← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 17 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 17 Ch. 263-264

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၆၃ ။ မေမေ... သား အဖေ့ကို လိုချင်တယ်

"အရှင်မင်းကြီး... အရှင်..."

ယင်းဖုန်း နဉ်ရှောင်ယောင်းရှေ့ ရောက်လာပြီး ပန်းပွင့်လေးတွေပါတဲ့ ဂါဝန်ဝတ်ထားတဲ့ နဉ်ရှောင်ယောင်းကို ကြည့်ကာ မျက်လုံးပြူးနေသည်။

နဉ်ရှောင်ယောင်း အားလုံးကို ဝေ့ကြည့်လိုက်သည်။ အားလုံးက ယင်းဖုန်းလိုပဲ အံ့သြနေကြသည်။ လည်ချောင်းရှင်းပြီး ရှင်းပြလိုက်သည်။

"ဒီလို မကြည့်ကြပါနဲ့။ ဒီည မိန်းကလေးကျီရဲ့ ညီမအဖြစ် ဟန်ဆောင်ရမှာမို့လို့ ဝတ်ထားတာပါ။"

"ဘာ..."

ကျီယွဲ့ရုံလည်း ပါနေတယ်ဆိုတာ ကြားလိုက်တော့ စစ်သူကြီးကျီ အော်ဟစ်လိုက်သည်။

"ဒီလိုပါ..."

နဉ်ရှောင်ယောင်း သူတို့လေးယောက် လုပ်မယ့်အစီအစဉ်ကို ရှင်းပြလိုက်သည်။

ကျီယွဲ့ရုံကလည်း ဝင်ရောက်ဖြည့်စွက်ပေးသည်။

"အတိုချုပ်ပြောရရင် မိန်းကလေးကျီက ချန်လုရဲ့ မယားငယ်။ ငါက သူ့ညီမ။ အာ့ယာက သမီးကြီး။ ရှောင်ချိုးက သားလေး။"

စစ်သူကြီးကျီ နားရှုပ်သွားပြီး မေးလိုက်သည်။

"အဖေက ဘယ်သူလဲ။"

"ချန်လုလေ။"

ကျီယွဲ့ရုံ ဖြေလိုက်သည်။

စစ်သူကြီးကျီ အသက်ရှူရပ်လုနီးပါး ဖြစ်သွားသည်။ အတုမှန်းသိပေမယ့် နားထောင်ရတာ ရင်နာစရာ ကောင်းလိုက်တာ။

"မင်းတို့..."

စစ်သူကြီးကျီ မြေးမလေးကို ကြည့်လိုက်၊ နဉ်ရှောင်ယောင်းကို ကြည့်လိုက်ဖြင့် ပြောလိုက်သည်။

"နန်းတွင်းသူတွေကို ခိုင်းလို့ မရဘူးလား။"

"မရဘူး။ နန်းတွင်းသူတွေက အရိုက်မခံနိုင်ဘူး။"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ ချန်လုမိန်းမက ခြင်္သေ့မကြီးဆိုတော့ နန်းတွင်းသူလေးတွေ ဘယ်ခံနိုင်ပါ့မလဲ။

"တကယ်တော့ ငါက မယားငယ် လုပ်ချင်တာ။ ဒါပေမဲ့ ငါ့ရုပ်နဲ့က ချန်လုမိန်းမ ယုံပါ့မလားလို့ စဉ်းစားမိလို့။"

"သူ ဘာကို မယုံရမှာလဲ။"

ဟုကော်ကုန်း မေးလိုက်သည်။

"ဒီလိုရုပ်မျိုးနဲ့ ချန်လုကို ဘယ်လိုဆွဲဆောင်နိုင်မလဲလို့ တွေးမိမှာပေါ့။"

နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။

"မျက်နှာကတော့ လှပါတယ်။ ဒါပေမဲ့ ကိုယ်လုံးက..."

ကျီယွဲ့ရုံ ဝေဖန်လိုက်သည်။

နဉ်ရှောင်ယောင်း ကျီယွဲ့ရုံကို မျက်စောင်းထိုးလိုက်သည်။

"ဒါကြောင့် မင်းက ဒီအလုပ်ကို လုပ်တာလား။"

စစ်သူကြီးကျီ မြေးမလေးကို ကြည့်ပြီး မေးလိုက်သည်။ အပျိုစင်လေးက သူများမယားငယ်အဖြစ် ဟန်ဆောင်ရမယ်ဆိုတာ သိက္ခာကျစရာကောင်းလိုက်တာ။

"အဘိုးကြီး သဘောမတူဘူးလား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

စစ်သူကြီးကျီ ဘာမှပြန်မပြောပေ။ ပြောလည်း သူ့မြေးမလေးက နားထောင်မှာမှ မဟုတ်တာ။

"ကောင်းပြီ။ ဒီည မအောင်မြင်ရင် မပြန်ဘူး။"

နဉ်ရှောင်ယောင်း လက်ခုပ်တီးလိုက်သည်။

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ပြီးတော့ နဉ်ရှောင်ယောင်းကို ဆက်ကြည့်နေကြသည်။ ဒီပုံစံမျိုးကို ဒီနေ့ပြီးရင် မြင်ရတော့မှာ မဟုတ်ဘူးလေ။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ထိုင်ခိုင်းလိုက်ပြီး အားလုံးကို အလုပ်တာဝန် ခွဲဝေပေးကာ နှင်ထုတ်လိုက်သည်။

…..

ကျီယွဲ့ရုံနှင့် စစ်သူကြီးကျီ ထွက်သွားပြီးနောက် လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်း ကျောမတ်လိုက်သည်။ လိုကျစ်ကွေ့ရဲ့ အကြည့်က ထူးဆန်းနေသဖြင့် စိတ်ထဲ မလုံမလဲ ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ။"

"ဒီည သတိထားနော်။"

"အင်း... သတိထားမှာပါ။ ကလေးနှစ်ယောက် ပါတယ်လေ။"

"ချန်လုမိန်းမက ကြမ်းတမ်းပေမယ့် ရှဲ့ဝမ်ယွမ်ကို သတ်ရဲမှာ မဟုတ်ဘူး။ ချန်မျိုးနွယ်စုနဲ့ ရွှီမျိုးနွယ်စု တစ်ခုလုံးရဲ့ အသက်နဲ့ ရင်းရမှာဆိုတော့ သူ မလုပ်ရဲဘူး။"

"ကျွန်မက အဲဒီလောက် ရက်စက်တဲ့လူလို့ ထင်နေလား။ သူ သတ်ချင်ရင်တောင် ကျွန်မ တားမှာပါ။ ဧကရာဇ်မင်းတောင် အမတ်ချုပ်ကြီးကို မသတ်ရဲတာ သူ ဘယ်လိုလုပ် သတ်ရဲမှာလဲ။"

"ကောင်းပြီ။ ကျွန်တော် သိပါပြီ။ မင်းက လူကောင်းပါ။"

"ဟုတ်တယ်။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ နဖူးကို နမ်းလိုက်သည်။

"ရွှီဖေးယွီဆီ စာရေးလိုက်ဦးမယ်။ ညကျရင် ကျွန်တော် လိုက်ခဲ့မယ်။"

"မဖြစ်ဘူး။ ရှင် ပြာကျသွားရင်တောင် အမတ်ချုပ်ကြီး မှတ်မိနေလိမ့်မယ်။ မိဖုရားခေါင်ကြီးကို မြို့တော်ပြင် ပို့ပေးလိုက်ပါ။ အဲဒါလည်း အရေးကြီးတယ်။"

"အမတ်ချုပ်ကြီးက မင်းကို မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ။"

"မပူပါနဲ့။ ကျွန်မ ပုတယ်လေ။ လူအုပ်ကြားထဲ ရောက်သွားရင် ဘယ်သူမှ မမြင်ရတော့ဘူး။ ပြီးတော့ ချန်လုမိန်းမနဲ့ ရန်ဖြစ်ပြီးရင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမှာ။ အဲဒီကျရင် အမတ်ချုပ်ကြီး မှတ်မိရင် အံ့သြစရာကောင်းနေပြီ။"

"အရိုက်ခံဦးမလို့လား။"

"မခံရအောင် ကြိုးစားမှာပါ။ စိတ်ချပါ။ ကျွန်မက သမားတော်လေ။ ဓားထိုးခံရတာတောင် မသေတာ အရိုက်ခံရရုံလောက်က အပျော့ပဲ။"

လိုကျစ်ကွေ့ စိတ်မပါသော်လည်း ခွင့်ပြုလိုက်ရသည်။

"လူတွေ ပြင်ဆင်ခိုင်းလိုက်မယ်။"

"အင်း... လူများလေ ကောင်းလေပဲ။ အမတ်ချုပ်ကြီးကို ဖန်းချီလမ်းကြားမှာ ပိတ်မိနေအောင် လုပ်ရမယ်။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ ပါးကို ပွတ်သပ်ပြီး ထွက်ခွာသွားသည်။

"ဆွဲဆောင်မှု ရှိလွန်းတာလည်း ဒုက္ခပါပဲ။"

နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။ စိတ်မကြည်မလင်ဖြစ်နေသဖြင့် မီးဖိုချောင်သို့ သွားပြီး အားဆေးရည်ရပြီလား သွားကြည့်လိုက်သည်။

…..

တစ်နာရီခန့် ကြာသောအခါ နဉ်ရှောင်ယောင်း၊ ကျီယွဲ့ရုံ၊ အာ့ယာနှင့် ရှောင်ချိုးတို့ နန်းတော်အပြင် ထွက်လာကြသည်။ ဖန်းချီလမ်းကြားအနီးရှိ လမ်းမပေါ်တွင် ထိုင်ပြီး မုန့်စားနေကြသည်။

"အမတ်ချုပ်ကြီး လာပြီ။"

နဉ်ရှောင်ယောင်းက ကျီယွဲ့ရုံနှင့် အာ့ယာကို လက်ညှိုးထိုးပြလိုက်သည်။

"မကြည့်နဲ့။"

ကျီယွဲ့ရုံက နဉ်ရှောင်ယောင်းကို ဆွဲချလိုက်သည်။

အာ့ယာက သူ့ပါးစပ်နှင့် ရှောင်ချိုးပါးစပ်ကို ပိတ်ထားလိုက်သည်။

အမတ်ချုပ်အိမ်တော်မှ လူအုပ်ကြီး သူတို့ရှေ့မှ ဖြတ်သွားကြသည်။ ဘယ်သူမှ သတိမထားမိကြပေ။

"လူ ၈ ယောက် ထမ်းရတယ်တဲ့။"

နဉ်ရှောင်ယောင်း မကျေမနပ် ပြောလိုက်သည်။

"လူအိုကြီးတစ်ယောက်ကို ထမ်းဖို့ လူ ၈ ယောက် လိုလို့လား။"

ထိုအခါ ကျီယွဲ့ရုံက "နောင်ကျရင် သူ့အခေါင်းကို ထမ်းဖို့ လူ ၈ ယောက် လိုမှာလေ။ အခုကတည်းက လေ့ကျင့်ပေးထားတာ နေမှာပါ။"

နဉ်ရှောင်ယောင်း မျက်နှာမဲ့လိုက်သည်။ ဒီကောင်မလေးက ငါ့ထက်တောင် ပါးစပ်ကြမ်းသေးတယ်။

"ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။

"ချန်လုမိန်းမ ဘယ်တော့ရောက်မလဲ မသိဘူး။"

"ဘယ်သူသိမှာလဲ။"

"ချန်လုမိန်းမ နာမည် ဘယ်လိုခေါ်လဲ။"

"ရွှီမျိုးနွယ်စုကပါ။"

"မသိဘူးလေ။"

"ရွှီကျင်းရဲ့ သမီးအကြီးဆုံးလေ။"

"ရွှီကျင်းက ဘယ်သူလဲ။"

"ဂုဏ်သရေရှိ စစ်သူကြီးလေ။ မြို့တော်စစ်တပ် ၃၆ တပ်ထဲက အကြီးဆုံးတပ်ကို အုပ်ချုပ်တဲ့သူ။ အမတ်ချုပ်ကြီးရဲ့ လက်ရုံးတစ်ဆူပေါ့။ အရှင်မင်းကြီး... ရွှီကျင်းကို မသိဘူးလား။"

နဉ်ရှောင်ယောင်း... မြို့တော်စစ်တပ်မှာ တပ် ၃၆ တပ် ရှိမှန်းတောင် ငါ မသိဘူး။ ရွှီကျင်းကို ဘယ်လိုလုပ် သိမှာလဲ။

"ထားလိုက်ပါတော့။ အမတ်ချုပ်ကြီးက အရှင်မင်းကြီး မသိအောင် ဖုံးကွယ်ထားတာနေမှာပါ။"

ကျီယွဲ့ရုံက သူ့ဘာသာသူ အဖြေရှာလိုက်သည်။

"ဟုတ်တယ်။ အမတ်ချုပ်ကြီး အမှား။"

နဉ်ရှောင်ယောင်း ထောက်ခံလိုက်သည်။

နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့ ထွက်သွားရာ လမ်းဘက်ကို တံတွေးထွေးလိုက်သည်။ လူဆိုးကြီး။

"ရွှီရှီက ငါတို့ကို သတ်ပစ်မလား မသိဘူး။"

ညနက်လာသည်နှင့်အမျှ ကျီယွဲ့ရုံ စိတ်ပူလာသည်။

"သူ တကယ် သတ်ပစ်လိမ့်မယ်။"

"မင်းက စစ်သူကြီးလေ။ စစ်တိုက်ရတာ မကြောက်ဘဲ မိန်းမတစ်ယောက်နဲ့ ရန်ဖြစ်ရတာ ကြောက်နေတာလား။"

"ကျွန်မက ချန်လုကို မနိုင်ဘူး။ ချန်လုက ရွှီရှီကို မနိုင်ဘူး။ ဒါဆို ကျွန်မ ရွှီရှီကို နိုင်ပါ့မလား။"

"မပူပါနဲ့။ ငါ ရှိတယ်လေ။"

"ကျွန်မတို့က ပြန်တိုက်လို့ရမလား။ ရွှီရှီ ဒဏ်ရာရသွားရင် ချန်လုကို သွားမသတ်နိုင်တော့ဘူးလေ။"

နဉ်ရှောင်ယောင်း... ဟုတ်သားပဲ။ ငါတို့က အရိုက်ခံရမှာ။

"လူလာနေပြီ။"

အာ့ယာ သတိပေးလိုက်သည်။

လမ်းမထိပ်တွင် မီးအိမ်ကိုင်ထားသော လူအုပ်ကြီး လာနေသည်။ ဝေါယာဉ်ငယ်လေးတစ်စီး ပါလာသည်။

"ရွှီရှီ လာပြီလား။"

"ဟုတ်လောက်တယ်။"

"သွားကြစို့။"

ကျီယွဲ့ရုံ ရှောင်ချိုးကို ပွေ့ချီပြီး လမ်းမအလယ်သို့ ထွက်သွားသည်။

နဉ်ရှောင်ယောင်းက အာ့ယာလက်ကို ဆွဲပြီး လိုက်သွားသည်။ အရိုက်ခံရတော့မယ်ဆိုတော့ နည်းနည်းတော့ ကြောက်သား။

"ဘယ်သူလဲ။"

ရွှီအိမ်တော်မှ အစေခံတစ်ဦး အော်ဟစ်လိုက်သည်။

"မေးဖို့ မေ့သွားလို့။ ကျွန်မတို့ မျိုးရိုးနာမည် ဘယ်လိုသုံးမလဲ။"

ကျီယွဲ့ရုံ မေးလိုက်သည်။

"ကျီလေ။"

"ကျီ မသုံးချင်ဘူး။ တခြားနာမည် ပြောင်းရအောင်။"

"နဉ်?"

ကျီယွဲ့ရုံ ခေါင်းခါလိုက်သည်။ မဖြစ်ဘူး။

"ရိုင်းစိုင်းလိုက်တာ။ ဖယ်စမ်း!"

အစေခံ ထပ်အော်လိုက်သည်။

"ရှန်မျိုးရိုး သုံးလိုက်။"

အာ့ယာ ဝင်ပြောလိုက်သည်။

"ငါက ရှန်မျိုးနွယ်စုကပါ။"

ကျီယွဲ့ရုံ ပြောလိုက်သည်။

"ရှန်မျိုးနွယ်စု?"

အထိန်းတော်ကြီးတစ်ဦး ထွက်လာပြီး မေးလိုက်သည်။

"မကြားဖူးပါဘူး။ ဘာကိစ္စ ရှိလို့လဲ။"

ကျီယွဲ့ရုံ ဘာပြန်ပြောရမှန်း မသိတော့ပေ။

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။

"ငါ့အစ်မက စစ်သူကြီးချန်ရဲ့ ဇနီးလေ။ နင်က အစေခံပဲရှိတာ။ လေးလေးစားစား ဆက်ဆံစမ်းပါ။"

တစ်ဖက်လူများ တိတ်ဆိတ်သွားကြသည်။

"ရှောင်ချိုး၊ မေမေလို့ ခေါ်လိုက်။"

နဉ်ရှောင်ယောင်းက ပြောရင်း ရှောင်ချိုး၏ခြေထောက်ကို ဆွဲလိုက်သည်။

"မေမေ..."

ရှောင်ချိုး ကျီယွဲ့ရုံ၏ လည်ပင်းကို ဖက်ပြီး ခေါ်လိုက်သည်။

"သား အဖေ့ကို လိုချင်တယ်။"

တစ်ဖက်လူများ ဆက်လက် တိတ်ဆိတ်နေသော်လည်း မျက်နှာများ ပျက်ယွင်းသွားကြသည်။ စစ်သူကြီးက မယားငယ် ထားရုံတင်မကဘူး၊ သားတောင် မွေးထားပြီးပြီလား။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၆၄ ။ ချန်မျိုးနွယ်စုခေါင်းဆောင်၏ အမှတ်အသား

ဝေါယာဉ်လိုက်ကာ ပွင့်သွားပြီး မိုးမခရွက်မျက်ခုံး၊ ဖီးနစ်မျက်လုံးပိုင်ရှင် အမျိုးသမီးတစ်ဦး ထွက်လာသည်။ နဉ်ရှောင်ယောင်းနှင့် ကျီယွဲ့ရုံကို ကြည့်လိုက်သည်။

"ဘုရားရေ... သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေ ထွက်နေတယ်။"

နဉ်ရှောင်ယောင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျီယွဲ့ရုံက ရှောင်ချိုးကို တင်းတင်းဖက်ထားပြီး အာ့ယာကို မှာလိုက်သည်။

"ရန်ဖြစ်ရင် ရှောင်ချိုးကို ပွေ့ပြီး ပြေးနော်။"

အာ့ယာ တုံ့ဆိုင်းနေသည်။

"အာ့ယာ၊ နင် တုံးနေတာလား။ နှစ်ယောက်အရိုက်ခံရတာနဲ့ လေးယောက်အရိုက်ခံရတာ ဘယ်ဟာ သက်သာလဲ။"

"နှစ်ယောက်။"

"ဒါဆို ပြေးတော့။ လမ်းထိပ်မှာ ယင်းဖုန်းအစ်ကိုကြီးရှိတယ်။"

"ရွှီရှီ လာနေပြီ။"

ကျီယွဲ့ရုံ သတိပေးလိုက်သည်။

နဉ်ရှောင်ယောင်း ဆက်ပြီး ရွှီရှီကို ကြည့်လိုက်သည်။ ခြေလှမ်းကျဲကျဲလျှောက်လာပုံက သတ္တိရှိတဲ့ပုံ ပေါက်နေသည်။

"အာ့ယာ၊ မေမေလို့ ခေါ်လိုက်။"

"မေမေ..."

အာ့ယာ အသံတုန်တုန်ဖြင့် ခေါ်လိုက်သည်။

ချန်အိမ်တော်မှ လူများ အံ့သြသွားကြသည်။ စစ်သူကြီးမှာ သမီးတောင်ရှိနေပြီလား။

"အစ်မ၊ မကြောက်နဲ့။ နင့်မှာ သားသမီးတွေရှိနေပြီပဲ။ ကလေးမရနိုင်တဲ့ မိန်းမကို ဘာကြောက်စရာ လိုလဲ။"

နဉ်ရှောင်ယောင်းက ကျီယွဲ့ရုံကို အားပေးလိုက်သည်။

ချန်အိမ်တော်မှလူများ နဉ်ရှောင်ယောင်းကို လူသေလို ကြည့်လိုက်ကြသည်။

ရွှီရှီ ခဏရပ်တန့်သွားပြီး ပြုံးလိုက်သည်။ ဆက်လျှောက်လာသည်။

ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းကို မျက်စိမှိတ်ပြလိုက်သည်။

တော်သင့်ပြီ။ ငါတို့ကို သတ်ပစ်လိမ့်မယ်။

"ဓားထိုးခံရတာတောင် မသေတာ။ အရိုက်ခံရရုံလောက်တော့ မမှုပါဘူး။"

နဉ်ရှောင်ယောင်း ဆုံးဖြတ်ချက် ခိုင်မာနေသည်။

ရွှီရှီ ၁၀ မီတာအကွာတွင် ရပ်လိုက်ပြီး မေးလိုက်သည်။

"ဘယ်သူ့ သမီးတွေလဲ။"

သာမန်မေးခွန်းပေမယ့် လေသံက မာထန်နေသည်။

"ရှန်မျိုးနွယ်စုကပါ။"

ကျီယွဲ့ရုံ ပြန်ဖြေလိုက်သည်။

"အိမ်ထောင်သည်ပေါ့။"

"ဟုတ်ပါတယ်။ သားသမီးတောင် ရနေပြီ။"

နဉ်ရှောင်ယောင်း ရင်ကော့ပြီး ပြောလိုက်သည်။

"အောင်သွယ်က ဘယ်သူလဲ။ လက်ထပ်စာချုပ်ရှိလား။"

နဉ်ရှောင်ယောင်းနှင့် ကျီယွဲ့ရုံ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ချက်ချင်း ဝင်ရိုက်မယ် ထင်နေတာ။

"မရှိဘူးပေါ့။ ဒါဆို တရားမဝင် ပေါင်းသင်းနေတာလား။"

"ဘာ..."

"မိဘသဘောတူညီချက်မရဘဲ လိုက်ပြေးရင် မယားငယ်ပဲ ဖြစ်ခွင့်ရှိတယ်ဆိုတာ သိတယ်မလား။"

နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ လိုက်ပြေးရင် မယားငယ်ဖြစ်ရောလား။

ကျီယွဲ့ရုံ မျက်နှာပျက်သွားသည်။ အပျိုစင်ဘဝနဲ့ ဒီလိုစကားမျိုးကြားရတာ ခံရခက်လှသည်။

"ဘာကိစ္စ ရှိလို့လဲ။"

"ဘာမှမရှိပါဘူး။ ငါ့ခဲအို..."

"ရိုင်းလိုက်တာ။ ဘယ်သူက နင့်ခဲအိုလဲ။"

ရွှီရှီ အော်ဟစ်လိုက်သည်။

"ချန်လုလေ။ အမတ်ချုပ်ကြီးက အိမ်တော်ထိန်းလွှတ်ပြီး ပြောခိုင်းလိုက်တာ။ ငါ့ခဲအို ဖန်းချီလမ်းကြားမှာ ရှိတယ်တဲ့။ အစ်မကို ကလေးတွေခေါ်ပြီး လာခဲ့ပါတဲ့။"

"အမတ်ချုပ်ကြီး?"

"အောင်သွယ်က ဘယ်သူလဲ မေးတယ်မလား။ အမတ်ချုပ်ကြီးလေ။ လက်ထပ်စာချုပ်က အမတ်ချုပ်အိမ်တော်မှာရှိတယ်။"

ရွှီရှီက နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေသည်။

"ဘယ်သူ လွှတ်လိုက်တာလဲ။ ငါ့ကို သွေးခွဲချင်နေတာလား။"

နဉ်ရှောင်ယောင်း...

ကျီယွဲ့ရုံ...

ရန်မဖြစ်ခင် ပေါ်သွားပြီလား။

"ကျွိ..."

ကြွက်အော်သံ ကြားလိုက်ရသည်။

နဉ်ရှောင်ယောင်း ငုံ့ကြည့်လိုက်တော့ ယိုကွမ့် ဖြစ်နေသည်။

ယိုကွမ့် နဉ်ရှောင်ယောင်း ပခုံးပေါ် ခုန်တက်လိုက်ပြီး ပါးစပ်ဟလိုက်သည်။

နဉ်ရှောင်ယောင်း ကြေးငါးရုပ်လေးကို ဖမ်းယူလိုက်သည်။ လေးလံပြီး မျက်လုံးနေရာတွင် ကြောင်မျက်လုံးကျောက် ထည့်ထားသည်။ ငါးကိုယ်ထည်ပေါ်တွင် စာလုံးများ ထွင်းထားသည်။

"ရှောင်ယောင်း၊ ဒါ အဘိုးပေးခိုင်းလိုက်တာ။"

နဉ်ရှောင်ယောင်းက ကျီယွဲ့ရုံအနောက် ဝင်ပုန်းလိုက်သည်။

ကျီယွဲ့ရုံ... ငါတစ်ယောက်တည်း ရင်ဆိုင်ရတော့မှာလား။

"ဒါ ဘာကြီးလဲ။"

နဉ်ရှောင်ယောင်း တိုးတိုးလေး မေးလိုက်သည်။

"ချန်မျိုးနွယ်စုရဲ့ ကြေးငါးရုပ်လေ။ အဘိုးက ဦးလေး(၃)ကို ခိုးခိုင်းလိုက်တာ။ ဒါ အဖိုးတန်ပစ္စည်းပဲ။"

"ဘာအသုံးဝင်လဲ။"

"ချန်မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမှတ်အသားလေ။ ဒါကို ပိုင်ဆိုင်တဲ့သူက ခေါင်းဆောင်ပဲ။"

"ဟာ..."

နဉ်ရှောင်ယောင်း အံ့သြသွားသည်။

"ဘယ်လို ခိုးလာတာလဲ။"

"ချန်လုက ဦးလေး(၃) အိမ်မှာ ရှိနေတာလေ။ အိပ်ပျော်နေတုန်း ယူလာလိုက်တာ။"

"တော်လိုက်တာ။"

နဉ်ရှောင်ယောင်း ချီးကျူးလိုက်သည်။ ဦးလေး(၃)က စွန့်စားတာပဲ။

"လွယ်လွယ်လေးပါ။ ချန်လုက ဝက်လို အိပ်နေတာ။"

နဉ်ရှောင်ယောင်း... အိပ်နေတာ မဟုတ်ဘူး။ သေလုမျောပါး ဖြစ်နေတာ။

"အဘိုးက ပြောတယ်။ ဒါ နင့်အတွက် အသုံးဝင်မယ်တဲ့။ ငါ နောက်ကျသွားလား။"

"မကျပါဘူး။ နောက်ကျရင် ဦးလေး(၃)နဲ့ မိတ်ဆက်ပေးနော်။"

"မြေပဲ ကျွေးမလား။"

"အဝကျွေးမယ်။"

"ယေး..."

ယိုကွမ့် ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။

"အစ်မကျီ ငိုတော့မယ်။"

အာ့ယာ သတိပေးလိုက်သည်။

နဉ်ရှောင်ယောင်း ယိုကွမ့်ကို အင်္ကျီထဲထည့်လိုက်ပြီး ရှေ့ထွက်လာသည်။

"အစ်မ၊ စကားမပြောနဲ့တော့။ သူက နင့်စေတနာကို နားမလည်ဘူး။"

ကျီယွဲ့ရုံ... သူက ငါ့ကို သနားနေတာပါ။

ရွှီရှီ ရယ်မောလိုက်သည်။

"နင်တို့ ဘာကောင်တွေလဲ။"

နဉ်ရှောင်ယောင်း ကြေးငါးရုပ်ကို ကျီယွဲ့ရုံလက်ထဲ ထည့်ပေးလိုက်သည်။

"အစ်မ၊ ခဲအိုပေးထားတာ ပြလိုက်။ ပြီးရင် သူ့ကို မောင်းထုတ်လိုက်။"

ကျီယွဲ့ရုံ ကြေးငါးရုပ်ကိုကိုင်ပြီး ပြလိုက်သည်။ အစိမ်းရောင်သမ်းနေသော ကြေးငါးရုပ်က ရွှီရှီရှေ့ ရောက်လာသည်။

ရွှီရှီ မျက်နှာပျက်သွားသည်။

"အာ့ယာ၊ ပြေးဖို့ ပြင်ထား။"

နဉ်ရှောင်ယောင်း တိုးတိုးလေး မှာလိုက်သည်။

အာ့ယာ ခေါင်းညိတ်လိုက်သည်။

"မဖြစ်နိုင်ဘူး။"

ရွှီရှီ ရေရွတ်လိုက်သည်။

"ငါ့အစ်မ ချန်အိမ်တော် ရောက်တာနဲ့ နင် ထွက်သွားရတော့မယ်။"

နဉ်ရှောင်ယောင်း မာန်တက်ပြီး ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး!"

ရွှီရှီ အော်ဟစ်လိုက်သည်။

"ရွှီရှီ၊ ငါ နင်နဲ့ အဆင်ပြေအောင်နေချင်ပေမယ့် နင်က ဒီလိုသဘောထားရှိမှန်း သိရတော့ စိတ်ပျက်မိတယ်။"

ကျီယွဲ့ရုံ အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်တယ်။ ထွက်သွားတော့။"

နဉ်ရှောင်ယောင်း ထောက်ခံလိုက်သည်။

"ချန်လု ဘယ်မှာလဲ။"

"အစ်မ၊ ခဲအိုကို ကွာရှင်းစာချုပ် ရေးခိုင်းလိုက်။"

ကွာရှင်းစာချုပ်ရေးခိုင်းမယ်ဆိုတော့ ချန်လု မသေသေးဘူးပေါ့။ ရွှီရှီ စိတ်သက်သာရာရသွားသည်။ ဒါပေမဲ့ ဒီညီအစ်မနှစ်ယောက်က ချန်လုရဲ့ အချစ်တော်တွေ ဖြစ်နေမလား။

"ကလေးကို လုယူခဲ့။ မိန်းမနှစ်ယောက်ကို သတ်ပစ်လိုက်။"

ရွှီရှီ အမိန့်ပေးလိုက်သည်။

"မြန်မြန်... အဖေ့ဆီ သွား!"

ကျီယွဲ့ရုံကချက်ချင်းပင် ရှောင်ချိုးကို အာ့ယာလက်ထဲ ထည့်ပေးလိုက်သည်။

အာ့ယာ ရှောင်ချိုးကို ပွေ့ပြီး ပြေးထွက်သွားလေသည်။

ထို့နောက် သူတို့နှစ်ဦးကို ချန်အိမ်တော်သားများ ဝိုင်းလာကြသည်။

"အစ်မ မကြောက်နဲ့။ ငါ ကာကွယ်ပေးမယ်။"

နဉ်ရှောင်ယောင်း ကျီယွဲ့ရုံရှေ့ ရပ်လိုက်သည်။

"ကြေးငါးရုပ်ကို လွှင့်ပစ်လိုက်။"

နဉ်ရှောင်ယောင်း တိုးတိုးလေး ပြောလိုက်သည်။

ကျီယွဲ့ရုံ ကန်ကျောက်ခံရသလို ဟန်ဆောင်ပြီး ကြေးငါးရုပ်ကို လွှတ်ချလိုက်သည်။

အထိန်းတော်ကြီးတစ်ဦး ကောက်ယူပြီး ရွှီရှီကို ပေးလိုက်သည်။

ရွှီရှီ စစ်ဆေးကြည့်လိုက်သည်။ ကြောင်မျက်လုံးကျောက်၊ ရွှေရောင်စာလုံးများ။ ဒါ ချန်မျိုးနွယ်စုရဲ့ ကြေးငါးရုပ် အစစ်ပဲ။

"ပြန်ပေး!"

ကျီယွဲ့ရုံ အော်ဟစ်လိုက်သည်။

"ခြင်္သေ့မကြီး!"

နဉ်ရှောင်ယောင်း ရွှီရှီရှေ့ ခုန်ဝင်သွားပြီး ကြေးငါးရုပ်ကို လုယူရန် ကြိုးစားလိုက်သည်။

ရွှီရှီက ရှောင်တိမ်းလိုက်ပြီး နဉ်ရှောင်ယောင်းကို အေးစက်စွာ ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်း အရိုက်ခံရတော့မယ်ဆိုတာ သိလိုက်သည်။

ရွှီရှီ လက်မြှောက်လိုက်သည်။

နဉ်ရှောင်ယောင်း ငြိမ်ခံနေလိုက်သည်။

"ဖြောင်း..."

ပါးရိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

နဉ်ရှောင်ယောင်း မျက်ရည်ဝဲသွားသည်။ ပါးကို အုပ်ပြီး တွေးလိုက်မိသည်မှာ…..

နာလိုက်တာ။

All Chapters