အခန်း (၂၆၁-၂၆၂)
Vol. 17 Ch. 261-262
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၆၁ ။ ပြဿနာရှာတဲ့အလုပ်ကို အရှင်မင်းကြီးက မကျွမ်းကျင်ပါဘူး
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို မေးလိုက်သည်။
"စုန့်ဝူကို ဘာလုပ်မလဲ။"
"အခု မစဉ်းစားသေးဘူး။ အခြေအနေကို အရင်ရှင်းရမယ်။"
"ဒါဆို ရှင့်မှာ စူးစမ်းချင်စိတ် လုံးဝမရှိဘူးလား။"
"မရှိပါဘူး။ စုန့်ဝူက အသုံးလိုသေးတယ်။"
"ဪ... ကျွန်မကတော့ သူ့ကို သွားရိုက်လိုက်ချင်တာ။"
လိုကျစ်ကွေ့ ရယ်မောလိုက်ပြီး နဉ်ရှောင်ယောင်း၏ ပါးကို ဆွဲလိုက်သည်။
"ဖန်းထန်ကိစ္စကို ရှဲ့ဝမ်ယွမ် သိမသိ ကြည့်ရဦးမယ်။ နောက်နှစ်ရက်နေရင် စုန့်ဝူကို ပြောပြလိုက်မယ်။ ဖန်းထန် ဘာမှမဖြစ်ပါဘူးလို့။"
"ပြီးတော့ရော။"
"အမတ်ချုပ်အိမ်တော်မှာ မင်းရဲ့သူလျှိုတွေ ရှိတယ်မလား။"
"အင်း... ရှိတယ်။"
"ရှဲ့ဝမ်ယွမ်ကို စောင့်ကြည့်ခိုင်းထား။ တကယ်လို့ သူက လူလွှတ်ပြီး အန်းယွမ်ကို စုံစမ်းခိုင်းရင် ဖန်းထန် သူ့လက်ထဲ မရောက်ဘူးဆိုတာ သေချာပြီ။"
နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။
"အမတ်ချုပ်ကြီးက အန်းယွမ်ကို လူလွှတ်ရင် အနက်ရောင်နှင်းခဲမြင်းတပ် လာမလာ စုံစမ်းခိုင်းတာပဲ။ ဆိုလိုတာက သူ ဖန်းထန်ကို မဖမ်းမိဘူးပေါ့။"
နဉ်ရှောင်ယောင်း နားလည်သွားသည်။
"ဒါပေမဲ့ အမတ်ချုပ်ကြီးက ဟန်ဆောင်နေတာဆိုရင်ရော။ ရှင် အဲဒီလိုတွေးမယ်ဆိုတာ သိလို့ တမင်သက်သက် လုပ်ပြတာဆိုရင်ရော။"
"သူက ကျွန်တော် စုန့်ဝူသစ္စာဖောက်တာကို သိနေမှန်း မသိဘူးလေ။ ဘာလို့ ဟန်ဆောင်ရမှာလဲ။ ပြီးတော့ မင်းရဲ့သူငယ်ချင်းတွေက စောင့်ကြည့်နေတာဆိုတော့ သူ ဘာလုပ်လုပ် ကျွန်တော်တို့ သိရမှာပဲ။"
"စုန့်ဝူကိစ္စကိုတော့ ကျွန်မသူငယ်ချင်းတွေ မသိလိုက်ဘူး။"
နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ အမတ်ချုပ်ကြီးက တိရစ္ဆာန်လေးတွေ မျက်စိအောက်ကနေ ဘယ်လိုလုပ် လွတ်သွားတာလဲ။ စုံစမ်းကြည့်ရမယ်။
"ဒီတစ်ခါတော့ သေချာကြည့်ခိုင်းထားပါ။ ကျွန်တော် နောက်တစ်ခါ အမှားမခံနိုင်တော့ဘူး။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ ခေါင်းပေါ်ကျနေသော မိုးမခကိုင်းကို ဖယ်ပေးရင်း ပြောလိုက်သည်။
"ဖန်းထန် ဘာမှမဖြစ်ရင် အနက်ရောင်နှင်းခဲ မြင်းတပ် ရောက်လာနိုင်သေးတယ်ပေါ့။"
"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက် သိပ်မထားချင်ဘူး။ မျှော်လင့်ချက်ထားပြီးမှ မဖြစ်လာရင် ခံရခက်တယ်။"
နဉ်ရှောင်ယောင်း ခြေဖျားထောက်ပြီး လိုကျစ်ကွေ့၏ ပါးစပ်ကို ပိတ်လိုက်သည်။
"ဒါဆို မျှော်လင့်ချက် မထားနဲ့တော့။"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။
ရှေ့နားက ရေကန်ထဲမှာ တောဘဲ ၅ ကောင် ၆ ကောင်လောက် ကူးခတ်နေကြသည်။
"ရှောင်ယောင်း။"
တောဘဲလေး ဝူချိုင်က နဉ်ရှောင်ယောင်းကိုမြင်တော့ ကူးခတ်လာသည်။
လိုကျစ်ကွေ့ လက်ကို အင်္ကျီလက်ကြားထဲ ထည့်လိုက်သည်။ လျှို့ဝှက်လက်နက်ထုတ်မလို့ ပြင်လိုက်သည်။
"စားချင်လို့လား။"
နဉ်ရှောင်ယောင်း လက်ပြမလို့ ပြင်နေတုန်း လိုကျစ်ကွေ့ မေးလိုက်သည်။
"ဂတ်..."
ဝူချိုင် လန့်သွားသည်။
"ဒီကောင်က ငါတို့ကို စားမလို့တဲ့။ ပြေးကြ။ ဂတ်..."
တောဘဲအုပ်စု ပျံထွက်သွားကြသည်။
လိုကျစ်ကွေ့ စိတ်ပျက်သွားသည်။ လက်နက်တောင် မထုတ်ရသေးဘူး။
"တောဘဲတွေတောင် ရှင့်ကို အနိုင်ကျင့်နေကြပြီ။"
နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။
လိုကျစ်ကွေ့ မျက်နှာမည်းသွားသည်။
"စိတ်မပူပါနဲ့။ ကျွန်မ အမတ်ချုပ်ကြီးကို သေချာစောင့်ကြည့်ခိုင်းထားပါတယ်။ ဘယ်သူမှ ရှင့်ကို အနိုင်မကျင့်စေရပါဘူး။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ ရင်ဘတ်ကို ပုတ်လိုက်သည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ငုံ့ကြည့်လိုက်သည်။
"သူလည်း ကြီးလာမှာပါ။"
လိုကျစ်ကွေ့ ခေါင်းကိုက်လာသည်။
"ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ကျွန်တော် ကြိုက်ပါတယ်။"
"ကြီးလာမှာပါ။"
နဉ်ရှောင်ယောင်း ခေါင်းမာမာဖြင့် ပြောလိုက်သည်။ အမတ်ချုပ်ကြီးကို ရှင်းပြီးရင် အစားကောင်းကောင်းစားပြီး ကြီးအောင်လုပ်မယ်။
"အင်း... ကြီးလာမှာပါ။"
လိုကျစ်ကွေ့ လိုက်လျောလိုက်သည်။
"ကျွန်မ ဘဲသား မကြိုက်ဘူး။"
"မကြိုက်တဲ့အရာ ရှိသေးလို့လား။"
နဉ်ရှောင်ယောင်း ပါးဖောင်းလိုက်သည်။ ငါ့ကို ငတ်ကြီးကျတဲ့ကောင်မလေးလို့ ထင်နေတာလား။
"သွားကြစို့။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဆွဲခေါ်သွားသည်။
"စစ်သေနာပတိချုပ်၊ ကျွန်မတို့ စုန့်ဝူကို ဆက်ပြီး ဟန်ဆောင်ပြနေရဦးမှာလား။"
"အင်း..."
"သောက်ကျိုးနည်း။"
နဉ်ရှောင်ယောင်း ဆဲလိုက်သည်။
"ဘာပြောလိုက်တာလဲ။"
လိုကျစ်ကွေ့ နားမလည်လိုက်ပေ။
"အဲ... လူဆဲလိုက်တာ။"
လိုကျစ်ကွေ့... မမေးတာပဲ ကောင်းမယ်။
နဉ်ရှောင်ယောင်း နန်းတော်ထဲ ပြန်ရောက်တော့ ရှောင်မိုက်ပျံလာပြီး ပခုံးပေါ် နားလိုက်သည်။
"ရှောင်ယောင်း၊ တောင်ဘက်မြို့က ခွေးခေါင်းဆောင် လောင်ဟွမ်က သတင်းပေးခိုင်းလိုက်တယ်။ ချန်လုက တောင်ဘက်မြို့ ဖန်းချီလမ်းကြား၊ ဘယ်ဘက်ခြမ်းက ၇ အိမ်မြောက် အိမ်ကြီးထဲမှာ ရှိတယ်တဲ့။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ပြောလိုက်သည်။
"စစ်သေနာပတိချုပ်၊ ကျွန်မရဲ့ရှောင်မိုက်ဗိုက်ဆာနေလို့ အစာသွားကျွေးလိုက်ဦးမယ်။ ဟုကော်ကုန်းတို့နဲ့ စကားပြောနှင့်နော်။"
နဉ်ရှောင်ယောင်း ပြေးထွက်သွားသည်။
"ရှောင်မိုက်က ဘယ်သူလဲ။"
နဂါးအစောင့်တပ်သားတစ်ဦးက မေးလာလေသည်။
"စာကလေးတစ်ကောင်။"
လိုကျစ်ကွေ့ ကပဲ ဖြေပေးလိုက်ရသည်။
နဂါးအစောင့်တပ်သားများ... အနောက်ဥယျာဉ်ထဲက စာကလေးတွေအကုန်လုံး အရှင်မင်းကြီး မွေးထားတာလား။
နဉ်ရှောင်ယောင်းတစ်ယောက် လူရှင်းတဲ့နေရာရောက်တော့ ထိုင်လိုက်သည်။
"ပြောပါဦး။ ဘယ်လိုဖြစ်တာလဲ။"
"လောင်ဟွမ်က ခွေးရှာမရလို့ ငါ့ကို လာပြောတာ။ အကြီးအကဲလီရဲ့ ခွေးနက်ကြီးက လောင်တတို့ကို သွားပြောခိုင်းပေမယ့် လောင်ဟွမ်နဲ့ လောင်တက မတည့်ဘူးလေ။ ဒါကြောင့် လောင်ဟွမ်က ကျီးကန်းခေါင်းဆောင်ကို ပြောခိုင်းလိုက်တာ..."
"တော်ပြီ။ တော်ပြီ။"
နဉ်ရှောင်ယောင်း ခေါင်းမူးသွားသည်။
"သတင်းက တစ်ဆင့်ပြီးတစ်ဆင့် ကူးပြီး နင့်ဆီ ရောက်လာတာပေါ့။"
"ဟုတ်တယ်။"
ရှောင်မိုက်ခုန်ဆွခုန်ဆွ လုပ်နေသည်။
"ရှောင်ယောင်းက တော်လိုက်တာ။"
နဉ်ရှောင်ယောင်း ဂုဏ်ယူသွားသည်။
"ချန်လုကို အိမ်ကြီးထဲ ခေါ်သွားတယ်။ လောင်ဟွမ်က သူ့ကို ကိုက်သတ်ပေးချင်ပေမယ့် လာကယ်တဲ့လူတွေက တော်လွန်းလို့ မလုပ်ရဲဘူးတဲ့။"
"အင်း... လောင်ဟွမ် လုပ်တာ မှန်ပါတယ်။ ရန်သူအခြေအနေမသိဘဲ ဝင်မတိုက်သင့်ဘူး။"
"ညကျရင် အမတ်ချုပ်အိမ်တော်ကို ခေါ်သွားမယ်တဲ့။ လောင်ဟွမ်က ပြောတယ်။ ညကျရင် ဖန်းချီလမ်းကြားမှာ ဆုံပြီး ချန်လုကို အတူတူ သွားကိုက်သတ်ကြမလားတဲ့။"
နဉ်ရှောင်ယောင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ကိုက်သတ်ချင်စိတ်တော့ ရှိပါတယ်။ ဒါပေမဲ့ ငါက ခွေးမှ မဟုတ်တာ။ ဘယ်လိုလုပ် ကိုက်သတ်ရမှာလဲ။ ရိုက်သတ်လိုက်မယ်။"
ရှောင်မိုက်သဘောတူလိုက်သည်။
"ချန်လု ဒဏ်ရာပြင်းထန်နေလို့ အသက်ရှင်ပါ့မလား မသိဘူးတဲ့။ မိသားစုကို တွေ့ချင်တယ်လို့ ပြောနေတယ်။"
"လာကယ်တဲ့လူတွေက မိသားစုကို ခေါ်ပေးလား။"
"မခေါ်ပေးဘူး။ အမတ်ချုပ်အိမ်တော်ရောက်မှ တွေ့ခိုင်းမယ်တဲ့။"
"ဒါဆိုရင်တော့ သေခါနီးလူကို လွှတ်ပေးလိုက်ပါတော့။ ရှောင်မိုက်... လောင်ဟွမ်ကို ပြောလိုက်။ ချန်လုကိစ္စ မေ့လိုက်တော့လို့။ ငါ အရိုးအသားတစ်ခွက် ချက်ကျွေးမယ်လို့ ပြောလိုက်။"
"ကောင်းပြီ။"
ရှောင်မိုက်ပျံထွက်သွားသည်။
……
နဉ်ရှောင်ယောင်း နံရံကို မှီပြီး စဉ်းစားလိုက်သည်။ ဒီည မိဖုရားခေါင်ကြီး ထွက်သွားမှာဆိုတော့ အမတ်ချုပ်ကြီး သတိမထားမိအောင် လုပ်ရမယ်။ အမတ်ချုပ်အိမ်တော်မှာ ပြဿနာသွားရှာရင် ကောင်းမလား။
မီးရှို့မလား။
မဖြစ်ဘူး။ မီးသတ်သမားတွေ အများကြီးရှိတယ်။
သရဲခြောက်သလို လုပ်မလား။
မဖြစ်ဘူး။ အမတ်ချုပ်ကြီးက သရဲမကြောက်ရင် ဘယ်လိုလုပ်မလဲ။
တံခါးကို ဖျက်ဆီးမလား။
မဖြစ်ဘူး။ မီးရှို့တာနဲ့ အတူတူပဲ။
"ဘယ်လိုလုပ်ရမလဲ။"
နဉ်ရှောင်ယောင်း ခေါင်းကို ကိုင်လိုက်သည်။ ပြဿနာရှာတဲ့အလုပ်ကို သူ မကျွမ်းကျင်ဘူး။
"အရှင်မင်းကြီး။"
ကျီယွဲ့ရုံ ရောက်လာလေသည်။
"ဒီမှာ ဘာလုပ်နေတာလဲ။"
"စဉ်းစားနေတာ။"
"ဘာကိစ္စရှိလို့လဲ။ စစ်သေနာပတိချုပ်က အဘိုးကို ခေါ်သွားတယ်။"
"သူတို့က ယောကျာ်းလေးကိစ္စ ဆွေးနွေးနေတာပါ။ ထားလိုက်ပါ။ ငါ့မှာ အခက်အခဲတစ်ခု ရှိနေတယ်။"
ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ အရှင်မင်းကြီးက ယောကျာ်းလေး မဟုတ်ဘူးလား။
"အမတ်ချုပ်အိမ်တော်မှာ ပြဿနာသွားရှာချင်တယ်။ မိန်းကလေးကျီ... ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ဒီည အမတ်ချုပ်ကြီးနဲ့ သူ့လူတွေ အလုပ်ရှုပ်နေအောင် လုပ်ချင်တာ။"
ကျီယွဲ့ရုံ လက်ပိုက်လိုက်သည်။
"လွယ်လွယ်လေးပါ။ တံခါးဝသွားပြီး ရန်စလိုက်ရုံပဲ။"
နဉ်ရှောင်ယောင်း... ဒီကောင်မလေးက ကြမ်းတမ်းလိုက်တာ။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၆၂ ။ ပန်းပွင့်လေးတွေပါတဲ့ ဂါဝန်လေးဝတ်ထားသော အရှင်မင်းကြီး
"ဟုတ်သားပဲ။"
ကျီယွဲ့ရုံ လက်ကိုပိုက်လိုက်သည်။
"အရှင်မင်းကြီး ဘာမှမဖြစ်ဘူးပေါ့။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ အခုမှ သတိရတယ်။
"ဪ... အရှင်မင်းကြီးက သေချင်ယောင်ဆောင်နေတာကိုး။"
"အခု သေတာ၊ ရှင်တာ အရေးမကြီးတော့ပါဘူး။ ညကျရင် လူတစ်ယောက်ကို မြို့တော်ပြင် ပို့ပေးရမယ်။ အမတ်ချုပ်ကြီး မသိအောင် လုပ်ရမယ်။"
"ရုပ်ဖျက်ပြီး သွားမလား။"
"အမတ်ချုပ်ကြီးလောက် ဉာဏ်ကောင်းတဲ့လူကို လိမ်ဖို့ မလွယ်ဘူး။"
"ခွေးအိုကြီး!"
ကျီယွဲ့ရုံ ဆဲလိုက်သည်။
"ငါက အတွေ့အကြုံမရှိလို့ပါ။ အရင်တုန်းက ဒီလိုကိစ္စမျိုး မကြုံဖူးဘူး။"
ကျီယွဲ့ရုံ... ဧကရာဇ်မင်းတစ်ပါးက ဒီလိုကိစ္စမျိုး ကျွမ်းကျင်နေစရာလိုလို့လား။
နဉ်ရှောင်ယောင်း စဉ်းစားနေတုန်း ရှောင်မိုက်ပြန်ရောက်လာသည်။ ကျီယွဲ့ရုံ ရှိနေလို့ ပခုံးပေါ်မနားဘဲ သစ်ပင်ပေါ်ကနေ အော်ပြောလိုက်သည်။
"ရှောင်ယောင်း၊ ချန်လုက မနက်ဖြန်ထိ အသက်ရှင်မယ် မထင်ဘူးတဲ့။ အမတ်ချုပ်ကြီးက ဒီည ဖန်းချီလမ်းကြားကို သွားကြည့်မယ်တဲ့။"
နဉ်ရှောင်ယောင်း ရှောင်မိုက်ကို အနမ်းပေးလိုက်သည်နှင့် ရှောင်မိုက်ပျံထွက်သွားသည်။
"အရှင်မင်းကြီး၊ စောစောက စာကလေးက အရှင်မင်းကြီးနဲ့ စကားပြောနေတာလား။"
"စိတ်ထင်တာပါ။ အခု လက်ရှိကိစ္စကိုပဲ အာရုံစိုက်ရအောင်။"
"ရိုက်ပုတ်ပြီး ဖြေရှင်းလိုက်မယ်။"
ကျီယွဲ့ရုံက သူ့မူပိုင်နည်းလမ်းကို အကြံပြုလိုက်သည်။
နဉ်ရှောင်ယောင်း ဆက်လက် စဉ်းစားနေသည်။
ထိုစဉ် ရှောင်ချိုး ပြေးလာပြီး နဉ်ရှောင်ယောင်းရင်ခွင်ထဲ ဝင်တိုးကာ ငိုကြွေးလိုက်သည်။
"ဝါး..."
အာ့ယာလည်း နောက်က ပြေးလိုက်လာပြီး မျက်ရည်ဝဲနေသည်။
"မငိုနဲ့။ မငိုနဲ့။ ငါ ဘာမှမဖြစ်ဘူး။ တွေ့လား။"
နဉ်ရှောင်ယောင်း ရှောင်ချိုးကို ချော့လိုက်သည်။ ရှောင်ချိုးက နဉ်ရှောင်ယောင်း ပျောက်သွားမှာ ကြောက်သလို အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားသည်။ အာ့ယာလည်း နဉ်ရှောင်ယောင်းပခုံးပေါ် ခေါင်းမှီပြီး ငိုကြွေးလိုက်သည်။
နဉ်ရှောင်ယောင်း စိတ်မကောင်းဖြစ်သွားသည်။ သွေးထွက်သံယိုဖြစ်ရုံမကဘူး၊ ကိုယ်ချစ်တဲ့သူတွေကိုပါ စိတ်ဒုက္ခပေးမိပြီ။ နောက်ဆုံးတော့ အမတ်ချုပ်ကြီးကပဲ အနိုင်ရသွားတယ်။
"ရှောင်ချိုးက ဝလာတယ်။"
ကျီယွဲ့ရုံ ရှောင်ချိုး၏ခေါင်းကို ပွတ်သပ်လိုက်သည်။
"ဟုတ်တယ်။ အရင်က ပိန်ပိန်လေး။ အခုတော့ ဝဝကစ်ကစ်လေး ဖြစ်လာပြီ။ ကြာစွယ်လေးတွေလိုပဲ။"
နဉ်ရှောင်ယောင်း နှစ်ယောက်လုံးကို ချော့လိုက်သည်။ ရှောင်ချိုးက သူ့ရင်ခွင်ထဲက မခွာတော့ပေ။
"ချန်လုမှာ ကလေးဘယ်နှယောက် ရှိလဲ။"
နဉ်ရှောင်ယောင်း ရုတ်တရက် မေးလိုက်သည်။
"အရှင်မင်းကြီး မသိဘူးလား။"
"ပြောပြပါဦး။"
"ချန်လုမှာ ကလေးမရှိပါဘူး။"
"ဘာ..."
"လူတိုင်းသိကြပါတယ်။ စစ်သူကြီးချန်အိမ်မှာ ခြင်္သေ့မကြီးတစ်ကောင် ရှိတယ်လေ။ ကလေးမမွေးနိုင်တဲ့ ခြင်္သေ့မကြီး။"
"ခြင်္သေ့မကြီး?"
"ဟုတ်တယ်။ သိုင်းပညာ တော်တယ်။ စစ်သူကြီးချန်တောင် မနိုင်ဘူး။"
နဉ်ရှောင်ယောင်း အံ့သြသွားသည်။
"ရှဲ့ဝမ်ယွမ်လိုလူမျိုးအတွက် အလုပ်လုပ်ပေးရတာ တန်ရဲ့လား မသိဘူး။ ကျွန်မသာဆိုရင် နောက်ဘဝ ကူးသွားတာ ကြာပြီ။"
"အဲဒီခြင်္သေ့မကြီးက မင်းကို သိလား။"
"မသိပါဘူး။ တစ်ခါမှ မမြင်ဖူးပါဘူး။"
"ဒါဆို ကူညီပေးပါဦး။"
"ကောင်းပြီလေ။ အမတ်ချုပ်အိမ်တော်ကို သွားရိုက်ကြမလား။"
"မဟုတ်ဘူး။ ဒီည အမတ်ချုပ်ကြီးက ချန်လုဆီသွားမှာ။ ချန်လုမိန်းမလည်း လိုက်သွားမှာ။ လမ်းမှာ ပိတ်ဆို့ကြမယ်။"
"သွားရိုက်မလို့လား။"
"မဟုတ်ဘူး။ ဒီည အာ့ယာက မင်းရဲ့သမီးကြီး၊ ရှောင်ချိုးက မင်းရဲ့သား။"
"အဖေက ဘယ်သူလဲ။"
"ချန်လုပေါ့။"
ကျီယွဲ့ရုံ...
"ချန်လုက ဘာလို့ အမတ်ချုပ်ကြီးနောက်လိုက်လဲဆိုတော့ အမတ်ချုပ်ကြီးက သူ့မယားငယ်နဲ့ ကလေးတွေကို ကျွေးမွေးထားလို့လေ။ မိန်းကလေးကျီ... ဒီအခြေအနေကိုသိရင် ချန်လုမိန်းမ ဘယ်လိုလုပ်မလဲ။"
"ကျွန်မကို သတ်မယ်။ ချန်လုကို သတ်မယ်။ ပြီးရင် ရှဲ့ဝမ်ယွမ်ကို သတ်မယ်။"
"ဒါဆို သူ့မိန်းမကို ပြဿနာသွားရှာခိုင်းလိုက်ရအောင်။ မပူပါနဲ့။ ငါ ကာကွယ်ပေးပါ့မယ်။ ဒီည ငါက မင်းညီမလေး လုပ်ပေးမယ်။ အတူတူ သွားကြမယ်။"
"ညီမလေး?"
"မယားငယ် လုပ်ချင်ပေမယ့် ငါ့ရုပ်နဲ့က သူယုံပါ့မလား။"
"ညီမလေးလုပ်တာ ကောင်းပါတယ်။"
"ဒါပေမဲ့ ငါက အရှင်မင်းကြီးမှန်း သိသွားရင် ဘယ်လိုလုပ်မလဲ။"
ဟုတ်သားပဲ။ ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ အရှင်မင်းကြီး မိန်းကလေးလို ဝတ်ရင် ဘယ်လိုနေမလဲ သိချင်လာသည်။
"လုပ်မလား။"
"လုပ်မယ်။"
"အာ့ယာ၊ ရှောင်ချိုး၊ မင်းတို့ရော အဆင်ပြေလား။"
"ပြေပါတယ်။"
ရှောင်ချိုး ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ အဲဒီမိန်းမကြီးက ကြမ်းတယ်ဆို။ ကျွန်တော်မျိုးမတို့ကို ရိုက်ရင် ဘယ်လိုလုပ်မလဲ။"
အာ့ယာ စိုးရိမ်တကြီး မေးလိုက်သည်။
"ငါ ရှိတယ်လေ။ အရိုက်မခံစေရပါဘူး။"
"ဒါဆို ကျွန်မက အရိုက်ခံရမှာပေါ့။"
ကျီယွဲ့ရုံ မေးလိုက်သည်။
"ငါ မင်းနဲ့အတူ အရိုက်ခံပေးပါ့မယ်။"
"ကောင်းပြီလေ။"
ကျီယွဲ့ရုံ သဘောတူလိုက်သည်။ တစ်ယောက်တည်း မဟုတ်ဘူးဆိုရင် တော်သေးတာပေါ့။
"သွားကြစို့။ ပြင်ဆင်ရအောင်။"
လေးယောက်သား အိပ်ဆောင်ထဲ ဝင်သွားကြသည်။
…..
နဉ်ရှောင်ယောင်းက အဘွားယာကို အကူအညီတောင်းပြီး မိန်းကလေးဝတ်စုံ ဝတ်လိုက်သည်။ ဆံပင်ပုံစံ ပြောင်းလိုက်သည်။ မှန်ထဲ ကြည့်လိုက်တော့ လှပတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာသည်။
"ဘယ်လိုလဲ။"
အဘွားယာ ခေါင်းညိတ်ပြလိုက်သည်။
နဉ်ရှောင်ယောင်း ဝမ်းသာအားရ ထွက်လာပြီး ပြလိုက်သည်။
"ဒန် ဒန် ဒန်... ကြည့်ပါဦး။"
ကျီယွဲ့ရုံ၊ အာ့ယာနှင့် ရှောင်ချိုးတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ဟေး... ဘာမှမပြောကြတော့ဘူးလား။"
"တူလိုက်တာ။ ရင်သားမရှိတာကလွဲရင် မိန်းကလေးလို့ ထင်မိမှာပဲ။"
ကျီယွဲ့ရုံ ပြောလိုက်သည်။
နဉ်ရှောင်ယောင်း စိတ်ထိခိုက်သွားသည်။ နောက်ကျရင် ပေါက်စီနှစ်လုံး ထည့်ထားလိုက်မယ်။
"သွားကြစို့။"
နဉ်ရှောင်ယောင်း စိတ်ပျက်လက်ပျက် ထွက်ခွာသွားသည်။
"ငါ ဘာပြောမိလို့လဲ။"
"အရှင်မင်းကြီး လှတယ်။"
အာ့ယာ ပြောလိုက်သည်။
"အချောလေး။"
ရှောင်ချိုးကလည်း ထောက်ခံလိုက်သည်။
ဘေးနားရှိ အဆောင်တစ်ခုတွင် ဟုကော်ကုန်းတို့ စိတ်ညစ်နေကြသည်။
"ကိုယ်ပျောက်အတတ် မတတ်ရင် အမတ်ချုပ်ကြီးကို ရှောင်ဖို့ မလွယ်ဘူး။"
"မိဖုရားခေါင်ကြီးကို ဒီအတိုင်း ထားလိုက်တော့မလား။"
"အမတ်ချုပ်ကြီး အာရုံလွှဲသွားအောင်လုပ်နိုင်ရင် ကောင်းမယ်။"
"အမတ်ချုပ်ကြီးက အာဏာသိမ်းဖို့ကလွဲပြီး ဘာစိတ်ဝင်စားဦးမှာလဲ။"
"စစ်သေနာပတိချုပ်၊ ဘယ်လိုလုပ်မလဲ။"
နဉ်ရှောင်ယောင်း တံခါးခေါက်ပြီး ဝင်လာသည်။
"ငါ့မှာ နည်းလမ်းရှိတယ်။"
အားလုံး လှည့်ကြည့်လိုက်ကြသည်။ နန်းတွင်းသူမဟုတ်တဲ့ မိန်းကလေးတစ်ယောက် ဝင်လာတာ တွေ့လိုက်ရသည်။
"ငါလေ။ မမှတ်မိကြဘူးလား။"
"အရှင်မင်းကြီး!"
ယင်းလေ အော်ဟစ်လိုက်သည်။
အားလုံး မတ်တတ်ရပ်လိုက်ကြသည်။ အသံက ဟုတ်တယ်။ မျက်နှာက ဟုတ်တယ်။ ဒါ အရှင်မင်းကြီးပဲ။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်ပြီး ပြုံးပြလိုက်သည်။
လိုကျစ်ကွေ့ စိတ်လှုပ်ရှားသွားသည်။ ပျော်ရွှင်ခြင်း၊ အံ့သြခြင်းနှင့် မနာလိုခြင်းများ ရောထွေးနေသည်။ သူ့ရဲ့ အဖိုးတန်လေးကို တခြားလူတွေ မြင်သွားပြီ။
လိုကျစ်ကွေ့ ဘာမှမပြောဘဲ ငြိမ်နေသဖြင့် နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။
သူ မကြိုက်ဘူးလား။
***