← Chapters

အခန်း (၄၆၆)

Vol. 47 Ch. 466

အခန်း (၄၆၆)

Vol. 47 Ch. 466

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Word counts – 793

မြို့စားမင်းလေးက ပြောလိုက်၏။ “စိတ်မပူပါနဲ့... အကိုတုရဲ့ မျိုးနွယ်စု အင်အားကြီးလာတဲ့အချိန် ၊ အကိုတု ပိုပြီး သန်မာလာတဲ့အချိန် ၊ ပြီးတော့ လုံလောက်တဲ့ အကျိုးပြုမှုတွေ လုပ်ဆောင်ပြီးတဲ့အချိန်ကျရင်... အလိုအလျောက်ပဲ အကိုတုက မြို့စားမင်းအသစ် ဖြစ်လာလိမ့်မယ်။ မျိုးနွယ်စုကြီး ခြောက်ခုထဲက တစ်ခု ဖြစ်လာပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေး အဆင့်အတန်းထဲကို ဝင်ရောက်လာနိုင်မှာပါ”

တုပိုင်ကတော့ အမှန်တကယ်ပင် စိတ်လောနေပြီဖြစ်၏။ သူ၏ ရည်မှန်းချက်က မြို့စားမင်း ခြောက်ပါးထဲမှ တစ်ပါး ဖြစ်လာရုံလောက်သာ မဟုတ်ပေ။

ထိုအချိန်၌ အိပ်မက်စနစ်က ပြောလိုက်၏။ “စနစ်ရှင်... စိတ်မပူပါနဲ့။ ခင်ဗျားရဲ့ အခွင့်အရေးက မကြာခင် ရောက်လာတော့မှာပါ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးကို သိမ်းပိုက်နိုင်မယ့် အခွင့်အရေးက မကြာခင် ရောက်လာတော့မှာပါ”

နှင်းကဲ့သို့ ဖြူဖွေးသော ဝံပုလွေဖြူကို စီးနင်းထားသဖြင့် သူ၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လှပေသည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက်...

“ရောက်ပြီ... ဒါက အကိုရဲ့ မျိုးနွယ်စုပဲ... အကိုရဲ့ အိမ်သစ်ပဲ” မြို့စားမင်းလေးက ပြောလိုက်၏။ “ကျွန်တော် ပြန်တော့မယ်”

ထို့နောက် မြို့စားမင်လေးက ထွက်ခွာသွားလေ၏။

တုပိုင် ကျောက်တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

ကြာရှည်စွာ စွန့်ပစ်ခံထားရသော်လည်း အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် တွင်းနက်မြို့တော်ကြီးက သူ့မျက်စိရှေ့တွင် ပေါ်လာလေသည်။

နေရာအနှံ့၌ ပေါင်းပင်များ မြင့်မားစွာ ပေါက်ရောက်နေ၏။ လယ်မြေများ အားလုံး စွန့်ပစ်ခံထားရသေးသည်။ ထိုသည်များသာမက အိမ်အများစုမှာလည်း ပျက်ဆီးနေသေး၏။ ကျန်ရှိနေသေးသော အိမ်များသည်လည်း မြက်ပင်များ ဖုံးလွှမ်းနေသည်။

သို့သော်လည်း ဤနေရာသည် ရတနာမြေတစ်ခု ဖြစ်သည်။ ဤသည်မှာ မကျရှုံးနိုင်သော မြို့တော် ၊ ဤသည်မှာ မှော်ဆန်သော စွမ်းအင်များ ပြည့်နှက်နေသည့် မြို့တော် ဖြစ်သည်။

ဤနေရာ၌ နေထိုင်သူ မည်သူမဆို အသက်ရာကျော် ရှည်နိုင်ပြီး သန်မာလာစေနိုင်သည်။ ယနေ့မှစ၍ ဤနေရာသည် တုပိုင်၏ အိမ်သစ် ဖြစ်လာပြီဖြစ်လေ၏။ တုပိုင်ပြုံးလိုက်မိ၏။

နို့ထိန်းအမေ ၊ အစ်မ တုဖိန်အာနှင့် မိသားစုဝင်များ အားလုံး ဤနေရာ၌ နေထိုင်ကြသည်။ ဤနေရာသည် အလွန့်အလွန် လုံခြုံသည့်အတွက် တုပိုင် စိတ်ချလက်ချ နေထိုင်နိုင်ပြီ ဖြစ်သည်။ ထိုအခိုက် မွှေးပျံ့သော ရနံ့တစ်ခုကို တုပိုင်ရရှိလိုက်လေ၏။

အစ်မ တုဖိန်အာသည် တုပိုင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်လာသည်။ တုပိုင်သည် သူမ၏ တင်ပါးကို ပင့်မလိုက်ပြီး အားပါးတရ ညှစ်လိုက်ကာ ပြုံးလျက် ပြောလိုက်၏။ “အစ်မဖိန်အာ... အခုထိ သေလမ်းရှာနေတုန်းပဲလား”

ထို့နောက် တုပိုင်က အနောက်ဘက်ရှိ အစ်မ ကျီပြောင်ပြောင်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ “အိမ်သစ်က ဘယ်လိုလဲ”

တွင်းနက်၏ အောက်ခြေသည်လည်း ရင်ပြင်တစ်ခု ဖြစ်ပြီး ကျောက်ပြားများ ခင်းထားသော ရင်ပြင်ပေါ်တွင် ပေါင်းပင်များ ဖုံးလွှမ်းနေသည်။ တချိန်က စစ်ခုန်းမျိုးနွယ်စု၏ မြို့စားမင်းအိမ်တော် ဖြစ်ခဲ့ဖူးသော ဤကြီးမားသည့် အဆောက်အဦးသည် ယခုအခါ တုပိုင်၏ အိမ်တော် ဖြစ်လာလေ၏။

“သခင်လေးကို ဂါရဝပြုပါတယ်”

တုပိုင် ဝင်လာသည်ကို မြင်သောအခါ လူပေါင်း ဒါဇင်ချီ၍ သပ်ရပ်စွာ ဒူးထောက် ကြိုဆိုလိုက်ကြသည်။

နို့ထိန်းအမေသည် ပြုံးရွှင်စွာဖြင့် တုပိုင်အား နှုတ်ဆက်လိုက်ပြီး နူးညံ့စွာ ပြောလိုက်၏။ “သခင်လေး... ဒီနေရာက အရမ်း ကောင်းတာပဲ။ ကျွန်မ တသက်လုံး ဒီမှာပဲ နေသွားချင်တော့တယ်”

အပြင်ဘက်၌မူ လူထောင်ပေါင်းများစွာသည် တက်ကြွစွာ အလုပ်လုပ်နေကြပြီး စွန့်ပစ်ခံထားရသော လယ်မြေများထဲမှ ပေါင်းပင်များကို ရှင်းလင်းခြင်း ၊ အိမ်များကို ရှင်းလင်းခြင်းများ ပြုလုပ်နေကြသည်။

ရာပေါင်းများစွာသော အပျက်အစီးများသည် စည်ပင်ဝပြောမှုကို စောင့်မျှော်နေကြပြီး အကန့်အသတ်မဲ့ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အကြီးအကဲများသည် ပရောဖက် စစ်ခုန်းယဲ့အား တရားစီရင်မှု ပြုလုပ်ခဲ့ကြသည်။ ငါးနာရီကြာ တရားစီရင်ပြီးနောက် လူပုပရောဖက် စစ်ခုန်းယဲ့၏ ကြီးလေးသော ပြစ်မှုကြီး ၁၈ ခုကို စာရင်းပြုစုခဲ့ကြပြီး ၊ နောက်ဆုံးတွင် သူ့အား မီးရှို့သတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ပရောဖက် စစ်ခုန်းယဲ့၏ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ခဲ့သူမှာ တုပိုင် ဖြစ်သောကြောင့် သူ့အား မီးရှို့သတ်ဖြတ်မည့် ဂုဏ်ပြုမှုကိုလည်း တုပိုင်အား ပေးအပ်ခဲ့ကြလေ၏။

ပြိုင်ဘက်ကင်း ရဲတိုက်သည် မီတာ ၂၀ မြင့်ပြီး ၊ ပရောဖက် စစ်ခုန်းယဲ့အား မီးရှို့သတ်ဖြတ်ခြင်းကို ပြိုင်ဘက်ကင်း ရဲတိုက်၏ အမြင့်ဆုံးနေရာတွင် ပြုလုပ်မည် ဖြစ်သည်။

လူပုပရောဖက် စစ်ခုန်းယဲ့၏ ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောများနှင့် သွေးကြောမကြီးများတွင် ငွေအပ်များ စိုက်ထားသဖြင့် သူ၏ သိုင်းပညာကို လုံးဝ အသုံးပြု၍ မရတော့ပေ။ ထို့နောက် သံကြိုးများဖြင့် သူ့အား နှိပ်စက်ညှဉ်းပန်းရာ စင်မြင့်ပေါ်တွင် ချည်နှောင်ထားလိုက်သည်။

သူ့ခန္ဓာကိုယ်အား ဆီများ လောင်းထားပြီး ၊ သူ့အောက်တွင် ထင်းပုံများ ပုံထားကာ ထိုထင်းပုံကိုလည်း ဆီများ လောင်းထားလေသည်။

လူပုပရောဖက် စစ်ခုန်းယဲ့သည် နေ့စဉ် ရက်ဆက် သူတစ်ပါးကို မီးရှို့သတ်ဖြတ်ခဲ့သော်လည်း ၊ ယခုအခါတွင်မူ သူကိုယ်တိုင် မီးရှို့ခံရမည့် အလှည့် ရောက်လာခဲ့ပြီ ဖြစ်သည်။

သူ၏ ကျဉ်းမြောင်းသော မျက်နှာက တုပိုင်ကို ကြည့်ပြီး မကောင်းဆိုးဝါးဆန်စွာ ပြုံးနေသည်။ သူ စကားတစ်ခွန်းမှ မပြော ၊ ကျိန်ဆဲခြင်း ၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ဘဲ ပြုံးရုံသာ ပြုံးနေသည်။

“ဟားဟားဟား”

“ဟားဟားဟား”

လူပုပရောဖက် စစ်ခုန်းယဲ့က ရူးသွပ်မတတ် ရယ်မောလိုက်သည်။ ရဲတိုက်အောက်ရှိ လူရာပေါင်းများစွာက ဒေါသတကြီးဖြင့် အော်ဟစ်နေကြသည်။

“မီးရှို့သတ်... မီးရှို့သတ်”

မဟာမြို့စားမင်း ဖူထျန်ယာက အမိန့်ပေးလိုက်၏။ “မီးရှို့ပြီး ကွပ်မျက်လိုက်”

တုပိုင်သည်လည်း ခေါင်းညိတ်လိုက်လေပြီး မီးတုတ်ကို နှိမ့်ချလိုက်ပြီး မီးရှို့လိုက်၏။

“ဝုန်းးး” ချက်ချင်းပင် မီးများ တောက်လောင်လာပြီး လူပုပရောဖက် စစ်ခုန်းယဲ့ကို ဝါးမြိုတော့မတတ် ဖြစ်သွားသည်။

ထိုအချိန်မှာပင် ရုတ်တရက် ကောင်းကင်ယံမှ စူးရှသော ငှက်အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် အလွန် ကြီးမားသော ငှက်ကြီးတစ်ကောင်သည် အလွန်လျင်မြန်သည့် အမြန်နှုန်းဖြင့် အောက်သို့ ထိုးဆင်းလာသည်။ ငှက်ကြီးပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စီးနင်းလိုက်ပါလာသည်။ အလွန် အင်အားကြီးမားသော သိုင်းပညာရှင် အမျိုးသမီးတစ်ဦးသည် တုပိုင်အား အေးစက်စွာဖြင့် စိုက်ကြည့်နေလေ၏။

“ရွှစ်”

ငှက်ကြီးသည် မီးတောက်လောင်နေပြီ ဖြစ်သော လူပုပရောဖက် စစ်ခုန်းယဲ့ကို ကြမ်းတမ်းစွာ သုတ်ခနဲ ဖမ်းယူလိုက်သည်။

ချက်ချင်းပင် တုပိုင်သည်လည်း လင်းပိုဝေပု ကိုယ်ဖော့ပညာကို အသုံးပြု၍ အမြန်ဆုံး ထွက်ပြေးလိုက်လေ၏။ နောက်ကျသွားပါက ဆိုးဆိုးရွားရွားကြီးကို အသတ်ခံရလိမ့်ပေမည်။ သို့သော် နောက်ကျသွားပြီဖြစ်လေ၏။

“ရွှစ် ရွှစ်”

နောက်တစ်စက္ကန့်တွင် အမျိုးသမီး၏ အင်္ကျီလက်စထဲမှ မရေမတွက်နိုင်သော ပိုးသားဖဲကြိုးဖြူများ ပစ်ခတ်ထွက်ပေါ်လာပြီး တုပိုင်၏ ခန္ဓာကိုယ်ကို ချက်ချင်းရစ်ပတ်သွားစေလိုက်သည်။

“ဝူးးးး”

ကြီးမားသော ငှက်ကြီးသည် လျင်မြန်စွာ ပျံသန်းသွားသည်။ ထိုသည်မှာ လင်းယုန်ကြီး တစ်ကောင် ဖြစ်သည်။

ချက်ချင်းပင် မဟာမြို့စားမင်း ဖူထျန်ယာနှင့် အခြားသူများသည် အမြန်ဆုံး အရှိန်ဖြင့် ပြေးတက်လာကြသော်လည်း ၊ ဖြစ်ပျက်သွားသည်မှာ အလွန် မြန်ဆန်လွန်းလှသည်။

သူတို့ရောက်ရှိလာသည့် အချိန်တွင် ငှက်ကြီးသည် ကောင်းကင်ယံ မီတာ ဆယ်ဂဏန်း အမြင့်သို့ ပျံတက်သွားပြီ ဖြစ်သည်။

မဟာမြို့စားမင်း ဖူထျန်ယာနှင့် အခြားသူများသည် လေထဲသို့ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ကြသည်။ ဖူထျန်ယာ၏ ကျင့်ကြံခြင်းအဆင့်သည် အလွန် အင်မတန် စွမ်းအားကြီးမားသော်လည်း ၊ ဝမ်းနည်းစရာ ကောင်းသည်မှာ သူသည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို မတတ်မြောက်ထားခြင်းပင်။

“ဟားဟားဟား... ငါ ပြန်လာခဲ့မယ်ကွ” လူပုပရောဖက် စစ်ခုန်းယဲ့က လေထဲမှနေ၍ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

ကြီးမားသော လင်းယုန်နက်ကြီးသည် အနောက်ဘက်သို့ ဦးတည်၍ ဆက်လက် ပျံသန်းသွားလေ၏။ တုပိုင်သည်လည်း လေထဲတွင် တွဲလောင်းပါသွားပြီး အောက်ဘက်ရှိ ကမ္ဘာမြေကြီးသည် တရိပ်ရိပ် ဝေးကွာသွားသည်ကို အကူအညီမဲ့စွာဖြင့် စိုက်ကြည့်နေရတော့သည်။

တုပိုင် မော့ကြည့်လိုက်ရာ လင်းယုန်နက်ကြီးပေါ်ရှိ အမျိုးသမီးကို တွေ့လိုက်ရသည်။ သူမသည် တိုင်းတစ်ပါးသူ အမျိုးသမီးတစ်ဦး ဖြစ်လေ၏၊ သူမသည် မျက်နှာဖုံး တပ်ထားသော်လည်း ၊ သူမတွင် ကြောင်မျက်လုံးကဲ့သို့ မျက်ဝန်းများ ရှိပြီး အကန့်အသတ်မဲ့ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်ကို တုပိုင် မြင်နေရသည်။ သူမ၏ နဖူးအလယ်တည့်တည့်တွင် အနီရောင် အစက်တစ်ခုကို ရေးဆွဲထားသည်ကိုလည်း မြင်နေရလေ၏။

ဤသည်မှာ အနောက်ဘက်ဒေသမှ အမျိုးသမီးဖြစ်ပြီး ၊ သူမ၏ ဝတ်ရုံတွင် မီးနတ်ဘုရား၏ သင်္ကေတဖြစ်လေ၏။

သူမသည် သေချာပေါက် အနောက်ဘက်ဒေသ မီးနတ်ဘုရားဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်တစ်ဦး ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမ၌ စီးနင်းစရာအဖြစ် ကြီးမားသော လင်းယုန်နက်ကြီး ရှိနေသောကြောင့်ပင်။

မီးနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးသည် တုပိုင်ကို စိုက်ကြည့်လိုက်ရာ အေးစက်လွန်းလှသဖြင့် မည်သည့် အပူချိန်မှ မရှိတော့သကဲ့သို့ဖြစ်သွားသည်ကို တုပိုင်အသေအချာကြီး ခံစားလိုက်မိသည်။

လင်းယုန်နက်ကြီးသည် တုပိုင်ကို ခေါ်ဆောင်သွားပြီး သိပ်မကြာမီတွင်ပင် ပြိုင်ဘက်ကင်း တွင်းနက်နှင့် မနီးမဝေးသို့ ရောက်ရှိလာသည်။ အောက်ဘက်တွင် ကြီးမားသော မြေအောက် အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အနီရောင် မီးတောင်ချော်ရည်များ စီးဆင်းနေလေ၏။

ဤနေရာတွင် မီးတောင် မရှိသော်လည်း ၊ ကမ္ဘာမြေ အက်ကွဲခြင်း ဖြစ်ပေါ်လာတော့မည့်အတွက် မြေအောက်မှ မီးတောင်ချော်ရည်များ ပန်းထွက်လာခြင်း ဖြစ်သည်။

ထိုအခိုက် ရုတ်တရက်ကြီး လင်းယုန်နက်ကြီးသည် အောက်သို့ ထိုးဆင်းလိုက်လေ၏။

“ဟွန့်” ပိုးသားဖဲကြိုးဖြူ ပြတ်တောက်သွားပြီး ၊ မီးနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးသည် တုပိုင်၏ လည်ပင်းကို ဖမ်းဆုပ်ကာ ကြောက်မက်ဖွယ်ကောင်းသော မီးတောင်ချော်ရည်များထဲသို့ ပစ်ချလိုက်လေသည်။

“ဟားဟားဟား” ထိုအခါ လူပုပရောဖက် စစ်ခုန်းယဲ့က ရယ်မောလိုက်ပြီး ပြောလိုက်၏။ “တုပိုင်... မင်းက အရှင်လတ်လတ် မီးရှို့ခံရတုန်းပဲ ၊ ဟားဟားဟား”

ဤတစ်ခေါက်တွင်တော့ တုပိုင်အား ကယ်တင်မည့် မည်သည့် အတားအဆီးမှ မရှိတော့ပေ။ တုပိုင်၏ ခန္ဓာကိုယ်သည် အပူချိန် ဒီဂရီထောင်ချီ ရှိသော ကြောက်မက်ဖွယ် မီးတောင်ချော်ရည်များထဲသို့ အရှင်လတ်လတ် ကျဆင်းသွားလေ၏။ မီးနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးသည် လင်းယုန်နက်ကြီးကို စီးနင်းကာ ထွက်ခွာသွားပြီး မီးတောင်ချော်ရည်ထဲသို့ ကျသွားသော တုပိုင်ကို တစ်ချက်လေးပင် လှည့်မကြည့်တော့ပေ။

“ဘန်းးး”

“အားးးးး”

တုပိုင် နှစ်သက်နှင့် နှစ်ကိုယ် တစ်ခါမှ မအော်ဟစ်ဖူးသော အသံဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရလေ၏။

သူ၏ ခန္ဓာကိုယ်သည် မီးတောင်ချော်ရည်နှင့် စတင်ထိတွေ့လိုက်သည်နှင့် တပြိုင်နက် မီးသွေးခဲတုံးကြီးကဲ့သို့ ဖြစ်သွားလေသည်။ ထိုအချိန်မှာပင် တုပိုင်၏ ဒန်တျန်အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် ရောင်ခြည်စွမ်းအင်များသည် ရွှေရောင် ရေနဂါးသွေး စွမ်းအင်ဆီသို့ အတင်း တိုးဝင်သွားပြီးနောက် ပြင်းထန်စွာ ရောနှောသွားကြသည်။

နောက်တစ်စက္ကန့်တွင် အလွန်အမင်း ရှုပ်ထွေးသော စွမ်းအင်တစ်ခုသည် ဒန်တျန်မှ ထွက်ပေါ်လာပြီး တုပိုင်၏ သွေးကြောများထဲသို့ စီးဝင်သွားလာလေသည်။ ရုတ်ချည်းပင် တုပိုင်၏ သွေးမျိုးဆက်သည် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခု စတင်ဖြစ်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးရှိ သွေးများသည် လျင်မြန်စွာ ပြောင်းလဲလာလေ၏။

ရွှေဝါရောင် ၊ အနက်ရောင်နှင့် အစိမ်းရောင် စွမ်းအင်များသည် သွေးများထဲသို့ ရူးသွပ်စွာ တိုးဝင်လာပြီး ၊ ရူးသွပ်စွာ ပြောင်းလဲပစ်လိုက်သည်။ ချက်ချင်းပင် အိပ်မက်စနစ်က အာမေဋိတ်သံဖြင့် ပြောလိုက်၏။ “ဒါ... ဒါက စီမံကိန်းထဲမှာ မပါဘူးလေ။ ငါက ရေနဂါး သွေးမျိုးဆက်ပဲ လိုချင်တာ... ဘာလို့ ဒီ အစိမ်းရောင် ရောင်ခြည်စွမ်းအင်တွေကပါ သွေးမျိုးဆက် စွမ်းအားထဲကို ဝင်လာရတာလဲ”

သို့သော် နောက်တစ်စက္ကန့်တွင် ပိုမို ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်ပျက်လာသည်။ အနက်ရောင် ဝိညာဉ်အရိပ် စွမ်းအင်သည်လည်း ရုတ်တရက် ရေနဂါးသွေး ၊ အစိမ်းရောင် ရောင်ခြည်စွမ်းအင်တို့နှင့် လာရောက် ပေါင်းစပ်သွားပြန်သည်။

စွမ်းအင် သုံးမျိုးသည် ဒန်တျန် ဧရိယာထဲတွင် ရှုပ်ထွေးပွေလီစွာ ရောနှောသွားပြီး ၊ တုပိုင်၏ သွေးကြောများထဲသို့ ရူးသွပ်စွာ စီးဝင်သွားကာ ၊ ရူးသွပ်စွာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေတော့သည်။

အိပ်မက်စနစ်က ကြောက်ရွံ့စွာဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “ဒါ... ဒါ စီမံကိန်းထဲမှာ မပါဘူး... ဒါ စီမံကိန်းထဲမှာ မပါဘူး... နောက်ထပ် ဘာဆက်ဖြစ်မလဲ... ငါ... ငါ ဘာမှ မသိတော့ဘူး”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters