← Chapters

မသမာတဲ့ ကုန်‌သည်ဟောင်းမြို့ကြီးသား

Vol. 5 Ch. 74

မသမာတဲ့ ကုန်‌သည်ဟောင်းမြို့ကြီးသား

Vol. 5 Ch. 74

အထက်ထျန်းလန်လောကမှာ အချမ်းသာဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ယင်းမိသားစုက ဂုဏ်ပြုထမင်းစားပွဲကို ယင်းကောင်းကင်ယံမြို့ရဲ့ အကြီးဆုံးစားသောက်ဆိုင်ဖြစ်တဲ့ ကျန့်ဖုန်စားသောက်ဆိုင်မှာ ကျင်းပဖို့ စီစဉ်လေတယ်။ ပြီးတော့ မှောင်စပြုတဲ့အချိန်မှာတင် စားသောက်ဆိုင်ထဲက ဖောက်သည်အားလုံးကို ရှင်းထုတ်ပြီး ဧည့်သည်တွေဆီ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ဖို့ သူတို့တပည့်တွေကို လွှတ်လိုက်သေးတယ်။

ရှန်းရင်ရောက်လာချိန် ရွှမ်းယွမ်ယွီနဲ့ ယင်းမိသားစုရဲ့ မျိုးနွယ်အကြီးအကဲ ယင်းဖုန်းက အပေါက်ဝမှာစောင့်နေပြီ။ နှစ်ဖက်စလုံးက နေ့ဘက်တုန်းကတော့ ဗိုလ်လုပွဲမှာ အချင်းချင်း တွေ့ခဲ့ကြပေမဲ့ အထိအတွေ့မရှိခဲ့ကြဘူး။ တခြားဆွေကြီးမျိုးကြီးမိသားစုသုံးစုရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့မတူ ယင်းဖုန်းကတော့ အတော်လေး... ဖော်ရွေတဲ့ပုံပေါ်တယ်။ သူ့အပြုံးကနေ မျက်နှာကနေ တစ်ခါမှ ခွာမသွားဘူး။

ရှန်းရင်တို့ အုပ်စုရောက်လာတာမြင်တော့ နှစ်ယောက်လုံး သူတို့ကို အမြန်လာနှုတ်ဆက်ကြတယ်။ အရှေ့တက်လာပြီး ရွှမ်းယွမ်ယွီက ရှန်းရင်ကို အရင်ဂါရ၀ပြုလေတယ်။

"ကြီးမြတ်တဲ့ နတ်ဒေဝါ" ဒီနောက် မိတ်ဆက်မှုတွေလုပ်ဖို့ လှည့်ကြည့်လိုက်တယ်။

"ဒါယင်းဖုန်းပါ၊ ယင်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်"

"ဂုဏ်သရေရှိဧည့်သည်တို့အားလုံး ခရီးကြောင့် ပင်ပန်းနေကြရောပေါ့" ယင်းဖုန်းက ပြောရင်း မျက်နှာပေါ်က အပြုံးက ပိုနက်ရှိုင်းလာတယ်။

"ကောင်းသောညနေခင်းပါ" ရှန်းရင်က စားသောက်ဆိုင်ကိုတစ်ချက်ကြည့်ပြီး ပျော်ရွှင်စွာ လက်ယမ်းပြလိုက်တယ်။

"ကောင်းသောညနေခင်းပါ တာအိုရောင်းရင်းတို့"

ယင်းဖုန်းက သူမနောက်ကလူတွေကို လှမ်းကြည့်ပြီး စကားဆက်လိုက်တယ်။

"နေ့လယ်ခင်းတုန်းက အလုပ်များနေတော့ ရွှေအမြုတေအပိုင်းမှာ အနိုင်ရတဲ့အသင့်တပည့်တွေကို ဂုဏ်ပြုဖို့ အခွင့်အရေးမရလိုက်ဘူး၊ တကယ်ပဲ ဆရာကောင်းဆီကနေ အရည်အချင်းရှိတဲ့ တပည့်တွေ ထွက်လာနိုင်တာပဲ"

ကူယွဲ့ ဒီမှတ်ချက်‌အပေါ် တောင့်ခဲသွားပြီး တစ်ယောက်ယောက် သူ့ဒူးခေါင်းဆီ မြားပစ်လိုက်သလို ခံစားလိုက်ရတော့တယ်။

"ဂုဏ်ပြုထမင်းစားပွဲက စနေပြီလား" ရှန်းရင် ဒီလို အာလာပသလ္လာပ စကားမျိုး စိတ်မဝင်စားဘဲ အဓိက ခေါင်းစဉ်ကိုပဲ တန်းသွားလိုက်တယ်

"ဧည့်သည်တွေမရောက်ခင် ဂုဏ်ပြုစားပွဲကို ဘယ်လိုလုပ် စတင်ရမှာလဲဗျာ" ယင်းဖုန်းက နောက်ပြန်ဆုတ်လိုက်တယ်။

"လာရောက်တဲ့အတွက် ကျေးဇူးပါ၊ တာအိုရောင်းရင်းတို့ ဒီလမ်းအတိုင်း ကြွပေးပါ"

ရှန်းရင်တကယ်ကို ဗိုက်နည်းနည်းဆာနေတာမို့ အထဲကိုလိုက်ခဲ့တော့မဲ့ဆဲ ရင်းနှီးနေတဲ့ ဆိုင်းဘုတ်ကို မြင်လိုက်ရတယ်။ သူမ ခြေလှမ်းတွေ ချက်ချင်းတန့်သွားတော့တာပဲ။ မျက်နှာပေါ်စီးကျလာတဲ့ ချွေးစက်တွေရဲ့ ခပ်ဖျော့ဖျော့ အ‌ထိအတွေ့ကိုပါ ခံစားနေရတယ်။

"ဆရာ ဘာဖြစ်လို့..." သူမနောက်က ယိချင်းက ဘာကိစ္စလဲ မေးတော့မဲ့ဆဲဆဲ ဆိုင်းဘုတ်ကို မြင်သွားပြီးတော့ သူပါ တောင့်ခဲသွားလေရော။

ဆိုင်းဘုတ်ပေါ် ရွှေရောင်စာလုံးတွေနဲ့ ရေးထားတာကတော့... ရှန်းရင်နှင့်ခွေးများ မဝင်ရ။

"..."

သူတို့ရုတ်တရက် တန့်ခနဲဖြစ်ကုန်တာကို သတိထားမိတော့ ယင်းဖုန်းရဲ့ အကြည့်ကလည်း သူတို့အကြည့်နောက်လိုက်ပြီး ဆိုင်းဘုတ်ဆီ ရောက်သွားခဲ့တယ်။ ရယ်မောသံနဲ့အတူ သူ ချက်ချင်းရှင်းပြလိုက်တယ်။

"အော် ဒီဆိုင်းဘုတ်က လူပေလူတေ ကျင့်ကြံသူတချို့အတွက် အထူးတလည် တပ်ဆင်ထားတာပါ၊ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်က ကျုပ်တို့ ယင်းမိသားစုရဲ့ နာမည်အောက်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကနေ ဒီကျင့်ကြံသူ‌သုံးယောက်က ပိုက်ဆံမရှင်းဘဲ ထွက်သွားရုံတင် မကဘူး၊ အနောက်ကလိုက်ဖမ်းတာကိုလည်း ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ တင်ပြလာတယ်လေ၊ ဒါကြောင့် သူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ရော သတိပေးတဲ့အနေနဲ့ပါ ဒီဆိုင်းဘုတ်ကို ချိတ်ဆွဲထားတာပါ၊ ဆိုင်းဘုတ်ပေါ်က နာမည်ကတော့ အဓိကတရားခံပေါ့"

မျိုစို့ပြီးထွက်ပြေးသွားတဲ့အမှုနဲ့ စွပ်စွဲခံရတဲ့ သုံးယောက်အုပ်စု ။ ။ "..."

ကောက်ကျစ်တဲ့ ကုန်သည်ပဲ။

"ဟမ်" ရွှမ်းယွမ်ယွီ ဆိုင်းဘုတ်ကို သိချင်စိတ်နဲ့ လှမ်းကြည့်လိုက်ပြီး ထိတ်လန့်သွားတယ်။

"ဘာလို့ ဒီနာမည်က ဆင်နေ..."

ဒါပေမဲ့ သူ စကားမဆုံးခင် ရုတ်တရက် သူ့ဆီ တိုက်ရိုက်ဦးတည်လာတဲ့ အေးတိအေးစက် စိန်းစိန်းဝါးဝါးအကြည့်သုံးခုကို ခံစားမိပြီး ပါးစပ်ထဲ စကားလုံးတွေ ရပ်တန့်သွားတော့တယ်။

ကြီးမြတ်တဲ့ နတ်ဒေဝါရဲ့ အကြည့်က ရုတ်တရက်ကြီး ဘာလို့ အဲလောက်တောင် ကြောက်စရာကောင်းသွားတာလဲ။ သူ တစ်ခုခု အပြောမှားမိလို့လား။

(⊙_⊙)

"ဒီဆိုင်းဘုတ်ကို တပ်ထားတာ တစ်နှစ်ကျော်နေပါပြီ၊ ထုတ်ပြောဖို့မထိုက်တန်တော့တဲ့ ကိစ္စဟောင်းပါပဲ၊ ကျေးဇူးပြုပြီး အထဲကို ကြွပါ" ပြုံးနေဆဲ ယင်းဖုန်းက သူ့ဧည့်သည်တွေ တစ်ခုခုလွဲနေတာ သတိမထားမိသေးဘူး။ ဒါပေမဲ့ သူ စားသောက်ဆိုင်ထဲ ခြေလှမ်းလှမ်းချင်း ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားတဲ့ပုံပဲ။ ရှန်းရင်ကို ကြည့်ပြီး သူက မေးလာတယ်။

"ဒါနဲ့စကားမစပ် အသင်တို့အားလုံးက ဝူတိဂိုဏ်းကဆိုတာပဲ ကျုပ်သိရသေးတယ်၊ တာအိုရောင်းရင်းတို့ရဲ့ နာမည်တွေကို သိခွင့်ရှိမလား"

"အာ..." ရှန်းရင်ပါးစပ် တွန့်ချိုးသွားတော့တယ်။ သူမဘေးက ဆိုင်းဘုတ်ကို လှမ်းကြည့်ပြီး ခဏနေတော့ ဖြေလိုက်တယ်။

"ငါ့နာမည်က... ချင်း... ချင်း ဘာလဲဟေ" သူမဘေးက စားဖိုမှူးကို တံတောင်ဆစ်နဲ့တွတ်လိုက်လေတယ်။

တစ်ယောက်သောစားဖိုမှူးက ချက်ချင်း သဘောပေါက်သွားပြီး တီးတိုးသတိပေးလာတယ်။

"ယိချင်း"

"ဟုတ်တယ် ယိချင်း" သူမ အေးဆေးတည်ငြိမ်စွာ ဆက်ပြောလိုက်တယ်။

"ငါ့နာမည်က ယိချင်း"

"ကျုပ်နာမည်ကတော့ ကူယွဲ့ပါ"

ကူယွဲ့ ။ ။ "..." ချီး သေစမ်း

ယင်းဖုန်း မှင်တက်သွားတယ်။ ယိချင်း၊ ကူယွဲ့တဲ့ သူတို့တွေက လွန်ခဲ့တဲ့တစ်နှစ်က ရွှမ်းယွမ်မိသားစုကို ဖောက်ဝင်ခဲ့တဲ့ ဓားကျင့်ကြံသူနှစ်ယောက် မဟုတ်ပေဘူးလား။ သူ ရုတ်တရက် ရွှမ်းယွမ်ယွီ ဘာလို့ ဒီလူတွေကို အဲလောက်တောင် ကောင်းကောင်းဆက်ဆံနေလဲ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီ

"ဒါဆို အသင်တို့က ဆရာသခင် ယိချင်းနဲ့ ဆရာသခင်ကူယွဲ့ပေါ့" အခြေအနေ အစစ်အမှန်ကို နားလည်သွားပြီလို့တွေးရင်း ယိချင်း ညာဘက်က ကျန်တဲ့လူကို လှည့်ကြည့်လိုက်တယ်။

"ပြီးတော့ ဒီ ဆရာသခင်ကရော"

ကူယွဲ့နှုတ်ခမ်းတွေ တွန့်သွားတယ်။ အကျိုးနည်းပဲ နာမည်တွေအားလုံးကို ယူသွားပြီဆိုတော့ သူ့မှာဘာပြောစရာကျန်သေးလဲ။ သူ့အပေါင်းအပါနှစ်ယောက်ကို ဒေါသတကြီးလှည့်ကြည့်ပြီး အံကြိတ်ရင်းပြောလိုက်ရတော့တယ်။

"နျိုဟွယွင်" ကံကောင်းလို့ သူ့မှာနာမည်ရင်း ရှိသေးလို့ပေါ့။ ဒီသစ္စာမရှိတဲ့ ဆန်ကုန်မြေလေးနှစ်ကောင်ကတော့။

"ဆရာသခင်နျို" ယင်းဖုန်း ခေါင်းညိတ်လိုက်တယ်။

"ကျေးဇူးပြုပြီးအထဲကြွပါ"

အံ့သြမှင်တက်ပုံပေါ်နေတဲ့ တစ်ဦးတည်းသောသူက ရွှမ်းယွမ်ယွီ။ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ရုတ်တရက် အကုန် နာမည်တွေပြောင်းကုန်တာ‌တုံး။ ကြီးမြတ်တဲ့နတ်ဒေဝါက သူ့နာမည်ကို တပည့်တွေရဲ့နာမည်အဖြစ်တောင် ပြောင်းလဲလိုက်တာလား။ ဒီနေ့ဂုဏ်ပြုပွဲကို မကျေနပ်လို့ တမင်သက်သက် ယင်းမိသားစုကို နာမည်အရင်း ထိန်ချန်ထားတာလား။

ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ အတွေးက နက်နဲလှပါပေတယ်

Σ(°△°|||)

စားသောက်ဆိုင်ထဲ ဝင်လာပြီးတော့ သူတို့တွေ တခြားကမ္ဘာရောက်သွားသလိုပဲ။ အတွင်းပိုင်းက အမတမြူခိုးနဲ့ စီးပိုးတဲ့ဝိညာဉ်ချီတို့ ဝေ့လည်နေလေတယ်။ သူတို့ စိမ်ပြေ‌နပြေလမ်းလျှောက်နေရင်း ရှုခင်းက အဆက်မပြတ် ပြောင်းလဲနေတယ်။ စားသောက်ဆိုင်တစ်ခုထက် နာမည်ကြီး ရှုခင်းသာနေရာတစ်ခုဆီ ရောက်လာခဲ့တဲ့အတိုင်းပဲ။

ယင်းဖုန်းက သူတို့ကို မက်မွန်တောအုပ်အလယ်ဆီ ခေါ်လာခဲ့တယ်။ သူတို့ရှေ့ကနေရာမှာတော့ စားပွဲနဲ့ကုလားထိုင်တွေ အများကြီး စီထားတာ မြင်လိုက်ရတယ်။ စားပွဲတွေမှာ အစားအသောက်မျိုးစုံနဲ့ ပြွတ်သိပ်နေတာပဲ — ရှန်းရင်မျက်ဝန်းတွေ ချက်ချင်း ဝင်းလက်သွားတော့တာပေါ့။

စားပွဲတွေမှာရပ်နေတဲ့ ဒါဇင်နီးပါး အစေခံမိန်းကလေးတချို့လည်း ရှိနေတယ်။ သူတို့ရောက်လာချိန် အပြာဝတ်ရုံနဲ့လူတစ်ယောကက် သူတို့ကို နှုတ်ဆက်ဖို့ အသည်းအသန် ရှေ့တက်လာတယ်။ သူက အရပ်အရမ်းရှည်ပြီး မော်ဒယ်ခန္ဓာကိုယ်နဲ့ ဒါပေမဲ့... သူ့မျက်နှာက... ဖော်ပြစရာ စကားအလုံအလောက် မရှိရုံလေးပဲ။ အနီနဲ့ ခရမ်းအပြောက်အကွက်တွေ ဖုံးလွှမ်းနေတဲ့ပုံက ထူးထူးခြားခြား ရုပ်စုံမှန်ပြောင်းမြင်ကွင်းလိုဖြစ်နေတယ်။

"အဖေ" ပြေးလာတဲ့လူက လှမ်းအော်လေတယ်။ သူက အရင် ရှန်းရင်နဲ့ သူမအုပ်စုကို ဂါရ၀ပြုလိုက်တယ်။

"ကြိုဆိုပါတယ် ဆရာသခင်တို့"

ပြီးတော့ ချက်ချင်း သူတို့နောက်က မိန်းကလေးတွေကို လှမ်းကြည့်တော့တာပဲ။ သူ့မျက်ဝန်းတွေ ရုတ်တရက် တောက်ပကုန်ပြီး အုပ်စုထဲက ဒုတိယတပည့်ကို မျက်နှာချင်းဆိုင်လိုက်လေတယ်။

"စစ်ယွီမိန်းကလေး၊ ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီနော်"

ရှက်သွားပြီး စစ်ယွီက အလိုလိုခေါင်းငုံ့ကာ ယွီဟုန်နောက် ပြေးပုန်းတော့တယ်။

"ဖေးအာ၊ မင်းကို အခန်းထဲ နားခိုင်းထားတယ်မဟုတ်လား၊ ဘယ်လိုလုပ် အပြင်ထွက်လာရတာလဲ"

အနေရခက်ခက်ပြုံးပြီး ယင်းဖုန်းက သူ့ကို မိတ်ဆက်ပေးလိုက်တယ်။

"ဒါ ကျုပ်သား ယွမ်ဖေးပါ" ဒီနောက်တော့ သူ့သားကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်တော့တယ်။

"အဖေက ဧည့်သည်တွေကို ဧည့်ခံနေတော့ ကျွန်တော်က ဘယ်လိုလုပ် သူတို့ကို ထွက်မကြိုဘဲနေရမှာလဲ၊ လူကြီးမင်းတို့အားလုံး ထိုင်ကြပါ" ထွက်သွားဖို့ဆန္ဒမရှိတာပြပြီး ယင်းယွမ်ဖေးက ပိုလို့တောင်... တောက်ပထင်ရှားစွာပြုံးကာ ထိုင်ခုံတွေဆီ ဦးဆောင်ခေါ်သွားလေတယ်။ ဒါပေမဲ့ သူ့အကြည့်တွေကတော့ စစ်ယွီဆီကနေ ခွာမသွားဘူး။ စိတ်ထက်သန်မှုနဲ့ တောက်ပနေတဲ့ပုံပဲ။

တစ်ခုခုတော့ အစပျိုးနေပြီ။

"သူက ဘယ်သူလဲ" ရှန်းရင် ဘေးက စားဖိုမှူးကိုမေးလိုက်တယ်။

"ယင်းယွမ်ဖေးပါ၊ သူက ရွှေအမြုတေဗိုလ်လုပွဲမှာ တတိယရတဲ့သူ" ယိချင်း ဖြေလိုက်တယ်။ ဒီနောက် ထပ်ဖြည့်ပြောပြလိုက်တယ်။

"နေ့လယ်တုန်းက စစ်ယွီနွှာလွှတ်တာ ခံလိုက်ရတဲ့ အဲလူပါ"

"အော်..." သဏ္ဌာန်တစ်ခု အရမ်းကို ဆိုးဆိုးဝါးဝါးထုနှက်ခံလိုက်ရလို့ အထိန်းအကွပ်မဲ့ တုန်ယင်နေတဲ့ ရုတ်တရက်ပုံရိပ်က ရှန်းရင်စိတ်ထဲ ဝင်လာခဲ့တယ်။ မျက်နှာ မသက်သာသေးတဲ့လူကို သူမကိုယ်ချင်းစာစိတ်နဲ့ လှမ်းကြည့်လိုက်တယ်။

"ဒီနေ့ခေတ်လူငယ်တွေက ပြင်းပြတဲ့ အကြိုက်တွေရှိကြတာပဲ" အရိုက်နှက်ခံလိုက်ရတဲ့ချက်ချင်းကို အချစ်တဲ့လား။

ရှန်းရင် အတင်းထပ်တုပ်ချင်ပေမဲ့ ဗိုက်ကဆာ‌လွန်းနေပြီ။ ထိုင်ချပြီးတော့ မျိုစို့ဖို့ပဲ အာရုံစိုက်တော့တယ်။

ဒီအချိန် ယင်းဖုန်းကတော့ စားပွဲထိပ်မှာထိုင်ပြီး အလုပ်ကိစ္စရွှန်းရွှန်းဝေအောင် သွေးဆောင်နေတယ်။

ရှန်းရင် စားသောက်နေချိန် အာ၊ အော်၊ ဟမ် အစရှိတဲ့ အခြေခံတုံ့ပြန်မှုတွေကလွဲ စကားပြောတာတာ မရှိသလောက်ပဲ။ ယိချင်းကတော့ ရှန်းရင်ကလွဲလို့ တခြားသူကို စကားပြောတာနည်းလေတယ်။ သူ့စကားလုံးတိုင်းကို တိုတောင်းတိကျအောင် လုပ်တယ်။ ညစာစားနေတဲ့တစ်ချိန်လုံး သူ့ရှေ့က စားစရာတွေကို ရှန်းရင်ရှိတဲ့စားပွဲခြမ်းဘက် တွန်းပို့ဖို့ပဲ အာရုံစိုက်နေတယ်။ ပြီးတော့ ရှန်းရင်တပည့်ကိုးယောက်ကလည်း တခြား‌သူတွေနဲ့ယှဉ်ရင် မျိုးဆက်တစ်ဆက်စာ နိမ့်တယ်။

ဒီတော့ ညစာအတွင်း ကူယွဲ့ကပဲ ယင်းဖုန်းကို ပြန်ဖြေရတဲ့ တစ်ဦးတည်းသောလူဖြစ်လာတာပေါ့။

ယင်းဖုန်း နဂိုတုန်းကတော့ ဒီလူတွေဆီက သတင်းနှိုက်ဖို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ ရည်ရွယ်ထားတာ။ သူက ကျင့်ကြံသူဆိုပေမဲ့ ကုန်သည်တစ်ပိုင်းလည်းဖြစ်တယ်။ သူတို့နောက်ခံကို သိရဖို့ လွယ်မယ်ထင်ခဲ့တာ။ ဒါပေမဲ့ ကူယွဲ့လိုလူနဲ့ ရင်ဆိုင်ရမှာကို ထည့်မတွက်မိခဲ့ဘူး။ မသမာတဲ့ကုန်သည်တစ်ပိုင်းက မသမာတဲ့ ကုန်‌သည်ဟောင်းမြို့ကြီးသားနဲ့ဆုံတော့ ဒီလိုထိပ်တိုက်တွေ့မှုရဲ့ ရလဒ်က မှန်းဖို့တော့မခက်လှဘူး။

တစ်နာရီအတွင်း ယင်းဖုန်း သူ့ပြိုင်ဘက်ဆီက အချက်အလက်တွေ မရခဲ့ရုံတင်မကဘဲ လုံးဝ ကတုံးပေါ်ထိပ်ကွက်တာပါ ခံလိုက်ရတယ်။ ယင်းဖုန်းက ဝိညာဉ်ဆေးဖက်ဝင်အပင်တွေကို ရေရှည်ဝယ်ယူဖို့အတွက် ဈေးကွက်ပမာဏရဲ့ နှစ်ဆပေးချေပြီး ရွှမ်းယွမ်မိသားစုကတော့ ဆေးပင်တွေကို သက်စောင့်ဆေးလုံးတွေအဖြစ် အလကားဖော်စပ်ပေးမယ်ဆိုတဲ့ ကနဦးသဘောတူညီမှုရဲ့ အချက်အလက်တွေကို နှစ်ဖက်လုံး သဘောတူသတ်မှတ်လိုက်ကြတယ်။

ယင်းဖုန်း သူ သိပ်မမြတ်တဲ့ အခြမ်းကို ရသွားတယ်ဆိုတာ နားလည်ချိန်မှာတော့ ကူယွဲ့က နှစ်ဖက်လုံးရဲ့ လက်ဗွေရာတွေနဲ့ တံဆိပ်နှိပ်ထားတဲ့ စာချုပ်ကို ကိုင်ထားပြီ။

"အစ်ကိုယင်း၊ အစ်ကိုရွှမ်းယွမ်၊ ကျုပ်တို့ရဲ့ ပျော်ရွှင်စရာ အနာဂတ်ပူးပေါင်းမှုအတွက် ဂုဏ်ပြုလိုက်ကြရအောင်"

ကူယွဲ့က ပျော်ပျော်ကြီး ယင်းဖုန်းလက်ကို ဆုပ်ကိုင်လိုက်တာက စီးပွားရေးသမားငလည်တစ်ယောက်ရဲ့ စံနမူနာပုံရိပ်ဆန်လွန်းလေတယ်။

ရွှမ်းယွမ်ယွီ ။ ။ "..."

ယင်းဖုန်း ။ ။ "..."

ငါတို့ဘယ်ရောက်နေတာလဲ။ ဘာလုပ်မိလိုက်တာလဲ။

...

All Chapters