← Chapters

မိစ္ဆာကျင့်ကြံခြင်းစေတီ

Vol. 6 Ch. 89

မိစ္ဆာကျင့်ကြံခြင်းစေတီ

Vol. 6 Ch. 89

"မင်းရူးနေပြီပဲ" ကူယွဲ့ ယိချင်းကို ဒေါသတကြီး ကြည့်လိုက်တယ်။

"ဒုတိယထပ်ကဘယ်လိုမျိုးလဲဆိုတာ မင်းကိုယ်တိုင်မြင်ခဲ့တာပဲ၊ အဲမှာ ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ဘယ်သူသိမလဲ"

"အဲဒါကြောင့်... ကျွန်တော် တစ်ယောက်တည်းသွားမှာ" ယိချင်းက လူအုပ်ကို စစ်ဆေးပြီး လျင်မြန်စွာပျောက်ကွယ်နေတဲ့ ကျက်ရိုင်းမြေကို ဟိုဟိုဒီဒီကြည့်ကာ အသံတိုးလိုက်တယ်။

"ဒီအဆင့်က ပျောက်စပြုနေပြီ၊ စေတီက ကျွန်တော်တို့ကို ဒီအဆင့်မှာ ရှိနေခွင့်ပြုမှာမဟုတ်တာ သက်သေပြနေတာပဲ၊ ပြန်လှည့်လမ်းမရှိဘူး၊ နောက်ထွက်ပေါက်ရှိလား ကျွန်တော် တက်ကြည့်မယ်၊ တကယ်လို့ အန္တရာယ်များ‌တဲ့နေရာမဟုတ်ရင် ကျွန်တော် အသိပေးပြီး ခင်ဗျားတို့တက်လာခဲ့၊ တကယ်လို့..." ယိချင်းက ရပ်သွားတယ်။

"ခင်ဗျားတို့စောင့်လို့ရသမျှထိစောင့်၊ မရတော့မှတက်လာခဲ့၊ ကျွန်တော်တို့ ထွက်လာတာကြာပြီပဲ၊ ဆရာက သေချာပေါက်လာမှာ"

"..." ကူယွဲ့ မတုံ့ပြန်မိတော့ဘူး။ ဒါက တကယ်ကို တစ်ခုတည်းသောနည်းလမ်းပဲ။

ယိချင်းမျက်လုံးပိတ်လိုက်တယ်။ တစ်ပြိုင်နက်တည်း ခရီးသွားမသေမျိုးရှစ်ယောက်ကို ရင်ဆိုင်ရတာက သူ့ကိုအားမရှိတော့စေသလောက်ပဲ။ တစ်နာရီနေတော့ သူမျက်လုံးပြန်ဖွင့်လိုက်တယ်။ ဘေးက သွေးစွန်းနေတဲ့ ဓားကိုကောက်ယူပြီး တတိယထပ်ဆီ တက်ခဲ့တော့တယ်။

သူ နောက်ဆုံးအထပ်ဆီ တက်လာလေ သူ့ရှေ့ကမြင်ကွင်းကပြောင်းသွားလေပဲ။ သူ ပထမနဲ့ဒုတိယထပ်မှာ မြင်ခဲ့ရတဲ့ ကျယ်ပြန့်တဲ့နယ်ပယ်က ကျဉ်းကျုတ်တဲ့နယ်ပယ်အနဲ့ အစားထိုးသွားခဲ့တယ် - အထဲကတော့ ကျောင်းဆောင်တစ်ခုနဲ့တူတယ်။ ဝိညာဉ်မီးတောက်တွေက သူ့ကိုဝိုင်းထားပြီး သူ့ခြေဖဝါးအောက်မှာတော့ နေရာရွှေ့ပြောင်းအစီအရင်က သူ့ခြေဖဝါးအောက် ရောက်နေတယ်။ လူငါးယောက်ကတော့ ခန်းမအလယ်ရဲ့ စင်မြင့်ပေါ်မှာ နေရာယူထားကြတယ်။

"တတိယအဆင့်မှာ ဘယ်သူ့ကို မြင်ရမလဲသိချငိနေတာ၊ ဒါက အဲဒီမိစ္ဆာမနောက်ကို လိုက်နေကျတစ်ယောက်မလား" အလယ်ကတစ်ယောက်က ထူးဆန်းတဲ့လေသံနဲ့မေးတယ်။

"ဟုတ်တယ်၊ ငါသူ့ကိုမှတ်မိတယ်" နောက်ထပ်တစ်ယောက်က ပြန်ဖြေတယ်။

"သူ့ကို ဂိုဏ်းတွေကြားက ပြိုင်ပွဲနေ့တုန်းက မြင်ခဲ့တယ်၊ အဲမိစ္ဆာမဘေးထိုင်နေတာလေ"

"ဟမ့် ငါတို့ သူနဲ့တောင် စာရင်းမရှင်းရသေးဘူး၊ သူ့တပည့်က ငါတို့တံခါးဝဆီ သူ့အလိုလိုရောက်လာမယ်မထင်မိခဲ့ဘူး"

ယိချင်း မျက်ခုံးပင့်ပြီး ဓားကိုတင်းတင်းဆုပ်ကိုင်ကာ လူ‌ငါးယောက်ကို စိုက်ကြည့်လိုက်တယ်။

"ခင်ဗျားတို့က... ယွီဟိုင်ဟုန်နဲ့အတူ ပျောက်သွားတဲ့ ခရီးသွားမသေမျိုးတွေပဲ"

"ခရီးသွားမသေ‌မျိုးတွေလား" အလယ်က လူက တောက်ခေါက်တယ်။ လေဖိအားကရုတ်တရက် မြင့်တက်သွားပြီး ယိချင်း သူ့ပေါ်ပြင်းထန်တဲ့ဖိအားတစ်ခု ပိကျလာတာခံစားလိုက်ရတယ်။

သူ တစ်ခဏတာ ဟန်‌ချက်ပျက်သွားပြီး သူမသိလိုက်ခင်မှာပဲ ဒူးတစ်ဖက်ထောက်နေရကာ သွေးအန်တော့တယ်။ သူ့အလေးချိန်က သူခံနိုင်ရည်ရှိဖို့အတွက် အရမ်းကိုများလွန်းနေတယ်။ သူ့ဘာသာခုခံဖို့ အင်အားလုံးဝမရှိတော့ဘူး။ ဒီဖိအားက ခရီးသွားမသေမျိုးတွေရဲ့ လက္ခဏာရပ် မဟုတ်ဘူး၊ ဒီလူတွေက...။

"ငါက ခရီးသွားမသေမျိုးလို့ဘယ်သူပြောလဲ၊ ငါတို့ဘိုးဘေးတွေက ငါတို့ကို ဒီမသေမျိုးတက်လှမ်းမှုစေတီနဲ့ ကောင်းချီးပေးလို့ ငါတို့ကျင့်ကြံဆင့်တွေ ပြန်ရသွားပြီ၊ ငါတို့အမတအရိုးတွေတောင် ပြန်ပြင်ခွင့်ရထားတာ၊ ခရီးသွားမသေမျိုးတွေဆိုတာ ငါတို့ကိုယ်ခန္ဓာကိုရဖို့ အိပ်မက်ပဲ မက်နိုင်မယ် - ငါတို့ကအခု ပကတိပြည့်စုံနတ်ဒေဝါတွေပဲ"

သူစကားဆုံးသွားတော့ လေဖိအားကို‌တိုးပြီး သတ်ဖြတ်ဖို့ အပြည့်ရည်ရွယ်ထားတယ်။ ထိန်းချုပ်ဖိအားက ယိချင်းဆီ ပျံသန်းလာတော့တယ်။

"ဟမ့်၊ ငါတို့ အဲမိစ္ဆာမကို မရင်ဆိုင်နိုင်လောက်ပေမဲ့ မင်းကိုသတ်တာကတော့ ငါတို့ကို ဒေါသနည်းနည်းပြေစေမှာပဲ"

ယိချင်းက အံကြိတ်လိုက်တယ်။ သူ့ကိုယ်ထဲက လက်ကျန်ဝိညာဉ်ချီအားလုံးကိုသုံးပြီး မတ်တတ်ပြန်ရပ်ကာ ဓားကိုဝှေ့ယမ်းလိုက်တယ်။ ထင်း သူ့ဆီဦးတည်လာတဲ့ ထိန်းချုပ်ဖိအားကို လမ်းကြောင်းလွှဲပစ်လိုက်တယ်။

သူ တတိယအဆင့်က ရိုးရှင်းမှာမဟုတ်တာ သိပေမဲ့ ခရီးသွားမသေမျိုးငါးယောက်က သူတို့အမတအရိုးတွေကို ပြန်ကောင်းအောင်လုပ်ထားမယ် မ‌မျှော်လင့်ခဲ့မိဘူး။ ယိချင်း ဓားကို တင်းတင်း ဆုပ်ကိုင်ထားလိုက်တယ်။ သူ့အခြေအနေအရ ရွေးစရာမရှိ တိုက်ခိုက်ရတော့မယ်

——————

စေတီထိပ်တွင်။

အာ။

အမည်းရောင်မီးခိုးတွေ ဖုံးလွှမ်းနေတဲ့ ပုံသဏ္ဌာန်တစ်ခုက အံ့ဩတကြီး ရေရွတ်လေတယ်။

"သူက အခုထိ ထိန်းနိုင်သေးတာပဲ၊ ပကတိပြည့်စုံနတ်ဒေဝါ ဖြစ်လာနိုင်ခြေ ရှိတယ်၊ နှမြောစရာပဲ..."

သူသက်ပြင်းချပေမဲ့ သူ့လေသံမှာ သနားစိတ်က မပါ။ အဲအစား ကြောက်ခမန်းလိလိ အေးစက်နေတယ်။

"ဒီလိုသာဆက်သွားနေရင် အဲဒီအသုံးမကျတဲ့ ကလေကချေငါးကောင်ကတော့ သူ့လက်ထဲ သေတော့မှာပဲ" သူ့အပြုံးက ပိုပြဲလာချိန် သူ့ပတ်လည်က အမည်းရောင်ချီတွေကလည်း ထူသထက်ထူလာတယ်။

"ဟီးဟီး... သူ အသက်ဘေးကနေ လွတ်လာချိန် ဒီရောက်ပြီး မသေမျိုးတက်လှမ်းမှုနောက်ကွယ်က အကြောင်းကိုသာ သိသွားရင် ဘယ်လိုဖြစ်သွားမလဲ မြင်ချင်သား"

"မွေးရာပါဓားသရုပ်သကန်... ဒီလိုအရည်အသွေးနဲ့ တိုက်ခိုက်သူတစ်ယောက်က ဆရာသခင်ဖြစ်တဲ့ ငါ ပိုင်တာပဲ၊ သူရွေးလို့ရတဲ့ တာအိုလမ်းစဉ်တွေ အများကြီးကို၊ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို သုတ်သင်ဖို့ရွေးခဲ့တယ်၊ သူက ငတုံးတချို့ကိုကယ်ဖို့ ဒီစေတီထဲတောင် အပြေးလာလိုက်သေး၊ အခု သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူး၊ ဘယ်သူကယ်..."

ဘန်း

သူ စကားမဆုံးခင် ခေါင်းကိုတစ်ခုခုက လာရိုက်တယ်။ ပုံသဏ္ဌာန်တစ်ခုက မြေကြီးပေါ်ကျသွားပြီး တစ်အောင့်နေတော့ ကုန်းရုန်းထလာတယ်။ ဖုန်ခါပြီးတော့ သူ့ဘက်ကိုလက်ယမ်းပြပါလေရော။

"ဟေး နင်ဘယ်လိုနေလဲ" ရှန်းရင်က သူ့ဆီလျှောက်လာတယ်။

"နင် ငါ့ဂိုဏ်းရဲ့ စားဖိုမှူးကို တွေ့မိသေးလား၊ သူကလေ... ဟိုဟာလေ... ချင်းလို့ခေါ်တာ၊ အတော်လေးချောတယ်"

ငါလဝက်လောက် သေချာမစားသောက်ရသေးလို့ပါ။ တကယ် သူ့ဟင်းချက်လက်ရာကို လွမ်းနေပြီ။

နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားတယ်။

"မင်းကဘယ်သူလဲ" အမည်းရောင်ပုံရိပ်ကို ဝိုင်းထားတဲ့မြူခိုးထဲကနေ မျက်လုံးနီတစ်စုံက ရှန်းရင်ကို စေ့စေ့စပ်စပ် ကြည့်တော့တယ်။

"မင်း ဘယ်လိုမျိုးဝင်လာတာလဲ"

"ငါခုန်ချလာတာလေ" သူမ ခေါင်းပေါ်က အပေါက်ကို လက်ညှိုးထိုးပြလိုက်တယ်။

ဒီကိုခုန်ချလာတယ် အပြင်ကနေ တန်းပြီးဝင်လာခဲ့တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူ့မသေမျိုးတက်လှမ်းမှုစေတီကို ဖောက်ထွင်းဝင်နိုင်တဲ့လူ ဒီကမ္ဘာပေါ် ဘယ်လိုလုပ်ရှိနေတာလဲ

"အဲတော့ နင် ငါ့စားဖိုမှူးကို မြင်မိသေးလား၊ သူက ဒီလောက်အရပ်ရှည်တယ်..." လက်ကို သူမခေါင်းထက် နည်းနည်းမြှင့်ပြလိုက်ပြီး ယိချင်းပုံစံဆက်ပြောပြလိုက်တယ်။

"သူက မျက်ရစ်နှစ်ထပ်၊ ဆံပင်လည်းရှည်တယ်၊ ဝတ်ရုံဖြူဝတ်ထားပြီး အာဟုတ်သား သူက ဓားကျင့်ကြံသူတစ်ယောက်ပဲ"

"ဓားကျင့်ကြံသူပေါ့" အမည်းရောင်ပုံရိပ်က တအံ့တဩရေရွတ်တော့တယ်။ အမည်းရောင်မြူခိုးတွေ နှေးသွားပြီး သူမကို လေ့လာပါလေရော။ နောက်တော့ သူစောနက ခံစားခဲ့ရတဲ့ အံ့ဩမှုကို ချုပ်ထိန်းပြီး ပိုပြီးတောင်အေးစက်စက်ပြုံးလေတယ်။

"အဲတော့ မင်းက အောက်က ဓားကျင့်ကြံသူနဲ့တစ်ဖွဲ့တည်းပေါ့"

"နင်သူ့ကိုမြင်ဖူးတယ်လား" ရှန်းရင်စိတ်လှုပ်ရှားစွာနဲ့ ရှေ့တက်လာတယ်။

"ဟမ့်၊ နှစ်ပေါင်းသန်းချီ စောင့်ပြီးတဲ့နောက်မှာ လောကကြီးက ဒီစေတီထိပ်ကို ရောက်နိုင်စွမ်းရှိတဲ့လူနှစ်ယောက် ငါ့ကိုပေးမယ်လို့ ဘယ်သူတွေးမိခဲ့မှာလဲ၊ ကောင်းကင်ကငါ့ဘက်မှာပဲ ဟားဟားဟား..." သူက ရုတ်တရက် ယုတ်ယုတ်မာမာ ထရယ်တော့တယ်။ သူ့ပတ်လည်က အမည်းရောင်မြူခိုးတွေက ထူထဲလာပြီး တစ်နေရာလုံးကိုပြည့်လာတယ်။ ကောင်းကောင်း မီးထွန်းထားတဲ့ အခန်းက အမြန်အဆန်ပဲ အမှောင်ထုထဲ ကျရောက်သွားလေတယ်။

ရှန်းရင် အလိုလို လက်မောင်းတွေကို ပွတ်လိုက်မိတယ်။ အမည်းရောင်မြူခိုးထဲက ဒီပုံရိပ်က သူမကို မသက်မသာ ဖြစ်စေတယ်။

"ဒီမီးခိုးက..." သူ အထူးပြုလုပ်ချက်တွေ ဖန်တီးနေတာလားဟေ။

"မင်းက စေတီထိပ်ကိုရောက်အောင်လာနိုင်တဲ့ အရည်အချင်းတကယ်ရှိတာပဲ၊ ဒီလိုထူထဲတဲ့မိစ္ဆာချီတွေ ဝိုင်းထားတာတောင် တည်ငြိမ်အေးချမ်းနိုင်သေးတယ်ပေါ့" အမည်းရောင်ပုံရိပ်က အံ့ဩတကြီး ရေရွတ်ပြီး ပိုတောင်ကျေနပ်သွားပုံပေါ်တယ်။

"အင်း..." တစ်ခုတည်းသော သက်ရောက်မှုက သူမအမြင်အာရုံလေးပါပဲ။

"မင်း အဲဓားကျင့်ကြံသူကို သိတယ်ဆိုတော့ သေချာပေါက် ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတဲ့လူဖြစ်ရမယ်၊ ယွီဟိုင်ဟုန်က တကယ် မင်းလက်ထဲ အရုပ်ပဲ"

"အာ" ရှန်းရင် တုံ့ဆိုင်းသွားတယ်။

"ငါဘယ်လိုသိလဲ သိချင်သွားတာလား" အမည်းရောင်ပုံရိပ်က ပြုံးဖြီးဖြီးလုပ်တယ်။

"ဟိုတလောတုန်းက ငါ့ယွီမိသားစုမျိုးဆက်ကို မင်းပညာပြခဲ့တာလေ"

"အာ..."

"ဟုတ်တယ်၊ ငါကလည်း ယွီမိသားစုကပဲ၊ ငါက ဒီမသေမျိုးတက်လှမ်းမှုစေတီရဲ့ ပိုင်ရှင်အစစ်၊ ယွီမိသားစုရဲ့ ပထမမျိုးဆက်သခင်ကြီး ယွီဟောက်ထျန်းပဲ" သူ့ရဲ့လေသံက ပိုပိုခက်ထန်လာပြီး သု့ပတ်လည်က အမည်းရောင်မြူခိုးကလည်း စကားတစ်ခွန်းပြောတိုင်း ပိုထူလာတယ်။

"မင်းအံ့ဩသွားလား၊ ဒီလောကကလူတိုင်း ငါမသေမျိုးတက်လှမ်းမှုကို အောင်မြင်သွားပြီလို့ သိထားကြတာ၊ ဒါပေမဲ့ ငါက တာအိုလမ်းစဉ်ကိုစွန့်လွှတ်ပြီး မိစ္ဆာဖြစ်လာတာ မသိကြဘူး၊ ငါဒီထဲမှာနေပြီး ပကတိပြည့်စုံမိစ္ဆာ ဖြစ်လာဖို့ စောင့်ဆိုင်းနေတာ ယွီမိသားစုလူတွေတောင် ငါ့တည်ရှိမှုကို မေ့နေပြီ"

"ဒါပေမဲ့-"

"ပြောရရင် မင်းသာ ဒီမျိုးဆက်မိသားစုသခင်ကြီးတွေကို ဒီလိုအသည်းအသန်အကျပ်အတည်းထဲ တွန်းမပို့ခဲ့ရင် ငါ့မျိုးဆက်တွေပေါ် ငါထားခဲ့တဲ့ ကျိန်စာက အသက်မဝင်လာလောက်ဘူး၊ အဲဒါကြောင့် ငါပြန်လည်နိုးထမှုက စောစောဖြစ်လာတာပဲ"

"ငါမလုပ်..."

"စိတ်မလှုပ်ရှားပါနဲ့၊ ယွီမိသားစုက... ငါ့မျိုးဆက်တွေဖြစ်ပေမဲ့ သူတို့သေရေးရှင်ရေးက ငါနဲ့ဘာမှမဆိုင်ဘူး"

သူက သက်သောင့်သက်သာလေသံနဲ့၊ သူ့မျိုးဆက်တွေအတွက် လက်စားချေဖို့ ရည်ရွယ်ချက် လုံးဝမရှိတဲ့ဟန်။

"ငါနိုးထလာရတဲ့ အကြောင်းရင်းက သူတို့ဖြစ်နေတော့ ကျင့်ကြံဆင့်တွေကို ပြန်ရအောင် လုပ်ပေးခဲ့တာပဲ"

"မဟုတ်ဘူး ငါဆိုလိုတာက..."

"ငါ သူတို့ကို မသေမျိုးတက်လှမ်းမှုစေတီအကြောင်း သတင်းဖြန့်ခိုင်းခဲ့တာ၊ ကျင့်ကြံသူအားလုံးကို အာရုံသိမ်းသွင်းချင်လို့လေ" သူက ဂုဏ်ယူစွာနဲ့ကြေညာတော့တယ်။

"သူတို့ စေတီထဲဝင်ဝင်ချင်း သူတို့စိတ်နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရမယ်၊ အချိန်ကြာလာလေ သူတို့ရဲ့ ခန္ဓာကိုယ်၊ မူလဝိညာဉ်နဲ့ ကျင့်ကြံဆင့်တွေကို ဒီစေတီကစုပ်ယူသွားမှာ၊ ဒီလိုနည်းလမ်းနဲ့ သူတို့က ငါ ပကတိပြည့်စုံမိစ္ဆာဖြစ်လာဖို့လိုအပ်တဲ့ အာဟာ‌ရတွေ ထောက်ပံ့ပေးမှာပေါ့၊ အဲဒါကြောင့် ဒီစေတီမှာ နောက်ထပ်နာမည်ရှိတာ - မိစ္ဆာကျင့်ကြံခြင်းစေတီတဲ့"

"..."

…

All Chapters