← Chapters

အခန်း (၄၆၃)

Vol. 47 Ch. 463

အခန်း (၄၆၃)

Vol. 47 Ch. 463

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အိမ်မက်စနစ်ဆိုလိုသည့် အရာအား တုပိုင်ရုတ်တရက်နားလည်သွားလေ၏။ ချက်ချင်းပင် တုပိုင် ဒေါသတကြီး အော်ဟစ်လိုက်၏။ “သောက်ကျိုးနည်း။ အဲဒါက ရုပ်ရှင်တွေထဲမှာပဲ ရှိတာ... ပင့်ကူကိုက်ခံရလို့ စပိုက်ဒါမန်း ဖြစ်လာတာ... ပုတ်သင်ညိုက ရောင်ခြည်သင့်ပြီး ဂေါ်ဇီလာ ဖြစ်လာတာဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတာဟ... လက်တွေ့မှာတော့ မျိုးဗီဇ ပြောင်းလဲသွားရင် ခေါင်းသုံးလုံး ၊ ခြေထောက်ငါးချောင်းနဲ့ သားရဲကောင်တွေပဲ ဖြစ်လာမှာ... ငါက လူသားကွ... ခြေထောက်သုံးချောင်း လက်လေးဖက်နဲ့ သတ္တဝါဆန်း မဖြစ်ချင်ဘူး”

အိပ်မက်စနစ်သည် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြန်လည်တုံ့ပြန် ပြောဆိုလိုက်၏။ “ခင်ဗျားက မတူဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားဆီမှာ ကျွန်တော်တို့ ရှိနေသလို ၊ ခင်ဗျားရဲ့ ဒန်တျန် အနက်ရှိုင်းဆုံး နေရာမှာ ရွှေရောင် ရေနဂါးသွေးစွမ်းအင် ရှိနေလို့ပဲ။ ဒါကြောင့် ခင်ဗျားက အောင်မြင်စွာ မျိုးရိုးဗီဇ ပြောင်းလဲနိုင်သူ ဖြစ်လာနိုင်တယ်”

တုပိုင် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ “ဒါဆို မင်းက ငါ့ကို ဘာကောင် ဖြစ်အောင် ပြောင်းလဲချင်နေတာလဲ”

အိပ်မက်စနစ်က ရှင်းပြလိုက်၏။ “ခင်ဗျားက အတွင်းရော အပြင်ရော လူသားအဖြစ် ဆက်ရှိနေမှာပါ။ ဒါပေမဲ့... ကျွန်တော်တို့က ခင်ဗျားကို ရေနဂါးရဲ့ သွေးစွမ်းအင် ပိုင်ဆိုင်စေချင်တာ”

ထိုစကား ကြားလိုက်ရသောအခါ တုပိုင် တုန်ယင်စွာဖြင့် ရေရွတ်မိလိုက်သည်။ “မင်းတို့ ရူးနေပြီ... မင်းတို့အားလုံး ရူးနေကြပြီ”

အိပ်မက်စနစ်က ပြန်လည် အော်ဟစ်လိုက်လေ၏။ “ကျွန်တော်တို့ မရူးဘူး... ကျွန်တော်တို့ မျှော်လင့်ချက်မဲ့နေပြီ... လမ်းစပျောက်နေပြီ။ အစက ကျွန်တော်တို့မှာ ဆယ်နှစ် အချိန်ရှိတယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ အခု မရှိတော့ဘူး... မရှိတော့ဘူး... ကျွန်တော်တို့ရဲ့ အမာခံစခန်း ဖျက်ဆီးခံလိုက်ရပြီ။ အခု သုံးနှစ်ပဲ ကျန်တော့တယ်... အများဆုံး သုံးနှစ်ပဲ ကျန်တော့တယ်”

အိပ်မက်စနစ်၏ အသံသည် ယခင်ကထက် ပိုမို ပြင်းထန်လာပြီး ရှိုက်သံများ ပါလာ၏။ “ကျွန်တော်တို့ ဘာတွေ ကြုံတွေ့ရမလဲ ဆိုတာ ခင်ဗျား မသိပါဘူး။ သုံးနှစ်ပဲ ကျန်တော့တာ... အရှင်တုပိုင်... သုံးနှစ်အတွင်းမှာ ခင်ဗျား ဘယ်လောက်ထိ သန်မာလာနိုင်မယ် ထင်လဲ။ သုံးနှစ်နေရင် ခင်ဗျား ဘာလုပ်နိုင်မှာမို့လို့လဲ”

တုပိုင် တိတ်ဆိတ်သွားရသည်။

အိပ်မက်စနစ်က ဆက်လက်ရှင်းပြလေ၏။ “ဟုတ်ပါတယ်... ခင်ဗျားဆီမှာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ရှိတယ်။ တစ်နှစ်ကျော်အတွင်းမှာ ခင်ဗျားကို မဟာဆရာသခင်အဆင့် ရောက်အောင် ကျွန်တော် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်မှာ ကြီးမားတဲ့ အားနည်းချက် ရှိတယ်ဆိုတာ ခင်ဗျား သိပါတယ်။ သူများရဲ့ အတွင်းအားကို စုပ်ယူလိုက်တိုင်း အဲဒီ အတွင်းအားကို သန့်စင်အောင် လုပ်ရမယ်။ ပြီးမှ ဒုတိယအကြိမ် ထပ်စုပ်ယူလို့ ရမယ်။ မဟုတ်ရင် ခင်ဗျား လေဖြတ်သွားမယ်... အဆိုးဆုံး အခြေအနေမှာ သေတောင် သေသွားနိုင်တယ်။ ခင်ဗျား စုပ်ယူမယ့် သူတွေက နီရှန်လိုမျိုး သန့်စင်တဲ့ အတွင်းအား ပိုင်ဆိုင်သူတွေ မဟုတ်ဘူးလေ။ ခင်ဗျား စုပ်ယူမယ့် သူအများစုက မိစ္ဆာလမ်းစဉ် လိုက်နေတဲ့ အောက်တန်းစားတွေပဲ”

“သုံးနှစ်အတွင်းမှာ ခင်ဗျားကို ပေမင်မဟာအတတ်အပြည့်အစုံ ရရှိအောင် ကျွန်တော် စီစဉ်ပေးဦးမှာပါ။ နောက်သုံးနှစ်ကြာရင် ခင်ဗျား အသက် ၂၂ နှစ်လောက် ဖြစ်လာမယ်။ အဲဒီအချိန်ကျရင် ခင်ဗျားက သမိုင်းမှာ စံချိန်တင်တဲ့ ယွီမဟာဆရာသခင်အထွတ်အထိပ်အဆင့်... ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တဲ့ အဆင့် ရောက်နေလောက်ပြီ” အိပ်မက်စနစ် အသံများ တုန်ရီနေသည်။ “ဒါပေမဲ့ အဲဒါက ဘာအသုံးဝင်မှာလဲ။ ဒီလောက် ကျင့်ကြံမှု အဆင့်နဲ့ မလုံလောက်သေးဘူး... မလုံလောက်သေးဘူး... ကျွန်တော်တို့က ခင်ဗျားကို ဒီထက်ပိုပြီး သန်မာစေချင်တာ”

“စနစ်ရှင်... ကျွန်တော်တို့ရဲ့ မူလ အစီအစဉ်က ဆယ်နှစ်ပါ။ ဒါကြောင့် တချို့ကိစ္စတွေကို လေးနှစ် ၊ ခြောက်နှစ်လောက်နေမှ လုပ်လို့ ရတယ်။ ဒါပေမဲ့ အခု မရတော့ဘူး။ ကျွန်တော်တို့ရဲ့ အမာခံစခန်းကြီး ပေါ်သွားပြီ။ ကျွန်တော်တို့ရဲ့ ကာကွယ်သူတွေ အကုန် သေကုန်ကြပြီ။ ကျွန်တော်တို့မှာ အချိန် မရှိတော့ဘူး။ အခု ရွှေလို အခွင့်အရေး ရတာနဲ့ ချက်ချင်း လုပ်ရတော့မယ်။ အခု ခင်ဗျားရဲ့ တစ်ကိုယ်လုံးကို ယူရေနီယမ် အမှုန့်တွေနဲ့ ဖုံးလွှမ်းလိုက်တာ အပါအဝင်ပေါ့။ အလွန် ပြင်းထန်တဲ့ ရောင်ခြည်စွမ်းအင်တွေကို ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲ ချက်ချင်း စီးဝင်စေပြီး ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက ရေနဂါးသွေးကို နိုးထလာစေချင်တာ... ခင်ဗျားကို ပြောင်းလဲသွားစေချင်တာ”

တုပိုင်က စိတ်ထဲမှ အေးစက်စွာ မေးလိုက်၏။ ‘ဒါဆို မင်း အောင်မြင်သွားပြီလား’

အိပ်မက်စနစ်က အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ဖြေလိုက်သည်။ “ကျွန်တော် မသိဘူး”

တုပိုင်က ထပ်မံမေးလိုက်၏။ ‘မသိဘူးဆိုတာ ဘာသဘောလဲ’

အိပ်မက်စနစ်က ပြောလိုက်၏။ “ဒီလောက် များပြားတဲ့ ရောင်ခြည်စွမ်းအင် ပမာဏနဲ့ဆိုရင် တခြားလူသာဆို တစ်ယောက်မပြောနဲ့ ၊ လူတစ်ရာ ၊ လူတစ်ထောင်လောက် သေသွားလောက်ပြီ။ ဒါပေမဲ့ မိစ္ဆာနှိမ်နင်းပုတီးစေ့ကြောင့် ဖြစ်နိုင်သလို ၊ ရေနဂါးသွေး စွမ်းအင်ကြောင့်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အကူအညီကြောင့် ခင်ဗျား အခုချိန်ထိ မသေသေးတာ။ ဒါပေမဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်က အလင်းရောင်တွေ ထွက်ပြီး ဖောက်ထွင်းမြင်နေရတာကလွဲရင် ကျန်တဲ့ ပြောင်းလဲမှု မရှိသေးဘူး။ သွေးကြောတွေလည်း ပြောင်းလဲခြင်း မရှိသေးဘူး”

တုပိုင်က ပြောလိုက်၏။ ‘မင်း စိတ်ကူးထားတဲ့ သောက်ကျိုးနည်းပြောင်းလဲခြင်းက မဖြစ်လာသေးဘူးပေါ့’

အိပ်မက်စနစ်က ပြောလိုက်၏။ “လောလောဆယ်တော့ မဖြစ်သေးဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ပြင်းထန်တဲ့ ရောင်ခြည်သင့်စေတာက ပြောင်းလဲခြင်းရဲ့ ပထမအဆင့်ပဲ ရှိပါသေးတယ်”

တုပိုင်က ပြောလိုက်၏။ ‘စနစ်... ငါ မင်းကို သတိပေးလိုက်မယ်။ ငါက လူသား... ဘယ်တော့မဆို လူသားပဲ’

အိပ်မက်စနစ်က ပြောလိုက်၏။ “ခင်ဗျားက လူသားဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားက အမြဲတမ်း လူသား ဖြစ်နေမှာပါ။ ကျွန်တော်တို့ ပြောင်းလဲချင်တာက ခင်ဗျားရဲ့ သွေးကြောတွေ ၊ ခင်ဗျားရဲ့ ဒန်တျန်ချီပင်လယ်တွေပါ။ ခင်ဗျားလည်း မြင်ဖူးတာပဲ... လူသားတွေရဲ့ သက်တမ်းက နှစ်တစ်ရာလောက်ပဲ ရှိတယ်။ သားရဲဆန်းတွေကျတော့ကော။ နှစ်တစ်ထောင်ကျော် အသက်ရှင်ကြတယ်။ အန်ချိုကျွန်းပေါ်မှာ ခင်ဗျား တွေ့ဖူးတယ် မဟုတ်လား။ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးက ဘယ်လောက် စွမ်းအားကြီးလဲ။ လူသားတွေနဲ့ ယှဉ်ရင် ဘယ်လောက် ကွာခြားလဲ။ ကျွန်တော်တို့က ခင်ဗျားကို ဆင့်ကဲပြောင်းလဲ စေချင်တာ။ လူသားပုံစံနဲ့ နဂါးသွေးစွမ်းအင် ပိုင်ဆိုင်စေချင်တာ”

‘ရူးနေပြီ... ရူးနေပြီ...’ တုပိုင်က ရေရွတ်မိလိုက်၏။ ‘မင်းတို့ စမ်းသပ်ဖူးလား။ အရင်တုန်းက အောင်မြင်ဖူးတဲ့သူ ရှိလား’

အိပ်မက်စနစ် တိတ်ဆိတ်သွားလေသည်။ “ဒါက ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး စီမံကိန်း တစ်ခု ဖြစ်ခဲ့ဖူးတယ်။ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ စီမံကိန်းပေါ့။ ဒါပေမဲ့... အမြဲတမ်း ကျရှုံးခဲ့လို့ အားလုံး လက်လျော့ထားခဲ့ကြတာ”

တုပိုင်က ပြောလိုက်၏။ ‘ဒါကြောင့် မင်းက ငါ့ကို စမ်းသပ်လိုက်တာပေါ့’

အိပ်မက်စနစ်က ပြောလိုက်၏။ “ရွေးချယ်စရာ လမ်းမရှိတော့ဘူးလေ။ သုံးနှစ်ပဲ ကျန်တော့တာ။ တကယ်လို့ အောင်မြင်ခဲ့ရင် ခင်ဗျားက နှစ်တစ်ထောင် သက်တမ်း ပိုင်ဆိုင်လာပြီး မသေမျိုးနီးပါး ဖြစ်လာလိမ့်မယ်။ ရေနဂါးရဲ့ သွေးစွမ်းအင်ကို ပိုင်ဆိုင်လာလိမ့်မယ်။ ကျွန်တော်တို့က ခင်ဗျားကို ဆင့်ကဲပြောင်းလဲ စေချင်တာပါ”

တုပိုင်က မေးလိုက်၏။ ‘ဒါဆို ငါ မင်းကို မေးမယ်... အောင်မြင်နိုင်ခြေ ဘယ်လောက် ရှိလဲ’

အိပ်မက်စနစ်က ပြောလိုက်၏။ “ကျွန်... ကျွန်တော် မသိဘူး... ၁၀ ရာခိုင်နှုန်းလောက် ရှိမလား”

‘သောက်ကျိုးနည်း...ဂြျငင်ကနငနိုညကြမုနသတဝငမြ်” တုပိုင် ဒေါသတကြီး ဆဲဆိုလိုက်မိတော့သည်။

တုပိုင်က ဆက်မေးလိုက်၏။ ‘အရာအားလုံး အဆင်ပြေသွားရင်တောင် မင်းပြောတဲ့ အဆင့်ရောက်ဖို့ ဘယ်လောက် ကြာဦးမှာလဲ’

“သုံးဆင့်... သုံးဆင့်ပဲ လိုတော့တယ်” အိပ်မက်စနစ်က ပြောလိုက်၏။ “အခုက ပထမအဆင့်ပဲ။ ဒီပထမအဆင့် အောင်မြင်သွားရင်တောင် ခင်ဗျားအတွက် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရရှိလာမှာပါ”

တုပိုင်က မေးလိုက်၏။ ‘ဒါဆို ဒီပထမအဆင့်ကော အောင်မြင်ရဲ့လား’

အိပ်မက်စနစ်က တိုးတိုးလေး ပြောလိုက်၏။ “ကျွန်... ကျွန်တော် မသိသေးဘူး”

တုပိုင်က ပြောလိုက်၏။ ‘ငါ့စိတ်ထင်တော့ မင်း ကျရှုံးတော့မယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ငါ့ခန္ဓာကိုယ်က သေတော့မလို ခံစားနေရတယ်။ ငါ့ရဲ့ သက်စောင့်အားတွေ လျင်မြန်စွာ ကုန်ဆုံးနေတယ်။ ငါ့အသက် နာရီချိန်ကိုက်သံကိုတောင် ကြားနေရပြီ’

တုပိုင်သည် အတွင်းစိတ်အာရုံကို အသုံးပြု၍ ကြည့်ရှုလိုက်ရာ သူ၏ အသက် ချိန်ကိုက်သံကို အမှန်တကယ် မြင်တွေ့လိုက်ရလေသည်။

ရေနဂါးသွေး ၊ အိပ်မက်စနစ်နှင့် မိစ္ဆာနှိမ်နင်းပုတီးစေ့တို့ ကာကွယ်ပေးထားသော်လည်း ဤမျှ ကြီးမားသော ရောင်ခြည်စွမ်းအင်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အကာအကွယ်များစွာရှိသော်လည်းဘဲ တုပိုင် သေဆုံးလုနီးပါး ဖြစ်နေဆဲပင်။

“စက္ကန့် ၉၀၀”

“၈၉၉ စက္ကန့်”

“၈၉၈ စက္ကန့်”

တုပိုင်၏ အသက်ရှင်ချိန်သည် စက္ကန့်နှင့်အမျှ ကုန်ဆုံးနေသည်။

‘အခု ငါ ဘယ်ရောက်နေတာလဲ’ တုပိုင် မေးလိုက်သည်။

“မြေအောက် မီတာ တစ်သောင်း အနက်မှာ... ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ တားမြစ်နယ်မြေ ၊ အန္တရာယ်အများဆုံးနဲ့ အကြောက်မက်ဖွယ်အကောင်းဆုံး နေရာမှာ” အိပ်မက်စနစ်က ပြောလိုက်၏။

တုပိုင်က ပြောလိုက်၏။ ‘ဘာလို့ ဒီလောက် မှောင်မိုက်ပြီး မွန်းကြပ်နေရတာလဲ’

အိပ်မက်စနစ်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ခင်ဗျားက အုတ်ဂူထဲက အခေါင်းထဲမှာ ရောက်နေလို့လေ။ သူတို့က ခင်ဗျား သေပြီထင်လို့ မြှုပ်နှံလိုက်ကြတာ။ ဒါက မီတာ တစ်သောင်းနက်တဲ့ တားမြစ်နယ်မြေ ဖြစ်သလို ၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကလည်း အရမ်း အန္တရာယ်များလွန်းလို့ ကျွန်တော်လည်း မကပ်ရဲဘူး။ မီတာ ဆယ်ဂဏန်းလောက် အကွာအဝေး ရောက်တာနဲ့ အသက်အန္တရာယ် ရှိနိုင်တယ်”

တုပိုင် ဒေါသတကြီး တွေးတောမိလိုက်သည်။ ‘ငါ တစ်သက်လုံး နေရာစုံ ရောက်ဖူးပေမဲ့ အခေါင်းထဲ ၊ အုတ်ဂူထဲတော့ မဝင်ဖူးသေးဘူးကွ...’

“၈၆၁ စက္ကန့်”

“၈၆၀ စက္ကန့်”

ဤအချိန်သို့ ရောက်နေသည့်တိုင် တုပိုင် လုံးဝ အသေမခံလိုပေ။ သူ့၏ ပခုံးပေါ်၌ လူထောင်ပေါင်းများစွာ ရှိသေးသည်။ ပြီးမြောက်အောင် လုပ်ရမည့် တာဝန်တွေ ရှိသေး၏။ တာ့နင်အင်ပါယာ၏ အနောက်တောင်ပိုင်း တစ်ခုလုံးကို ပြန်လည် သိမ်းပိုက်ပြီး ပုန်ကန်မှုတွေကို ချေမှုန်းမည်ဟု ဧကရာဇ်ကို ကတိပေးထားခဲ့သည်။ သူသေလို့ရသည်။ သို့သော် ယခု ၊ ဤနေရာ၌ သေလို့မရသေးချေ။

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် တုပိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ အခေါင်းကို ထိုးခွဲလိုက်သည်။ ကြောက်မက်ဖွယ် ရောင်ခြည်သင့်မှုကြောင့် သူ့ခန္ဓာကိုယ်သည် အလွန် အားနည်းနေပြီး မူလ သိုင်းပညာများကို အသုံးပြု၍ မရသလောက် ဖြစ်နေသည်။

လက်ကို ဆန့်ထုတ်လိုက်ရာ သူ့ဘေးတွင် ချထားသော ဓားကို စမ်းမိလိုက်သည်။ တုပိုင် ဓားကို ခက်ခက်ခဲခဲ ကောက်ယူလိုက်ပြီး အားကုန် ခုတ်ပိုင်းလိုက်သည်။

“ခရက်... ဂျွတ်... ဝုန်းးးးး”

အားနည်းနေသော်လည်း တုပိုင်သည် အချိန်တိုအတွင်းမှာပင် အခေါင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် ခုတ်ပိုင်းလိုက်နိုင်သည်။ ချက်ချင်းပင် သဲများ ပြိုကျလာသည်။

တုပိုင် အားကုန် ထပ်မံ ခုတ်ပိုင်းလိုက်ရာ အုတ်ဂူပေါက်သွားပြီး အပြင်သို့ ပြေးထွက်လာနိုင်ခဲ့သည်။ သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ သို့သော် အသက်ရှူရ အလွန် ခက်ခဲကြောင်း ၊ အားကုန် ရှူသွင်းသော်လည်း လေအနည်းငယ်သာ ရရှိကြောင်း တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်ရာ ထိတ်လန့်တကြား အာမေဋိတ်သံ ထွက်သွားမိသည်။

‘ဒါ ဘာကြီးလဲဟ...’

သူ၏ တစ်ကိုယ်လုံးသည် ဖောက်ထွင်းမြင်နေရပြီး အစိမ်းရောင် အလင်းတန်းများ ထုတ်လွှတ်နေသည်။ ဤသည်မှာ လူပုံသဏ္ဍာန် မီးသီးကြီး တစ်လုံးကဲ့သို့ဖြစ်နေ၏။

အပြင်လောကရှိ ယူရေနီယမ် သတ္တုတွင်းများတွင်လည်း ဤကဲ့သို့ အစိမ်းရောင် ဖလိုရိုဆင် အရာဝတ္ထုများကို တွေ့ရတတ်သော်လည်း တုပိုင်လောက်တော့ မတောက်ပကြပေ။

“၅၀၀ စက္ကန့်”

“၄၉၉ စက္ကန့်”

တုပိုင်၏ အသက်ရှင်ချိန်မှာ ဆက်လက် ကုန်ဆုံးနေဆဲ ဖြစ်လေသည်။ သူသည် အမှန်တကယ်ပင် အားနည်းနေလေ၏။ ခုတ်ပိုင်းပြီးနောက် ဓားကိုပင် ဆက်လက်ပြီး မကိုင်ထားနိုင်တော့ပေချေ။ သူ၏ တစ်ကိုယ်လုံးရှိ ကိုယ်တွင်းကလီစာများ အားလုံး အလုပ်မလုပ်တော့သကဲ့သို့ ဖြစ်နေလေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters