← Chapters

အနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းခြင်း

Vol. 135 Ch. 1868

အနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းခြင်း

Vol. 135 Ch. 1868

ရွှမ်လောသည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူသည် ကောင်းကင်ဘုံကုန်းမြေသို့ မသွားတော့ပေ။ သူ့အဆင့်အတန်းဖြင့် အကြိမ်များစွာ သွားခြင်းက မကောင်းချေ။ မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေ၏။

အလားတူပင် ကောင်းကင်ဘုံသား မဟာအင်ပါယာက ရှေးနိုင်ငံများသို့ လာရောက်ပါကလည်း ဝန်းရံခြင်း ခံရင်ခံရ သို့မဟုတ် နှင်ထုတ်ခံရနိုင်ပေသည်။

ပြီးခဲ့သော ခရီးစဉ်က ရွှမ်လောသည် ထွက်လာခဲ့သော်လည်း ဒဏ်ရာအချို့ ရခဲ့သေး၏။ ထို့ကြောင့် သူသည် တံခါးပိတ်ကျင့်ကြံခဲ့ရ၏။ သူ တံခါးပိတ်ကျင့်ကြံရသည့် တခြားအကြောင်းရင်းမှာ ဝမ်လင်းကို စောင့်နေနိုင်စွမ်း မရှိ၍ နောင်တရသလို ခံစားမိသောကြောင့် ဖြစ်၏။

ခုချိန်တွင် သည်နောင်တမှာ မရှိတော့သည် ဖြစ်ရာ သူ့ဒဏ်ရာများနှင့် ပတ်သတ်၍ ပြဿနာ မဟုတ်တော့ပေ။

“တပည့်ဝမ်လင်း…အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ မင်းရဲ့အိမ်၊ ရှေးနိုင်ငံကတော့ မင်းရဲ့ မွေးရပ်မြေပဲ။ ဆရာ မင်း ပြန်လာမှာကို စောင့်နေမယ်…”

ရွှမ်လောသည် ကြင်နာဟန်အပြုံးကို ထုတ်ဖော်၏။ ထို့နောက် သူသည် မျက်လုံးဖြည်းဖြည်းချင်း မှိတ်ကာ သူ့ကိုယ်သူ ကျင့်ကြံခြင်း၌ နစ်မြုပ်ထားလိုက်သည်။

ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ ဝမ်လင်းသည် မီးလုံးဘေးတွင် ထိုင်နေကာ ၎င်းပေါ်သို့ ချိပ်ဟန်များ စေလွှတ်နေသည်။ ဤသည်က မီးလုံးအတွင်းရှိ ဟင်္သာငှက်ကို ပို၍ ထင်ရှားလာစေကာ ၎င်း၏အော်မြည်ဟိန်းသံသည် သာ၍ ကျယ်လောင်လာသည်။

“အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်…ဖွဲ့စည်းခြင်း…” နာရီအနည်းငယ် အကြာတွင် ဟင်္သာငှက်သည် ပို၍ ထင်ရှားလာပြီး မီးစိတ်ဆန္ဒက ပိုအားကောင်းလာသည့်အခါ ဝမ်လင်းသည် မျက်လုံးဖွင့်ကာ မာန်သွင်းလိုက်၏။

သူ့မာန်သွင်းသံသည် တုချင်း၏နားထဲသို့ ဝင်ရောက်လာကာ သူ့စိတ်နှလုံးထဲ၌ မိုးကြိုးတုန်ဟည်းသံနှယ် ခံစားလိုက်ရ၏။ သူသည် ထရပ်မိသည်။ သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည်  ဖော်ပြ၍ပင် မရနိုင်တော့ပေ။

“ဒါက တကယ်ပဲ အနှစ်သာရအစစ်အမှန်ခန္ဓာပဲ…။ သူဟာ သူ့အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို တကယ်ကြီး ဖွဲ့စည်းနေတာပဲ…”

ဝမ်လင်း ထိုသို့ ပြောလိုက်ပြီးနောက် ဆယ်ပေခန့်မီးလုံးသည် တုန်ဟည်းကာ အတွင်းရှိ ဟင်္သာငှက်သည် လှုပ်ရှားနေရာကနေ ရပ်တန့်သွားသည်။ ဟင်္သာငှက်၏ အမြှီးရှိ အမွှေးတောင်များသည် လောင်ကျွမ်းကာ လူသားခြေထောက်တစုံအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသည်။

အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပေါ်လာသည်။

တုချင်းသည် ကိုယ်တိုင်ကိုယ်ကျ ဒီအဖြစ်ကို တွေ့မြင်သည့်အခါ သူ၏အမူအရာသည် မင်သက်လေသည်။ ဤသည်မှာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းခြင်းကို မျက်မြင်တွေ့ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်။ ဒီအဖြစ်က သူ့အတွက် အကျိုးများစွာ ရစေကာ သူ့အနာဂတ်ကျင့်ကြံခြင်းအတွက် လမ်းကြောင်းတစ်ခုကိုပင် ဖွင့်ပေးခြင်းလည်း ဟုတ်သည်။

ထိုလမ်းကြောင်းသည်  မူလတုန်းက ဝေဝါးနေခဲ့၏။ သို့သော် ခုချိန်တွင်မူ ပို၍ ရှင်းလင်းလာသည်။

“အစစ်အမှန်ခန္ဓာကိုယ်။ ဒါဟာ အစစ်အမှန်ခန္ဓာကိုယ်ပဲ။ ငါဟာ ဒီဖြစ်စဉ်ကို တကယ်ကြီး တွေ့မြင်ခဲ့တာ။ ဒီလိုအရာမျိုးဟာ မြင်ရခဲလှတယ်။ ငါ တုချင်းက ဒါကို အမှန်တကယ် တွေ့မြင်နိုင်ခဲ့ပြီ…”  တုချင်းသည် စိတ်လှုပ်ရှားလာ၏။ သူသည် ဆန်းကြယ်ဒုက္ခခုနစ်ခုကို ဖြတ်သန်းခဲ့ပြီး ဖြစ်၏။သို့သော် သူသည် ရှစ်ခုမြောက်နှင့် ကိုးခုမြောက် ဆန်းကြယ်ဒုက္ခများနှင့် ပတ်သတ်၍ မဖြတ်သန်းဝံ့၊ ယုံကြည်ချက်လည်း မရှိ ဖြစ်နေ၏။ အခု သူ တွေ့မြင်လိုက်ရသည့်အရာက သူ၏မီးအနှစ်သာရကို တိုးတက်ဖို့ ကူညီပေးလေသည်။

ထိုမြင်ကွင်းက အလွန်ရိုးရှင်း၏။ သို့သော် အမှန်တော့ ဝမ်လင်း ရင်ဆိုင်နေရသော ဖိအားကမူ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ့နှဖူးထက်တွင် ချွေးများ ရွှဲနစ်လာကာ အငွေ့ပြန်ကုန်သည်။

သူ့မီးအနှစ်သာရမှာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းဖို့ထိ လုံလောက်အောင် မသန်မာသေးပေ။ သို့သော် သူသည် မီးကြောဆယ့်ခြောက်ခုနှင့် မီးစိတ်ဆန္ဒ ပါဝင်သော ပင်မမီးကြောငယ်ကိုပါ ဝါးမြိုခဲ့ပြီး ဖြစ်သည်။

ထိုအဖြစ်အပျက်တို့က ဝမ်လင်း၏ မီးအနှစ်သာရကို ကိုယ်ပိုင်ဆန္ဒ ပိုင်ဆိုင်လာစေခြင်းပင်။ ထိုသည်က သူ့မီးအနှစ်သာရနှင့် ကောင်းကင်ဘုံနွားထီးကုန်းမြေတို့၏ မြေကမ္ဘာမီးတို့က သည်လောကရှိ မီးကို ထိန်းချုပ်ဖို့အတွက် ယှဉ်ပြိုင်တိုက်ခိုက်စေသည်။

သည်ပြောင်းလဲမှုက ဝမ်လင်းကို အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းဖို့ အကြံတစ်ခု ရသွားစေခြင်းပင်။ သို့ပေမည့် ထိုသို့ဖွဲ့စည်းရခြင်းသည် အလွန်ခက်ခဲသည်။ သူ့ခွန်အားအပြည့်အဝဖြင့်ပင် သူသည် ခြေထောက်တစုံကိုသာ ဖွဲ့စည်းရုံ တတ်နိုင်သည်။

ဆယ်ပေခန့်မီးလုံးသည် အချိန် ကုန်လွန်လာသည်နှင့်အမျှ တဖြည်းဖြည်း မှိန်ဖျော့လာကာ ငြှိမ်းသေတော့မည့် လက္ခဏာများ ပြသလာသည်။ မီးလုံးအတွင်းရှိ ခြေထောက်တစုံနှင့် ဟင်္သာငှက်သည် မလှုပ်မယှက် ရှိနေ၏။ သို့သော် ၎င်းက တဖြည်းဖြည်း စတင် သွေ့ခြောက်လာသည်။

ဤသည်မှာ မီးအနှစ်သာရ မလုံလောက်ခြင်းပင်။ ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူက အောက်ဘက်ရှိ မြေပြင်ထံသို့ တိုးဝင်လာသည်။ သူသည် တောင်ပေါ်သို့ ခြေချကာ သူ့လက်ဖြင့် မြေပြင်ထက်သို့ ဖိချလိုက်သည်။

ထိုအခါ ဝမ်လင်း၏လက်မှ သူ့နတ်ဘုရားအာရုံ ပျံ့နှံ့ကာ မြေကြီးထဲသို့ ဝင်ရောက်လေသည်။ ထိုနတ်ဘုရားအာရုံသည် ကီလိုမီတာထောင်ချီ၊ သောင်းချီ၊ သိန်းချီ၊ သန်းချီထိ ပျံ့နှံ့သွားသည်။

ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ သူ့နတ်ဘုရားအာရုံကို ခုလောက် ဧရိယာကျယ်ကျယ် ပထမဆုံး ဖြန့်ကျက်ခြင်းပင်။ သို့သော်ငြားလည်း သူသည် ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ ဆယ်ရာခိုင်နှုန်းကိုပင် မဖုံးလွှမ်းနိုင်ပေ။ ငါးရာခိုင်နှုန်းထိပင် မရောက်သည့်ပုံ ပေါ်သည်။

သို့ပေမည့် ထိုဧရိယာအရွယ်အစားကပင် လှိုဏ်ဂူလောကတစ်ခုလုံး၏ အရွယ်အစားနီးပါး ရှိနေလေပြီ။ သည်ဧရိယာ၌ မြေကမ္ဘာမီးကြောအခွဲ (၁၇၂)ခုနှင့် ပင်မမီးကြောငယ်နှစ်ခုတို့ ရှိကြသည်။

“မြေကမ္ဘာမီးစိတ်ဝိညာဉ် (၁၇၂)ခု…ငါ့အတွက် ထွက်လာခဲ့…” ဝမ်လင်းသည် မာန်သွင်းလိုက်ကာ သူ့လက်ကို ပင့်မြှောက်၏။ သူ့လက်ကို ပင့်မြှောက်လိုက်စဉ် မြေပြင်ထုသည် တုန်ယင်သွားသည်။ ဝမ်လင်း၏ နတ်ဘုရားအာရုံအတွင်းရှိ မီးကြောခွဲအားလုံးသည် စတင် တုန်ခါလာသည်။

လူတစ်ယောက်သည် အစွမ်းထက်မန္တာန်တစ်ခုဖြင့် အထက်စီးမှ ကြည့်ပါက တောင်တန်းမြောက်များစွာ ပျက်စီး၍ မီးနဂါးစိတ်ဝိညာဉ်များ ပျံသန်းထွက်လာသည်ကို မြင်ရလိမ့်မည်။

အက်ကြောင်းများ ပေါ်လာသော ကွင်းပြင်အနည်းငယ်လည်း ရှိကြ၏။ ယင်းအက်ကြောင်းများထံမှ ချောရည်ပူများ ပေါက်ကွဲထွက်ကာ မီးနဂါးစိတ်ဝိညာဉ်များ ထိုးထွက်လာသည်။

မြစ်များသည် ရုတ်တရက် သွေ့ခြောက်ကာ ပျက်စီးကုန်သည်။ ထိုမီးနဂါးစိတ်ဝိညာဉ်များသည် ကောင်းကင်အနှံ့ ပျံသန်းလာကြသည်။

စုစုပေါင်း မြေကမ္ဘာမီးစိတ်ဝိညာဉ်(၁၇၂) ကောင်သည် ဒီကျယ်ပြောသောဧရိယာကနေ ထိုးထွက်ကာ ကောင်းကင်ထက်၌ ဟိန်းသံများ ပေးသည်။ သာမန်ကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်များကို မမြင်နိုင်ကြပေ။ တတိယအဆင့်ကျင့်ကြံသူအချို့သာ ၎င်းတို့ကို ခံစားမိနိုင်မည်။

သည်အခိုက်၌ မီးနဂါးစိတ်ဝိညာဉ်(၁၇၂)ခုက အစွမ်းထက်သောအားတစ်ခု၏ ဆွဲငင်ခြင်း ခံရသည့်နှယ် ဝမ်လင်းထံသို့ အဘက်ဘက်မှ ဦးတည်လာသည်။

ထိုနဂါးများကား ကျင့်ကြံသူများထက် များစွာ ပိုမြန်၏။ ယင်းတို့က ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုနိုင်သည့်နှယ် ချက်ခြင်းလိုလို ဝမ်လင်းနှင့် တုချင်းတို့ ရှိနေသော ကောင်းကင်ထက်တွင် ပေါ်လာသည်။

တုချင်းသည် ထိုအဖြစ်သနစ်ကို ကြည့်ကို သူ့အမူအရာသည် မင်သက်မိနေ၏။ သူသည် အသက်ရှုရမည်ကိုပင် မေ့သွားပုံ ရသည်။

သူက ထိုနဂါးများသည် ပုန်ကန်မည့်အလား ကြမ်းကြုတ်စွာ ဟိန်းဟောက်ကြသည်ကို မြင်၏။ သို့ပေမည့် ယင်းနဂါးများသည် မီးစိတ်ဆန္ဒကို ကျော်လွှားနိုင်ခြင်း မရှိပေ။ ယင်းတို့က ပျောက်ကွယ်တော့မည့် မီးလုံးထံသို့ တရကြမ်း တိုးဝင်လာကြသည်။

ထိုမီးစိတ်ဆန္ဒသည် ဝမ်လင်း မြေကမ္ဘာပင်မမီးကြောငယ်ကို ဝါးမြိုပြီးနောက် ပိုင်ဆိုင်လာခဲ့သောအရာ ဖြစ်၏။ ၎င်းမှာ သူ၏အပိုင် ဖြစ်သည်။ ပင်မမီးကြောကလွဲ၍ တခြားမီးကြောခွဲအားလုံးသည် ထိုစိတ်ဆန္ဒ၏ ထိန်းချုပ်ခြင်းကို ခံရမည်သာ။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေကာ မီးနဂါး(၁၇၂)ကောင် စိတ်ဝိညာဉ်များသည် မီးလုံးထံသို့ တရကြမ်း ဦးတည်ကြသည်။ ထိုမီးလုံးများသည် ပိုမို တောက်ပစွာ စတင်လောင်ကျွမ်းလာ၏။အစစ်အမှန်ခန္ဓာ၏ ခြေထောက်များ ဖြစ်ပေါ်ထားပြီးသော ဟင်္သာငှက်သည် တဖန် ဟိန်းသံ ပေးသည်။

ထို့အတွက် မီးနဂါးစိတ်ဝိညာဉ်(၁၇၂)ခုသည် မီးလုံးထံသို့ တရကြမ်း တိုးဝင်လာသည့်အခါ၌ ကျယ်လောင်စွာမြည်ဟိန်းသံ ထွက်ပေါ်သည်။ မီးလုံးအတွင်းရှိ ဟင်္သာငှက်က မီးနဂါးစိတ်ဝိညာဉ်များကို စုပ်ယူနေစဉ် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်၏ လက်များ ပေါ်လာကာ အနှီဟင်္သာငှက် မြူးထူးစွာ အော်မြည်သံ ပြုသည်။

ခြေနှင့်လက် ဖွဲ့စည်းပြီးလေပြီ။ ကျန်နေသည့်အရာဟူ၍ ဦးခေါင်းနှင့်ခန္ဓာကိုယ်သာ ရှိတော့၏။ ထိုဦးခေါင်းနှင့်ခန္ဓာကိုယ်ကိုသာ ဆက်၍ ဖွဲ့စည်းနိုင်ပါက ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာသည် ပေါ်ထွက်လာချေမည် ဖြစ်သည်။ တုချင်းက တုန်ယင်ကာ နောက်ဆုတ်မိ၏။ သူသည် အပြင်လူတစ်ယောက်မျှသာ ဖြစ်သော်လည်း အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းဖို့ မည်မျှ ခက်ခဲသည်ကို ပြောနိုင်သည်။ သည်မျှ အစွမ်းထက်လှသော မီးအနှစ်သာရဖြင့်ပင် အနှစ်သာရအစစ်အမှန်ခန္ဓာကို မဖွဲ့စည်းနိုင်သေးချေ။

ထိုမြင်ကွင်းက သူ့ကို အလန့်တကြား ဖြစ်စေ၏။

“အနှစ်သာရအစစ်အမှန်ခန္ဓာဟာ ရှားပါးလွန်းတာ အံ့အားသင့်စရာ မရှိတော့ဘူး။ အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းဖို့ဟာ အလွန်ပဲ ခက်ခဲလွန်းတယ်…”

“ဒီလူဟာ အနှစ်သာရခုနစ်ခု ပိုင်ဆိုင်ထားတယ်။ သူ…သူသာ သူ့အနှစ်သာရအားလုံးကို အစစ်အမှန်ခန္ဓာအဖြစ် ဖွဲ့စည်းနိုင်ခဲ့ရင် သူဟာ…” တုချင်းသည် ပင့်သက်ရှိုက်မိကာ စိတ်ကူးမကြည့်ဝံ့ပင် ဖြစ်ရသည်။

ဝမ်လင်းသည် မီးလုံးနှင့် ခြေလက်တစုံ ဖြစ်ပေါ်ခဲ့ပြီးသော ဟင်္သာငှက်တို့ကို ကြည့်၏။ သို့သော် ၎င်းဟင်္သာငှက်မှာ ပြီးပြည့်စုံဖို့ အလှမ်းဝေးနေသေး၏။

“ပင်မမီးကြောငယ်နှစ်ခုရဲ့ စိတ်ဝိညာဉ်တွေ၊ ငါ့အတွက် ထွက်လာခဲ့စမ်း…”  ဝမ်လင်းသည် အံတင်းတင်းကြိတ်ကာ သူ့လက်ကို မြေပြင်ထက်သို့ ဖိချလိုက်သည်။ ကျယ်လောင်စွာ တုန်ဟည်းသံပဲ့တင်ထပ်၏။ ဝမ်လင်း၏ နတ်ဘုရားအာရုံအတွင်းရှိ ဧရိယာ၌ အစွမ်းထက်တုန်ခါလှိုင်းနှစ်ခုသည် မတူညီသောအရပ်နှစ်ခုမှ ထွက်ပေါ်လာသည်။

ဝမ်လင်း၏ အရှေ့ဘက်၌ နှင်းဖုံးတောင်တန်းတစ်ခု ရှိ၏။ သည်အခိုက်တွင် ထိုတောင်ပေါ်ရှိ နှင်းများအားလုံးသည် ချက်ခြင်း အရည်ပျော်ကြလာကာ ပင်လယ်အလား ပြောင်း၍ အောက်ဘက်ရှိ မြေပြင်ထက်သို့ စီးဆင်းသည်။ သို့ပေမည့် နှင်းများအရည်ပျော်ကာ စီးဆင်းမှုက ဝေးဝေးမရောက်ခင်မှာပင် တစီစီအသံများ ပဲ့တင်ထပ်ကာ ရေအားလုံးမှာ အငွေ့ပြန်ကုန်သည်။ သည့်နောက် ထိုအဖြူရောင်အခိုးငွေ့တို့အတွင်း၌ မြေကမ္ဘာမီးကြောငယ်၏ စိတ်ဝိညာဉ် ပေါ်လာကာ ဝမ်လင်းထံ ဦးတည်လာသည်။

ဝမ်လင်း၏ အနောက်ဘက်အရပ်၌ ကုန်းတွင်းပင်လယ်တစ်ခု ရှိလေ၏။ ထိုပင်လယ်၏ အောက်ခြေ၌ တောင်တန်းတစ်ခုရှိကာ ထိုတောင်တန်းသည် နဂါးတစ်ကောင်အသွင်နှင့် တူသည်။

သည်အခိုက်တွင် ထိုတောင်တန်းက တုန်ဟည်းကာ ပင်လယ်အတွင်း၌ ဧရာမဝဲကတော့တစ်ခု ပေါ်လာ၏။ ပင်လယ်သည် ရုန်းကြွလာပြီး ၎င်းတောင်ထံမှ စိတ်ဝိညာဉ်၏ တုန်ခါလှိုင်း ထွက်ပေါ်လာသည်။ မြောက်များစွာသောပင်လယ်ရေတို့က စုဝေးကာ ပင်လယ်နဂါးတစ်ကောင် ဖြစ်လာ၏။ ၎င်းနဂါးက ပင်လယ်ထံမှ ထိုးထွက်လာချေသည်။

ထိုပင်လယ်နဂါးသည် မီးနှင့် မည်သို့မျှ ပတ်သတ်သည့်ပုံမရဟု ထင်ရ၏။ သို့သော် ရေစက်တိုင်းမှာ မီးအနှစ်သာရ ပြည့်ဝနေချေ၏။ ထိုပင်လယ်နဂါး၏ ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး ၎င်း၏အပြာရောင်ခန္ဓာသည် အနီရောင်အဖြစ်သို့ ပြောင်း၏။ နဂါးကို ဖွဲ့စည်းထားသော ရေတို့က ချောရည်ပူအဖြစ်သို့ ပြောင်းကုန်သည်။

ထိုချောရည်ပူနဂါးက ဟိန်းသံပေးကာ ဝမ်လင်းထံ တိုးဝင်လာ၏။

အဖြစ်အပျက်အားလုံးက မြန်ဆန်လှ၏။ ဝမ်လင်း သူ့လက်နှစ်ဖက်ကို မြှောက်လိုက်သည့်အခါ၌ အရှေ့နှင့်အနောက်အရပ်တို့မှ တုန်လှုပ်ဖွယ်ဟိန်းအော်သံများ ထွက်ပေါ်လာကာ မြေကမ္ဘာပင်မမီးကြောငယ် နဂါးနှစ်ကောင်သည် တဟုန်ထိုး ဦးတည်လာကြသည်။

ထိုအခါ ကောင်းကင်သည်ပင် လောင်ကျွမ်းလေသည့်အလား ထင်မှတ်ရချေ၏။ ထိုနဂါးနှစ်ကောင်၏ ကြမ်းကြုတ်မှုက တုချင်း၏အမူအရာကိုပါ ပြောင်းလဲသွားစေသည်။

ဝမ်လင်းက မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးတို့မှာ တောက်ပလာ၏။ သူက လေထဲသို့ ခုန်တက်ကာ နဂါးစိတ်ဝိညာဉ်နှစ်ကောင်ထံသို့ ခုန်အုပ်ဝင်ရောက်သည်။

“တုချင်း…ငါ သင့်ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ နဂါးစိတ်ဝိညာဉ်နှစ်ကောင်ထဲက တစ်ကောင်ကို နာရီဝက်ကြာ ထိန်းထားပေး…”  ဝမ်လင်းသည် ပင်လယ်ရေမှ ဖြစ်ပေါ်လာသော ချောရည်ပူနဂါးထံသို့ တိုးဝင်လာစဉ် သူ၏စကားသံသည် ပဲ့တင်ထပ်၏။

တုချင်း၏အမူအရာသည် မြန်ဆန်စွာ ပြောင်းလဲသွား၏။ သူက အံတင်းတင်းကြိတ်လိုက်သည်။ ခရမ်းရောင်အလင်းက သူ့အား ခြုံလွှမ်း၏။ သူသည် သစ်သားခန္ဓာအဖြစ်သို့ ပြောင်းလဲလိုက်ကာ နောက်ထပ်ပင်မမီးကြောငယ်နဂါးစိတ်ဝိညာဉ်ထံသို့ လှမ်းလျှောက်လာ၏။

All Chapters