ညစ်ညမ်းပစ္စည်း
Vol. 23 Ch. 358
"ကျွန်တော် လီချန်က သာမန်အစီအရင်ပညာရှင်တစ်ယောက်ပါ။ ဘာ ပညာရှင်မှ မဟုတ်ရပါဘူး" လီချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "တာအိုရောင်းရင်းယဲ့ယွီ... ဒါက ဘာများလဲ"
"တာအိုရောင်းရင်းလီ... ပြင်ပနတ်ဘုရားအကြောင်း ကြားဖူးလား" ရွှေနတ်ဘုရား ယဲ့ယွီက လီချန်၏ နောက်ခံအကြောင်းကို ဆက်မမေးတော့ဘဲ မေးခွန်းထုတ်လိုက်သည်။
"ဟွန်တွန်က ပြင်ပနတ်ဘုရားလား" လီချန် အံ့အားသင့်စွာ မေးလိုက်သည်။
"ကြည့်ရတာ တာအိုရောင်းရင်း ကြားဖူးပုံရတယ်... တုန်းလိုင်အင်မော်တယ်နန်းတော်ထဲမှာ ပြင်ပနတ်ဘုရားတစ်ပါးကို ဖိနှိပ်ချုပ်နှောင်ထားတယ်။ အခု ဒီလူတွေက အဲဒီအရာရဲ့ညစ်ညမ်းမှုကို ခံလိုက်ရတာ။ ညစ်ညမ်းမှု အတိုင်းအတာက သိပ်မပြင်းထန်သေးပေမဲ့ အချိန်မီ မကုသရင် ပြင်ပနတ်ဘုရားရဲ့ စွမ်းအားတွေ စိမ့်ထွက်လာနိုင်တယ်။ အဲဒီလိုဆိုရင် သက်ရှိတွေအများကြီး သေကြေပျက်စီးကုန်လိမ့်မယ်" ယဲ့ယွီက ရှင်းပြသည်။
"ဒါဆို ခင်ဗျားတို့ ဘယ်လိုလုပ်ကြမလဲ" လီချန် စိတ်ဝင်တစား မေးလိုက်သည်။
"တကယ်လို့ ညစ်ညမ်းမှုအဆင့် ၃ နဲ့အထက်ဆိုရင်တော့ နည်းလမ်းတစ်ခုပဲရှိတယ်။ အဲဒါက ညစ်ညမ်းမှု ခံရသူတွေကို ရှင်းလင်းပစ်ရတာပဲ။ ဒါပေမဲ့ သူတို့က အဆင့် ၁ ညစ်ညမ်းမှုပဲ ရှိသေးတော့ ပြင်ပနတ်ဘုရားရဲ့ အငွေ့အသက်ကို မောင်းထုတ်ပြီး အပြီးတိုင် ချေဖျက်ပစ်လိုက်ရင် သူတို့ အသက်ရှင်နိုင်ပါသေးတယ်။ အများဆုံးရှိလှ ဝိညာဉ် နည်းနည်း ထိခိုက်ရုံလောက်ပါပဲ" ယဲ့ယွီက ပြောသည်။
တကယ်တမ်းတွင် အင်မော်တယ်နန်းတော်၏ လုပ်ထုံးလုပ်နည်းက သူပြောသလို မဟုတ်ပေ။ ပြဿနာကို အမြစ်ပြတ်ဖြေရှင်းသည့်အနေဖြင့် တိုက်ရိုက်သတ်ဖြတ်ရှင်းလင်းပစ်လေ့ရှိသည်။
ဒီအထဲမှာ နှစ်ဆယ်အခြေခံ နဲ့အထက် ရှိတဲ့ အစီအရင်ပညာရှင် ၁၀ ယောက်ကျော် ပါနေလို့ နှမြောစရာ ကောင်းနေပေမဲ့၊ ပုံမှန်ဆိုရင်တော့ အလုပ်ရှုပ်မခံဘဲ ဒီအတိုင်းပဲ ရှင်းလင်းပစ်လိုက်မှာဖြစ်သည်။
ပြင်ပနတ်ဘုရားရဲ့ အငွေ့အသက်ကို ချေဖျက်ဖို့ဆိုတာ အနည်းဆုံး နိယာမနယ်ပယ် ပိုင်ဆိုင်ထားတဲ့ အစွမ်းထက် ရွှေနတ်ဘုရားတွေမှသာ လုပ်နိုင်တာလေ။
သာမန် ရွှေနတ်ဘုရားတွေ မလုပ်နိုင်ဘူး။
ဒါပေမဲ့ အခု လီချန်ဆိုတဲ့ လျှို့ဝှက်ပညာရှင်တစ်ယောက်ရှိနေတော့ အဲဒီလိုလုပ်လို့မရတော့ဘူး။
လီချန်ကလည်း ဒီအထဲကတစ်ယောက်ဖြစ်နေသလို ဒီအထဲက အစီအရင်ပညာရှင်တချို့နဲ့ ရင်းနှီးမှု ရှိကောင်းရှိနိုင်တယ်။
တကယ်လို့ သူကသာ အားလုံးကို သတ်ပစ်မယ်လို့ ဗြောင်ဖွင့်ပြောလိုက်ရင် တစ်ဖက်လူနဲ့ ရန်သူ ဖြစ်သွားနိုင်တယ်။
"ဪ... ဒီလိုကိုး" လီချန် ခေါင်းညိတ်လိုက်သည်။
ဒါပေမဲ့ သူက ယဲ့ယွီရဲ့စကားကို သိပ်တော့ မယုံကြည်ပေ။
"တာအိုရောင်းရင်း... အခု ခင်ဗျား ကျွန်တော်နဲ့ ပူးပေါင်းပြီး ဒီပြင်ပနတ်ဘုရား အငွေ့အသက်ကို ဝိုင်းချေဖျက်ပေးဖို့ လိုမယ်" ယဲ့ယွီက ပြောသည်။
သူတစ်ယောက်တည်းလည်း ချေဖျက်နိုင်ပေမဲ့ စွမ်းအားကုန်ခမ်းမှု များပြားမည်။ အခု ကူဖော်တစ်ယောက်ရှိနေတော့ အချိန်ကုန်သက်သာသလို လူလည်း သက်သာတာပေါ့။
"ကောင်းပြီလေ" လီချန် သဘောတူလိုက်သည်။
ထို့နောက် သူသည် တွန့်ဆုတ်မနေဘဲ ကိုယ်ပိုင်နိယာမနယ်ပယ်ကို ထုတ်လွှတ်လိုက်သည်။
ပုံသဏ္ဌာန်မဲ့သော လင့်တုန်းအငွေ့အသက်များ ပျံ့နှံ့လာပြီး နိယာမနယ်ပယ်တစ်ခု ဖြစ်ပေါ်လာကာ ယဲ့ယွီ၏ နိယာမနယ်ပယ်ကိုပင် ပြန်လည်ဖိနှိပ်သွားသည်။
ယဲ့ယွီ ရင်ထဲတွင် ထိတ်လန့်သွားပြီး ဤလူ၏ကျင့်ကြံမှုအဆင့်သည် သူ့အောက် မနိမ့်ကြောင်း ချက်ချင်း သိလိုက်သည်။
ဒါပေမဲ့ ဒီလူ့နာမည်ကို သူ တစ်ခါမှ မကြားဖူးဘူး။
၃၃ ဘုံမှာရှိတဲ့ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားတွေ အားလုံးမှာ စာရင်းရှိပြီးသားလေ။ စာရင်းထဲမပါတဲ့ ရွှေနတ်ဘုရားတစ်ပါး၊ ပြီးတော့ နိယာမနယ်ပယ်ကိုပါ ပိုင်ဆိုင်ထားသေးတယ်... ဘယ်ကနေ ရောက်လာတာလဲ။
"တာအိုရောင်းရင်း... ခင်ဗျားနဲ့ ကျွန်တော် နိယာမနယ်ပယ်ကို နယ်နိမိတ်အဖြစ်ထားပြီး ဒီပြင်ပနတ်ဘုရား အငွေ့အသက်ကို ဖိနှိပ်ကြမယ်။ ဒါဆိုရင် ချေဖျက်နှုန်း ပိုမြန်လိမ့်မယ်" ယဲ့ယွီ ပြောလိုက်သည်။
ပြင်ပနတ်ဘုရား အငွေ့အသက် စိမ့်ထွက်မှုက မကြာခဏ ဖြစ်လေ့မရှိပေမဲ့ နှစ်ကာလကြာရှည်လာတာနဲ့အမျှ အကြိမ်ရေ မနည်းတော့ပေ... ဒါကြောင့် အင်မော်တယ်နန်းတော်မှာ ဖြေရှင်းနည်းအဆင့်ဆင့် ရှိပြီးသားဖြစ်သည်။
ထို့နောက် နိယာမနယ်ပယ်နှစ်ခုသည် ပြင်ပနတ်ဘုရား အငွေ့အသက်ကို ဗဟိုပြု၍ ညှပ်ပူးညှပ်ပိတ် ဖိနှိပ်လိုက်ရာ ထွက်ပေါ်လာသော ကြီးမားသည့် ပွတ်တိုက်အားကြောင့် ထိုအငွေ့အသက်ကို ပြင်းထန်စွာ ချေဖျက်သွားသည်။
ကြောက်မက်ဖွယ်ရာ အရိပ်မည်းကြီးသည် ရူးသွပ်စွာ ရုန်းကန်နေသော်လည်း နိယာမနယ်ပယ်နှစ်ခု၏ ဖိနှိပ်မှုအောက်တွင် တဖြည်းဖြည်း အားနည်းသွားသည်။
လီချန်က ဘေးမှ အစီအရင်ပညာရှင်များကိုလည်း အကဲခတ်နေသည်။
ပြင်ပနတ်ဘုရား အငွေ့အသက် ချေဖျက်ခံရသည်နှင့်အမျှ ထိုအစီအရင်ပညာရှင်များ၏ ဝိညာဉ်များသည်လည်း ထိခိုက်မှုရှိပုံရပြီး၊ အားလုံး၏ အသက်ရှူနှုန်းများ မမှန်မကန် ဖြစ်လာကြသည်။
သိသာထင်ရှားသည်မှာ ပြင်ပနတ်ဘုရား အငွေ့အသက်သည် သူတို့၏ ဝိညာဉ်များနှင့် ဆက်နွယ်နေသဖြင့် တစ်ခုခုဖြစ်သည်နှင့် ရိုက်ခတ်မှုရှိစမြဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ပြင်ပနတ်ဘုရား အငွေ့အသက် ပျောက်ကွယ်သွားသည်နှင့် သူတို့ အသက်ရှင်ခွင့် ရရှိကြမည် ဖြစ်သည်။
ကံဆိုးမိုးမှောင်ကျနေသည့်ကြားမှ ကံကောင်းခြင်းပင်။
ချေဖျက်ခြင်းလုပ်ငန်းစဉ်သည် ၃ ရက် ၃ ည ကြာမြင့်ခဲ့ပြီး၊ နောက်ဆုံးတွင် ပြင်ပနတ်ဘုရား အငွေ့အသက်သည် ဟိန်းဟောက်သံများနှင့်အတူ ပျက်စီးသွားကာ ထူးဆန်းသော ရေမည်းအိုင်တစ်အိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ယဲ့ယွီသည် ထိုရေမည်းအိုင်ကို ကြည့်ပြီး မျက်နှာတွင် ရွံရှာသော အရိပ်အယောင်များ ပေါ်လာသည်။
သို့သော် လီချန်ကမူ သူ့ခန္ဓာကိုယ်ထဲရှိ လင့်တုန်းလောကသစ်ပင် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ ဒီရေမည်းအိုင်အပေါ် တုံ့ပြန်မှုရှိနေသည်။
လီချန်က လက်ကိုဆန့်ထုတ်ပြီး ထိုရေမည်းအိုင်ကို လှမ်းယူလိုက်သည်။
ယဲ့ယွီ မြင်လိုက်သည်နှင့် အလျင်အမြန် တားမြစ်လိုက်သည်။ "တာအိုရောင်းရင်း... လျှောက်မကိုင်နဲ့။ ဒါက ပြင်ပနတ်ဘုရားအငွေ့အသက် ပျက်စီးပြီး ကျန်ခဲ့တဲ့ နိယာမညစ်ညမ်းပစ္စည်းတွေ။ လောကသစ်ပင်ကို ဆွဲဆောင်နိုင်ပေမဲ့... ဒီအရာက အကျိုးမရှိဘဲ အပြစ်ပဲရှိတာ။ ကျဆုံးသူတွေပဲ ဒီနိယာမညစ်ညမ်းပစ္စည်းတွေကို ပေါင်းစပ်ကြတာ။ ပုံမှန်ကျင့်ကြံသူတွေသာ ဒါကို ပေါင်းစပ်မိရင် သေချာပေါက် ကျဆုံးသူ ဖြစ်သွားပြီး ပြင်ပနတ်ဘုရားရဲ့ ကျွန်ပြုခြင်းကို ခံရလိမ့်မယ်"
"တာအိုရောင်းရင်း စိတ်ချပါ၊ ကျွန်တော်က စူးစမ်းချင်စိတ်ရှိရုံပါ။ လေ့လာကြည့်ချင်လို့လေ။ ဒီလိုအရာကို ဘယ်လိုလုပ်ပေါင်းစပ်မှာလဲ" လီချန်က ပေါ့ပါးစွာ ပြုံးရင်း ပြောလိုက်သည်။
ယဲ့ယွီ စဉ်းစားကြည့်တော့လည်း ဟုတ်သားပဲ။ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားအဆင့် ရောက်နေတဲ့သူက ပြင်ပနတ်ဘုရားရဲ့ ညစ်ညမ်းနိယာမတွေကို ပေါင်းစပ်ပြီး ကျဆုံးသူ အဖြစ်ခံစရာ အကြောင်းမရှိဘူး။
ရှေ့ဆက်လမ်းမမြင်တော့တဲ့ သူတွေမှသာ ဒီလို အတွေးမျိုး ဝင်တတ်ကြတာ။
"တာအိုရောင်းရင်းက တာအိုပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူ မလား" လီချန်က ရေမည်း ညစ်ညမ်းပစ္စည်းကို သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ ယဲ့ယွီက မေးလိုက်သည်။
လောကသစ်ပင် အဆင့် ၂ ရှိသော ရွှေနတ်ဘုရားတစ်ပါးအနေဖြင့် စောစောက နိယာမနယ်ပယ်ချင်း အားပြိုင်လိုက်စဉ်ကတည်းက ဒီအချက်ကို ရိပ်မိခဲ့သည်။
မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားနှင့် တာအိုပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူကြားတွင် ကွာခြားချက် အနည်းငယ်ရှိသည်လေ။
"ဟုတ်ပါတယ်" လီချန် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ မဆန်းတော့ဘူး" ယဲ့ယွီ ခေါင်းညိတ်လိုက်သည်။
လီချန်ဆိုတဲ့ ရွှေနတ်ဘုရားကို နာမည်မကြားဖူးရခြင်းအကြောင်းရင်းက ဒါကိုး။
ရှေးဟောင်းကျင့်ကြံသူ လမ်းစဉ်ကို လျှောက်လှမ်းတဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေမှသာ အင်မော်တယ်နန်းတော်ရဲ့ သတင်းအချက်အလက် စာရင်းထဲမှာ မပါဘဲ နေနိုင်တာ။
သူက လီချန်နဲ့ လျှို့ဝှက်ရှန်ထျန်းဟွေ့တို့ရဲ့ ဆက်စပ်မှုကိုတော့ မမေးမြန်းခဲ့ပေ။
"တာအိုရောင်းရင်း... ကျွန်တော့် တာဝန်ပြီးပြီမလို့ အရင်သွားနှင့်တော့မယ်" ယဲ့ယွီက လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။
ထို့နောက် လှည့်ထွက်သွားပြီး လျှို့ဝှက်နယ်မြေ၏ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။
လီချန်သည် သတိမေ့မြောနေကြသော လူအုပ်ကြီးကို ကြည့်ကာ ခေါင်းခါလိုက်သည်။ ဒီလူတွေ အားလုံးလိုလို ဝိညာဉ် ထိခိုက်ဒဏ်ရာ ရသွားကြသည်။
ဒါပေမဲ့ အသက်ရှင်ကျန်ရစ်တာကိုက ကံကောင်းလှပြီ။
ယဲ့ယွီ၏ အငွေ့အသက် လျှို့ဝှက်နယ်မြေထဲမှ လုံးဝပျောက်ကွယ်သွားသည်နှင့် လီချန်လည်း အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။
......
ရတနာခုနစ်ပါးခန်းမဆောင်။
"စီနီယာ ယဲ့ယွီ..." ရတနာခုနစ်ပါးခန်းမဆောင် ပိုင်ရှင်သည် ယဲ့ယွီ ထွက်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီး ဖြစ်နေသည်။
"ဒီတစ်ခေါက် တုန်းလိုင်အင်မော်တယ်နန်းတော် တာဝန်ကို လိုက်သွားတဲ့ အစီအရင်ပညာရှင် စာရင်းကို ပေးစမ်း" ယဲ့ယွီက တောင်းလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ" ခန်းမဆောင်ပိုင်ရှင်က အလျင်အမြန် ပြန်ဖြေပြီး ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ကာ ယဲ့ယွီအား ရိုသေစွာ ပေးအပ်လိုက်သည်။
ယဲ့ယွီ သေချာ ဖတ်ရှုပြီးနောက် မေးလိုက်သည်။ "ဒီလီချန်က ဘယ်ကလဲ"
"စီနီယာ ယဲ့ယွီ... ဒီလူက ပိုင်ကျူနတ်ဘုရားမြို့တော်ဘက်ကနေ ခေါ်ယူထားတဲ့ နှစ်ဆယ်အခြေခံ အစီအရင်ပညာရှင်ပါ။ ကြားတာတော့ ၁၀ ခုမြောက်ဘုံက နတ်ဘုရားဂိုဏ်းသေးသေးလေးတစ်ခုက လာတာတဲ့..." ခန်းမဆောင်ပိုင်ရှင်က ဆက်ပြောသည်။ "သူ့မှာ ပြဿနာ တစ်ခုခုရှိလို့လား"
ယဲ့ယွီက ပြုံးလိုက်သည်။ "ဟင်း... သူက တာအိုပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူကွ။ မင်းတို့ ရတနာခုနစ်ပါးခန်းမဆောင်က ဒီလိုပညာရှင်မျိုးကိုတောင် ခေါ်ယူနိုင်တာပဲ"
"ဘာ..." ခန်းမဆောင်ပိုင်ရှင် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မျက်လုံးပြူးသွားသည်။ "သူက အစီအရင်ပညာရှင် မဟုတ်ဘူးလား"
"အစီအရင်ပညာရှင်က ကျင့်ကြံသူ ဖြစ်လို့မရဘူးလား" ယဲ့ယွီက နှာခေါင်းရှုံ့လိုက်သည်။ သို့သော် လီချန်က နှစ်ဆယ်အခြေခံ အစီအရင်ပညာရှင် ဖြစ်ရုံသာမက နိယာမနယ်ပယ်ပိုင်ဆိုင်ထားသော တာအိုပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူဖြစ်နေသည်။ ပြီးတော့ ၁၀ ခုမြောက်ဘုံလို အောက်ပိုင်းဘုံက လာတာတဲ့။ ဘယ်လိုကြည့်ကြည့် ပုံမှန်မဟုတ်ဘူး။
ကြည့်ရတာ အင်မော်တယ်နန်းတော်ကို ဒီလူ့နောက်ကြောင်း သေချာစုံစမ်းခိုင်းရမယ်။
......
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံအတွင်း၌။
လီချန်သည် အချိန်ခေါင်းလောင်းရှေ့တွင် တင်ပျဉ်ခွေ ထိုင်ရင်း မေးစေ့ကို ပွတ်သပ်နေသည်။ ဒီတစ်ကြိမ် ရတနာခုနစ်ပါးခန်းမဆောင် ဌာနချုပ်မှာ ဖြစ်ပျက်ခဲ့တာတွေက သူ့ကို ဒုက္ခအကြီးကြီး ပေးလာနိုင်ခြေ ရှိသည်။
ဟိုယဲ့ယွီ ဆိုတဲ့ကောင်... ဒါမှမဟုတ် သူ့နောက်ကွယ်က အင်မော်တယ်နန်းတော်ကသာ သူ့နောက်ကြောင်းကို စုံစမ်းလိုက်ရင်၊ နတ်ဘုရားအထောက်အထား ပြန်လည်ခွဲဝေမှုပွဲကို ဝင်ပြိုင်ခဲ့တာတွေ၊ နတ်ဘုရားမိစ္ဆာစစ်မြေပြင်ထဲ ဝင်ခဲ့တာတွေ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်တော့ဘူး။
အင်မော်တယ်နန်းတော် နဲ့ ရှေးဟောင်းမိစ္ဆာဂိုဏ်းတို့က အဲဒီတာအိုပေါင်းစည်းခြင်းအဆင့် ၄ ယောက် သေဆုံးမှုနဲ့ သူ့ကို မလွဲမသွေ ဆက်စပ်ကြည့်ကြမှာပဲ။
"စောစောစီးစီး ထွက်သွားခဲ့သင့်တာ" လီချန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ဒါပေမဲ့လည်း သူက သိပ်တော့ စိတ်ဒုက္ခမရောက်ပါဘူး။ အနည်းငယ် ရှုပ်ထွေးသွားရုံပါပဲ။
ဘာပဲပြောပြော သူက အခု သာမန် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူမှ မဟုတ်တော့တာ။
လောကသစ်ပင် အဆင့် ၃ ရောက်နေပြီလေ။ သာမန် နတ်ဘုရားလမ်းစဉ်နဲ့ယှဉ်ရင် အထူးရွှေနတ်ဘုရား အဆင့်ထဲ ဝင်နေပြီ။
လာသမျှဘေး ပြေးတွေ့ကြတာပေါ့။
အဆိုးဆုံးအခြေအနေရောက်လာရင် ဝူရွှမ်းတာအိုနန်းတော် တစ်ခုလုံးကိုသယ်ပြီး ထွက်ပြေးလိုက်ရုံပဲ။
သူက အခု မြေနတ်ဘုရားကမ္ဘာ မှာ ကောင်းကင်တာအိုနယ်ပယ်ကို ဖွင့်လှစ်ထားပြီး အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံနဲ့ ပေါင်းစပ်ထားတာဆိုတော့ ဝူရွှမ်းတာအိုနန်းတော်တစ်ခုလုံး ပြောင်းရွှေ့မယ်ဆိုရင်တောင် ပြဿနာမရှိဘူး။
ရုတ်တရက် လီချန်က ထိုရေမည်းအိုင်ကို ထုတ်ယူလိုက်သည်။
သူ့နတ်ဘုရားအာရုံနှင့် စမ်းသပ်ကြည့်လိုက်သောအခါ အတွင်းမှ နက်ရှိုင်းသော မကောင်းဆိုးဝါး အငွေ့အသက်များကို ခံစားလိုက်ရသည်။
သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ လင့်တုန်းလောကသစ်ပင်က တုန်ခါနေပြီး၊ ဒီရေမည်းအိုင်ကို အလွန်အမင်း လိုချင်တပ်မက်နေပုံ ရသည်။
လီချန် မေးစေ့ကို ပွတ်လိုက်ပြီးနောက် တွေဝေမနေတော့ဘဲ ချက်ချင်းပင် ထိုရေမည်းအိုင်ကို သန့်စင်လိုက်သည်။
ဒေါင်... ဒေါင်... ဒေါင်...
ကြည်လင်သော ခေါင်းလောင်းသံများ သူ့စိတ်အာရုံထဲတွင် မြည်ဟည်းသွားသည်။
ရေမည်းအိုင်သည် လျင်မြန်စွာ သန့်စင်ခံလိုက်ရပြီး လီချန်၏ လင့်တုန်းလောကသစ်ပင်မှ စုပ်ယူသွားသည်။
အတန်ကြာပြီးနောက် လီချန် သက်ပြင်းရှည်ကြီး ချလိုက်သည်။ ပြင်ပနတ်ဘုရားရဲ့ နိယာမညစ်ညမ်းပစ္စည်းက တကယ်ပဲ စွမ်းအားကြီးတာပဲ။ ဟိုင်ချွဲကျမ်းလိုအရာမျိုးနဲ့ ယှဉ်လို့မရအောင် ကွာခြားတယ်။ ပါဝင်တဲ့ အပျက်သဘောဆောင် စွမ်းအင်တွေက အရမ်းကြောက်စရာကောင်းတယ်။
ကံကောင်းလို့ သူ့မှာ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းရှိနေလို့။ မဟုတ်ရင် သန့်စင်ဖို့ ဘယ်လောက်ခက်မလဲ မသိနိုင်ဘူး။
ဟိုယဲ့ယွီက ဒီညစ်ညမ်းပစ္စည်းကို ဘာလို့ ဒီလောက်ကြောက်နေတာလဲဆိုတာ အခုမှနားလည်တော့တယ်။ ဒါကို စုပ်ယူလိုက်ရင် သေချာပေါက် ကျဆုံးသူဖြစ်သွားမှာပဲ။
ရုတ်တရက် လီချန် စနစ်မျက်နှာပြင်ကို ခေါ်ထုတ်ပြီး နောက်ဆုံးရ အချက်အလက်များကို စစ်ဆေးလိုက်သည်။
အိမ်ရှင်: လီချန်။
နတ်ဝိညာဉ် (ကောင်းကင်တာအို)။
ကျင့်ကြံဆင့်: တာအိုပေါင်းစည်းခြင်းနယ်ပယ် (အစောပိုင်း ၁၂/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၉၁၇၈၇/၁၀၀၀၀၀၀၀)။
ကောင်းကင်ဘုံသတ္တမဓား(နေရာခွဲ၊ သံချပ်ခွဲ၊ ဘုံခွဲ၊ ဝိညာဉ်ခွဲ၊ မိုးကြိုး၊ ကောင်းကင်ခွဲ၊ နတ်ဘုရားကွပ်မျက်)၊ နတ်ဘုရားမိုးကြိုး အဋ္ဌမဓား: (မဝင်ရောက်သေး ၉၈/၁၀၀)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ပရမ်းပတာ လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။
လင့်တုန်းလောကသစ်ပင် (အဆင့်သုံး ၇၁/၁၀၀)။
ချန်ယွမ်အစီအရင်ကျမ်း (နှစ်ဆယ်အခြေခံ ၄၅/၁၀၀)။
ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့်တစ်ဆယ် ၁၁/၁၀၀)။
လက်နက်သန့်စင်သူ (အဆင့်ကိုး ၇၆/၁၀၀)။
အဂ္ဂိရတ်ဆရာ (အဆင့်တစ်ဆယ် ၉၉/၁၀၀)။
"ဒီလောက် ညစ်ညမ်းပစ္စည်း ရေမည်းအိုင်လေး တစ်အိုင်က ငါ့ရဲ့ လင့်တုန်းလောကသစ်ပင် တိုးတက်မှုနှုန်းကို ၇၁ အထိ ရောက်သွားစေတယ် ဟုတ်လား" လီချန် အံ့သြသွားသည်။
အရင် ၇ နှစ်လုံးလုံး ကြိုးစားခဲ့တာတောင် ၁ မှတ်ပဲ တက်ခဲ့တာ။ ဒါတောင် အားရို့ရဲ့ သီချင်းဆိုသံ အကူအညီ ပါလို့ ၃၃ မှတ် ရောက်ခဲ့တာလေ။
အခု ဒီညစ်ညမ်းပစ္စည်း တစ်အိုင်တည်းနဲ့တင် ၃၈ မှတ်တောင် တက်သွားတာပဲ။
သူ့ လောကသစ်ပင်က အဆင့် ၃ ရောက်နေပြီမလို့ ၁ မှတ်တက်ဖို့တောင် အရမ်းခက်ခဲတာကိုး။
"တကယ်လို့ ဒီလိုနိယာမညစ်ညမ်းပစ္စည်းတွေသာ ပိုရရင်... ငါ့ရဲ့ လောကသစ်ပင်က အမြန်ကြီး အဆင့်တက်သွားမှာပေါ့" လီချန် ရင်ထဲတွင် စိတ်လှုပ်ရှားသွားသည်။
တခြားသူတွေအတွက်တော့ ဒီညစ်ညမ်းပစ္စည်းက ရှောင်ရှားရမယ့် အဆိပ်အတောက် ဖြစ်ပေမဲ့၊ သူ့အတွက်တော့ လောကသစ်ပင်ကို အမြန်ကြီးထွားစေမယ့် အားဆေးကောင်း ဖြစ်နေသည်။
စောစောက ယဲ့ယွီပြောတာကို လီချန် ပြန်သတိရသွားသည်။ တုန်းလိုင်အင်မော်တယ်နန်းတော်ထဲမှာ အစွမ်းထက်တဲ့ ပြင်ပနတ်ဘုရားတစ်ပါးကို ဖိနှိပ်ထားတယ်တဲ့။ ခုနက ရေမည်းအိုင်က အဲဒီပြင်ပနတ်ဘုရားဆီကနေ စိမ့်ထွက်လာတဲ့ စွမ်းအားနည်းနည်းလေးပဲ ရှိသေးတာ။
တကယ်လို့သာ သူက ဒီလိုညစ်ညမ်းပစ္စည်းတွေကို ဆက်တိုက်ရနိုင်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။
ဒါပေမဲ့ စိတ်ညစ်စရာကောင်းတာက ပြင်ပနတ်ဘုရားနဲ့ ထိတွေ့ဖို့ဆိုတာ မလွယ်ကူလှဘူး။
ပြီးတော့ ပြင်ပနတ်ဘုရားတွေက အရမ်းကြောက်စရာကောင်းတယ်။ တိုက်ရိုက် သွားထိတွေ့လို့ မဖြစ်ဘူး။ အကောင်းဆုံးကတော့ အခုလိုမျိုး ပြင်ပနတ်ဘုရားစွမ်းအား ယိုစိမ့်မှုမျိုးဖြစ်မှသာ ဒီလို ညစ်ညမ်းပစ္စည်းမျိုးရနိုင်မှာ။
.....
ဟုန်ယွင်နတ်ဘုရားဂိုဏ်း။
လျှို့ဝှက်နယ်မြေ တစ်ခု၌။
"ဂိုဏ်းတူဘိုးဘိုး... ဒါက အခုလေးတင် စုံစမ်းရရှိတဲ့ သတင်းပါ။ ပါဝင်ပတ်သက်မှုက ကြီးမားလွန်းလို့ တပည့် မဆုံးဖြတ်ရဲပါဘူး။ ဘိုးဘိုးပဲ ဆုံးဖြတ်ပေးပါ" ယဲ့ယွီသည် ရေကန်ဘေးတွင် ငါးမျှားနေသော အဘိုးအိုတစ်ဦးကို ဦးညွှတ်အရိုအသေပေးရင်း ပြောလိုက်သည်။
အဘိုးအိုက ကျောက်စိမ်းပြားကို ယူကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလူက သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားနိုင်တယ်။ စစ်ဆေးမှုတွေကို ရှောင်ပြီး နတ်ဘုရားမိစ္ဆာစစ်မြေပြင် ထဲ ဝင်သွားနိုင်တယ် ဟုတ်လား။ ကြည့်ရတာ ရှစ်သိုက်ဇစ် နဲ့ ဘိုးဘေးဟိုင်တို့ရဲ့ တပည့်တွေက ဒီလူ့လက်ချက်နဲ့ သေတာ ဖြစ်နိုင်တယ်"
အရင်တုန်းက အင်မော်တယ်နန်းတော်သည် စုံစမ်းစစ်ဆေးမှုကို တတိယအင်အားစုဘက်သို့ ဦးတည်ခဲ့သော်လည်း သဲလွန်စ ဘာမှမတွေ့ခဲ့ရပေ။
ဒါကြောင့် အဖြေမပေါ်တဲ့ ပဟေဠိဖြစ်ခဲ့ရတာ။
"ဂိုဏ်းတူဘိုးဘိုး... အထက်ကို တင်ပြလိုက်ရမလား" ယဲ့ယွီ မေးလိုက်သည်။
"ဘာကိစ္စ တင်ပြရမှာလဲ။ ငါတို့ ဟုန်ယွင်နတ်ဘုရားဂိုဏ်းက လူသေတာမှ မဟုတ်တာ..." အဘိုးအိုက လက်ကာပြလိုက်သည်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ နှုတ်ပိတ်ထား။ ပြီးတော့ ဒီလူနဲ့ ထိတွေ့ဆက်ဆံကြည့်။ ဖြစ်နိုင်ရင် ငါတို့ ဟုန်ယွင်နတ်ဘုရားဂိုဏ်းဘက်ပါလာအောင် စည်းရုံးပြီး ဧည့်သည်တော်ရာထူး ခန့်ပေးလိုက်..."
"ဟုတ်ကဲ့ပါ ဘိုးဘိုး" ယဲ့ယွီ ခေါင်းညိတ်လိုက်သည်။
....
မျှော်လင့်ထားသလို ပြဿနာတွေ ပေါ်မလာခဲ့ပေ။
အားလုံး အေးဆေးငြိမ်သက်နေသည်။
လီချန်ကတော့ ဒါဟာ မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းလို့ထင်ခဲ့ပေမဲ့ ယဲ့ယွီကိုယ်တိုင် ပိုင်ကျူနတ်ဘုရားမြို့တော်က သူ့ကျင့်ကြံခြင်း လှိုဏ်ဂူစံအိမ်ဆီရောက်လာမှပဲ အကြောင်းရင်းကို သိလိုက်ရသည်။
"တာအိုရောင်းရင်းလီ စိတ်ချပါ။ ဒီကိစ္စကို ကျွန်တော် သေချာစီစဉ်ထားပြီးပါပြီ။ ခင်ဗျားရဲ့ နောက်ခံအကြောင်းကို ဘယ်သူမှ သိမှာမဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော့်အကြံပြုချက်ကတော့ ခင်ဗျားအနေနဲ့ နောက်ထပ် အထောက်အထားအသစ်တစ်ခု ဖန်တီးထားသင့်တယ်။ ဒါဆိုရင် အင်မော်တယ်နန်းတော်ဘက်ကလည်း ခင်ဗျားကို သံသယဝင်တော့မှာ မဟုတ်ဘူး" ယဲ့ယွီက ပြောသည်။
ယဲ့ယွီက ဖွင့်မပြောသော်လည်း လီချန် သဘောပေါက်လိုက်သည်။ သေချာပေါက် သူ ထပ်မေးနေစရာ မလိုတော့ပေ။
"ဒါဆိုရင်တော့ တာအိုရောင်းရင်းယဲ့ယွီရဲ့ သတိပေးမှုကို ကျေးဇူးတင်ရမှာပဲ" လီချန် ချက်ချင်း ပြောလိုက်သည်။
ဒါကိုကြည့်ရင် အင်မော်တယ်နန်းတော်အတွင်းပိုင်းမှာလည်း တညီတညွတ်တည်း မဟုတ်ကြဘူး။ နတ်ဘုရားဂိုဏ်း အချင်းချင်းကြားထဲမှာ အကွက်ချတွက်ချက်မှုတွေ ရှိနေကြတာပဲ။
"တာအိုရောင်းရင်းလီ... ကျွန်တော် ခင်ဗျားကို ဟုန်ယွင်နတ်ဘုရားဂိုဏ်းရဲ့ ဧည့်အကြီးအကဲအဖြစ် ဖိတ်ခေါ်ချင်ပါတယ်။ ဒါဆိုရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပြီးပြည့်စုံစွာ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်" ယဲ့ယွီက ဆက်ပြောသည်။
"အဲဒီလိုလုပ်ရင် ဟုန်ယွင်နတ်ဘုရားဂိုဏ်းအတွက် ပြဿနာ မရှိနိုင်ဘူးလား" လီချန် မေးလိုက်သည်။
ဟုန်ယွင်နတ်ဘုရားဂိုဏ်း ဒီလိုလုပ်တာ သူ့ကို စည်းရုံးချင်လို့မှန်း သူ သိသည်။
"တာအိုရောင်းရင်းလီ စိတ်ချပါ။ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး" ယဲ့ယွီက ပြုံးရင်း ပြောသည်။
ထို့နောက် သူသည် တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလိုက်သည်။ "တာအိုရောင်းရင်းလီ... ဒါက ဟုန်ယွင်နတ်ဘုရားဂိုဏ်းရဲ့ ဧည့်အကြီးအကဲ တံဆိပ်ပြားပါ။ ဒီတံဆိပ်ပြားရှိရင် တာအိုရောင်းရင်းအနေနဲ့ ဟုန်ယွင်နတ်ဘုရားဂိုဏ်း လက်အောက်ခံအင်အားစုတွေရဲ့ အင်အားကို စိတ်ကြိုက်သုံးစွဲနိုင်တယ်။ ပြီးတော့ တာအိုရောင်းရင်းက အစီအရင်ပညာ ကျွမ်းကျင်တယ်ဆိုတော့... ဟုန်ယွင်နတ်ဘုရားဂိုဏ်းက ၃၃ ဘုံမှာ အတော်ဆုံး မဟုတ်ရင်တောင် အစီအရင်ကျမ်းတွေ အများကြီးရှိပါတယ်။ တာအိုရောင်းရင်း စိတ်ကြိုက်ဖတ်ရှုနိုင်ပါတယ်"
လီချန်က ရတနာခုနစ်ပါးခန်းမဆောင်ရဲ့ ဧည့်အစီအရင်ပညာရှင်အဖြစ်ခံယူပြီး တုန်းလိုင်အင်မော်တယ်နန်းတော် ပြုပြင်ရေး တာဝန်ကိုယူခဲ့တာ အစီအရင်ကျမ်းတွေ လိုချင်လို့ဆိုတာ သူ သိသည်။
ဒီလူက အစီအရင်ပညာကို ရူးသွပ်မှန်း သိသာသည်။
ဒါကြောင့်လည်း ဟုန်ယွင်နတ်ဘုရားဂိုဏ်းက သူ့အကြိုက်ကိုလိုက်ပြီး ကမ်းလှမ်းတာဖြစ်သည်။
ပုံမှန်ဆိုရင်တော့ သာမန် ဧည့်သည်တော်တွေက... အစီအရင်ကျမ်းတွေကို စိတ်ကြိုက်ဖတ်ခွင့် မရနိုင်ဘူးလေ။
ဒါပေမဲ့ လီချန်က သာမန်ဧည့်သည်တော်မှ မဟုတ်တာ။ နိယာမနယ်ပယ် ပိုင်ဆိုင်ထားတဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းကျင့်ကြံသူကြီး။
ကြီးမားတဲ့ တန်ကြေးပေးပြီး ဆွဲဆောင်ရကျိုး နပ်ပါတယ်။
"တာအိုရောင်းရင်းယဲ့ယွီ... ဧည့်အကြီးအကဲဖြစ်လာရင် ရတနာခုနစ်ပါးခန်းမဆောင်လိုမျိုးပဲ ဟုန်ယွင်နတ်ဘုရားဂိုဏ်းအတွက် တာဝန်ထမ်းဆောင်ပေးရဦးမှာလား" လီချန်က တံဆိပ်ပြားကို လှမ်းမယူသေးဘဲ ပြုံးစစဖြင့် မေးလိုက်သည်။
"တာအိုရောင်းရင်းလီ... မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရား အဆင့်ရောက်နေတဲ့ ဧည့်သည်တော်တွေက ပုံမှန်အားဖြင့် ဘာမှလုပ်ပေးစရာ မလိုပါဘူး။ ဂိုဏ်းက ကြီးမားတဲ့ ဘေးဒုက္ခကြုံရတာမျိုး၊ အင်မော်တယ်နန်းတော်ရဲ့ ဆော်သြမှုနဲ့ ရှေးဟောင်းမိစ္ဆာဂိုဏ်းလို ပြင်ပရန်သူတွေကို တိုက်ခိုက်ရတာမျိုး၊ ဒါမှမဟုတ် ပြင်ပနတ်ဘုရားစွမ်းအား ယိုစိမ့်မှုလိုမျိုး အရေးကြီးကိစ္စတွေမှာမှ ပါဝင်ပေးရတာပါ" ယဲ့ယွီက ပြောသည်။
"ပြင်ပနတ်ဘုရားစွမ်းအား ယိုစိမ့်မှုက မကြာခဏဖြစ်လေ့ရှိလား" လီချန် စိတ်ဝင်တစား မေးလိုက်သည်။
ယဲ့ယွီ ကြောင်သွားသည်။ ဒီလီချန်ဆိုတဲ့ တာအိုရောင်းရင်းက ဘာလို့ ဒီကိစ္စကို စိတ်ဝင်စားနေရတာလဲ။
အင်မော်တယ်နန်းတော်ထဲမှာ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားတွေ အမုန်းဆုံးနဲ့ ထိတွေ့ချင်စိတ် အနည်းဆုံး ကိစ္စက ဒီလိုပြင်ပနတ်ဘုရားစွမ်းအား ယိုစိမ့်တဲ့ ကိစ္စပဲ။
အရမ်းလည်း ရှုပ်ထွေးသလို အန္တရာယ်လည်း ကြီးတယ်လေ။
ဒီတစ်ခေါက် ပြင်ပနတ်ဘုရား စွမ်းအား ယိုစိမ့်မှုသာ ရတနာခုနစ်ပါးခန်းမဆောင် နဲ့ မပတ်သက်ရင်၊ ပြီးတော့ ရတနာခုနစ်ပါးခန်းမဆောင်ရဲ့နောက်ခံ ရွှေနတ်ဘုရားက ဟုန်ယွင်နတ်ဘုရားဂိုဏ်းက ဖြစ်မနေရင် ယဲ့ယွီလည်း ဝင်ပါမှာမဟုတ်ဘူး။
***