← Chapters

အခန်း (၄၆၂)

Vol. 47 Ch. 462

အခန်း (၄၆၂)

Vol. 47 Ch. 462

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

မဟာမြို့စားမင်းနှင့် အကြီးအကဲများမှာ အကွာအဝေး ဝေးကွာလှသည့်နေရာ၌ ရှိနေကြသည့်အပြင် သိုင်းပညာအဆင့်အတန်း မြင့်မားသူများ ဖြစ်သောကြောင့် သန့်စင်မှုမြင့်မားသော ယူရေနီယမ်ကျောက်တုံး ပေါက်ကွဲချိန်တွင် အောင်မြင်စွာ နောက်ဆုတ်နိုင်ခဲ့ကြသည်။

တကယ်တော့ သူတို့သည်လည်း ရောင်ခြည်သင့်မှုကို အနည်းနှင့်အများ ခံစားခဲ့ရသော်လည်း အချိန်ကြာမြင့်စွာ ထိတွေ့ခြင်း မရှိသဖြင့် အသက်အန္တရာယ် ထိခိုက်သည်ထိ ဖြစ်လိမ့်မည်မဟုတ်ချေ

လူပုပရောဖက် စစ်ခုန်းယဲ့သည်လည်း ချက်ချင်းဆိုသလိုပင် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့သော်ငြားလည်း မလွတ်မြောက်နိုင်ခဲ့ပေ။ မဟာမြို့စားမင်း ဖူထျန်ယာက သူ့ကို ချက်ချင်း ဖမ်းဆီးလိုက်ပြီး ပါးစပ်ထဲမှ မိစ္ဆာနှိမ်နင်းပုတီးစေ့ကို အတင်းအဓမ္မ ဆွဲထုတ်ယူလိုက်လေ၏။

ပြီးနောက် ကောင်စီဝင်များ အားလုံးသည် မီတာ ရာပေါင်းများစွာ အကွာမှနေ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာကို လှမ်းကြည့်လိုက်ကြသည်။

ထိုနေရာမှ စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်းသော မြေပြင်တစ်ခုလုံးသည် အစိမ်းရောင် အလင်းတန်းများ ထုတ်လွှတ်နေပြီး ထူးဆန်း၍ လှပနေသည်။

“တုပိုင်က ဘယ်လိုလဲ” တစ်ယောက်က မေးလိုက်၏။ “သူက အခု အန္တရာယ်ရဲ့ အရင်းအမြစ် ဖြစ်နေပြီ။ သူ့ဆီကနေ မီတာ ရာပေါင်းများစွာ အကွာအဝေးထိ ကြောက်မက်ဖွယ် စွမ်းအင် အရှိန်အဝါတွေကို ခံစားနေရတယ်”

မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “သူက ငါတို့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်အတွက် အသက်စွန့်ခဲ့တာပါ။ သူ့ကို မြှုပ်နှံပေးလိုက်ပါ။ ဒါပေမဲ့ အဝေးဆုံးနဲ့ အနက်ရှိုင်းဆုံး နေရာမှာ မြှုပ်နှံရမယ်။ ပြီးတော့ ဘယ်သူမှ အဲဒီနေရာနားကို မကပ်ရဘူး”

“တားမြစ်နယ်မြေဆိုရင်ကော” တစ်ယောက်က ဝင်ပြောလိုက်၏။ “သူ့ကို တွင်းနက်တားမြစ်နယ်မြေမှာ မြှုပ်နှံလိုက်ရင်ကော။ ဘာပဲဖြစ်ဖြစ် အဲဒီနေရာကို ဘယ်သူမှ မသွားရဲကြဘူးလေ”

မဟာမြို့စားမင်း ဖူထျန်ယာ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ... သူ့ကို တွင်းနက်တားမြစ်နယ်မြေမှာပဲ မြှုပ်နှံလိုက်တော့”

ရုတ်တရက် တစ်ယောက်က မေးလိုက်၏။ “ဒါဆို ဘယ်သူ လုပ်မလဲ”

မှန်ပေသည်။ တုပိုင်၏ အလောင်းကို တွင်းနက်တားမြစ်နယ်မြေဆီ မည်သူက သယ်ဆောင်သွားမည်နည်း။ အားလုံး၏ အမြင်တွင် တုပိုင် သေဆုံးသွားပြီဟု ယူဆထားကြသည်။

မည်သူမျှ စကားမပြောရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် တုပိုင်၏ အလောင်းသည် အလွန် အန္တရာယ် များနေပြီး မီတာ ဆယ်ဂဏန်း အကွာအဝေးသို့ ရောက်လျှင်ပင် အသက်အန္တရာယ် ရှိနိုင်သောကြောင့် ဖြစ်သည်။

မဟာမြို့စားမင်းက အနောက်မှ အရက်အိုးတစ်လုံးကို ယူလိုက်ပြီး ၊ မိစ္ဆာနှိမ်နင်းပုတီးစေ့ကို ဆေးကြောကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် ပြောလိုက်၏။ “ငါ့အတွက် တစ်ကိုယ်လုံးကို အလုံပိတ်ထားတဲ့ သံချပ်ကာ တစ်စုံ ရှာပေးပါ။ ငါ ကိုယ်တိုင် တုပိုင်ကို တွင်းနက်တားမြစ်နယ်မြေဆီ ပို့ဆောင်ပြီး မြှုပ်နှံပေးမယ်”

အားလုံးက သက်ပြင်းချလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်ကြ၏။ “မဟာမြို့စားမင်းက ဉာဏ်ပညာ ကြီးမားလှပါတယ်”

ကျီမြို့စား ကျီထျန်အန်း တစ်ယောက်တည်းသာ လုပ်ရန် ပြောလိုက်၏။ “အစ်ကိုကြီး... ကျွန်တော် လုပ်ပါရစေ။ အစ်ကိုကြီးက မဟာမြို့စားမင်းလေ... ဘာမှ ဖြစ်လို့ မရဘူး”

မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “ငါက စံပြအနေနဲ့ လုပ်ပြချင်လို့ပါ။ ဒီလောက်ပါပဲ”

ထိုအခိုက် အကြီးအကဲတစ်ဦးက ပြောလိုက်၏။ “တုပိုင်က သေသွားပြီဆိုတော့... သူ့ကို ပေးထားတဲ့ ကတိက တည်သေးလား”

ထိုစကား ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ မှန်ပေသည်။ တုပိုင် သေဆုံးသွားပြီဖြစ်၍ သူ့ကို ပေးထားတဲ့ ကတိတွေကို တည်ဖို့ လိုအပ်ပါဦးမည်လော။

ဤသည်မှာ ကောင်းကင်ဘုံက ပေးသနားသော ရတနာသိုက်ကြီးပင် ဖြစ်ချေသည်။ အခု သေစေနိုင်သည့် အန္တရာယ်ကို ဖြေရှင်းပြီးပြီဆိုသောအခါ ၊ အားလုံးက အသက်ရှည်ရှည် နေနိုင်တော့မည် ၊ နုပျိုနိုင်တော့မည် ၊ ပျော်ရွှင်တဲ့ ဘဝကို ရရှိတော့မည်ဖြစ်လေ၏။

အကယ်၍ ယခင်ကတိအတိုင်း တုပိုင်၏ လူထောင်ပေါင်းများစွာ ဝင်ရောက်လာမည်ဆိုပါက ဤရတနာမြေ၏ အရင်းအမြစ်များကို ခွဲဝေယူငင်ရာ ရောက်ပေလိမ့်မည်။ ယခုမူ တုပိုင် သေဆုံးသွားခဲ့ပြီဖြစ်၍ ကတိတည်ရန် မလိုအပ်တော့ပေ။

ချက်ချင်းပင် မဟာမြို့စားမင်း ဖူထျန်ယာ၏ မျက်နှာ ပြောင်းလဲသွားပြီး အေးစက်စွာ ပြောလိုက်၏။ “ငါတို့ မျိုးနွယ်စုကြီးတွေက ဘယ်တုန်းက ဒီလောက်ထိ အောက်တန်းကျသွားရတာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက သစ္စာတရားနဲ့ ကတိသစ္စာတွေ ဘယ်ရောက်သွားလဲ။ ညီငယ်လေး တုပိုင်က လူတိုင်းရဲ့ ကံကြမ္မာကို ကယ်တင်ဖို့အတွက် ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ။ သူသာ မရှိရင် နောက်ထပ် နှစ် ၂၀ အတွင်းမှာ မျိုးနွယ်စုကြီး ငါးခုလုံး သေဆုံးကုန်ကြလိမ့်မယ်။ ဒီမှာရှိတဲ့ လူတိုင်း အပါအဝင်ပေါ့။ အခု သူ့အရိုးတောင် မဆွေးသေးဘူး... မင်းတို့က ကတိဖျက်ပြီး သူ့ရဲ့ နောက်လိုက်ထောင်ပေါင်းများစွာကို သေစေချင်နေကြတာလား”

ကျီမြို့စား ကျီထျန်အန်းက ဆက်ပြောလိုက်၏။ “နောက်ထပ် အချက်တစ်ချက်ကို မမေ့ပါနဲ့။ ခုနက တုပိုင်က ယုတ်ညံ့တဲ့ စွမ်းအင်တုံး ပေါက်ကွဲတော့မယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ ငါတို့ဘက်ကို ကျောခိုင်းပြီး အဝေးကို လွှင့်ပစ်ခဲ့တယ်။ အန္တရာယ် အရှိဆုံး အချိန်မှာတောင် သူက ယုတ်ညံ့တဲ့ စွမ်းအင်တုံးကို ငါတို့နဲ့ ဝေးရာဆီ ပို့ဆောင်ပေးခဲ့တယ်။ ငါ ကျီထျန်အန်းက မျက်နှာထား အေးစက်ပေမဲ့ ကျေးဇူးတရားကို နားလည်သေးတယ်ကွ”

မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “ဆုံးဖြတ်လိုက်ပြီ။ စစ်ခုန်းယဲ့ကို သေဒဏ်ပေးဖို့ အကျဉ်းထောင်ကို ပို့လိုက်။ အမြန်ဆုံး စစ်ဆေးပြီး ကွပ်မျက်မယ်။ ညီလေး ကျီထျန်အန်း... ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ တံခါးဝကို မင်းတို့ ကျီမျိုးနွယ်စုက စောင့်ကြပ်နေတာ မဟုတ်လား။ သွားပြီး တံခါးဖွင့်ပေးလိုက်ပါ။ တုပိုင်ရဲ့ လူထောင်ပေါင်းများစွာကို ဝင်ခွင့်ပေးလိုက်ပါ။ ပြီးတော့ ငါ့အတွက် လိုအပ်တဲ့ကိရိယာတွေနဲ့ တစ်ကိုယ်လုံး လုံခြုံတဲ့ သံချပ်ကာ ယူလာပေးပါ”

ကျီမြို့စား ကျီထျန်အန်းက ပြောလိုက်၏။ “မဟာမြို့စားမင်းရဲ့ အမိန့်ကို နာခံပါ့မယ်”

ထို့နောက် သူသည် အကြီးအကဲနှစ်ဦးကို ဦးဆောင်ပြီး စစ်ခုန်းယဲ့ကို လက်ဝါးတစ်ချက်တည်းဖြင့် သတိလစ်စေကာ ဖမ်းဆီးခေါ်ဆောင်သွားလေတော့၏။

ထိုသို့ဖြင့် တစ်ရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့လေ၏။ တုပိုင်၏ လူ ၄,၀၀၀ ကျော်လုံးသည် တစ်ရက်လုံး စားစရာ ပြတ်လပ်နေပြီး ၊ ရှေ့မှ မီတာ ဆယ်ဂဏန်း မြင့်မားသော ကျောက်တံခါးကြီးသည်လည်း ပိတ်ထားဆဲ ဖြစ်သည်။

သက်ကြီးရွယ်အိုအချို့သည် ပင်ပန်းဆင်းရဲသည့် ဒဏ်ကို မခံနိုင်တော့ဘဲ သတိလစ် မေ့မြောကုန်ကြသည်။ ထိခိုက်သေဆုံးမှုများ စတင် ဖြစ်ပေါ်နေပြီဖြစ်လေသည်။ ကျန်ရှိသော အစားအစာ အနည်းငယ်ကိုလည်း ကလေးများအား ပေးလိုက်ကြသည်။

သို့သော် ဤလူ ၄,၀၀၀ ကျော်သည် အလွန် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ မည်သူမျှ ဆူညံခြင်း မရှိ ၊ မည်သူမျှ စောဒကတက်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တုပိုင်ကို အကြွင်းမဲ့ ယုံကြည်ကြသောကြောင့် ဖြစ်သည်။

ထိုအချိန်မှာပင် ရုတ်တရက်ကြီး ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြီး မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေ၏။

“ဂျိမ်းးးးး”

သူတို့ရှေ့ရှိ မီတာ ဆယ်ဂဏန်း မြင့်မားသော ပြိုင်ဘက်ကင်း မြေအောက်မြို့တော် ကျောက်တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာလေသည်။ ကျီထျန်နုံနှင့် မြို့စားမင်းလေး ကျီချန်တို့သည် တံခါးနောက်တွင် ပေါ်လာပြီး ပြောလိုက်၏။ “ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က ကြိုဆိုပါတယ်။ ဒီနေ့ကစပြီး ခင်ဗျားတို့ ဒီမြို့မှာ နေထိုင်နိုင်ပါပြီ”

ပထမ ကနဦးတွင် သူတို့အားလုံး တိတ်ဆိတ်နေကြသည်။

ထို့နောက် ရုတ်တရက် ဝမ်းသာအားရ အော်ဟစ်သံများဟိန်းထွက်လာကြလေ၏။

“နောက်ဆုံးတော့ လေလွင့်နေရတဲ့ ဘဝ ပြီးဆုံးသွားပြီ... နောက်ဆုံးတော့ အခြေချ နေထိုင်လို့ ရပြီ... ပိုင်ဆယ်မြို့မှာလို စိုးရိမ်ကြောင့်ကြ နေစရာ မလိုတော့ဘူး...”

“အရှင်တုပိုင် အသက်ရာကျော် ရှည်ပါစေ”

“အရှင်တုပိုင် အသက်ရာကျော် ရှည်ပါစေ”

ပျော်ရွှင်စွာ အော်ဟစ်သံများကြားတွင် တုပိုင်၏ လူ ၄,၀၀၀ ကျော်သည် သပ်ရပ်စွာ တန်းစီပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထဲသို့ စနစ်တကျ ဝင်ရောက်သွားကြသည်။ စစ်သည်များက ရှေ့ဆုံး ၊ သက်ကြီးရွယ်အိုနှင့် ကလေးများက အလယ် ၊ အပြာရောင်နဂါးဂိုဏ်းသားများက အနောက်မှ လိုက်ပါသွားကြလေ၏။

**--**--**--**--**--**--**--**

ထိုအရာများ အားလုံးဖြစ်ပျက်နေသည့် တစ်ချိန်တည်းတွင် တုပိုင်၏ အသိစိတ်အာရုံသည် နက်ရှိုင်းသော နေရာတစ်ခုသို့ ရောက်ရှိနေလျက်ရှိသည်။

‘စနစ်... မင်း ဘာလုပ်နေတာလဲ...’ တုပိုင်၏ အသံသည် ခက်ထန်ခြင်း မရှိသော်လည်းဘဲ အလွန် အေးစက်နေပြီး အကြွင်းမဲ့ ဒေါသများဖြင့် ပြည့်နှက်နေလေ၏။ အိပ်မက်စနစ်သည် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ပြန်ပြောလိုက်၏။

“စနစ်ရှင်... အခြားကမ္ဘာတစ်ခုမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အမာခံစခန်း ကျဆုံးသွားပြီ။ ကျွန်တော်တို့ကို ကာကွယ်ပေးနေတဲ့ နောက်ဆုံး လူထောင်ပေါင်းများစွာ အားလုံး သေဆုံးသွားကြပြီ” ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်၏။ သူ့အသံထဲတွင် နှိုင်းယှဉ်၍မရနိုင်သော ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

သူ့အသံသည် အမြဲတမ်း အေးစက်နေပြီး ခံစားချက် မရှိသကဲ့သို့ ဖြစ်သော်လည်း ယခုအချိန်၌မူ ထူးဆန်းစွာဖြင့် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေလေ၏။

‘ဒါဆို ဘာဖြစ်လဲ... အဲဒါနဲ့ပဲ မင်းက ငါ့ကို ဒီလို သတ်ပစ်ရတာလား’ တုပိုင်က စိတ်ထဲမှ အေးစက်စွာ ပြောလိုက်၏။

“အချိန်မရှိတော့ဘူး... အချိန်မရှိတော့ဘူး...” အိပ်မက်စနစ်က ပြောလိုက်၏။ “အခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် ပိုဆိုးရွားနေတယ်။ ဒါကြောင့် စွန့်စားရတော့မယ်”

တုပိုင် တိတ်ဆိတ်သွားသည်။

အိပ်မက်စနစ်က ဆက်ပြောလိုက်၏။ “စနစ်ရှင်... ခင်ဗျားက ခံစားချက်နဲ့ လူသားဆန်မှုကို တန်ဖိုးထားတယ်။ စီမံကိန်းတွေ အများကြီး ၊ လူတွေ အများကြီးရဲ့ ကံကြမ္မာတွေ... ကျွန်တော်တို့ ခင်ဗျားရဲ့ အမိန့်ကို နာခံခဲ့ပါတယ်။ ခင်ဗျားရဲ့ ဆန္ဒက ခင်ဗျားပိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အသက်ကော... ခင်ဗျား ဘယ်လို လုပ်မလဲ”

ဤစကားမှာ ရိုင်းစိုင်းသည်ဟု ထင်မှတ်ဖွယ်ရာ ရှိသော်ငြားလည်း တုပိုင် ဒေါသထွက်ခြင်း အလျဉ်းမရှိခဲ့ပေ။

အိပ်မက်စနစ်က ပြောလိုက်၏။ “ကျွန်တော်တို့က ခင်ဗျားရဲ့ အသက်ကို ခင်ဗျားထက်တောင် ပိုဂရုစိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားသေရင် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ အကုန် ပျက်သုဉ်းသွားမှာမို့လို့ပါ။ ဒါပေမဲ့ အခု အခြေအနေက အရမ်း အရေးကြီးနေပြီ။ ကျွန်တော်တို့ စွန့်စားရမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်... ကျွန်တော်တို့က ခင်ဗျားရဲ့ အသက်နဲ့ ရင်းပြီး စွန့်စားနေတာပါ။ ခင်ဗျားသေရင် ကျွန်တော်တို့ အားလုံး ပြီးသွားပြီ။ အရာအားလုံး ပြီးဆုံးသွားပြီ”

တုပိုင်က ဆက်မေးလိုက်၏။ ‘ဒါဆို အခု မင်း ဘာလုပ်မှာလဲ... မင်းက ငါ့တစ်ကိုယ်လုံးကို ယူရေနီယမ် အမှုန့်တွေနဲ့ ဖုံးလွှမ်းလိုက်တယ်... ငါ့ခန္ဓာကိုယ် တစ်ခုလုံး ရောင်ခြည်သင့်နေပြီ... အခု သမိုင်းမှာ အကြီးမားဆုံး ဓာတ်ရောင်ခြည်သင့် သက်ရှိ ဖြစ်နေပြီကွ’

အိပ်မက်စနစ်က ပြောလိုက်၏။ “ကျွန်တော်တို့က ခင်ဗျားကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားတာပါ။ ဆန္ဒကို ပြောင်းလဲတာ မဟုတ်ဘူး ၊ စိတ်ဓာတ်ကို ပြောင်းလဲတာ မဟုတ်ဘူး။ ခန္ဓာကိုယ် ၊ သွေး နဲ့... ပိုမို နက်ရှိုင်းတဲ့ ပြောင်းလဲမှုနဲ့ ဆင့်ကဲဖြစ်စဉ်ကို လုပ်ဆောင်မှာပါ”

‘ပိုရှင်းအောင် ပြောစမ်း’ တုပိုင်က အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်၏။

အိပ်မက်စနစ်က ပြောလိုက်၏။ “ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်သင့်မှု ခံရရင် မျိုးဗီဇ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်တယ်ဆိုတာ ခင်ဗျား သိမှာပါ။ လူအများစုက ချက်ချင်း သေဆုံးသွားကြပေမဲ့... လူနည်းစုကတော့ အဆိပ်သင့်သွားနိုင်တယ်”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters