← Chapters

အခန်း (၄၆၅)

Vol. 47 Ch. 465

အခန်း (၄၆၅)

Vol. 47 Ch. 465

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်တော့မည် ၊ ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်တော့မည်ဟု တုပိုင်ခံစားလိုက်ရလေ၏။

“ခင်ဗျားက ဒီရေတွင်းကို ညစ်ညမ်းစေခဲ့တာပဲ။ တကယ်ကို ကိစ္စတစ်ခု ဖြစ်ပျက်တော့မယ်” အိပ်မက်စနစ်က ပြောလိုက်၏။ “ဒါပေမဲ့ ဒါက ခင်ဗျားအတွက် ကောင်းပါတယ်။ မှတ်ထားပါ... မူလက နဂါးအဖြစ် ပြောင်းလဲမယ့် မစ်ရှင်ရဲ့ အောင်မြင်နိုင်ခြေက ၃၀ ရာခိုင်နှုန်းပဲ ရှိပေမဲ့ လက်ရှိ အခြေအနေအရ အောင်မြင်နိုင်ခြေက ၅၀ ရာခိုင်နှုန်းအထိ တိုးလာပြီ”

‘နဂါးအဖြစ် ပြောင်းလဲခြင်း...’

တုပိုင်က အေးစက်စွာ ပြောလိုက်၏။ “စနစ်... အပေါ်ယံမှာတော့ ငါက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို သိမ်းပိုက်တယ် ၊ မကျရှုံးနိုင်တဲ့ မြို့တစ်မြို့ကို ရရှိတယ် ၊ သောင်းနဲ့ချီတဲ့ စစ်သည်တွေကို ရရှိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ငါ့ကို နဂါးအဖြစ် ပြောင်းလဲစေချင်တာပဲ မဟုတ်လား”

စနစ် တိတ်ဆိတ်သွားလေ၏။ “ဝုန်းးးး ဂျိန်းးးးး”

ထိုအခိုက် မြေကြီးက ပြင်းထန်စွာ တုန်ခါသွားပြီး ငရဲအနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသကဲ့သို့သော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။

“မြန်မြန် သွား... မြန်မြန် သွား... မဟုတ်ရင် သေပြီပဲ” အိပ်မက်စနစ်က အသည်းအသန် ပြောလိုက်၏။

တုပိုင်သည်လည်း မတုန့်ဆိုင်းရဲလေဘဲ လင်းပိုဝေပု ကိုယ်ဖော့ပညာကို အသုံးပြုပြီး အပေါ်သို့ လျင်မြန်စွာ ပြေးတက်သွားလေသည်။ လမ်းတစ်လျှောက်တွင် တုပိုင်သည် သူ၏ ရတနာဓားကို ကောက်ယူခဲ့သေး၏။ ဤတွင်းနက်တားမြစ်နယ်မြေက အမှန်တကယ်ပင် နက်ရှိုင်းလှပေသည်။ မြေပြင်နဲ့ တည့်တည့်တိုင်းမည်ဆိုလျှင် မီတာ တစ်သောင်းကျော်လောက် နက်ပေမည်။

သို့သော် ထူးဆန်းစွာပင် ဤမျှနက်ရှိုင်းသော နေရာ၌အောက်ဆီဂျင် ရှိနေသေးပြီး လုံလောက်သည်ထက်ပင် ပိုသေး၏။ တုပိုင်သည် တွင်းနက်လမ်းကြောင်းအတိုင်း မြေပြင်ပေါ်သို့ အမြန်ပြေးတက်နေစဉ် လမ်းဘေးဝဲယာရှိ ထူးဆန်းသော ရေညှိပင်များကို တွေ့လိုက်ရသည်။ ဤကမ္ဘာမှ အပင်များနှင့် မတူဘဲ လှုပ်ရှားနေသကဲ့သို့ ဖြစ်နေပြီး ၊ အသက်ပြင်းပြင်း ရှူကာ အောက်ဆီဂျင် အပါအဝင် ဓာတ်ငွေ့ အမျိုးမျိုးကို ထုတ်လွှတ်နေကြသည်။

အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှပေသည်။

တုပိုင်တစ်ယောက် ဘစ်ကျွတ်အောင် ပြေးနေစဥ် မြေကြီး တုန်ခါမှုသည် ဆက်လက် ဖြစ်ပေါ်နေဆဲပင်။ မကြာခင်မှာပင် တုပိုင်သည် တွင်းနက်လမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိသွားပြီး ၊ ထိုနေရာတွင် ကျောက်တံခါးတစ်ချပ် ရှိနေသည်။ တုပိုင် ရှေ့တက်ပြီး အားကုန် တွန်းဖွင့်လိုက်သည်။

ကျောက်တံခါးကြီးပွင့်သွားသောအခါ ရုတ်တရက် မျက်လုံးများ ကျိန်းစပ်သွားပြီး ၊ ကြာရှည်စွာ ပျောက်ဆုံးနေသော နေရောင်ခြည်သည် မျက်လုံးထဲသို့ ဝင်ရောက်လာလေသည်။ တွင်းနက်တားမြစ်နယ်မြေ၏ ဝင်ပေါက်သည်လည်း တွင်းနက်တစ်ခု ဖြစ်သော်လည်း သေးငယ်သော တွင်းနက်လေး ဖြစ်ပြီး အချင်း မီတာ ရာဂဏန်းခန့်သာ ရှိသည်။

ဝင်ပေါက်တွင် ခိုင်ခံ့သော ကျောက်သားရဲတိုက် တစ်ခု တည်ဆောက်ထားလေ၏။ ထူးဆန်းသည်မှာ တုပိုင် တံခါးကို ဖွင့်ပြီး ပြေးထွက်လာသည်နှင့် တုန်ခါမှု ရပ်တန့်သွားခြင်း ဖြစ်သည်။

ရဲတိုက်ထဲမှ ထွက်လာသည်နှင့် စွမ်းအားကြီးမားသော သားရဲနှစ်ကောင် တိုက်ရိုက် ပြေးဝင်လာကြသည်။ ခြင်္သေ့နှင့် တူသော သားရဲများ ဖြစ်ပြီး ၊ အလွန် ကြီးမားကာ အမြင့် သုံးမီတာကျော် ၊ အလျား ငါးမီတာ ခြောက်မီတာခန့် ရှိသည်။ တွင်းနက်တားမြစ်နယ်မြေ၏ ဝင်ပေါက်ကိုလည်း ထိုသားရဲနှစ်ကောင်က စောင့်ကြပ်နေခြင်း ဖြစ်သည်။

နောက်တစ်စက္ကန့်တွင် အလွန် ကြီးမားသော မြွေကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည်။ မီတာ ဆယ်ဂဏန်း ရှည်လျားသော မြွေမိစ္ဆာကြီးသည် တုပိုင်အနားသို့ တိုက်ရိုက် ကပ်လာပြီး အနံ့ခံလိုက်၏။ စွမ်းအားကြီးမားသော သားရဲနှစ်ကောင်နှင့် နှစ်တစ်ရာကျော် သက်တမ်းရှိသော မြွေမိစ္ဆာကြီးတစ်ကောင် စောင့်ကြပ်နေသဖြင့် ဤတွင်းနက်တားမြစ်နယ်မြေ ဝင်ပေါက်သည် လုံခြုံမှု အပြည့်ရှိနေသည်။

တုပိုင် အသက်အောင့်ထားပြီး သားရဲနှစ်ကောင်နှင့် မြွေမိစ္ဆာကြီး အနံ့ခံသည်ကို ငြိမ်သက်စွာ ခံယူလိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် နှစ်တစ်ရာ မြွေမိစ္ဆာကြီး ပျောက်ကွယ်သွားပြီး သားရဲနှစ်ကောင်လည်း မြေကြီးပေါ်တွင် ဝပ်လိုက်ကြသည်။

တုပိုင် ထွက်ခွာနိုင်ပြီ ဖြစ်သည်။

“စနစ်... ငါ့ကို ပြိုင်ဘက်ကင်း ရဲတိုက်ဆီ ခေါ်သွားပေး။ မဟာမြို့စားမင်း ဖူထျန်ယာကို သွားတွေ့မယ်” တုပိုင် ပြောလိုက်၏။

ခဏအကြာတွင် တုပိုင်၏ ဦးနှောက်ထဲ၌ လမ်းပြမြေပုံ တစ်ခု ပေါ်လာသည်။ တုပိုင်သည် လမ်းပြမြေပုံအတိုင်း လိုက်ပါသွားပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အုပ်ချုပ်ရေး ဗဟိုဌာနဖြစ်သော ပြိုင်ဘက်ကင်း ရဲတိုက်ဆီသို့ ဦးတည်သွားလိုက်လေသည်။

နာရီဝက်ခန့် ကြာပြီးနောက် မဟာမြို့စားမင်း ဖူထျန်ယာ၏ ရှေ့မှောက်သို့ တုပိုင် ရောက်ရှိလာသောအခါ ဖူထျန်ယာ လုံးဝ မှင်သက်သွားလေသည်။

‘တုပိုင်... သူ သေသွားပြီ မဟုတ်လား... ငါကိုယ်တိုင် မြှုပ်ပေးခဲ့တာလေ...’

မသေရုံသာမက သူ့ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော အစိမ်းရောင် အလင်းတန်းများလည်း လုံးဝ ပျောက်ကွယ်သွား၏။

ယခင်က အမှောင်ထုနဲ့ ပျက်စီးခြင်း စွမ်းအင်တွေ ပြည့်နှက်နေခဲ့သော်လည်း ၊ ယခုမူ ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားခဲ့ခေ၏။ ထိုသည်သာမက ၊ တောက်ပပြီး နွေးထွေးတဲ့ စွမ်းအင် အရှိန်အဝါတွေ ထွက်ပေါ်နေပြီး အလိုအလျောက် ခင်မင်လိုစိတ် ဖြစ်ပေါ်လာစေ၏။

‘သေရွာကနေ ပြန်လာတာလား...’

‘ဒါက အရမ်း ထူးဆန်းပြီး အံ့သြစရာ ကောင်းလွန်းတယ်...’

“မင်း ဘယ်လိုလုပ်ပြီး သေရွာကနေ ပြန်လာနိုင်လဲ ဆိုတာ ငါ မမေးတော့ပါဘူး။ ဒါပေမဲ့ မင်းက တကယ့်ကို အံ့ဖွယ်လူသားပဲ” မဟာမြို့စားမင်းက ပြောလိုက်၏။ “မင်းရဲ့ လူတွေ ဝင်ရောက် နေထိုင်နေကြပါပြီ။ မူလ စစ်ခုန်းမျိုးနွယ်စုရဲ့ တွင်းနက်မြို့တော်မှာ နေထိုင်ကြတယ်။ စစ်ပွဲကြောင့် အိမ်တွေ အများကြီး ပျက်စီးနေပေမဲ့ မင်းရဲ့ လူ ၄,၀၀၀ ကျော် နေထိုင်ဖို့ လုံလောက်ပါတယ်။ အဲဒီမှာရှိတဲ့ လယ်မြေတွေက နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရပေမဲ့ ပြန်လည် ပြုပြင်စိုက်ပျိုးလို့ ရပါတယ်။ ဒီနေ့ကစပြီး အဲဒီ တွင်းနက်မြို့တော်က မင်းတို့ရဲ့ အပိုင် ဖြစ်သွားပြီ။ မင်းတို့ လူ ၄,၀၀၀ ကျော် လာမယ့် လအနည်းငယ်အတွင်း လိုအပ်မယ့် စားနပ်ရိက္ခာတွေကိုလည်း ငါတို့ ထုတ်ချေးပေးနိုင်ပါတယ်”

တုပိုင် ဦးညွှတ်ပြီး ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် မဟာမြို့စားမင်း... လက်ခံပေးလို့ပါ”

“မဟုတ်ပါဘူး” မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “ဒါတွေက မင်း ရသင့်ရထိုက်တဲ့ အရာတွေပါ။ မင်းက ပရောဖက်ရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ခဲ့ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ကံကြမ္မာကို ကယ်တင်ပေးခဲ့တာလေ။ ပြီးတော့ ကံကောင်းထောက်မစွာနဲ့ စစ်ခုန်းမျိုးနွယ်စုရဲ့ တွင်းနက်မြို့တော်က နှစ်ပေါင်းတစ်ရာလောက် စွန့်ပစ်ခံထားရလို့ ရေလမ်းကြောင်း ဖြတ်တောက်ထားတာ ကြာပြီ။ ဒါကြောင့် ဒီတွင်းနက်မြို့တော်က ညစ်ညမ်းမှု မရှိခဲ့ဘူး”

တုပိုင် ခဏမျှ တွန့်ဆုတ်ပြီးနောက် မေးလိုက်၏။ “မဟာမြို့စားမင်း... စစ်ခုန်းမျိုးနွယ်စု ပျက်စီးသွားပြီးနောက် သူတို့ရဲ့ မြို့တော်က အလွတ် ဖြစ်နေတာလေ။ ဘာလို့ ဘယ်သူမှ မယူကြတာလဲ”

မဟာမြို့စားမင်း ဖူထျန်ယာက တုပိုင်ကို ကြည့်ပြီး ပြောလိုက်၏။ “မျိုးနွယ်စုကြီး ငါးခုထဲက ဘယ်သူ ယူရဲမှာလဲ”

တုပိုင် နားလည်သွားလေ၏။ ယူလိုက်သည်နှင့် ကျန်သည့် မျိုးနွယ်စုကြီးလေးခု၏ ဘုံရန်သူဖြစ်လာပေလိမ့်မည်။ ထို့အတွက်ကြောင့်ပင် ယခုအခါ တုပိုင်တို့ အချောင်ရလိုက်ခြင်း ဖြစ်လေ၏။

မဟာမြို့စားမင်းက ဆက်ပြောလိုက်၏။ “အရေးအကြီးဆုံး အချက်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ နေထိုင်မှု အဆင့်အတန်း မြင့်မားပြီး စားနပ်ရိက္ခာတွေ ပေါများနေတော့ ၊ ဘာကြောင့်မှန်းမသိ ယောကျာ်းနဲ့ မိန်းမတွေက ကလေးယူချင်စိတ် မရှိကြတော့ဘူး။ နှစ်တိုင်း မွေးဖွားနှုန်း ကျဆင်းလာတယ်။ ဒါကြောင့် ငါတို့မှာ မြေနေရာ လိုအပ်ချက် မရှိတော့ဘူး”

ဤကဲ့သို့သော ကိစ္စမျိုးကို တုပိုင် ကောင်းကောင်း သိသည်။ အလွန် တိုးတက်ဖွံ့ဖြိုးသော ကမ္ဘာတွင် အမျိုးသားနှင့် အမျိုးသမီးတို့သည် လက်ထပ်ပြီး ကလေးယူလိုစိတ် လျော့နည်းလာတတ်သည်။ ဆင်းရဲသော နေရာများတွင်သာ မွေးဖွားနှုန်း မြင့်မားလေ့ရှိသည်။ အဘယ်ကြောင့်နည်း။ ဉာဏ်ရည်နှင့် ဆိုင်၏။

“မင်းရဲ့ မျိုးနွယ်စုက ဝင်ရောက်နေထိုင်တာ ငါးရက် ရှိပြီ။ မင်း သူတို့ကို အရမ်း လွမ်းနေမှာပဲ။ သွားပါ... မင်းရဲ့ မျိုးနွယ်စုဆီ သွားလိုက်ပါ ၊ ခေါင်းဆောင်တု” မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “ကျီရှီ... မင်း တုပိုင်ကို သူ့အိမ်သစ်ဆီ လိုက်ပို့ပေးလိုက်ပါ”

မြို့စားမင်းလေး ကျီချန် ဝင်ရောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်၏။ “ဟုတ်ကဲ့... အစ်ကိုတု... ကျွန်တော်နဲ့ လိုက်ခဲ့ပါ”

မြို့စားမင်းလေး ကျီချန်သည် ပြုံးရယ်ခြင်း မရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ၊ သူ့မျက်နှာထားက ယခင်ကဲ့သို့ အများကြီးတင်းမာနေခြင်း မရှိတော့ချေ။

“တုပိုင်... အကို့ရဲ့ မျိုးနွယ်စုက ဝင်ရောက် နေထိုင်နေပြီ။ တွင်းနက်မြို့တော် တစ်ခုလည်း ပိုင်ဆိုင်နေပြီ။ ဒီနေ့ကစပြီး အစားအသောက် ၊ အဝတ်အစား ပူပန်စရာ မလိုတော့ဘဲ နှစ်တစ်ရာလောက် အေးဆေး နေထိုင်လို့ ရပြီ” မြို့စားမင်းလေး ကျီချန်က ပြောလိုက်၏။ “တကယ်ဆိုရင် အကို့ရဲ့ တုမျိုးနွယ်စုက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ဆဌမမြောက် မျိုးနွယ်စု ဖြစ်လာသင့်တယ်။ အကိုကလည်း တုမျိုးနွယ်စု ခေါင်းဆောင် အနေနဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ဆဌမမြောက် မြို့စားမင်း ဖြစ်လာပြီး မြို့စားမင်းများ ကောင်စီ ၊ အကြီးအကဲများ ကောင်စီထဲကို ဝင်ရောက်သင့်တယ်။ ဒါပေမဲ့ ကန့်ကွက်မှုတွေက အရမ်း များလွန်းတယ်။ အောင်မြင်ဖို့ မဖြစ်နိုင်သလောက်ပဲ”

တုပိုင် ကောင်းကောင်း နားလည်သဘောပေါက်လိုက်သည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရှိ လူအများစု၏ အမြင်တွင် တုပိုင်၏ လူ ၄,၀၀၀ ၊ ၅,၀၀၀ ခန့်ကို ဝင်ရောက်နေထိုင်ခွင့် ပြုပြီး တွင်းနက်မြို့တော် အသစ်တစ်ခု ခွဲဝေပေးလိုက်ခြင်းသည်ပင် ကြီးမားသော ကျေးဇူးတရား ဖြစ်နေပြီး ထိုသည်က တုပိုင်၏ ကျေးဇူးကို အပြည့်အဝ ပြန်ဆပ်ပြီးပြီဟု ယူဆထားကြသည်။

သို့သော် တုပိုင်က မြို့စားမင်းအသစ် ဖြစ်လာပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ အုပ်ချုပ်ရေး အဆင့်အတန်းထဲ ဝင်ရောက်ချင်သည်ကိုမူ လူအများစုက လက်မခံနိုင်ကြပေ။

မြို့စားမင်းလေးက ပြောလိုက်၏။ “သူတို့က အကို့ရဲ့ တုမျိုးနွယ်စုက အရမ်း အားနည်းတယ်လို့ ထင်ကြတယ်။ မျိုးနွယ်စုကြီး ငါးခုမှာ လူဦးရေ သောင်းချီ ရှိပေမဲ့ ၊ အကို့ရဲ့ တုမျိုးနွယ်စုမှာ လူ ၄,၀၀၀ ကျော်ပဲ ရှိတယ်။ လူတစ်ယောက်ချင်းစီရဲ့ စွမ်းရည်ကလည်း မျိုးနွယ်စုကြီး ငါးခုနဲ့ ယှဉ်ရင် အများကြီး အားနည်းတယ်။ ဒါကြောင့် အကိုတို့က ဆဌမမြောက် မျိုးနွယ်စု ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ခံစားကြတယ်။ ပြီးတော့ အကို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှု အဆင့်ကလည်း နိမ့်လွန်းလို့ မြို့စားမင်းအသစ် ဖြစ်ဖို့ ၊ မြို့စားမင်းများ ကောင်စီနဲ့ အကြီးအကဲများ ကောင်စီထဲ ဝင်ရောက်ဖို့ အရည်အချင်း မရှိဘူးလို့ ထင်ကြတယ်”

တုပိုင်က ပြောလိုက်၏။ “ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ကျွန်တော့်လူတွေကို အေးချမ်းစွာ နေထိုင်ခွင့် ပေးတာကိုပဲ အရမ်း ကျေးဇူးတင်နေပါပြီ”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၅ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters