အခန်း (၄၆၄)
Vol. 47 Ch. 464
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင်သည် နက်ရှိုင်းလှသော တွင်းနက်ကြီး၏ လမ်းကြောင်းအတိုင်း အောက်သို့ထိုးဆင်းရန် သူ၏ ဗီဇစိတ်ကိုသာ အားကိုးနေရလေသည်။
အိပ်မက်စနစ်သည်ပင် အံ့အားသင့်လျက်ရှိသည်။ သူက လမ်းညွှန်မှု မပေးရသေးသော်လည်း တုပိုင်သည် ပန်းတိုင်ရှိရာသို့ တိတိကျကျ ဦးတည်ပြေးလွှားနေလျက်ရှိ၏။
သေမင်းနှင့် စစ်ခင်းနေရသော ထိုအချိန်၌ တုပိုင်သည် အသည်းအသန် ပြေးလွှားနေသော်လည်း သူ၏အရှိန်ကား တဖြည်းဖြည်း နှေးကွေးလာပြီဖြစ်သည်။
‘သူ့ပန်းတိုင်က ဘယ်နေရာလဲ... ဘာပစ္စည်းလဲ...’
သူကိုယ်တိုင် မသိသော်ငြား ထိုအရာက နေရာတစ်ခုတွင် ရှိနေကြောင်း ဗီဇစိတ်က အာရုံခံမိပြီး ထိုနေရာသို့ အလိုအလျောက် ပြေးသွားနေမိခြင်း ဖြစ်သည်။
“စက္ကန့် ၃၀၀”
“၂၉၉ စက္ကန့်”
“၂၉၈ စက္ကန့်”
တုပိုင်၏ အရှိန်သည် သိသိသာသာ လျော့ကျသွားပြီး အမြင်အာရုံများလည်း ဝေဝါးစပြုလာသည်။ လက်ကျန်အနေဖြင့် တုပိုင်သည် ရှင်သန်လိုစိတ်နှင့် ဗီဇစိတ်ကိုသာ အားပြု၍ အောက်သို့ ဆက်လက် ပြေးဆင်းနေမိသည်။
မီတာ တစ်ထောင်... မီတာ တစ်သောင်း ၊ သုံးထောင် ၊ သုံးရာ...နောက်ဆုံးတွင်မူ သူ လုံးဝ မပြေးနိုင်တော့ဘဲ ခြေပစ်လက်ပစ် လဲကျသွားတော့သည်။
ခန္ဓာကိုယ်သည် လိမ့်ဆင်းသွားလေသည်။ လိမ့်ရင်း... လိမ့်ရင်း... ထိုခဏ၌ပင် သူ သတိလစ် မေ့မြောသွားပြန်သည်။
သို့သော် သူ့စိတ်အာရုံထဲတွင်မူ အသက်ရှင်ချိန် ရေတွက်သံများက ပဲ့တင်ထပ်နေဆဲပင်ဖြစ်၏
“စက္ကန့် ၉၀”
“စက္ကန့် ၈၀”
“စက္ကန့် ၅၀”
“စက္ကန့် ၃၀”
တုပိုင် ဆက်လက် လိမ့်ကျသွားသည်။
အနက် မီတာ ၄,၀၀၀... မြေအောက် အလွန်နက်ရှိုင်းသောကြောင့် ထူးဆန်းသော အပင်များမှတစ်ဆင့် အောက်ဆီဂျင် ရရှိနေသော်လည်း အလင်းရောင်ဟူ၍ လုံးဝ မရှိဘဲ မှောင်မိုက်နေသည်။ ရုတ်တရက် တုပိုင်သည် တွင်းနက်၏ အဆုံးထိ လိမ့်ကျသွားသကဲ့သို့ ဖြစ်သွားသည်။
ထိုနေရာကား ကျောက်စင်မြင့်တစ်ခု ဖြစ်လေ၏။ ယင်းကျောက်စင်မြင့်အောက်တွင်မူ အဆုံးကိုမမြင်ရသည်အထိ နက်ရှိုင်းလှသော တွင်းနက်ကြီး ရှိနေလေ၏။ ထို့ပြင် ဤကျောက်စင်မြင့်သည် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လျက်ရှိ၏။
ဤနေရာသည် နေရောင်ခြည်ပမာ တောက်ပသော ရွှေရောင်အလင်းတန်းများ၊ နွေးထွေးမှု၊ စွမ်းအားကြီးမားမှုနှင့် မြင့်မြတ်မှုတို့ ပြည့်နှက်နေသော နေရာတစ်ခုဖြစ်လေသည်။ သေချာ ကြည့်လိုက်သောအခါ အလင်းရောင်၏ အရင်းအမြစ်သည် ရေတွင်းတစ်တွင်း ဖြစ်နေသည်။
ရေတွင်းထဲတွင် ကြည်လင်တောက်ပသော ရွှေဝါရောင် အရည်များ ပြည့်နှက်နေပြီး နေရောင်ခြည်ကဲ့သို့ အလင်းတန်းများ ဖြာထွက်နေခြင်း ဖြစ်သည်။ ဤရွှေရောင်အရည်က ထုတ်လွှတ်လိုက်သော အလင်းရောင်မှတစ်ဆင့် စွမ်းအားကြီးမားပြီး မြင့်မြတ်သော အရှိန်အဝါကို ခံစားနေရသည်။
တုပိုင် ဆက်လက် လိမ့်ကျသွားသည်။
“ဗွမ်းးးးးးးး”
အစိမ်းရောင် အလင်းတန်းများ ထုတ်လွှတ်နေသော သူ့ခန္ဓာကိုယ်သည် ရွှေရောင်ဖျော့ဖျော့ ရေတွင်းထဲသို့ တိုက်ရိုက် ကျသွားလေတော့သည်။ ချက်ချင်းပင် ရွှေရောင် မြင့်မြတ်သော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ထူးဆန်းသော အစိမ်းရောင် အလင်းတန်းများနှင့် ရောနှောသွားလေ၏။
ထိုအချိန်၌ပင် တုပိုင်၏ အသက်ရှင်ချိန် ရေတွက်မှု ပြီးဆုံးသွားသည်။ တချိန်တည်းမှာပင် အလွန် တောက်ပပြီး မြင့်မြတ်သော စွမ်းအင်များသည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်မတတ် စီးဝင်လာကြလေ၏။ ဤအလင်းရောင် စွမ်းအင်များ ဝင်ရောက်လာပြီး အစိမ်းရောင် ပြောင်းလဲနေသော တုပိုင်၏ ခန္ဓာကိုယ်ထဲ၌ တဖြည်းဖြည်း ပေါက်ကွဲသွားကြသည်။
ဤနေရာသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ တားမြစ်နယ်မြေ ဖြစ်သည်။ သို့သော် အဘယ်ကြောင့် တားမြစ်ထားရသနည်း။
တုပိုင် မသိပေ။ ဤရေတွင်းက နေရောင်ခြည်လို ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများ ထုတ်လွှတ်နေပြီး အလင်းရောင်နှင့် မြင့်မြတ်သော စွမ်းအင်များ ပြည့်နှက်နေသည်။
‘ဒါပေမဲ့ ရေတွင်းရေက ဘာကြီးလဲ...’
တုပိုင် မသိနိုင်ပေ။ သို့သော် ဤရေတွင်းသည် အလွန်တရာ အရေးကြီးသည် ဆိုသည်မှာ ယုံမှားသံသယ ဖြစ်စရာ မလိုပေ။ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က အခြားကမ္ဘာမှ စွမ်းအင် ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်လေ၏။ ယခုအချိန်တွင်မူ ထိုရေတွင်းရေက တုပိုင်၏ အသက်ကို ကယ်တင်လိုက်နိုင်လေသည်။
ရွှေရောင်စွမ်းအင် အမျှင်တန်းတိုင်း ပေါက်ကွဲထွက်လာပြီး တုပိုင်၏ ခန္ဓာကိုယ်ထဲရှိ အမှောင်ဓာတ်ရောင်ခြည် စွမ်းအင်များကို အစအနမကျန် ဖျက်ဆီးပစ်လိုက်သည်။
နေထွက်လာချိန်တွင် အလင်းရောင်က အမှောင်ထုကို မောင်းထုတ်လိုက်သကဲ့သို့ပင် ခမ်းနားကာ ထည်ဝါလေ၏။ သို့သော် အတိအကျ မဟုတ်သေးချေ။
နေရောင်ခြည်က အမှောင်ထုကို တစ်ဖက်ကနေ မောင်းထုတ်လိုက်ခြင်း ဖြစ်သော်လည်း ဤရေတွင်းရေ၏ မြင့်မြတ်သော အလင်းစွမ်းအင်ကမူ တုပိုင်ခန္ဓာကိုယ်ထဲမှ အမှောင်ရောင်ခြည် စွမ်းအင်များကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
တုပိုင်သည် ထိုအမှောင်စွမ်းအင်များဖြင့် အတူတူ သေဆုံးသွားခြင်းကိုပင် ခံစားလိုက်ရသည်။ အလင်းရောင်နှင့် မြင့်မြတ်သော စွမ်းအင် အနည်းငယ် ပေါက်ကွဲတိုင်း အတူတူ သေဆုံးသွားကြသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ တုပိုင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အစိမ်းရောင် အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ့ခန္ဓာကိုယ်သည် ပုံမှန် အရောင်သို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာသည်။
ထူးဆန်းသော ဖောက်ထွင်းမြင်ရမှုလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော် ရေတွင်းမှ ထုတ်လွှတ်သော အဝါရောင်ဖျော့ဖျော့ အလင်းတန်းများသည် အားနည်းသထက် အားနည်းလာပြီး စိမ့်ဝင်နေသော အစိမ်းရောင် အလင်းတန်းများက ပိုမို အားကောင်းလာသည်။ ရွှေရောင်နှင့် အစိမ်းရောင် ရောနှောသွားပြီး အဘယ်ကြောင့်မှန်းမသိ အစိမ်းရင့်ရောင်အဖြစ် ပြောင်းလဲသွားလေ၏။ ကြည့်ရသည်မှာ ရေတွင်းသည် ဓာတ်ရောင်ခြည်ကြောင့် ညစ်ညမ်းသွားပုံရလေ၏။
အချိန်မည်မျှ ကြာမြင့်သွားသည်မသိ။ တုပိုင် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်သည် ဤထူးဆန်းသော ရေတွင်းထဲတွင် မျောပါနေဆဲ ဖြစ်သည်။ သို့သော် ယခင်ကဲ့သို့ မသန့်ရှင်းတော့ချေ။ ယခင်ကမူ နေရောင်ခြည်ကဲ့သို့ ရွှေရောင်ဖျော့ဖျော့ဖြင့် သန့်ရှင်းစင်ကြယ်နေခဲ့သည်။
ယခုမူ ရွှေရောင်တစ်ဝက် အစိမ်းရင့်ရောင်တစ်ဝက် ဖြစ်နေ၏။ ထုတ်လွှတ်လိုက်နေသည့် အလင်းရောင်များကလည်း နောက်ကျိနေလျက်ရှိသည်။ တုပိုင် ရေတွင်းထဲမှ ခုန်ထွက်လိုက်ပြီး တွင်းနက်တားမြစ်နယ်မြေ၏ နက်ရှိုင်းသော ကျောက်စင်မြင့်ပေါ်တွင် ပုန်းနေလိုက်သည်။
သူ အနည်းငယ် အားနာသွားမိသည်။
‘ငါ ဒီရေတွင်းကို ညစ်ညမ်းစေခဲ့ပြီ ထင်တယ်...’
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ကြောက်မက်ဖွယ် ရောင်ခြည်စွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သက်စောင့်အား အပြည့်အဝ ပြန်လည် ရရှိလာရုံသာမက ဇာမဏီငှက်ကဲ့သို့ ပေါ့ပါးသွက်လက်နေပြီး ခန္ဓာကိုယ် အတွင်းရော အပြင်ပါ စွမ်းအားများ ပြည့်နှက်နေသည်။
အံ့သြစရာ အကောင်းဆုံး အချက်မှာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကြောင့် ကြာပန်းမိစ္ဆာဂိုဏ်းချုပ် လင်းမို့ချန်၏ အတွင်းအားကို စုပ်ယူခဲ့ရာ သူမသည် မိစ္ဆာပညာ လေ့ကျင့်သူ ဖြစ်သဖြင့် အတွင်းအား မသန့်ရှင်းပေ။ စုပ်ယူလိုက်သော အတွင်းအားသည် တုပိုင်၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ပေးခဲ့သော်လည်း ခန္ဓာကိုယ် သွေးကြောများ ပိတ်ဆို့နေပြီး ဒန်တျန်လည်း အနည်းငယ် ညစ်ညမ်းနေခဲ့သည်။
ယခုအချိန်တွင် ဒန်တျန်နှင့် သွေးကြောများထဲရှိ နောက်ကျိနေသော အတွင်းအားများ အားလုံး သန့်စင်သွားပြီး အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။
ဆိုလိုသည်မှာ တုပိုင်သည် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ဖြင့် နောက်တစ်ကြိမ် ထပ်မံ စုပ်ယူနိုင်ပြီ ဖြစ်သည်။ ထို့နောက် တုပိုင်သည် သူ့ခန္ဓာကိုယ်၊ သွေးကြောများနှင့် ဒန်တျန်ကို ဆက်လက် စစ်ဆေးကြည့်လိုက်သည်။ မကြာခင်မှာပင် ဒုတိယမြောက် ပြောင်းလဲမှုကို တွေ့ရှိလိုက်ရသည်။ သူ့ဒန်တျန်ထဲတွင် စွမ်းအင်တစ်ခု ပိုလာသည်။ အစိမ်းရောင် အလင်းကွင်းတစ်ခုဖြစ်၏။
တုပိုင် တုန်ရီစွာ ရေရွတ်မိလိုက်သည်။
“ဒါ... ဒါက ယူရေနီယမ်ကျောက်တုံးရဲ့ ရောင်ခြည်စွမ်းအင်တွေ ငါ့ဒန်တျန်ထဲ ဝင်သွားတာလား”
အိပ်မက်စနစ်က ပြန်ဖြေလိုက်၏။ “ဟုတ်တယ်”
တုပိုင်က ဆက်မေးလိုက်၏။ ‘စွမ်းအားကြီးမားတဲ့ ရောင်ခြည်စွမ်းအင်တွေ ငါ့ဒန်တျန်ထဲ ဝင်သွားရင် ငါ့ခန္ဓာကိုယ်ကို ထိခိုက်စေမှာလား’
အိပ်မက်စနစ်က ပြောလိုက်၏။ “ဒန်တျန်ဆိုတာ သီးခြား စွမ်းအင်နယ်ပယ် တစ်ခုပါ။ ပုံမှန်အားဖြင့် ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ သီးခြား ကွဲထွက်နေပါတယ်။ ခင်ဗျား ဒီရောင်ခြည်စွမ်းအင်တွေကို ထုတ်မသုံးသရွေ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး”
တုပိုင် လန့်သွားသည်။ ဓာတ်ရောင်ခြည်စွမ်းအင်သည် သေချာပေါက် အလွန် ကြောက်စရာ ကောင်းပေသည်။ မည်သည့်သံချပ်ကာကမျှ ကာကွယ်နိုင်မည် မဟုတ်ပေ။ ခဲသံချပ်ကာ ဆိုလျှင်တောင် အများစုကိုသာ ကာကွယ်နိုင်ပေမည်။
‘ဒါကြောင့် ငါသာ ရောင်ခြည်စွမ်းအင် တိုက်ခိုက်မှု ပြုလုပ်လိုက်ရင် စွမ်းအားက အလွန် ကြီးမားမှာ သေချာတယ်...’
‘ဒါပေမဲ့ ဒါက ဓားနှစ်ဖက်သွားပဲ... သူများကို တိုက်ခိုက်ချင်ရင် ရောင်ခြည်စွမ်းအင်က ကိုယ့်ခန္ဓာကိုယ်ကို အရင် ဖြတ်သန်းသွားရမှာ...’
‘သူများကို ထိခိုက်စေရင် ကိုယ်လည်း ထိခိုက်မှာပဲ...’
အိပ်မက်စနစ်က ရှင်းပြလိုက်၏။ “အနာဂတ် တစ်နေ့ကျရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်က ရောင်ခြည်စွမ်းအင်ကို မကြောက်တဲ့ အဆင့်ထိ ပြောင်းလဲသွားရင် ရောင်ခြည်စွမ်းအင် တိုက်ခိုက်မှုတွေ ပြုလုပ်လို့ ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီနေ့ ရောက်ဖို့ဆိုတာ ဝေးပါသေးတယ်”
ထို့နောက် တုပိုင် သူ့ခန္ဓာကိုယ်ကို ဆက်လက် စစ်ဆေးကြည့်ရာ အခြားမည်သည့်ပြောင်းလဲမှုမှ မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။ ဒန်တျန်ထဲတွင် စွမ်းအင် လေးမျိုး ရှိနေဆဲပင်။ ပုံမှန် ရွှမ်းချီ အတွင်းအား ၊ ဝိညာဉ်ကြွေစွမ်းအင် ၊ ရွှေရောင် ရေနဂါးသွေးစွမ်းအင် နှင့် ထူးဆန်းသော အစိမ်းရောင် ရောင်ခြည်စွမ်းအင်တို့ လေးခုက ရှိနေကြလေ၏။
သို့သော် သူ့ခန္ဓာကိုယ်တွင် မည်သည့် ပြောင်းလဲမှုကိုမှ မတွေ့ရသလို၊ သွေးကြောများသည်လည်း ဆင့်ကဲပြောင်းလဲခြင်းမရှိပေ။
တုပိုင်က မေးလိုက်၏။ “စနစ်... ငါ့သွေးကြော ဆင့်ကဲပြောင်းလဲခြင်း ပထမအဆင့် ကျရှုံးသွားတာလား”
အိပ်မက်စနစ်က အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။ “မသိဘူး”
“လီးကို မသိ” တုပိုင် အော်ဟစ်လိုက်သည်။
အိပ်မက်စနစ်က ပြောလိုက်၏။ “ဟုတ်တယ်။ ကျွန်တော် မသိဘူး။ ကျရှုံးတယ် ဆိုရင်လည်း ခင်ဗျား အသက်ရှင်နေသေးတယ်။ အောင်မြင်တယ် ဆိုရင်လည်း ခင်ဗျားရဲ့ သွေးကြောတွေ ဘာမှ မပြောင်းလဲဘူး၊ ဘာမှ ဆင့်ကဲမဖြစ်လာဘူး”
တုပိုင်က မေးလိုက်၏။ ‘အခြေအနေက မင်း ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားပြီလား’
အိပ်မက်စနစ်က ပြောလိုက်၏။ “ဟုတ်တယ်။ ကိုးယန်ကျမ်းရင်းက ရောင်ခြည်စွမ်းအင်တွေကို ခင်ဗျားရဲ့ ဒန်တျန်ထဲ စုပ်ယူလိုက်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ခင်ဗျားရဲ့ သွေးကြောတွေ မပြောင်းလဲတာ ၊ ဆင့်ကဲမဖြစ်တာကလည်း ကျွန်တော် ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေတယ်။ ဒါပေမဲ့ စနစ်ရှင်... အနည်းဆုံးတော့ ခင်ဗျား မသေဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ အရင် စမ်းသပ်မှုတွေတုန်းက စမ်းသပ်ခံရသူတွေ အားလုံး သေဆုံးကုန်ကြတယ်။ ပထမအဆင့်မှာတင် ကြောက်မက်ဖွယ် ရောင်ခြည်စွမ်းအင်ကြောင့် အားလုံး သေကုန်ကြတာ”
တုပိုင် ဒေါသတကြီး ဆဲဆိုလိုက်လေသည်။
“သောက်ကျိုးနည်း...” သူ အနည်းငယ် စိတ်ပျက်မိသွားရသည်။ ဤမျှ ကြီးမားသော အန္တရာယ်ကို စွန့်စားခဲ့ရပြီး သေမလို ဖြစ်ခဲ့ရသည်။ ထို့ပြင် အလွန် မြင့်မြတ်ပြီး စွမ်းအားကြီးသော ရေတွင်းကိုလည်း ညစ်ညမ်းစေခဲ့သေးသည်။ ရလဒ်မှာ သူ့သွေးကြောများ မည်သို့မျှ မပြောင်းလဲခြင်း၊ ဆင့်ကဲမဖြစ်လာခြင်းတို့ပင် ဖြစ်သည်။
အဓိကအချက်မှာ ယခင်က အိပ်မက်စနစ် ပြောပြထားသည်များက အလွန် ဆွဲဆောင်မှု ရှိခဲ့သောကြောင့် ဖြစ်သည်။ လူသားခန္ဓာကိုယ်နှင့် ရေနဂါး သွေးစွမ်းအင် ပိုင်ဆိုင်ရမည်ဟု ဆိုခဲ့သည်။ ထို့ပြင် ဆက်တိုက် ဆင့်ကဲပြောင်းလဲပြီးပါက နှစ်တစ်ထောင်ကျော် အသက်ရှည်မည် ၊ စွမ်းအားကလည်း လူသားများထက် အဆမတန် သာလွန်လာမည်ဟု ဆိုခဲ့သည်။ သို့သော် ယခုအခါတွင်တော့ ဘာဆိုလာမှ မဖြစ်လာချေ။
တုပိုင် ရုတ်တရက် မေးလိုက်၏။ “ဒီရေတွင်းက အရေးကြီးလား”
အိပ်မက်စနစ်က ပြောလိုက်၏။
“အရမ်း အရမ်း အရေးကြီးတယ်”
တုပိုင်က မေးလိုက်၏။
“ဒါဆို အခု ငါ ဒီရေတွင်းကို ညစ်ညမ်းစေလိုက်တော့ အကျိုးဆက်က ပြင်းထန်လား”
အိပ်မက်စနစ်က ပြောလိုက်၏။ “အရမ်း ပြင်းထန်တယ်။ ဒါပေမဲ့ ခင်ဗျားအတွက် ကောင်းတယ်”
တုပိုင်က မေးလိုက်၏။ “ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က လူတွေက ငါ ဒီရေတွင်းကို ညစ်ညမ်းစေတာ သိရင် အပြစ်တင်ကြမလား”
“မတင်ပါဘူး” အိပ်မက်စနစ်က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ဒီရေတွင်းက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ပိုင် မဟုတ်လို့လေ”
“ဝုန်းးးးး.... ဂျိမ်းးးးး....” ရုတ်တရက် မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး တုပိုင် မတ်တတ်ရပ်၍ပင် မရနိုင်လောက်အောင် ဖြစ်သွားရသည်။ ချက်ချင်းပင် တုပိုင်၏ ဆံပင်များ ထောင်ထသွားလေ၏။ သောက်ကျိုးနည်း။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team