အခန်း (၂၅၉-၂၆၀)
Vol. 17 Ch. 259-260
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၅၉ ။ မိဖုရားခေါင်ကြီး အမှန်တရားကို သိသွားခြင်း
"ငါ သိပါတယ်။"
နဉ်ရှောင်ယောင်းက မိဖုရားခေါင်ကြီးကို မြင်တာနဲ့ ပြောလိုက်သည်။
"မင်း အခု ငါ့ကို သရဲလို ကြည့်နေတာပဲ။"
မိဖုရားခေါင်ကြီး ကြောင်အပြီး ကြည့်နေသည်။
နဉ်ရှောင်ယောင်း ကုလားထိုင်တစ်လုံး ဆွဲယူပြီး မိဖုရားခေါင်ကြီးရှေ့ ဝင်ထိုင်လိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ပြန်ဆိတ်ကြည့်ပါလား။"
မိဖုရားခေါင်ကြီး တကယ် ဆိတ်ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း... တော်တော်နာမှာပဲ။
အိပ်မက်မက်နေတာမဟုတ်မှန်း သေချာသွားတော့ မိဖုရားခေါင်ကြီး မျှော်လင့်ချက်မဲ့စွာ မေးလိုက်သည်။
"ရှင် ကျွန်မကို ဘယ်လိုသတ်မလဲ။"
"မင်းဗိုက်ထဲမှာ ကလေးလေး ရှိသေးတယ်လေ။ တကယ် သေချင်လို့လား။"
မိဖုရားခေါင်ကြီး ဗိုက်ကို ဖက်ထားလိုက်သည်။ မျက်လုံးများ ပြန်လည် တောက်ပလာသည်။
"အသက်ရှင်ဖို့ပဲ စဉ်းစားပါ။"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
"မင်း ငါ့ကို မနိုင်ပါဘူး။ အဆိပ်လည်း တိုက်တယ်၊ ဓားနဲ့လည်း ထိုးတယ်။ မသေဘူးလေ။ ဒီတစ်သက် ငါ့ကို သတ်လို့ရမယ် ထင်နေလား။"
မိဖုရားခေါင်ကြီး နဉ်ရှောင်ယောင်း၏ လည်ပင်းကို ကြည့်လိုက်သည်။ အပေါက်ဖောက်ခဲ့တာ သေချာတယ်။
နဉ်ရှောင်ယောင်း လည်ပင်းကို စောင်းပြလိုက်သည်။
"တွေ့လား။ အသားတက်နေပြီ။"
မိဖုရားခေါင်ကြီး ပိုပြီး မျှော်လင့်ချက်မဲ့သွားသည်။
"ငါ့ကို သတ်ပြီးရင် နန်းတော်ကနေ ဘယ်လိုထွက်ပြေးဖို့ စိတ်ကူးထားလဲ။ စစ်သေနာပတိချုပ်တို့၊ သာ့ဖုန်းတို့က မင်းကို လွှတ်ပေးမယ် ထင်လို့လား။"
"ရှင်သေရင် နန်းတော်ထဲမှာ ဝရုန်းသုန်းကား ဖြစ်ကုန်မှာပေါ့။ အဲဒီအချိန်ကျရင် လာခေါ်မယ့်လူရှိတယ်။"
မိဖုရားခေါင်ကြီး စကားကို ရပ်လိုက်သည်။
"အမတ်ချုပ်ကြီးလူတွေ ပေါ်လာလို့လား။"
မိဖုရားခေါင်ကြီး တုန်လှုပ်သွားသည်။
"ဟူး... အပြင်မှာ ဘာတွေ ဖြစ်နေလဲ ပြောပြမယ်။ သေချာ နားထောင်။"
နဉ်ရှောင်ယောင်း အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်သည်။
မိဖုရားခေါင်ကြီး နားထောင်ရင်း မျက်နှာဖြူဖျော့လာသည်။
"အချုပ်ပြောရရင် ငါတို့နှစ်ယောက်စလုံးက အမတ်ချုပ်ကြီးအတွက် အရူးတွေပဲ။ သူ အိမ်မှာ ထိုင်ရယ်နေလောက်ပြီ။"
မိဖုရားခေါင်ကြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဆဲလိုက်သည်။
"ခွေးအိုကြီး!"
"ဟုတ်တယ်။ ခွေးအိုကြီး။ ကောင်းကောင်း မသေပါစေနဲ့။"
"ကျွန်မ နားမလည်ဘူး။"
"ဘာကို နားမလည်တာလဲ။ မေးလေ။"
"ရှင် နန်းတော်တံခါးဝ ထွက်ပြီး အမတ်မင်းတွေကို ရှင်းပြလိုက်ရင် ပြီးပြီပဲ။ ဘာလို့ ခက်ခဲနေရတာလဲ။"
နဉ်ရှောင်ယောင်း တိတ်ဆိတ်သွားသည်။
"ကျွန်မ နားမလည်ဘူး။"
နဉ်ရှောင်ယောင်း ဘေးဘီဝဲယာကို နားစွင့်လိုက်သည်။ အဘိုးစာကလေးတို့က သစ်ပင်ပေါ်မှာ။ လောင်တတို့က ပြတင်းပေါက်အောက်မှာ။ ယိုကွမ့်တို့က ထုပ်တန်းပေါ်မှာ။ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ လူသားတိုင်းရဲ့ ဘေးနားမှာ သူလျှိုတွေ ရှိနေတာပဲ။
မိဖုရားခေါင်ကြီးလည်း ထုပ်တန်းပေါ် မော့ကြည့်လိုက်သည်။
"ထုပ်တန်းကို မကြည့်နဲ့။ ငါ့ကို ကြည့်။"
မိဖုရားခေါင်ကြီး နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ သတ်တော့မလို့လား။
နဉ်ရှောင်ယောင်း အင်္ကျီရင်ဘတ်ကို ဆွဲဖွင့်လိုက်သည်။
မိဖုရားခေါင်ကြီး မျက်လုံးပြူးသွားသည်။
"မကြီးပေမယ့် မြင်ရတယ် မဟုတ်လား။"
နဉ်ရှောင်ယောင်း ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
မိဖုရားခေါင်ကြီး ကြောင်နေဆဲပင်။
နဉ်ရှောင်ယောင်း အင်္ကျီပြန်ပိတ်လိုက်သည်။ မိဖုရားခေါင်ကြီးရဲ့ ရင်ဘတ်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ယှဉ်လို့မရဘူး။
မိဖုရားခေါင်ကြီး ထရပ်ပြီး အခန်းပြင်သို့ ပြေးထွက်သွားသည်။
နဉ်ရှောင်ယောင်း... လွန်လွန်းနေပြီ။
မိဖုရားခေါင်ကြီး တံခါးဝရောက်တော့ ရပ်လိုက်သည်။ တံခါးဘောင်ကို ကိုင်ပြီး ပြန်လှည့်ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း မတ်တတ်ရပ်ပြီး အသင့်အနေအထား ပြင်လိုက်သည်။
မိဖုရားခေါင်ကြီး ပြန်လျှောက်လာသည်။
"စိတ်အေးသွားပြီလား။"
"ထပ်ပြပါဦး။"
"ဘာ..."
နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။ ကိုယ့်ဘာသာ ကြီးနေတာကို ငါ့လို အသေးစားလေးဆီ လာပြီး ဂုဏ်ယူချင်နေတာလား။
"ထပ်ပြပါဦး။"
"ကောင်းပြီလေ။"
နဉ်ရှောင်ယောင်း အင်္ကျီရင်ဘတ်ကို ထပ်ဖွင့်ပြလိုက်သည်။
ဒီတစ်ခါတော့ မိဖုရားခေါင်ကြီး သေချာကြည့်ပြီး လက်ဖြင့် စမ်းသပ်ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း ငြိမ်နေလိုက်သည်။
သေချာသွားတော့ မိဖုရားခေါင်ကြီး မီးပူလောင်သကဲ့သို့ လက်ပြန်ရုတ်လိုက်ပြီး အင်္ကျီနှင့် သုတ်လိုက်သည်။
နဉ်ရှောင်ယောင်း... ငါ့ကိုယ်ပေါ်မှာ မစင်ပေနေလို့လား။
"ရှင်..."
မိဖုရားခေါင်ကြီး လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"လက်ညှိုးမထိုးနဲ့။ ကောင်းကောင်းပြော။"
"ရှင်... ရှင်တို့... ကောင်းကင်ဘုံက အပြစ်ပေးမှာ မကြောက်ကြဘူးလား။"
"ငါ အပြစ်ကင်းတယ်လို့ ပြောရင် ယုံမလား။ မိဖုရားခေါင်ကြီး။"
"ကျွန်မကို မိဖုရားခေါင်ကြီးလို့ မခေါ်နဲ့!"
"ဒါဆို ညီမလေးလို့ ခေါ်ရမလား။"
"ကျွန်မ ရှင်နဲ့ မောင်နှမ မတော်ဘူး!"
ငါ့နှမပဲ။ နဉ်ရှောင်ယောင်း စိတ်ထဲက ဆဲလိုက်သည်။
"ဒါဆို နာမည်ခေါ်မယ်။ နာမည်ဘယ်လိုခေါ်လဲ။"
လင်မယားတော်တာ ကြာပြီ။ နာမည်တောင် မသိဘူးလား။ မိဖုရားခေါင်ကြီး ပိုဒေါသထွက်သွားသည်။
"သတိပေးလိုက်မယ်။ နံပါတ်တစ်... နင် ငါ့ကို မနိုင်ဘူး။ နံပါတ်နှစ်... ဒေါသထွက်ရင် ကလေးထိခိုက်မယ်။"
မိဖုရားခေါင်ကြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"အသက်ဝဝရှူ။ ဒီကမ္ဘာကြီးက သာယာလှပတယ်လို့ တွေးကြည့်။"
"ပါးစပ်ပိတ်ထား!"
နဉ်ရှောင်ယောင်း မျက်နှာသုတ်လိုက်သည်။ တံတွေးစင်သွားပြီ။
"သေချင်းဆိုးတွေ! လူယုတ်မာတွေ! ရှင်တို့..."
"ဟုတ်တယ်။ ငါတို့က သေချင်းဆိုးတွေ။ ငါ နင့်ခံစားချက်ကို နားလည်ပါတယ်။ ငါ့ခံစားချက်ကလည်း မကောင်းပါဘူး။ ထိုင်ပြီး ဆွေးနွေးကြမလား။"
"ဆွေးနွေးမယ်?"
မိဖုရားခေါင်ကြီး အေးစက်စွာ ရယ်မောလိုက်သည်။
"ကျွန်မ အခုချက်ချင်း ထွက်သွားပြီး အမှန်တိုင်း ပြောလိုက်မယ်။ နဉ်ယွီ... ရှင်ရော၊ ရှဲ့ဝမ်ယွမ်ရော၊ ရှဲ့မျိုးနွယ်စု တစ်ခုလုံးရော သေလမ်းပဲ ရှိတော့တယ်။"
"အဲဒါ အလုပ်မဖြစ်တော့ဘူး။"
"ဘာလို့လဲ။"
"နင်ပဲ အော်ခဲ့တာလေ။ ငါ သေပြီလို့။ အခု မြို့တော်တစ်ခုလုံး သိနေကြပြီ။ ငါ ထွက်ပြီး မသေပါဘူးလို့ ပြောရင်တောင် အမတ်ချုပ်ကြီးက ငါ့ကို အဝတ်အစား ချွတ်ပြခိုင်းလိမ့်မယ်။ အဲဒီကျရင် ငါ ချွတ်ပြရမလား။ မချွတ်ပြရဘူးလား။"
"ဘာ..."
"နဉ်ယွီ သေသွားပြီ။ ငါက အတု။ အလောင်းဖျောက်ဖျက်လိုက်ပြီလို့ ပြောရင် ပြီးပြီလေ။"
မိဖုရားခေါင်ကြီး ကြောင်အသွားပြန်သည်။
"စောစောက ငါပြောတာ နားမထောင်ဘူးလား။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
မိဖုရားခေါင်ကြီး ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်သည်။
နဉ်ရှောင်ယောင်း အချိန်ပေးလိုက်သည်။
"စိတ်အေးသွားပြီလား။"
"ကျွန်မလည်း ပြောလို့ရတာပဲ။ ရှင်က အတု။ အရှင်မင်းကြီး သေသွားပြီလို့။"
"ရပါတယ်။ ဒါပေမဲ့ နင်တော့ တစ်သက်လုံး နန်းတော်ထဲမှာ မုဆိုးမအဖြစ်နေရတော့မယ်။ ရွှီဖေးယွီကို မလိုချင်တော့ဘူးလား။"
"ကျွန်မသား ဧကရာဇ်မင်း ဖြစ်လာနိုင်တာပဲ။"
"မယ်တော်ကြီးက နဉ်ရှင်းကို ချစ်တာတောင် နဉ်ရှင်းကြီးလာမှ ငါ့ကို သတ်ဖို့ ကြံစည်ရတာ။ နင်က နင့်သားကို ဧကရာဇ်ဖြစ်စေချင်တာ သေချာလား။ ကလေးလေးက ဘာမှနားမလည်ဘူး။ ဆွေမျိုးတော်စပ်တဲ့ မင်းသားတစ်ပါးပါးက သတ်လိုက်ရင် နင် သရဲဖြစ်ပြီး လက်စားချေမလို့လား။"
"ပါးစပ်ပိတ်ထား!"
"ပါးစပ်ပိတ်လိုက်လို့ ပြဿနာပြေလည်သွားမယ်ဆိုရင် ပိတ်လိုက်ပါ့မယ်။ ငါ နင့်ကို ဒုက္ခပေးခဲ့တာ မှန်ပါတယ်။ နင်နဲ့ ရွှီဖေးယွီကို ကွဲကွာစေခဲ့တယ်။ ဒါပေမဲ့ နင့်အဆိပ်ကို သောက်ခဲ့တယ်။ နင့်ဓားချက်ကို ခံခဲ့တယ်။ ပြီးတော့ နင့်ကို ရွှီဖေးယွီနဲ့ ပေးစားဖို့ စီစဉ်ထားတယ်။ နင့်အမုန်းတရား လျော့သွားပြီလား။"
မိဖုရားခေါင်ကြီး ရယ်မောလိုက်သည်။ ဝမ်းနည်းပက်လက် ရယ်မောသံ။
"ရှင်က ကျွန်မကို ယုံတုန်းလား။ နောက်တစ်ခါ ထပ်ထိုးမှာ မကြောက်ဘူးလား။ အဆိပ်ထပ်ခတ်မှာ မကြောက်ဘူးလား။"
"ကိစ္စမရှိပါဘူး။ ဒီအခက်အခဲကို ကျော်ဖြတ်ပြီးရင် ငါ ငြိမ်ငြိမ်လေး နေပေးပါ့မယ်။ ကြိုက်သလောက် ထိုးပါ။"
"ဒီလောက်တော်ရင် ရှဲ့ဝမ်ယွမ်ကို သတ်လိုက်ပါလား။"
"သတ်လိုက်လို့ မပြီးဘူးလေ။ အမတ်ချုပ်ကြီးက စစ်သည်လေးသောင်း ခေါ်လာလိမ့်မယ်။ လေးသောင်းတောင်နော်။"
မိဖုရားခေါင်ကြီး နားလည်သည်။ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော မျိုးနွယ်စုကြီးကို ခေါင်းဆောင်သတ်ရုံနဲ့ ဖြိုဖျက်လို့ မရဘူး။ အမြစ်ပါမကျန်အောင် ရှင်းမှရမယ်။
"ပူးပေါင်းမလား။"
"ရှင် ကျွန်မကို ယုံတုန်းလား။"
"ယုံတယ်။ နင်က လူဆိုးမ မဟုတ်ဘူးလို့ ထင်တယ်။"
မိဖုရားခေါင်ကြီး ငိုချင်သွားသည်။
"တကယ်ပါ။ ငါ့အပေါ် ရက်စက်ပေမယ့် ရွှီဖေးယွီအတွက်တော့ ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်မှာပါ။ နောင်ကျရင် ကောင်းမွန်တဲ့ မိခင်တစ်ယောက်ဖြစ်လာမှာပါ။"
"မပြောပါနဲ့တော့။"
မိဖုရားခေါင်ကြီး၏ လေသံ ပျော့ပြောင်းသွားသည်။
"ကူညီပေးပါ။ ငါ ထွက်ပြေးဖို့ စဉ်းစားဖူးတယ်။ ဒါပေမဲ့ ငါတစ်ယောက်တည်း ပြေးရင် စစ်သေနာပတိချုပ်တို့၊ သာ့ဖုန်းတို့၊ အကြီးအကဲလီတို့၊ ဟုကော်ကုန်းတို့ ဒုက္ခရောက်ကုန်မယ်။ အားလုံး အဆင်ပြေစေချင်တယ်။"
ခဏကြာ တိတ်ဆိတ်နေပြီးမှ မိဖုရားခေါင်ကြီး ပြောလိုက်သည်။
"ကျိုးမိသားစုတပ်က သုံးသောင်းတောင် မပြည့်ဘူး။ တိုက်ပွဲဝင်နိုင်တာက နှစ်သောင်းလောက်ပဲ ရှိမယ်။ ရှဲ့ဝမ်ယွမ်ဆီမှာ လေးသောင်းရှိတယ်ဆိုရင် နိုင်မယ်ထင်လား။"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၆၀ ။ စစ်သေနာပတိချုပ်က ပြောတယ်... မင်းသဘောအတိုင်း လုပ်ပါတဲ့
"နန်းတော်စောင့်တပ်၊ နဂါးအစောင့်တပ်နဲ့ ဟုကော်ကုန်းရဲ့ လူတွေကို ပေါင်းလိုက်ရင် တစ်သောင်းလောက် ရှိတယ်။"
နဉ်ရှောင်ယောင်း လက်ချောင်းလေးတွေ ချိုးပြီး တွက်ပြလိုက်သည်။
"ကျိုးမိသားစုတပ်က နှစ်သောင်းဆိုတော့ ပေါင်းလိုက်ရင် သုံးသောင်း။ အမတ်ချုပ်ကြီးဘက်က လေးသောင်းနဲ့ ယှဉ်လိုက်ရင် တစ်သောင်းလောက်ပဲ ကွာတယ်။ တိုက်လို့ ရနိုင်တယ်။"
မိဖုရားခေါင်ကြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ် တံခါးပွင့်သွားပြီး လိုကျစ်ကွေ့ ဝင်လာသည်။
"စစ်သေနာပတိချုပ်၊ ဘာလာလုပ်တာလဲ။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို အကဲခတ်ကြည့်လိုက်သည်။ ဘာမှမဖြစ်မှန်းသေချာမှ မိဖုရားခေါင်ကြီးကို လှည့်ကြည့်လိုက်သည်။
"စစ်သေနာပတိချုပ်က အရှင်မင်းကြီးကို အနိုင်ကျင့်မှာ စိုးရိမ်နေတာလား။"
မိဖုရားခေါင်ကြီး အေးစက်စွာ မေးလိုက်သည်။
"မဖြစ်နိုင်ပါဘူး။ သူ ကျွန်မကို မနိုင်ပါဘူး။"
နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။
"ကျွန်မတို့ ဆွေးနွေးပြီးပြီ။ ကျိုးမိသားစုတပ်က ကူညီပေးလိမ့်မယ်။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ကို ဆွဲပြီး ဝမ်းသာအားရ ပြောလိုက်သည်။
လိုကျစ်ကွေ့ မိဖုရားခေါင်ကြီးကို သံသယဝင်သလို ကြည့်လိုက်သည်။
မိဖုရားခေါင်ကြီးကတော့ နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့ လက်တွဲထားသည်ကို စိုက်ကြည့်နေသည်။ အရှင်မင်းကြီးက မိန်းကလေးဆိုတာ သိရဲ့သားနဲ့ ဘာလို့ လက်တွဲထားရတာလဲ။
"ဘာလိုချင်လဲ။"
လိုကျစ်ကွေ့ မေးလိုက်သည်။
မိဖုရားခေါင်ကြီး မော့ကြည့်လိုက်သည်။
"ငွေ မတောင်းပါနဲ့။"
နဉ်ရှောင်ယောင်း စိတ်ထဲက ဆုတောင်းလိုက်သည်။
"ဒါ ကျွန်မနဲ့ အရှင်မင်းကြီး ကိစ္စပါ။"
"စစ်သေနာပတိချုပ်နဲ့ ဆွေးနွေးလည်း ရပါတယ်။ ငါတို့နှစ်ယောက်စလုံး ဆင်းရဲတာ အတူတူပဲ။"
"အရှင်မင်းကြီးနဲ့ စစ်သေနာပတိချုပ်က..."
"ဪ... အဲဒီကိစ္စလား။ ငါပြောပြမယ်။ ပထမဆုံးအကြိမ် နင်ပို့လိုက်တဲ့ ဂျင်ဆင်းဟင်းရည်ကို စစ်သေနာပတိချုပ် သောက်လိုက်မိတယ်။ အဲဒီတုန်းက ငါတစ်ယောက်တည်း ရှိနေတာ။ ပြီးတော့... သိတယ်မလား။"
ဂျင်ဆင်းဟင်းရည်သောက်မိပြီး အတူတူရှိနေခဲ့တယ်ဆိုတော့ ဘာဖြစ်ခဲ့လဲဆိုတာ ရှင်းနေပြီပဲ။
"ရှင် ဘာလုပ်ချင်နေတာလဲ။"
မိဖုရားခေါင်ကြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။ အရှင်မင်းကြီးက မိန်းကလေးမှန်း သိရက်နဲ့ ဘာလို့ သစ္စာရှိနေရတာလဲ။
"ဒါ ကျွန်တော်မျိုးနဲ့ အရှင်မင်းကြီး ကိစ္စပါ။"
လိုကျစ်ကွေ့ အေးစက်စွာ ပြန်ဖြေလိုက်သည်။
မိဖုရားခေါင်ကြီး စကားဆို့သွားသည်။
"ဘာဖြစ်နေကြတာလဲ။ အခု အသက်ရှင်ဖို့ နည်းလမ်းရှာနေတာလေ။"
နဉ်ရှောင်ယောင်း ဝင်ပြောလိုက်သည်။
"ငါ နင့်ကို မြို့တော်ပြင် ပို့ပေးမယ်။ ရွှီဖေးယွီဆီ သွားလိုက်။"
လိုကျစ်ကွေ့... စာပို့လိုက်ရင် ရပြီလေ။ ဘာလို့ လူလွှတ်ပေးရမှာလဲ။
"ကျွန်မ ပြန်မလာမှာ မကြောက်ဘူးလား။"
မိဖုရားခေါင်ကြီး မေးလိုက်သည်။
"ယုံကြည်မှု တည်ဆောက်ရမယ်လေ။ ဒါပေမဲ့ လမ်းမှာ သတိထားသွားနော်။"
"အစ်ကိုကြီးကိုပါ ခေါ်သွားလို့ ရမလား။"
နဉ်ရှောင်ယောင်း ခေါင်းညိတ်မလို့ လုပ်ပေမယ့် လိုကျစ်ကွေ့က တားလိုက်သည်။
"မိဖုရားခေါင်ကြီး၊ လွန်မလာနဲ့။"
"ရန်မဖြစ်ကြပါနဲ့။"
"ကျိုးမိသားစုတပ် မရှိရင်လည်း ရပါတယ်။ အရှင်မင်းကြီးကို မြို့တော်ပြင် ခေါ်ထုတ်သွားနိုင်ပါတယ်။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
"ဒါပေမဲ့..."
နဉ်ရှောင်ယောင်း စိုးရိမ်သွားသည်။ သူမတစ်ယောက်တည်း လွတ်မြောက်သွားရင် ကျန်တဲ့လူတွေ ဘယ်လိုလုပ်မလဲ။
"စကားမပြောနဲ့။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို အနောက်သို့ ဆွဲပို့လိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ ဘာလို့ ဒီလောက် ကြမ်းတမ်းနေရတာလဲ။
အမတ်ချုပ်ကြီးရှဲ့ စစ်တပ်မရောက်လာသေးခင် လိုကျစ်ကွေ့ အရှင်မင်းကြီးကို ခေါ်ထုတ်သွားနိုင်ပါတယ်။ အန်းယွမ်ရောက်ရင် ပြန်တိုက်ခိုက်လို့ ရတယ်။ အခု အရှင်မင်းကြီးက ကျိုးမိသားစုတပ်ကို လိုချင်နေတာက သူ့လူတွေကို မစွန့်ပစ်ချင်လို့ပဲ။ ဒါ အရှင်မင်းကြီးရဲ့ ဆန္ဒသက်သက်ပဲ။ လိုကျစ်ကွေ့ဆန္ဒ မပါဘူး။ ဒါကြောင့် လိုကျစ်ကွေ့နဲ့ အပေးအယူ လုပ်လို့မရဘူး။
"ညရောက်ရင် လူလွှတ်ပေးမယ်။ ကျိုးကျွင်းချီကို ဂရုမစိုက်ဘူးဆိုရင်တော့ သဘောပဲ။"
"သူ ဂရုစိုက်မှာပါ။"
နဉ်ရှောင်ယောင်း ဝင်ပြောလိုက်ပြန်သည်။
လိုကျစ်ကွေ့ လှည့်မကြည့်ဘဲ လက်ကို တင်းတင်းဆုပ်လိုက်သည်။
နဉ်ရှောင်ယောင်း ပါးစပ်ပိတ်လိုက်ရသည်။
"ကျိုးမိသားစုတပ် ရောက်လာရင်တောင် အမတ်ချုပ်ကြီးကို နိုင်ပါ့မလား။"
မိဖုရားခေါင်ကြီး မေးလိုက်သည်။
"ရွှီဖေးယွီဆီ စာရေးပေးလိုက်မယ်။ ပေးလိုက်ပါ။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
ငါနဲ့ မဆွေးနွေးဘဲ ရွှီဖေးယွီနဲ့ တိုက်ရိုက်ဆွေးနွေးမယ်ပေါ့။ မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။ ရွေးချယ်စရာ မရှိတော့ဘူးလေ။
"သွားကြစို့။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ခေါ်လိုက်သည်။
"နေပါဦး။ စကားပြောစရာ ရှိသေးတယ်။"
လိုကျစ်ကွေ့ ထွက်သွားသည်။
"ဧကရာဇ် ဆက်လုပ်နေဦးမှာလား။ လူတွေ သိသွားရင် ခွင့်လွှတ်မှာ မဟုတ်ဘူးနော်။"
မိဖုရားခေါင်ကြီး သတိပေးလိုက်သည်။
"သိပ်မစိုးရိမ်ပါဘူး။ အမတ်မင်းတွေနဲ့ ဆွေမျိုးတော်စပ်တဲ့သူတွေလောက်ပဲ ဂရုစိုက်ကြမှာပါ။ ပြည်သူတွေက သူတို့ဝမ်းရေးနဲ့သူတို့ ရှုပ်နေတာ။ ဘယ်သူက ဂရုစိုက်အားမှာလဲ။"
မိဖုရားခေါင်ကြီး ဘာမှပြန်မပြောနိုင်တော့ပေ။
"ဘာပဲဖြစ်ဖြစ် ငါ အသက်ရှင်နေမှာပါ။ နင်လည်း ရွှီဖေးယွီနဲ့ ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။ ငါ့ကို စိတ်မပူနဲ့။"
"အတိတ်ကကိစ္စတွေအတွက် တောင်းပန်ပါတယ်။"
"ငါလည်း နင့်ကို ဒုက္ခပေးခဲ့တာပဲ။ ဒါကြောင့် တောင်းပန်စရာမလိုပါဘူး။"
"အင်း..."
နဉ်ရှောင်ယောင်း ပြုံးလိုက်သည်။
"နောက်တစ်ခါ ပြန်တွေ့ရင် သူငယ်ချင်း ဖြစ်ခွင့်ရှိမလား။"
"ရှင် ရယ်လိုက်ရင် ရုပ်ဆိုးတယ်။"
"တကယ်လား။"
နဉ်ရှောင်ယောင်း အပြုံးပျက်သွားသည်။ အရပ်ပု၊ ရင်သားသေးတဲ့အပြင် ရယ်ရင် ရုပ်ဆိုးတယ် ဟုတ်လား။
"လိုကျစ်ကွေ့ကို ကြိုက်နေတာလား။"
"အင်း..."
"ကံဆိုးမိုးမှောင်ကျတတ်တဲ့သူနော်။ မကြောက်ဘူးလား။"
"စစ်သေနာပတိချုပ်က လူကောင်းပါ။ စစ်သေနာပတိချုပ်နဲ့ ရွှီဖေးယွီ ဘယ်သူပိုချောလဲ။"
"ရွှီဖေးယွီပေါ့။"
"မဖြစ်နိုင်တာ။ စစ်သေနာပတိချုပ်လောက် ချောတဲ့လူ ရှိလို့လား။"
"နောက်ကျရင် ကိုယ်တိုင် ကြည့်လိုက်တော့။”
“ရွှီဖေးယွီနဲ့ တွေ့ရတော့မယ်ဆိုတော့ ပျော်နေတယ်မလား။"
မိဖုရားခေါင်ကြီး ပျော်သော်လည်း ထုတ်မပြချင်ပေ။
"နင် ပျော်နေမှန်း ငါ သိတယ်။ နင် ပြုံးနေတယ်လေ။"
မိဖုရားခေါင်ကြီး မျက်နှာကို စမ်းကြည့်လိုက်သည်။ ငါ ပြုံးနေလို့လား။
"ဟားဟား... စတာပါ။ နင် မပြုံးပါဘူး။ လမ်းခရီး ဂရုစိုက်နော်။ နောက်မှ တွေ့ကြမယ်။"
နဉ်ရှောင်ယောင်း ထွက်သွားရန် ပြင်လိုက်စဉ် မိဖုရားခေါင်ကြီးက အင်္ကျီလက်စကို ဆွဲလိုက်သည်။
"ဟင်... ဘာပြောစရာ ရှိလို့လဲ။"
"မကြောက်ပါနဲ့။ စစ်သေနာပတိချုပ်က ကတိတည်တဲ့လူပါ။ ရွှီဖေးယွီဆီ ရောက်အောင် ပို့ပေးပါလိမ့်မယ်။ ယုတ်မာတဲ့နေရာမှာ ငါတို့နှစ်ယောက်ပေါင်းရင်တောင် အမတ်ချုပ်ကြီးကို မမီပါဘူး။"
"တိုက်ပွဲကိစ္စကို လိုကျစ်ကွေ့ လက်ထဲ အပ်လိုက်ပါ။ ရှင် အရင်ရှောင်နေလိုက်ပါ။"
မိဖုရားခေါင်ကြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါ့ကို စိတ်ပူပေးနေတာလား။"
မိဖုရားခေါင်ကြီး နှုတ်ဆိတ်သွားသည်။
"ငါ ဘာမှမဖြစ်ပါဘူး။ နောက်တစ်ခါ ပြန်တွေ့ရင် သူငယ်ချင်း လုပ်ကြမယ်နော်။"
နဉ်ရှောင်ယောင်း ပြေးထွက်သွားသည်။
မိဖုရားခေါင်ကြီး တစ်ယောက်တည်း ကျန်ခဲ့သည်။ ခဏကြာတော့ ရယ်မောလိုက်ပြီး မျက်နှာအုပ်ကာ ငိုကြွေးလိုက်သည်။ နောက်ဆုံး ရွှီဖေးယွီဆီ ပြန်ပို့ပေးမယ့်လူက နဉ်ယွီဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး။
……
"စစ်သေနာပတိချုပ်၊ ကျိုးမိသားစုတပ်ရောက်လာရင် အမတ်ချုပ်ကြီးနဲ့ ယှဉ်တိုက်လို့ ရပြီမလား။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
"မရောက်လာရင် ဘယ်လိုလုပ်မလဲ။"
"မရောက်လာရင် ထွက်ပြေးကြတာပေါ့။ ကျွန်မသူငယ်ချင်းတွေကို လွှတ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်မယ်။"
"ရှောင်ယောင်း။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းလက်ကို ဆွဲလိုက်သည်။
"တကယ်လို့ မတိုက်နိုင်ရင် ထွက်ပြေးကြတာပေါ့။ အသက်ရှင်ဖို့ အရေးကြီးတယ်။ ဒါပေမဲ့ မပြေးခင် ကြိုးစားကြည့်ရမယ် မဟုတ်လား။"
"ဟုတ်တယ်။ မင်းသဘောအတိုင်း လုပ်ပါ။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ ပါးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
***