အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်နှင့် ပတ်သတ်၍ စိတ်ခံစားမှုများ
Vol. 135 Ch. 1869
တုချင်းကား အလွန်သတိထားကာ အခြေအနေနှင့် လိုက်လျောညီထွေ နေတတ်သူပင်။ ဝမ်လင်းကို ကူညီဖို့အတွက် သူက သူ့အစွမ်းထက်ဆုံးစွမ်းအားကို အသုံးပြုလာ၏။ ခရမ်းရောင်အလင်းက သူ့အား ဝန်းရံကာ သူ၏အလေးချိန်အနှစ်သာရ ပေါ်လာသည်။
ထိုနဂါးစိတ်ဝိညာဉ်က ဟိန်းဟောက်နေ၏။ ၎င်းနဂါးသည် တုချင်းနှင့် နီးကပ်လာသည့်အခါ တုန်ယင်၏။ အလေးချိန်သည် အဆများစွာ တိုးလာသည့်နှယ်။ ထိုနဂါးသည် ဟိန်းမြည်သံ ပြုကာ ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ၎င်းသည် အဆက်မပြတ် ရုန်းကန်နေသော်လည်း လွတ်မြောက်နိုင်စွမ်းမရှိ ဖြစ်ရ၏။
ထိုနဂါး ဟိန်းအော်သံ ပြုနေစဉ် တုချင်း၏ခန္ဓာကိုယ်မှ မီးများ ပျံ့လွင့်လာ၏။ ယင်းမီးတို့က သူ၏ထိန်းချုပ်မှုကနေ လွတ်ကင်းသည့်အလား။ သူသည် တန်ပြန်ဒဏ်ခံရသည့်ပုံ ပေါ်၏။
ဝမ်လင်းသည် ထိုသည်ကို တွေ့မြင်သည့်အခါ တုချင်း၏ အလေးချိန်အနှစ်သာရအပေါ် နားလည်မှုအသစ်တစ်ခု တိုးသွား၏။ သူသည် တုချင်းကို ဆက်လက်၍ အာရုံစိုက်မနေတော့ပေ။ တုချင်းကို သတိထားဖို့ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ထားရှိခြင်းကလွဲ၍ ဝမ်လင်းက သူ့ရှေ့ရှိ ချောရည်ပူနဂါးထံ အာရုံအပြည့်စိုက်လိုက်သည်။
ထိုမီးနဂါးက မြင့်မားသောအပူချိန်ကို ပေးစွမ်းကာ ၎င်းနီးကပ်လာသည်နှင့် လောကသည် လောင်ကျွမ်းခံရပြီး ၎င်းပတ်လည်၌ အနက်ရောင်အခိုးအငွေ့ မြောက်များစွာ ဖြစ်ပေါ်သည်။ ၎င်းသည် စိတ်ဝိညာဉ်မီးနဂါးနှင့်ပင် မတူလေတော့၊ နတ်ဆိုးဆန်သောမီးနဂါးတစ်ကောင်အလား ဖြစ်လာ၏။
အနက်ရောင်အခိုးငွေ့များ ဝန်းရံထားသော မီးနဂါးစိတ်ဝိညာဉ်က ဝမ်လင်းထံ တိုးဝင်လာစဉ် သူက ရှေ့သို့ ခြေလှမ်းပြီး သူ့ညာလက်ကို ပင့်မြှောက်သည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ လက်ဝေ့ယမ်းလိုက်ခြင်းနှင့်အတူ သွေးအလင်း ဖျတ်ခနဲ လင်းသွားသည်။ သွေးဓားက ဝမ်လင်းရှေ့တွင် ပေါ်လာပြီး မီးနဂါးစိတ်ဝိညာဉ်ကို ခုတ်ပိုင်းချသည်။
ထိုခုတ်ပိုင်းချက်က လောကကို အရောင်များ ပြောင်းလဲစေကာ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သွားစေသည်။ သွေးအလင်းက မီးနဂါးနှင့် ထိမိသည့်အခိုက်တွင် ကျယ်လောင်စွာ ပေါက်ကွဲသံ ဖြစ်ပေါ်၏။ မီးနဂါးသည် နာကျင်မှုကို ခံစားလိုက်ရကာ သွေးဓားကို ရှောင်ရှားဖို့ နောက်ဆုတ်သည်။
သို့သော် သွေးအလင်းက မြန်လွန်း၏။ မီးနဂါး နောက်ဆုတ်လိုက်ရုံ ရှိသေး သွေးဓားက ဝေ့ခတ်ပိုင်းဖြတ်ကာ မီးနဂါး၏အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်သွားသည်။
တစိတ်တပိုင်း ပိုင်းဖြတ်ခံရသော မီးနဂါးစိတ်ဝိညာဉ်က နောက်ဆုတ်လေ၏။ ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူသည် သူ့အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းဖို့ အရေးတကြီးအခိုက်အတန့်သို့ ရောက်ရှိနေလေပြီ။ သူ ရှေ့သို့ တုန့်နှေးခြင်းမရှိ တိုးလာကာ ဖြတ်တောက်ခံလိုက်ရသော မီးနဂါးအစိတ်အပိုင်းကို ဖမ်းယူ၏။ ထို့နောက် ၎င်းကို မီးလုံးထံသို့ ပစ်လွှတ်လိုက်သည်။
ထိုမီးလုံးသည် မီးနဂါးစိတ်ဝိညာဉ်ကို စုပ်ယူကာ ပို၍ အားကောင်းလာ၏။ ခြေလက်များ ဖြစ်ပေါ်ပြီးသော အနှစ်သာရအစစ်အမှန်ခန္ဓာသည် ၎င်း၏ရင်ဘက်ပိုင်းကို စတင်ဖွဲ့စည်းမည့် အရိပ်လက္ခဏာများ ပြသလာသည်။
ဝမ်လင်းသည် လျှပ်စီးတန်းအလား ရွှေ့လျားကာ ပေတစ်သောင်းကို ဖြတ်၍ မီးနဂါးစိတ်ဝိညာဉ်၏ အထက်၌ ပေါ်လာ၏။ သူက တုချင်းကဲ့သို့ မီးနဂါးစိတ်ဝိညာဉ်ကို အနှစ်သာရတစ်ခုဖြင့် ဖိနှိပ်ထားနိုင်ခြင်း မရှိသော်လည်း သူ၏ဓားကား အံ့မခန်းထက်ရှပေ၏။
သည်အခိုက်တွင် မီးနဂါးစိတ်ဝိညာဉ်အထက်၌ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့လက်ဝါးတွင် ရွှေရောင်အလင်း ပေါ်လာ၏။ ထိုရွှေရောင်အလင်းက တုချင်း၏စိတ်နှလုံးကို တုန်ယင်သွားစေသည်။
သူ၏မျက်လုံးသူငယ်အိမ်ပင် ဝမ်လင်းလက်ထဲရှိ ရွှေရောင်လက်ဝါးကို ရောင်ပြန်ဟပ်သည်။
ထိုရွှေရောင်လက်ဝါး ပေါ်လာသည်နှင့် မီးနဂါးသည် တုန်ယင်ကာ ၎င်း၏မျက်လုံးသည် ကြောက်ရွှံ့မှုနှင့် ပြည့်နှက်၏။ ၎င်းသည် ဒီနေရာသို့ မလာချင်ခဲ့ပေ။ သို့သော် ဝမလင်း၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည်သာ။ ၎င်းက ရွှေရောင်လက်ဝါးကို တွေ့မြင်သည့်အခါ ထွက်ပြေးချင်နေ၏။ ဖျတ်ခနဲအတွင်း ထိုနဂါးသည် ကီလိုမီတာထောင်ချီသို့ ပျံသန်းပြေး၏။
ဝမ်လင်းသည် တည်ငြိမ်စွာသာ ရှိနေသည်။ သူသည် ထွက်ပြေးသွားသော မီးနဂါးထံသို့ လက်ညွှန်လိုက်သည်။ ရွှေရောင်လက်ဝါးသည် တောက်ပလွန်းစွာဖြင့် အကွာအဝေးတစ်ခုထံသို့ ပျံသန်းသည်။
ဝမ်လင်းသည် ရလဒ်ကိုပင် စောင့်ကြည့်မနေဘဲ တုချင်းဖိနှိပ်ထားသော နောက်ထပ်မီးနဂါးတစ်ကောင်ထံသို့ လှည့်ကြည့်လာ၏။
သူ လှည့်လိုက်ရုံ ရှိသေး အကွာအဝေးတစ်ခုမှ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်သည်။ ရွှေရောင်အလင်း လင်းလက်ကာ ရွှေရောင်လက်ဝါးချက်က ဝမ်လင်းထံ ပျံသန်းလာ၏။ ၎င်းအတွင်း၌ မီးနဂါး၏ တည်ရှိမှုကို ခံစား၍ ရသည်။ ထိုနဂါးက စိတ်အားလျှော့စွာ ဟိန်းသံပေးသည်။
ထိုမြင်ကွင်းက တုချင်း၏စိတ်နှလုံးကို တချက် ခုန်ပေါက်သွားစေသည်။
“ဒါဟာ မဟာအင်ပါယာတစ်ယောက် ပြုလုပ်ထားတဲ့ ရတနာဖြစ်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ခု ကြည့်ရသလောက် သူက ဒီလက်ဝါးရဲ့ ခွန်အားပြည့်ကို အသုံးပြုခဲ့ပုံ မပေါ်ဘူး…” တုချင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ဝမ်လင်းကို ပြုံး၍ ကြည့်၏။
“မြေကမ္ဘာပင်မမီးကြောငယ် နှစ်ခုကို ရလိုက်တဲ့အတွက် ဂုဏ်ယူပါတယ် ရောင်းရင်းကျင့်ကြံသူ။ သင်ရဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာဟာ မကြာခင် ပြီးပြည့်စုံလာတော့မယ်…”
ဝမ်လင်းသည် ညင်သာစွာ ခေါင်းယမ်း၏။ သူသည် စကားပြန်မဆိုပေ။ သူ့ညာလက်ဖြင့် ရွှေရောင်လက်ဝါးကို ထိလိုက်၏။ နဂါးစိတ်ဝိညာဉ်နှစ်ကောင်ထဲမှ တစ်ကောင်သည် မီးလုံးထံ ပျံသန်းဝင်လာသည်။
ထိုမီးလုံးက မီးနဂါးကို စုပ်ယူပြီးနောက် ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်၏။ အနှစ်သာရအစစ်အမှန်ခန္ဓာ၏ ရင်ဘက်ပိုင်းသည် စတင်ဖွဲ့စည်းလာချေပြီ။
သို့သော် ရင်ဘက်ပိုင်း တဝက်ခန့် ဖွဲ့စည်းပြီးနောက် မီးများသည် မှိန်ဖျော့လာကာ ငြှိမ်းသေတော့မည့် အရိပ်လက္ခဏာများ ပြသလာသည်။ ဝမ်လင်းသည် တုချင်းကို မျက်မှောင်ကြုတ်၍ လှမ်းကြည့်သည်။
တုချင်းသည် စကားမဆိုပေ။ သို့သော် သူက ဝမ်လင်း လိုချင်သည့်အရာကို ခန့်မှန်းမိ၏။ သူ ဖိနှိပ်ထားသော နဂါးစိတ်ဝိညာဉ်သည် မီးလုံးထံသို့ ပျံသန်းလာချေသည်။
၎င်းနဂါးသည် ချက်ခြင်းပင် နီးကပ်လာကာ မီးလုံးသည် မီးနဂါးစိတ်ဝိညာဉ်ကို စုပ်ယူ၏။ ထိုစိတ်ဝိညာဉ်သည် အော်ဟစ်မာန်သွင်းနေစဉ် ၎င်းသည် မီးလုံး၏ လုံးဝ စုပ်ယူခြင်း ခံရသည်။
နောက်ထပ်မြေကမ္ဘာပင်မမီးကြောငယ်ကို စုပ်ယူပြီးနောက် မီးသည် တဖန် မြင့်တက်လာသည်။ အစစ်အမှန်ခန္ဓာ၏ ရင်ဘက်ပိုင်းသည် တဖန် စတင်ဖွဲ့စည်းလာသည်။
သည်အခိုက်တွင် အနှစ်သာရအစစ်အမှန်ခန္ဓာသည် ရင်ဘက်ပိုင်းနှင့် ခြေလက်တို့ ဖွဲ့စည်းပြီးခဲ့လေပြီ။ ၎င်း၏ဦးခေါင်းပိုင်းသာ ဟင်္သာငှက်အသွင် ကျန်ရှိသည်။ ဤသည်မှာ အလွန်ထူးခြားသော မြင်ကွင်းပင်။
သို့သော် မီးစွမ်းအားက ၎င်း၏အကန့်အသတ်သို့ ရောက်လာခဲ့ကာ မီးလုံးသည် ရုတ်တရက် ပျက်စီးသွားသည်။ ၎င်းသည် မီးစမီးနအစက်အပြောက်များအဖြစ်သို့ ပြောင်းကာ ဦးခေါင်းကင်းမဲ့နေသေးသော အနှစ်သာရအစစ်အမှန်ခန္ဓာ၏ စုပ်ယူခြင်းကို ခံရသည်။
ထိုမီးလုံး ပျက်စီးသွားသည်နှင့် အလွန်တရာ အစွမ်းထက်သောဖိအားသည် မပြီးပြည့်စုံသေးသော အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ တုချင်းသည် မနီးမဝေးတွင် ရှိနေ၏။ သူ ထိုဖိအားကို ခံစားမိသည့်အခါ တုန်လှုပ်သွားသည်။
သူသည် အကွာအဝေးတစ်ခုသို့ ထွက်သွားချင်စိတ် ပေါက်သွားရ၏။ ဤသည်က ထိုအနှစ်သာရအစစ်အမှန်ခန္ဓာ မည်မျှ အစွမ်းထက်သည်ကို ဖော်ပြသည်။
“ဒါဟာ ပြီးပြည့်စုံတဲ့ အစစ်အမှန်ခန္ဓာ မဟုတ်သေးဘူး။ ဒါတောင် ဒီလောက်အစွမ်းထက်တဲ့ ဖိအား ရှိနေတယ်…” တုချင်းက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးထဲတွင် တပ်မတ်စိတ်တို့ ဖြစ်ပေါ်လာ၏။ သူသည် သူ့ကိုယ်ပိုင်အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းချင်စိတ် ပေါက်နေသည်။
“မီးကြောခွဲ(၁၈၈)ခုနဲ့ ပင်မမီးကြောငယ် သုံးခု၊ ဒါပေမဲ့ ငါဟာ အနှစ်သာရခန္ဓာကို မဖွဲ့စည်းနိုင်သေးဘူး။ ဒီလို ဖွဲ့စည်းဖို့ဟာ အလွန်ခက်ခဲလွန်းတယ်။ ရင်းမြစ်တွေ အများအပြား လိုအပ်တယ်။ ဒီလောက်ခက်ခဲတဲ့အတွက်ကြောင့် လှိုဏ်ဂူလောကမှာ ဒီလို အနှစ်သာရခန္ဓာကို ဖွဲ့စည်းဖို့ မဖြစ်နိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး…”
ဝမ်လင်းသည် သက်ပြင်းချလိုက်၏။ ခုချိန်၌ သူသည် အနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းရတာ မည်မျှ ခက်ခဲသည်ကို သိခဲ့လေပြီး စိတ်လှုပ်ရှားမှုကို ခံစားမိသည်။
”ဒီဖွဲ့စည်းမှု ဖြစ်စဉ်ကို ပိုရှေ့ရောက်ဖို့ ပိုများပြားတဲ့ မီးအနှစ်သာရတွေ လိုအပ်မယ်။ ငါ့ရဲ့ အနှစ်သာရခန္ဓာ ဦးခေါင်း ဖွဲ့စည်းဖို့ မီးအနှစ်သာရ ဘယ်လောက်များများ လိုအပ်မလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းသည် စဉ်းစားနေစဉ် ဦးခေါင်းကင်းမဲ့နေသေးသော အနှစ်သာရခန္ဓာသည် မီးပင်လယ်အဖြစ်သို့ ပြောင်းကာ သူ၏ဘယ်မျက်လုံးအတွင်းသို့ ဝင်ရောက်လာ၏။
၎င်းသည် သူ့ဘယ်မျက်လုံးအတွင်းသို့ ဝင်ရောက်လာသည့်အခါ၌ သူ၏ဘယ်မျက်လုံးတွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်၏။ ပုံမှန်မီးအမှတ်အသားသည် ပျောက်ကွယ်ကာ မျက်လုံးသူငယ်အိမ်နှစ်ထပ်က အစားထိုး ဝင်ရောက်၏။
ထိုမျက်လုံးသူငယ်အိမ်နှစ်ထပ်က အဆုံးစွန်နတ်ဆိုးဆန်သော ခံစားမှုကို ပေးစွမ်းသည်။
ခေါင်းလှုပ်ခါလိုက်ပြီးနောက် ဝမ်လင်းသည် ရှေ့သို့ လျှောက်လာ၏။ သူ ရှေ့သို့ လျှောက်လာစဉ် သူ့နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်နှင့်အတူ ရွှေ့လျားသည့်ပုံ ပေါ်ကာ ၎င်းအရိပ်၏ ပုံပန်းအသွင်ကို ရှင်းလင်းစွာ မမြင်ရနိုင်ပေ။
ထိုရုတ်တရက် ပြောင်းလဲမှုက တုချင်းကို ပင့်သက်ရှိုက်မိသွားစေ၏။
“အနှစ်သာရခန္ဓာကို ဖွဲ့စည်းပြီးတဲ့နောက် ပြောင်းလဲမှုဟာ ဒီအရိပ်ကို ဖြစ်ပေါ်စေတာများလား။ ငါ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေးထံမှာလည်း ဒီလိုအရိပ်မျိုး အကြိမ်အနည်းငယ် မြင်ခဲ့ဖူးတယ်။ ဒီအရိပ်ဟာ အမြဲတမ်း သူနဲ့ လိုက်ပါနေတဲ့ပုံမျိုးပဲ…”
“သင် ဘာပဲလုပ်လုပ် ဒီအရိပ်ဟာ လိုက်ပါတုပမဲ့ပုံမျိုးပဲ။ အထူးသဖြင့် သင် မန္တာန်တွေကို အသုံးပြုတဲ့အခါမှာ ဖြစ်တယ်…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်မိသွား၏။ သူသည် အနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းပြီးနောက် သူ့ခန္ဓာကိုယ်တွင်း၌ ပြောင်းလဲမှုတစ်ခုကို သတိပြုမိသွားပုံ ပေါ်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူ၏နောက်မှ အရိပ်သည် ပျောက်ကွယ်သည့်အထိ မှိန်ဖျော့သွားတော့သည်။
“နဂါးပြာကလန်ကို ပြန်ကြစို့။ ငါ အဲ့မှာ ခဏနေဖို့ လိုတယ်…” ဝမ်လင်းက တုချင်းထံ လှမ်းကြည့်၏။
တုချင်းသည် ထိုစကားကို ကြားသည့်အခါ သူသည် ချက်ခြင်း စိတ်ဓာတ်တက်ကြွလာပြီး ပြုံးလိုက်၏။ သူက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ဒါဟာ ငါ့အတွက် ဂုဏ်ယူရမယ့်အရာပဲ။ ရောင်းရင်းကျင့်ကြံသူ စိတ်ချနေပါ။ ငါ မြေကမ္ဘာမီးကြောတွေကို ရှာဖွေဖို့ တပည့်တွေအားလုံးကို စေလွှတ်လိုက်မယ်။ ဒီမီးကြောတွေကို ရောင်းရင်းအသုံးပြုဖို့အတွက် အကြီးအကဲတွေကိုလည်း သွားထုတ်နှုတ်ယူခိုင်းလိုက်မယ်…”
ဝမ်လင်း၏အမူအရာမှာ ပုံမှန်အတိုင်းသာ။ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြ၏။ သူသည် တုချင်းနှင့်အတူ အလင်းတန်းအဖြစ် ပြောင်းကာ ထွက်ခွာလာတော့၏။ တောင်အောက်ရှိ ပင်မမီးကြောငယ်သည် တဖြည်းဖြည်း သွေ့ခြောက်သွားခဲ့လေပြီ။
ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ အလင်းတန်းနှစ်ခုသည် ကောင်းကင်ကို ဖြတ်၍ ပျံသန်းလာနေ၏။ တုချင်း၏ ကျင့်ကြံမှုသည် ပိုမြင့်မားသည့််အတွက် သူသည် ဝမ်လင်းထက် ပိုမြန်သည်မှာ သဘာဝပင်။ သူတို့သည် ရှေ့ဆက်လာနေရင်း တုချင်းက ဝမ်လင်းကို တချက် ဖျတ်ခနဲ ကြည့်ကာ စတင်စဉ်းစား၏။
“ဒီလူရဲ့ ကျင့်ကြံမှုအဆင့်ဟာ ဘယ်လောက်လဲ။ သူဟာ စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်မှာ ရှိနေတဲ့ပုံပဲ။ ဒါပေမဲ့ သူဟာ ငါနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်နိုင်ခဲ့ပြီး သူ့စွမ်းအားအပြည့်အဝကို ထုတ်ဖော်ခဲ့ပုံလည်း မရဘူး…”
“ကျင့်ကြံမှုအဆင့်ဟာ ဖုံးကွယ်ထားလို့ ရပေမဲ့လည်း အမြန်နှုန်းကတော့ ကျင့်ကြံမှုအဆင့်ကို ညွှန်းဆိုပေးနိုင်တဲ့အရာပဲ။ သူ ဘယ်လောက်မြန်လဲ ကြည့်ရတာပေါ့…” တုချင်းသည် စဉ်းစားကာ သူ၏အမြန်နှုန်းကို ဖြည်းဖြည်းချင်း မြှင့်တင်လိုက်၏။ သူသည် ဝမ်လင်းကို ကျော်၍ ပျံသန်းသွားကာ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် တိုးလာသည်။
“ငါ သိပ်အတင်ရဲလို့တော့ မဖြစ်ဘူး။ ငါ အနည်းငယ် ကြည့်ရှုကြည့်ရုံလောက်ပဲ။ တကယ်တော့ ငါဟာ မဟာအင်ပါယာနဲ့ အဆက်အသွယ်ရဖို့ သူ့ပေါ် မူတည်နေတာ မဟုတ်လား…” တုချင်းသည် ဝေးဝေးသို့ ကြိုမသွားဝံ့ပေ။ သူက ဝမ်လင်း သူနှင့်အတူ အမှီလိုက်နိုင်စွမ်း မရှိသည်ကို တွေ့မြင်သည်နှင့် သူ့အမြန်နှုန်းကို လျှော့ချရန် ဟန်ပြင်ကာ သူ့မျက်လုံးသူငယ်အိမ်သည် ကြုံ့သွားမိလေ၏။
အကြောင်းမှာ ဝမ်လင်း၏အေးစက်စက်အကြည့်က တုချင်းထံ ရောက်လာသောကြောင့်တည်း။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ မြူအစုအဝေးတစ်ခု ပေါ်လာ၏။ ထိုအနက်ရောင်မြူထဲမှ စူးရှရှဟိန်းအော်သံ တစ်သံ ထွက်ပေါ်လာသည်။
ထိုဟိန်းသံသည် အလွန်ကြမ်းရှကာ လူတစ်ယောက်၏စိတ်ကို တုန်လှုပ်သွားစေနိုင်သော စွမ်းအား ပါရှိ၏။ တုချင်းသည် သိပ်ဝေးဝေးသို့ မရောက်သေးပေ။ သူသည် ထိုဟိန်းသံကို ကြားလိုက်ရသည့်အခါ သူ့စိတ်နှလုံးတုန်ယင်မှုကို ခံစားမိရသည်။ ထိုဟိန်းသံက အလွန်အမင်း ကြမ်းလှသော တစ်စုံတခုထံမှ လာသည့်ပုံ ပေါ်၏။
“ဒါက ဘယ်လိုသားရဲမျိုးလဲ…” တုချင်း၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
ခြင်သားရဲဘုရင်သည် မြူနက်များအတွင်းမှ ထွက်ပေါ်လာသည်။ ၎င်း၏ ကြီးမားသောပါးစပ်၊ ၎င်းကို၎င်း ကြုံ့ပြီးသည့်နောက်တွင်ပင် တောင်တလုံးမျှ ကြီးမားသော ခန္ဓာကိုယ်၊ ၎င်း၏ခန္ဓာကိုယ်ထက်၌ ပြည့်ဖုံးနေသော အနက်ရောင်ဆူးချွန်များက တုချင်းကို တုန်လှုပ်သွားစေသည်။
“ရောင်းရင်းကျင့်ကြံသူတု…သင်က နှေးလွန်းတယ်။ သင် အမှီလိုက်ဖို့ လိုလိမ့်မယ်…”
ဝမ်လင်းသည် ထိုသို့ ဖြည်းဖြည်းချင်း ပြောလိုက်ပြီးနောက် ခြင်သားရဲဘုရင်ပေါ်သို့ ခြေလှမ်းလိုက်၏။ ခြင်သားရဲဘုရင်သည် ထိုးထွက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ၎င်း၏အမြန်နှုန်းက တုချင်းကို တုန်လှုပ်မိသွားစေသည်။