← Chapters

ပုံရိပ်ယောင်ပင်လယ်၏ ကျောင်းလုံ

Vol. 7 Ch. 97

ပုံရိပ်ယောင်ပင်လယ်၏ ကျောင်းလုံ

Vol. 7 Ch. 97

ရိဖုန်း သတိရှိလာတယ်။ ဂိုဏ်းချုပ်ရှန်းက မေးခွန်း မရပ်မနားမေးတဲ့သူ မဟုတ်လို့ တော်သေး။ သူမက တကယ်ပဲ ဝိညာဉ်သခင်ကိစ္စကို မကြားခဲ့သလို ပြုမူပြီး ထပ်မမေးတော့ဘူး။ ရိဖုန်းကတော့ ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ပေါင်းသင်းဖို့လွယ်တဲ့သူလို့တွေးမိလိုက်ပြီ။ ရွှမ်းယွမ်မိသားစုနဲ့ ယင်းမိသားစုက သူမနဲ့ ဆက်ဆံရေးကောင်းနေတာ အံ့ဩစရာမရှိတော့ဘူး။

ပိုပြီးတောင် အံ့ဩစရာကောင်းတာက သူ့ဝိညာဉ်သခင်က အနန္တသားရဲတောင်ထွတ်ကနေ ထွက်လာပြီး ပုံရိပ်ယောင်ပင်လယ်မှာ သူနဲ့ သားရဲအမဲလိုက်ခရီးထွက်တာ ပထမဆုံးအကြိမ်ပဲ။ သူ့မိသားစုကို ပြောပြရင်တောင် ရိဖုန်းကို ဘယ်သူမှမယုံလောက်ဘူး။ သူ တွေးကြည့်လေ ပိုပြီး စိတ်လှုပ်ရှားလာလေပေါ့။ သူ့ဝိညာဉ်သခင်ရဲ့ အရည်အချင်းနဲ့ဆို တေရသမအဆင့် တိမ်တိုက်သယ်ပိုးသားရဲတောင် သူ့ပြိုင်ဘက် မဟုတ်သလို အဲထက် ပိုပြီးအဆင့်မြင့်တဲ့ သားရဲတွေတောင် သူ့ကိုအညံ့ခံလိမ့်မယ်။ သူ့ကိုယ်ပိုင်အဆင့်မြင့်ဝိညာဉ်သားရဲ ရပြီးရင် တခြားဆွေကြီးမျိုးကြီးမိသားစုတွေနဲ့ ဂိုဏ်းတွေ ဘယ်လိုတောင် အားကျကုန်မလဲ စိတ်ကူးကြည့်နိုင်နေပြီ။

တစ်ခဏကြာတော့ သူ့အပြုံးက မျက်နှာပေါ်ကနေ လုံးဝကွယ်ပျောက်သွားတော့တယ်။

သူ့ဝိညာဉ်သခင်က ဝိညာဉ်သားရဲတွေကို ရှာတဲ့နေရာမှာ ကျွမ်းကျင်တဲ့စွမ်းဆောင်ရည် ရှိတယ်။ မိုင်ရာချီအဝေးကနေ သူတို့နေရာအတိအကျကို အာရုံခံနိုင်တယ်။ ဒါပေမဲ့... သူ့ပထမဆုံးအသိစိတ်က ရှန်းရင်ကို အဆင့်မြင့်သားရဲတွေ ပေးဖို့ ဖြစ်နေရတာလဲ။

"ငါ့အတွက်လား" ရှန်းရင် သူမရှေ့တုန်ယင်နေတဲ့ တိရစ္ဆာန်ကို ကြည့်ပြီး တုံ့ဆိုင်းနေမိတယ်။

ပိုင်ဇယ်ကတော့ တိတ်နေဆဲ။ သူ့မျက်လုံးတွေက သူမကိုကြည့်ရင်း တောက်ပနေတော့တယ်။ ရည်ရွယ်ချက်တွေက ရှင်းလင်းနေတာပဲ။

"ကျေးဇူးပါ" သူမက ကျေးဇူးတင်ပြီး သားရဲကိုလေ့လာတော့တယ်။ ကြောက်လွန်းလို့ မေ့လဲတော့မဲ့ပုံနဲ့။ သူမက ခွာကနေ ကောက်ချီပြီး ရိဖုန်းကို လှမ်းကြည့်လိုက်တယ်။

"ညွှန်ကြားရေးမှုး၊ အသားဘယ်လိုကင်ရလဲ နင်သိလား"

"ဟမ်" ရိဖုန်း ထိတ်လန့်သွားတယ်။ သူမ ဘာဆိုလိုလဲဆိုတာ မေးတော့မဲ့ဆဲဆဲ နောက်တော့ ဆရာသခင်ကူယွဲ့ရဲ့ ညွှန်ကြားချက်တွေကို သတိရသွားခဲ့တယ်။ သူခေါင်းယမ်းလိုက်တာပေါ့။

"ဟင့်အင်း"

"အော်" သူမက ခွာကို လွှတ်ချပြီး မြေကြီးပေါ် ချလိုက်တယ်။

ဝိညာဉ်သခင်က ဒေါသမထွက်။ သူက လျှောက်သွားပြီး သူမကိုပေးဖို့ အဆင့်မြင့်ဝိညာဉ်သားရဲနောက်တစ်ကောင် ရှာပြန်တယ်။

ဒီတစ်ကြိမ်တော့ သူမက လက်မခံသေးဘဲ ရိဖုန်းကို လှည့်မေးလာတယ်။

"ညွှန်ကြားရေးမှူး၊ အသားတွေကို ဘယ်လို ကြွပ်ကြွပ်ကြော်ရမလဲဆိုတာသိလား"

"... ဟင့်အင်း"

"အော် ငါမလိုချင်တော့ဘူး"

တတိယတစ်ကောင်။

"ညွှန်ကြားရေးမှူး၊ အသားကို အမြန်ကြော်နည်း သိလား"

"... ဟင့်အင်း"

"အော်၊ မလိုချင်တော့ဘူး"

‌စတုတ္ထတစ်ကောင်။

"ညွှန်ကြားရေးမှူး၊ အသားဘယ်လိုပြုတ်ရမလဲဆိုတာ သိလား"

"... ဟင့်အင်း"

"အော် ငါမလိုချင်တော့ဘူး"

ငါးကောင်... ခြောက်ကောင်... ခုနှစ်ကောင်။

ရှန်းရင်က သူ့ကို အသားဘယ်လိုချက်ရမလဲသိလား မေးတိုင်း သူက ဟင့်အင်းလို့ဖြေပြီး ဝိညာဉ်သခင်ကတော့ အဲသားရဲကို လွှတ်ပေးလေတယ်။

ရိဖုန်း ။ ။ "..."

သူ ဘာလို့ ဒီမေးခွန်းတွေ မေးနေရတာပါလိမ့်။ ဘာလို့ဒီမတူညီတဲ့ဟင်းချက်နည်းတွေကို သိလားဆိုပြီး ထပ်ထပ်မေးရတာလဲ။ ဝိညာဉ်သခင်ကရော သူမသူ့ကို ငြင်းတိုင်း ဝိညာဉ်သားရဲတွေ ဆက်ရှာပေးနေရတာလဲ။ ဘာလို့ ဝိညာဉ်သခင်က သူ့ကိုဝိညာဉ်သားရဲတွေ လိုချင်လားဆိုတာ မမေးရဲတာလား။ ဘာလို့ သူ့အတွက် တစ်ခုလေးတောင် မချန်ပေးထားရတာလဲ။

ဝိညာဉ်သားရဲတွေကိုလိုတာ သူ မဟုတ်ဘူးလား။

"နင်လေ မထင်ဘူးလား..." ရှန်းရင် ရိဖုန်းကို တံတောင်နဲ့တွတ်လိုက်တယ်။

"ဒီမှာနည်းနည်းမှောင်နေတယ်လို့လေ"

"ဘာမှမဖြစ်ပါဘူး" ငါ့ရင်ထဲမှာ ပိုမှောင်နေတာဟ - တကယ်သေချင်တယ်။

"သတိထားကြ" တိတ်နေတဲ့ ပိုင်ဇယ်က ရုတ်တရက် သတိထပေးတယ်။

ရိဖုန်း တုံ့ပြန်ချိန် မရလိုက်ခင်မှာတင် သူ့ဝိညာဥ်သခင်က ရုတ်တရက် လှည့်လာပြီး သူတို့ဆီ ပြေးလာတယ်။ စက္ကန့်အနည်းငယ်အတွင်း သူက သူတို့ဘေး ပေါ်လာပါလေရော။

ဒီနောက်‌မှာတော့...

သူက ရှန်းရင်ကို ဖက်ပြီး ကောင်းကင်ထဲ ပျံတက်သွားတယ်။

ချက်ချင်းပဲ မြန်ဆန်စွာကွယ်ပျောက်နေတဲ့ အရှိန်အဝါနဲ့ အမည်းရောင် လေပြင်းဓားမြှောင်က ရိဖုန်းခေါင်းဆီ ပျံသန်းလာတယ်။ ရိဖုန်းသက်ရောက်မှုနဲ့ နောက်ဆီလွင့်သွားပြီး လေထဲမှာ သစ်ရွက်ကြွေလေးလို အပတ်ပတ်လှိမ့်သွားခဲ့တယ်။ သူက မြန်မြန်ပဲ သူ့ဓားပျံကိုစီးပြီး အကာအကွယ်အင်းကွက်ကို ဆင့်ခေါ်လိုက်တယ်။ တကယ်လို့ သူ့ရဲ့မြန်မြန်ဆန်ဆန်တုံ့ပြန်မှုကြောင့်သာ မဟုတ်ရင် သူ အဲအမည်းရောင် လေပြင်းဓားမြှောင် တိုက်ခိုက်တာခံရဦးမှာ။

သူ့နဖူးပေါ် ပွန်းရာကြီးဖြစ်သွားတယ်။ သူလှည့်ကြည့်လိုက်တော့ သူ့ဝိညာဉ်သခင်က ရှန်းရင်ကို ဖက်ထားဆဲဖြစ်ပြီး အထိအခိုက်မရှိ။ နှစ်ယောက်လုံးက ရိဖုန်းနဲ့ ပေငါးဆယ်အကွာ လေထဲမှာ မျောလွင့်နေတယ်။

ရိဖုန်း ။ ။ "..." သူ့နှလုံးသား ခါးသတ်သတ်ဖြစ်သွားတော့တာပေါ့။

သူတို့ သူ့အတွက် ဝိညာဉ်သားရဲကိုရှာဖို့အတွက် ဒီကိုလာဖို့ သဘောတူခဲ့တာ။ တကယ်လို့ သူ့ဝိညာဉ်သခင်က ရှန်းရင်ကို ဒီလောက် တင်းတင်းဖက်နိုင်ရင် ဘာလို့ ရိဖုန်းကိုပါ တစ်ပါတည်း ဆွဲမလာနိုင်ရတာလဲ။

ပိုင်ဇယ့်အမူအရာက ရုတ်တရက် တည်တံ့သွားတယ်။ သူ အမည်းရောင် လေပြင်းဓားမြှောင်တွေ မြန်ဆန်စွာ ပြည့်သွားတဲ့ ကျွန်းကို ငုံ့ကြည့်လိုက်တယ်။

ဒီအရှိန်အဝါက...

သူရှေ့ကို ပျံသွားပြီး ရှန်းရင်ကို ရိဖုန်းဓားပေါ် ဂရုတစိုက်တင်ပေးကာ ညွှန်ကြားလိုက်တယ်။

"သူ့ကို ကာကွယ်ထား"

ရိဖုန်း ဇဝေဇဝါဖြစ်ပြီး သူ့ဝိညာဉ်သခင်ရဲ့ မျက်နှာပေါ် ဒီလိုတင်းမာတဲ့အမူအရာမြင်လိုက်ရလို့ ထိတ်လန့်သွားတယ်။ သူ အလိုလို ခေါင်းညိတ်မိလိုက်တယ်။

ပိုင်ဇယ်က ရှန်းရင်ကို လှမ်းကြည့်ပြီး တစ်ခုခု ပြောချင်နေတဲ့ဟန်နဲ့ ပါးစပ်ဟလိုက်တယ်။ ရုတ်တရက် သူ့မျက်နှာနီရဲသွားပြီး ပါးစပ်ပြန်ပိတ်ကာ ကျွန်းဆီ ပျံသန်းသွားတော့တယ်။

"ဝိညာဉ်သခင်..." ရိဖုန်း မမေးနိုင်ခင် သူ့ဝိညာဉ်သခင်က ပျောက်ကွယ်သွားတာမို့ အမည်းရောင် လေပြင်းဓားမြှောင်တွေကိုပဲ စိုက်ကြည့်ရတော့တယ်။ ဘယ်လောက်ကြိုးစားကြိုးစား သူ့ကောင်းကင်စိတ်အာရုံက လေပြင်းဓားမြှောင်တွေကို ဖြတ်သန်းပြီး မမြင်နိုင်ဘူး။ ဒီလိုမျိုး အမည်းရောင် လေပြင်းဓားမြှောင်တွေကို ဆင့်ခေါ်နိုင်တဲ့ ဝိညာဉ်သားရဲမျိုး တစ်ခါမှမကြားဖူးဘူး။ ဒီလိုအငွေ့အသက်မျိုးလည်း တစ်ခါမှ အာရုံမခံဖူးဘူး။ ကြောက်ခမန်းလိလိ... အေးစက်နေတာမျိုး။

"အဲမှာ ဘာများရှိတာပါလိမ့်"

"လူတစ်ယောက်လေ" ရှန်းရင်တုံ့ပြန်လိုက်တယ်။

"လူတစ်ယောက်လား" ရိဖုန်း ထိတ်လန့်သွားတယ်။

"ဘယ်သူလဲ၊ ဘယ်နေရာမှာလဲ"

"ငါ သူ့ကို အရင်ကမမြင်ဖူးလို့ မသိဘူး"

ရှန်းရင် ခေါင်းယမ်းပြီး ကျွန်းပေါ်က အပေါ်ညာဘက်ထောင့်ကို လက်ညှိုးထိုးပြလိုက်တယ်။

"အဲမှာ အမည်းရောင်နဲ့"

ရိဖုန်း ရှန်းရင် လက်ညှိုးထိုးပြတဲ့ဘက်ကို လှမ်းကြည့်ပေမဲ့ ဘယ်သူမှရှိ‌မနေဘူး။

"အဲမှာ ဘယ်သူမှမရှိဘူးလေ၊ ခင်ဗျား သူ့ကို ဘယ်ချိန်ကမြင်ခဲ့တာလဲ"

"ငါတို့ ကျွန်းပေါ်ရောက်လာချိန်က"

"ရောက်လာချိန်..." ဒါဆို ဘာလို့ ဘာမှ မပြောခဲ့ကတာတုန်း။

"သူလည်း ဒီကိုတိရစ္ဆာန်လေးတွေ ဖမ်းဖို့ ရောက်နေတယ် ထင်လို့လေ" သူမက သူ့စိတ်ကို ဖတ်နိုင်သလိုမျိုး ရှင်းပြတော့တယ်။

"နင် သူ့ကိုမမြင်ဘူးလား"

ရိဖုန်း ။ ။ "..."

သူ့နှလုံးသားငြိမ်သက်သွားတယ်။ မေးခွန်းတွေထပ်မေးမလို့ရှိသေး ကျွန်းပေါ်ကနေ ဝုန်းခနဲ မြည်ဟည်းသံ ကြားလိုက်ရတယ်။ သူတို့ စူးရှတဲ့ အလင်းကိုမြင်လိုက်ရပြီး ကျွန်းပေါ်မှာပြည့်နေခဲ့တဲ့ အမည်းရောင် လေပြင်းဓားမြှောင်တွေက ပျောက်ကွယ်သွားတယ်။

လေပြင်းဓားမြှောင်တွေ ကွယ်ပျောက်သွားပေမဲ့ အမှောင်ထုတစ်ခုက ကျွန်းပေါ်ကိုဖုံးထားဆဲပဲ။ သူတို့အပေါ်က ကောင်းကင်တောင် တိမ်တိုက်မည်းတွေနဲ့ ပြည့်နေပြီး ပင်လယ်ထဲကလှိုင်းတွေက ပိုကြီးလာခဲ့တယ်။ ပိုင်ဇယ် ကျွန်းကနေပြန်ဆုတ်ပြီး သူတို့နဲ့မနီးမဝေးက ကောင်းကင်မှာ ပေါ်လာခဲ့တယ်။

သူ့အောက်က ကျွန်းကို သုန်မှုန်စွာ လှမ်းကြည့်လိုက်တယ်။ တစ်ခဏနေတော့ နောက်ထပ် ဝုန်းခနဲအသံကြီးမြည်လာပြန်တယ်။ ကြီးမားရှည်လျားတဲ့ ပုံသဏ္ဌာန်တစ်ခုက ကျွန်းပေါ်ကနေ ပျံသန်းထွက်လာတယ်။ မြွေတစ်ကောင်ခန္ဓာကိုယ်၊ ငါးတစ်ကောင်အမြီးနဲ့ ခေါင်းပေါ်မှာတော့ အမည်းရောင်ချိုတွေ။ ကျယ်လောင်စူးရှတဲ့ဆူညံသံကြီးလုပ်ကြီး ကောင်းကင်‌ဆီ တန်းတန်းမတ်မတ် ပျံသန်းသွားတယ်။

"အော် ရှည်လာပြီပဲ" ရှန်းရင်မျက်လုံး ပြူးသွားတယ်။

"ဒါ... ဒါက..." ရိဖုန်း သွေးပျက်စွာ စိုက်ကြည့်နေမိတယ်။

"ကျောင်းလုံ ဒါ ကျောင်းလုံပဲ" အထက်ထျန်းလန်ဂိုဏ်းရဲ့ ပုံရိပ်ယောင်ပင်လယ်မှာ ဒီဒဏ္ဍာရီလာသားရဲလည်း ရှိနေမယ်လို့ မထင်ခဲ့ဘူး။ သူ့အရှိန်အဝါကိုကြည့်ရတာ...။

"နဂါးလား" ရှန်းရင် ဇဝေဇဝါဖြစ်သွားတယ်။

"နဂါးတစ်ကောင်က ချိုနှစ်ချောင်း ရှိရမှာမဟုတ်ဘူးလား" ပုံပြင်အားလုံးက နဂါးတွေအားလုံးကို အဲလိုပုံစံဖော်ထားတာလေ။

"ကျောင်းလုံက တကယ်တော့ နဂါးမိသားစုဝင်မဟုတ်ဘူး" ရိဖုန်း စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်တယ်။

"သူတို့က နဂါးအဖြစ် ပြောင်းလဲလာတဲ့ မြွေနဂါးတွေပဲ၊ ကျွန်တော်တို့က သူတို့ကို ကောင်းကင်သားရဲလို့ ခေါ်ပေမဲ့ ဒါက တကယ့်ကို..." ရိဖုန်း ဘယ်ထောင့်ကနေကြည့်ကြည့် ကျောင်းလုံက ကောင်းကင်သားရဲတစ်ကောင်နဲ့ ဆင်မနေဘူး။

ကျောင်းလုံက လေထဲ အရစ်ရစ်တက်သွားပြီး အမည်းရောင်ချီတွေ တပွေ့တပိုက်နဲ့။ ရုတ်တရက် သူတို့ဆီ တစ်ဟုန်ထိုး ဆင်းချလာတယ်။ ခဏအတွင်း ပြင်းထန်တဲ့ ချုပ်ထိန်းမှုဖိအားက အုပ်စုဆီ ပန်းထွက်လာတယ်။ စူးရှတဲ့နာကျင်မှုက သူ့ရင်ဘတ်ကို တိုက်ခိုက်လာတာမို့ ရိဖုန်း ပါးစပ်ထဲ ချိုတဲ့အရသာမျိုး ရလိုက်တယ်။ သူ့ကိုယ်ထဲက အရှိန်အဝါက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့ခြေထောက်က ပျော့ခွေသွားတယ်။ သူ ကောင်းကင်ကနေ ကျသွားတော့တယ်။

ရှန်းရင် အမြန်တုံ့ပြန်ပြီး သူ့ကို လှမ်းထိန်းပေးထားလိုက်တယ်။

"ဘာဖြစ်တာလဲ" ဘာလို့ ဒူးထောက်နေတာလဲ။

"ဂိုဏ်းချုပ်ရှန်း၊ ခင်ဗျား... အဆင်ပြေရဲ့လား" ရိဖုန်း သူ့မျက်လုံးကိုတောင် မယုံနိုင်ဘူး။ ကြောက်ခမန်းလိလိအစွမ်းက ခုလေးတင် သူတို့ကို ရိုက်ခတ်သွားတာပဲ။

"ငါကဘာလို့အဆင်မပြေရမှာလဲ" ရှန်းရင်ကတော့ အူကြောင်ကြောင်ဖြစ်နေတဲ့ပုံ။

"..."

…

All Chapters