နှာ ဖြစ်ချေ၏။
သူသည် တုချင်းကို အေးစက်စက်ကြည့်နေ၏။
“အနှစ်သာရသုံးခုလေးကများ…။ မိုးကြိုးအနှစ်သာရ ပေါ်လာစမ်း…” ဝမ်လင်း ထိုသို့ ဆိုသည့်နောက် ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ မိုးကြိုးသည် ကောင်းကင်ထက်မှ ဆင်းသက်လာ၏။
ထိုအခါ လောကသည် အရောင်ပြောင်းလဲကာ မရေမတွက်နိုင်သော မိုးကြိုးတန်းများ ကောင်းကင်ယံ၌ ပေါ်လာ၏။ မိုးကြိုးများသည် လောကအနှံ့မှ စုဝေးကာ ပုံရိပ်ယောင်ဧရာမစစ်ရထား ပေါ်လာချေ၏။
ထိုစစ်ရထားက မိုးကြိုးတန်းများကနေ ဖြစ်ပေါ်လာခြင်းတည်း။
ထိုမိုးကြိုးတန်းစစ်ရထားပေါ်၌ ဝိုးတဝါးပုံရိပ်တစ်ခု ရပ်နေသည့်ပုံ ပေါ်သည်။ ထိုပုံရိပ်က အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သို့သော် ၎င်း၏ပုံပန်းအသွင်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်ပေ။
“ဒါ…ဒါဟာ မိုးကြိုးအနှစ်သာရကနေ ဖြစ်ပေါ်လာတဲ့ မိုးကြိုးစစ်ရထားပဲ။ အစွမ်းထက်တဲ့ မိုးကြိုးအနှစ်သာရနဲ့ တစ်စုံတစ်ယောက်ကသာ ဒီလိုပြောင်းလဲမှုမျိုးကို ဖြစ်စေနိုင်တာ…။ ဒီလူ…သူဟာ မီးအနှစ်သာရသာမက မိုးကြိုးအနှစ်သာရကိုပါ ပိုင်ဆိုင်ထားတာပဲ…”
တုချင်းသည် ဝမ်လင်းထံ၌ မိုးကြိုးအနှစ်သာရနှစ်ခု ပိုင်ဆိုင်ထားသည့်အပေါ် အံ့အားမသင့်သွားပေ။ သို့သော် ဝမ်လင်း၏ မိုးကြိုးအနှစ်သာရက ခုလိုမျိုး ဖြစ်စေနိုင်သည့်အပေါ်တော့ သူ တုန်လှုပ်မိ၏။
“သေခြင်းရှင်ခြင်းအနှစ်သာရ…ပေါ်လာစမ်း…” ဧရာမမီးလုံးပေါ်ရှိ ဝမ်လင်းက ထပ်မံ၍ စကားဆိုလာသည်။
သူ ထိုသို့ ပြောလိုက်သည့်နောက် ကောင်းကင်ထက်မှ အဖြူရောင်အခိုးငွေ့၊ မြေပြင်ထံမှ အနက်ရောင်အခိုးငွေ့တို့ ထွက်ပေါ်လာသည်။ အဖြူနှင့်အနက်အခိုးငွေ့များသည် ဝမ်လင်း၏ရှေ့တွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်သည်။
ဝဲကတော့ထံမှ သေခြင်းရှင်ခြင်းအော်ရာများလည်း ထွက်ပေါ်သည်။ ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ဆန်းကြယ်အနှစ်သာရများသည် မည်သို့မျှ ပြောင်းလဲမှု မရှိသည်ကို စမ်းသပ်ခဲ့ပြီး ဖြစ်၏။ သေခြင်းရှင်ခြင်းအော်ရာများ၊ အတူတကွ မတည်ရှိသင့်သောအော်ရာနှစ်ခုမှာ ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။
“ဆန်းကြယ်အနှစ်သာရ…ဒီလူဟာ…ဒီလူဟာ ငါ့လိုပဲ အထည်ဒြပ်အနှစ်သာရနှစ်ခုနဲ့ ဆန်းကြယ်အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ထားတယ်…” တုချင်း၏ အမူအရာသည် ရုပ်စိုးသွား၏။ ဤသည်က သူ မျှော်လင့်ထားတာ၏ အကန့်အသတ်လည်း ဟုတ်သည်။ သူက ဝမ်လင်း၌ အထည်ဒြပ်အနှစ်သာရနှစ်ခုနှင့် ဆန်းကြယ်အနှစ်သာရတစ်ခုတို့ ပိုင်ဆိုင်ထားမည်ဟု တွေးထား၏။
“သူ ဒီလောက်မောက်မာနေတာ ဒီအနှစ်သာရသုံးခုကြောင့်ပေါ့။ သူ့မှာ အနှစ်သာရသုံးခု ပိုင်ဆိုင်ထားတော့ရော ဘာဖြစ်သေးသလဲ…” တုချင်းသည် မာန်သွင်းလိုက်၏။ သို့သော် သူ့စကား မဆုံးခင်မှာပင် ဝမ်လင်းက ကြားဖြတ်ပြောလာ၏။
“ကံမ္မ၊ အမှန်နဲ့အမှား အနှစ်သာရတို့ ပေါ်ထွက်လာစေ…” ဝမ်လင်း၏စကားလုံးတို့က တုချင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူ့စိတ်နှလုံးမှာ တချက် ခုန်ပေါက်သွားကာ သူသည် ဝမ်လင်းရှေ့၌ ပေါ်လာသော ဝဲကတော့နှစ်ခုကို စောင့်ကြည့်ကာ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ဖြစ်ပေါ်သည်။
ဝဲကတော့တစ်ခုသည် အမှန်နှင့်အတုအယောင်ကြား ဆက်တိုက်ပြောင်းလဲနေ၏။ တုချင်းသည် ၎င်းကို ကြည့်မိသည့်အခါ၌ သူ့စိတ်မျာ ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ဆွဲသွင်းခြင်း ခံရသည့်နှယ် ခံစားမိသည်။ ဤသည်က သူ့ကို ပင့်သက်ရှိုက်မိသွားစေသည်။
“ဒါ…ဒါဟာ…”
တခြားအနှစ်သာရတစ်ခုမှာ ကံမ္မဖြစ်၏။ ကံမ္မသည် မဟာတာအို ဖြစ်ကာ အလွန်တရာ ရှုပ်ထွေးလွန်းသည်။ ၎င်း၏အတွင်း၌ ဗရမ်းဗတာ ရှိလှကာ ၎င်းအတွင်းရှိ ပြောင်းလဲမှုများကို ဖြတ်မြင်နိုင်ဖို့ မဖြစ်နိုင်ပေ။
“ဆန်းကြယ်အနှစ်သာရသုံးခု၊ ဒီလူဟာ ဆန်းကြယ်အနှစ်သာရသုံးခုကို ပိုင်ဆိုင်တဲ့ထိ ကံကောင်းမှုမျိုး ရှိနေတာပဲ…” တုချင်း၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ဖြစ်ပေါ်ကာ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။ သူ၏လက်ထဲရှိ မီးနှင့်မြေကြီးအနှစ်သာရတို့ပင် မှိန်ဖျော့လာခဲ့သည်။
“ဆန်းကြယ်အနှစ်သာရသုံးခုနဲ့ အထည်ဒြပ်အနှစ်သာနှစ်ခု။ အနှစ်သာရငါးခု ပိုင်ဆိုင်ထားတဲ့ သူ့မှာ ဘယ်လိုပါရမီမျိုး ရှိနေတာလဲ။ ဒါဟာ မဟာစိတ်ဝိညာဉ်ကလန်မှာတောင် ကြားရခဲတယ်…”
တုချင်းသည် သူ့စကားများကိုသူ ပြန်စဉ်းစားကြည့်မိ၏။ သူ၏အနှစ်သာရသုံးခုမှာ ထိုသူအတွက် ဘာမှဟုတ်မနေပေ။
“မင်းမှာ အနှစ်သာရငါးခု ပိုင်ဆိုင်ထားတော့ရော ဘာဖြစ်သေးသလဲ။ အနှစ်သာရ များများစားစား ပိုင်ဆိုင်ထားတာဟာ မင်းက အစွမ်းထက်လွန်းနေတယ်လို့ မဆိုလိုဘူး…”
တုချင်းသည် ပို၍ တုန်လှုပ်မိလာကာ သူသည် အံတင်းတင်းကြိတ်၍ အော်ဟစ်မာန်သွင်းလိုက်၏။
“ငါးခုလား…သတ်ဖြတ်ခြင်းအနှစ်သာရ ပေါ်လာစမ်း…” မီးလုံးပေါ်ရှိ ဝမ်လင်း၏မျက်နှာရှိ မျက်ခုံးနှစ်ခုကြားတွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ လောကအတွင်းသို့ သတ်ဖြတ်ခြင်းအော်ရာ ပြည့်နေသော အေးစက်မှုတစ်ခု တရှိန်ထိုး ဝင်ရောက်လာချေပြီ။ သတ်ဖြတ်ခြင်းအော်ရာက အလွန်တရာ သိပ်သည်းလွန်း၏။ ကောင်းကင်ထက်မှ အနီရောင်နှင်းပွင့်များ သက်ဆင်းလာကာ မြေပြင်ထက်တွင်လည်း အနီရောင်တို့ ပြည့်ဖုံးသည်။
ထိုသတ်ဖြတ်ခြင်းအော်ရာ၏ရှေ့တွင် တုချင်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်မိသည်။ သူသည် ဝမ်လင်းကို ထိတ်လန့်တကြား ကြည့်မိတော့သည်။
“သတ်ဖြတ်ခြင်း…သတ်ဖြတ်ခြင်းအနှစ်သာရ။ ဒါက သတ်ဖြတ်ခြင်းအနှစ်သာရပဲ။ မင်းမှာ တကယ်ပဲ သတ်ဖြတ်ခြင်းအနှစ်သာရ ပိုင်ဆိုင်ထားတာလား…” တုချင်းသည် အလန့်တကြား အော်မိလုနီးပါးပင်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ သတ်ဖြတ်ခြင်းအနှစ်သာရမှာ သူ၏ အလေးချိန်အနှစ်သာရထက် ပိုရှားပေ၏။ လူတစ်ယောက်သည် အနှစ်သာရတစ်ခုတည်း ရှိလျှင်ပင် ထိုသတ်ဖြတ်ခြင်းအနှစ်သာရနှင့်ဆို အုပ်ချုပ်သူတစ်ယောက် ဖြစ်လာဖို့ လုံလောက်နေလေပြီ။
သတ်ဖြတ်ခြင်းအနှစ်သာရ ဖြစ်ပေါ်လာဖို့မှာ လူတစ်ယောက်၏ လက်နှစ်ဖက်သည် သွေးများ စွန်းထင်းနေသည်ဟု ဆိုလို၏။ လူတစ်ယောက်သည် သတ်ဖြတ်ခြင်းအနှစ်သာရ ပေါ်လာဖို့ မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ခဲ့ဖို့ လိုမည်။
“သေစမ်း…သူ့မှာ တကယ်ပဲ သတ်ဖြတ်ခြင်းအနှစ်သာရ ပိုင်ဆိုင်ထားတယ်။ သူ လူ ဘယ်လောက်များများ သတ်ပစ်ခဲ့ပြီးပြီလဲ။ ဒါဟာ အလွန်တရာ ရက်စက်တဲ့လူစားမျိုးပဲ…”
“အတားအဆီးအနှစ်သာရ ပေါ်လာစေ…” ဝမ်လင်း၏စကားလုံးတို့က တုချင်း၏ခန္ဓာကိုယ်ပေါ်သို့ လက်သီးချက်ခပ်ပြင်းပြင်း ထိုးချလိုက်သလိုပင်။ သူ့ကို နောက်ထပ် ပေတစ်ရာထိ ဆုတ်သွားစေသည်။ သူသည် ဝမ်လင်း၏မျက်လုံးထဲ၌ သွေးစင်းကြောင်းများကို မြင်၏။ ယင်းတို့သည် ပျံသန်းထွက်ကာ အတားအဆီးတစ်ခု ဖွဲ့စည်းသည်။
အတားအဆီးအနှစ်သာရ ပေါက်ကွဲထွက်လာ၏။
“ခုနစ်ခု…ခြောက်ခု မဟုတ်ဘူး။ ခုနစ်ခုပဲ…။ သူ…သူ…” တုချင်းသည် နောက်သို့ ထပ်မံ ဆုတ်မိပြန်၏။ သူသည် ဝမ်လင်းနှင့်သူ့ကြား လွင့်မြောနေသော အနှစ်သာရခုနစ်ခုကို ကြည့်မိနေ၏။ သူ့ဦးရေပြားပါ ထုံထိုင်းမိလာသည်။
ဝမ်လင်း သူ့ကို ပေးစွမ်းသော တုန်လှုပ်မှုက များပြားခဲ့လေပြီ။ သို့သော် ခုချိန်၌ သူသည် အရင်ထက်များစွာ ပိုတုန်လှုပ်မိနေပြီ။ လှည့်ထွက်ပြေးမည့် အတွေးပင် သူ့စိတ်ထဲ၌ ပေါ်လာသည်။
“အနှစ်သာရခုနစ်ခု ပိုင်ဆိုင်ထားတာ၊ အစွမ်းထက်ကလန်တွေရဲ့ မန္တာန်တွေကို တတ်မြောက်ထားတာ။ မြေကမ္ဘာမီးကြောကို အတင်းအကြပ် စုပ်ယူနိုင်တာ။ ဒီလိုလူမျိုးကို ငါ ရန်မစသင့်ဘူး…”
အမှန်တော့ တုချင်း၏ကျင့်ကြံမှုအဆင့်သည် အားမနည်းပေ။ သို့သော် သူသည် ဝမ်လင်းနှင့် ရင်ဆိုင်သည့်အခါ မည်မျှကြောက်မက်ဖွယ်ကောင်းသောအရာများ ထပ်ပေါ်လာမည်ကို မသိပေ။ ဝမ်လင်းထံ၌ ခုထိ မထုတ်ဖော်ရသေးသော ဝှက်ဖဲမည်မျှ ရှိလေသနည်း။
သူသည် အရင်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ချိန်၌ ဝမ်လင်းကို တစက်လေးမျှ ဒဏ်ရာမရစေနိုင်ခဲ့ပေ။ ထိုအခါ သူသည် ဝမ်လင်း၏ကျင့်ကြံမှုက သူနှင့် မယှဉ်နိုင်လျှင်ပင် နီးစပ်လိမ့်မည်ဟု ကောက်ချက်ချထားခဲ့၏။
ထိုအခြေအနေ၌ ဝမ်လင်း၏ ဆန်းကြယ်သောသဘာဝနှင့် တုချင်း၏ သတိထားမှုကို ထည့်ပေါင်းသည့်အခါ သူသည် မည်သို့ တိုက်ခိုက်နိုင်ပါတော့မည်နည်း။
“မင်းမှာ အနှစ်သာရခုနစ်ခု ပိုင်ဆိုင်ထားတော့ရော ဘာဖြစ်သေးသလဲ။ မင်း ထွက်လာပြီး ငါနဲ့ တိုက်ခိုက်ရဲလား…” တုချင်းက အံတင်းတင်းကြိတ်ကာ ဆို၏။ သူသည် ထွက်ပြေးချင်နေသော်လည်း အရင်ဆုံးစကားအချို့ ပြောရအုံးမည်။ မဟုတ်ပါက သူ နောက်က လိုက်လံခြင်းသည် သိသာလွန်းစွာ အရှက်ကွဲရမည် မဟုတ်လား။
“မင်း ငါနဲ့ တကယ်ပဲ တိုက်ခိုက်ချင်တာလား…” မီးလုံးအတွင်းရှိ ဝမ်လင်း၏မျက်နှာက ဆိုလာ၏။ သူ ထိုသို့ ပြောစဉ် မီးလုံးထံမှ ကြောက်မက်ဖွယ်ဖိအား ပေါက်ကွဲထွက်လာသည်။
ထိုဖိအားသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ၎င်း ပျံ့နှံ့လာသည့်အခိုက်တွင် တုချင်း၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက များစွာ တိုးလာ၏။ သူသည် နောက်သို့ တုံ့နှေးခြင်းမရှိ ဆုတ်ကာ သူ့မျက်နှာထက်တွင် အလန့်တကြားဟန်ပန် ပေါ်လာသည်။ သူက မီးလုံးပေါ်ရှိ ဝမ်လင်း၏မျက်နှာနှင့် တွန့်ခေါက်ပုံပျက်သွားသောထိုမျက်နှာမှ ပျံ့နှံ့လာသည့် ရွှေရောင်အလင်းထံ လှမ်းကြည့်သည်။
ထိုရွှေရောင်အလင်းသည် နေမင်းအလား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာ၏။ ဦးခေါင်းအရွယ်စားလောက် ရှိသည့် ရွှေရောင်လက်ဝါးရာတစ်ခု မီးလုံးထံမှ ပျံသန်းထွက်လာသည်။
၎င်းပေါ်လာသည်နှင့် ရွှေရောင်အလင်းတောက်ပကာ ဒီဧရိယာကို ခြုံလွှမ်းသည်။ ရွှေရောင်အလင်းက အလွန်တရာသန့်စင်သော ကောင်းကင်ဘုံသွေးမျိုးဆက် အော်ရာကို ပေးစွမ်း၏။ သို့သော် အတွင်း၌ နောက်ထပ်အားတစ်ခု ရှိလို့နေသည်။ တုချင်းက ထိုအော်ရာကို ခံစားမိသည့်အခါ သူသည် ထပ်မံ၍ ပင့်သက်ရှိုက်မိသည်။
ထိုရွှေရောင်လက်ဝါးမှ ထွက်ပေါ်နေသော အော်ရာသည် များပြားလှခြင်း မရှိသော်ငြား ၎င်းမှာ လောကကို ထက်ပိုင်းခြမ်းပစ်နိုင်လောက်မည်။
“မဟာ…မဟာအင်ပါယာ…” တုချင်း၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာကာ သူသည် နောက်သို့ အမြန်ဆုတ်သည်။ ထိုလက်ဝါးကြောင့် တုန်လှုပ်မှုက သူ့မူလစိတ်ဝိညာဉ်ကိုပါ ဒဏ်ရာ ရသွားစေသည်။ သူသည် အကြည့်တချက်ဖြင့်ပင် ထိုလက်ဝါးသည် မဟာအင်ပါယာတစ်ယောက်က မန္တာန်တစ်ခုကို ရတနာအဖြစ် သိပ်သည်းပေးထားသည်ကို ပြောနိုင်သည်။
ထိုရတနာ၏ ခွန်အားက ပဓာန မကျပေ။ သည်ရတနာ၏ အစစ်အမှန်စွမ်းအားကသာ လူများကို တုန်လှုပ်မိစေခြင်းတည်း။ ၎င်းက လူတိုင်းကို တုန်လှုပ်စေနိုင်သည်။ တုချင်း မဆိုနှင့်ဦး မဟာစိတ်ဝိညာဉ်ကလန်နှင့် ဒီကောင်းကင်ဘုံနွားထီးကုန်းမြေရှိ အစွမ်းထက်ကလန်အားလုံးသည်ပင် ထိုရွှေရောင်လက်ဝါးအတွင်းမှ အော်ရာကို ခံစားမိသည့်နောက် ကြောက်လန့်မှုဖြင့် တုန်လှုပ်မိကြလိမ့်မည်။
အကြောင်းကား မဟာအင်ပါယာတစ်ယောက်က သည်ရတနာကို တစ်စုံတစ်ယောက်ထံ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ခြင်း မဟုတ်ပါက ၎င်းသည် တဖက်လူ လက်ထဲ ရောက်သွားသည်နှင့် ချက်ခြင်း ပျက်စီးသွားမည်သာ။ ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ လူသိများသောအခြင်းအရာ ဖြစ်၏။
မဟာအင်ပါယာများက သူတို့၏ အနီးကပ်တပည့်များကို ခုလိုမျိုး ရတနာများ ပေးတတ်ကြ၏။ ဤသည်က သူတို့အနေဖြင့် ထိုပေးအပ်ခြင်းခံရသော သူကို မည်သူကမျှမထိရဟု ပြောသော နည်းလမ်းတည်း။
တုချင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် မည်သည့်မဟာအင်ပါယာက ဒီရွှေရောင်လက်ဝါးကို ပြုလုပ်ပေးခဲ့သည်ကို မပြောနိုင်ပေ။ သူ ရှင်သန်ခဲ့သော နှစ်များစွာ၌ သူသည် မဟာအင်ပါယာတစ်ယောက်ကို တွေ့မြင်ရဖို့ပင် အရည်အချင်း မပြည့်မှီခဲ့ချေ။
သို့သော် သူ့ကို တခြားအစွမ်းထက်ကျင့်ကြံသူများထက် များစွာ သာလွန်အောင် ကြောက်လန့်စေအောင် လုပ်နိုင်သည်မှာ မဟာအင်ပါယာတစ်ယောက်ကသာ လုပ်နိုင်မည့် အရာမျိုး ဖြစ်၏။
တုချင်းသည် သွေးအန်လိုက်ရသည်။ သူသည် ဝမ်လင်းကို အလန့်တကြား ကြည့်၍ နောက်ဆုတ်ကာ အော်ဟစ်လိုက်သည်။
“သေစမ်း…မင်းမှာ ဒီလိုရတနာမျိုး ပိုင်ဆိုင်ထားရင် စောစောစီးစီး ထုတ်ပြလိုက်ပါလား။ မင်း အစောထဲက ထုတ်ပြရင် ဒီတစ္ဆေအိုကြီးက မင်းနောက်ကို လိုက်လာမှာ မဟုတ်ဘူး။ မင်း နဂါးပြာကလန်တစ်ခုလုံးကို မျိုးဖြုတ်ခဲ့ရင်တောင် ငါက မမြင်သလို ဟန်ဆောင်ပေးလိုက်အုံးမယ်…”
“မင်း…မင်း ရက်စက်လွန်းတယ်။ ရက်စက်လွန်းတယ်။ မင်းလိုလူမျိုးက မင်း တစ်ယောက်ပဲ ရှိနိုင်မယ်…”
တုချင်း၏ အမူအရာ၊အပြောအဆိုက ဝမ်လင်းကိုပါ တုန်လှုပ်မိသွားစေ၏။ သူသည် ထိုရွှေရောင်လက်ဝါးက သည်မျှသက်ရောက်မှု ရှိလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ၎င်းက တုချင်းကို ထိတ်လန့်ကာ သွေးအန်ထွက်စေပြီး သူ့အဆင့်အတန်းကို လုံးဝ လစ်လျူရှုလျက် အခုလိုစကားများကို ပြောလာစေသည်။