← Chapters

အခန်း (၄၆၇)

Vol. 47 Ch. 467

အခန်း (၄၆၇)

Vol. 47 Ch. 467

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အဓိကကျသော ကိစ္စရပ်များကို ကြိုတင်စီစဉ်ရန်မှာ အများအားဖြင့် ခက်ခဲတတ်စမြဲပင်။

အိပ်မက်စနစ်သည် ချက်ချင်း လက်ငင်း ထွက်ပေါ်လာသော ပြင်းထန်သည့် ရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ တုပိုင်၏ ခန္ဓာကိုယ်အတွင်းမှ ရွှေရောင် ရေနဂါးသွေးကို နိုးထစေချင်ရုံ သက်သက်ဖြစ်သည်။ ဝိညာဉ်အရိပ်စွမ်းအင်နှင့် ရောင်ခြည်စွမ်းအင်တို့သည် ရေနဂါးသွေး၏ ရွှေရောင်စွမ်းအင်နှင့် လုံးဝ ရှုပ်ထွေးပွေလီစွာ ရောနှောသွားပြီး ၊ နောက်ဆုံးတွင် တုပိုင်၏ သွေးမျိုးဆက် တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်လိမ့်မည်ဟု အိပ်မက်စနစ် လုံးဝ မျှော်လင့်မထားခဲ့ပေ။

သို့သော် အနည်းဆုံးတော့ အိပ်မက်စနစ်၏ ယူဆချက် တစ်ခု မှန်ကန်သွားခဲ့သည်။

တုပိုင်၏ ဒန်တျန်အတွင်းရှိ ရေနဂါးသွေးသည် ရောင်ခြည်စွမ်းအင် အများအပြား၏ လှုံ့ဆော်မှုအောက်တွင် အမှန်တကယ်ပင် ချက်ချင်း နိုးထလာနိုင်ခဲ့လေ၏။

စွမ်းအင် သုံးမျိုးသည် ရောနှောသွားပြီး ၊ တုပိုင်၏ သွေးကြောများထဲသို့ ရူးသွပ်စွာ တိုးဝင်သွားကာ ၊ တုပိုင်၏ ခန္ဓာကိုယ်အား ရူးသွပ်စွာ ပြောင်းလဲပစ်လိုက်ကြသည်။

“အားးးး အားးးးး”

တုပိုင် အလွန်အမင်း ပြင်းထန်လွန်းလှဿည့် နာကျင်မှုတို့ကြောင့် ရူးသွပ်မတတ် အဆက်မပြတ် အော်ဟစ်နေရလေသည်။ ထိုအချိန်၌ သူ၏ ကျောပြင်နှင့် တင်ပါးများသည် မီးတောင်ချော်ရည်ကြောင့် လုံးဝ မီးသွေးတုံးဖြစ်သွားလေပြီး ၊ သူ၏တစ်ကိုယ်လုံးသည်လည်း တဖြည်းဖြည်း နစ်မြုပ်နေလေ၏။

အကယ်၍သာ တုပိုင်သာ တစ်ခုခုကို မလုပ်ပါက ၊ မီးတောင်ချော်ရည်များ၏ လုံးဝ ဝါးမြိုခြင်းကို ခံလိုက်ရပေလိမ့်မည်။

တုပိုင် ပြင်းထန်လှသော နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း မီးတောင်ချော်ရည် မျက်နှာပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ပုံမှန်အားဖြင့် ဆိုလျှင်မူ ဤသို့လုပ်ခြင်းက အသုံးဝင်မည် မဟုတ်ပေ။ သူ၏ လက်မောင်းများသည် ချက်ချင်း အရည်ပျော်သွားမည် ဖြစ်ပြီး ၊ ခန္ဓာကိုယ်ကို ပြန်ကန်ထွက်အောင် တွန်းကန်နိုင်သည့် အတွင်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ချေ။

သို့သော် ယခုအခါ၌ အံ့ဖွယ်အမှုတစ်ခု ဖြစ်လာလေ၏။

တုပိုင်၏ လက်ဝါးသည် အရောင် ချက်ချင်း ပြောင်းလဲသွားသည်။ မူလက သာမန်လူတစ်ယောက်၏ အရေပြား ဖြစ်သော်လည်း ၊ ယခုအခါတွင် အလွန် သေးငယ်သော အကြေးခွံအလွှာတစ်ခု ချက်ချင်း ပေါ်လာပြီး ၊ ရွှေရောင်အလင်းတန်း ဖျော့ဖျော့လေးများ ထွက်ပေါ်နေကာ ၊ အေးစက်ပြီး ထူးဆန်းနေလေ၏။

ထို့အပြင် အရေးကြီးဆုံး အချက်မှာ ဤအကြေးခွံအလွှာများသည် မီးတောက်များ ၊ မီးတောင်ချော်ရည်များကို မကြောက်ရွံ့ခြင်းပင်ဖြစ်လေ၏။

“ဘုန်းးးး”

ထိုလက်ဝါးရိုက်ချက်ကြောင့် တုပိုင်၏ ခန္ဓာကိုယ်သည် ပြန်ကန်တက်သွားပြီး ကျောပြင်နှင့် တင်ပါးများသည် မီးတောင်ချော်ရည်ထဲမှ လွတ်မြောက်သွားလေသည်။

ထို့နောက် တုပိုင်အံကြိတ်လိုက်ပြီး မီးတောင်ချော်ရည် မျက်နှာပြင်ကို ခြေထောက်ဖြင့် နင်းချလိုက်လေ၏။

ထိုအချိန်၌ပင် လက်ဝါးပေါ်ရှိ အကြေးခွံအလွှာများ ပျောက်ကွယ်သွားပြီး ၊ ခြေဖဝါးအောက်၌ အကြေးခွံအလွှာပါးလေးများ ပေါ်လာပြန်သည်။ မီးတောင်ချော်ရည်ကို နင်းလိုက်သော်လည်း တုပိုင် လုံးဝ အပူလောင်ခြင်း မရှိပေ။

တုပိုင်သည် အခွင့်ကောင်းယူပြီး လင်းပိုဝေပု ကိုယ်ဖော့ပညာကို ထုတ်သုံးကာ ၊ မီးတောင်ချော်ရည် မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ပြေးလွှားပြီး ၊ ကမ်းပေါ်သို့ ခုန်တက်လိုက်လေ၏။

နောက်ဆုံးတွင်မူ တုပိုင် မီးတောင်ချော်ရည်ထဲမှ လုံးဝ လွတ်မြောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

တုပိုင် မြေကြီးပေါ်တွင် လှဲချလိုက်ပြီး အနောက်ဘက်ရှိ တင်ပါးနှင့် ခြေထောက်များဆီမှ စူးရှသော နာကျင်မှုကို ကြိတ်မှိတ် ခံစားနေရသည်။

ထိုအခိုက်အတန့်တွင် တုပိုင်၏ ခန္ဓာကိုယ် ၄၀ ရာခိုင်နှုန်းခန့်သည် ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိထားလေသည်။ ခေတ်သစ်ကမ္ဘာတွင် ဆိုလျှင် ဤသည်မှာ ကြီးမားသော ဆေးပညာဆိုင်ရာ ပြဿနာကြီး တစ်ခု ဖြစ်သော်လည်း ကုသနိုင်သေး၏။ သို့သော် ဤကမ္ဘာတွင်မူ သေချာပေါက် သေလမ်းပင် ဖြစ်သည်။

သို့သော် တုပိုင် ခံစားလိုက်ရသည်မှာ ထိုအလွန်ဆိုးရွားလွန်းလှသည့် မီးလောင်သည့် နာကျင်မှုများသည် တဖြည်းဖြည်း သက်သာလာပြီး ၊ တဖြည်းဖြည်း အေးမြလာခြင်းပင် ဖြစ်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် တုပိုင် လက်လှမ်းပြီး သူ၏ ကျောပြင် ၊ တင်ပါးနှင့် ခြေထောက်များပေါ်မှ ကျွမ်းခြစ်နေသော အရေပြားများကို ဆွဲခွာလိုက်ရာ ၊ အတွင်းမှ အသားနုများ ပြန်လည် ထွက်ပေါ်လာသည်ကို ထိတွေ့လိုက်ရသည်။

တုပိုင် လုံးဝ ကြောင်အသွားလေ၏။

ထို့နောက် သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ၊ ရွှမ်းချီစွမ်းအင်များကို ထိုးသွင်းလိုက်သည်။

“ဝုန်းးး”

ရုတ်တရက် တုပိုင်၏ လက်သီးမျက်နှာပြင်ပေါ်တွင် အကြေးခွံအလွှာပါးလေး တစ်ခု ပေါ်လာလေပြီး ထိုအလွန် ပါးလွှာလွန်းလှသည့် အကြေးခွံလေးများသည် ရေနဂါး၏ အကြေးခွံများနှင့် တူညီနေလေ၏။

“ဝုန်းးး”

ရုတ်တရက် တုပိုင် လက်သီးစုပ်လိုက်ပြီး ဘေးနားရှိ မာကျောသော ကျောက်နံရံကို လက်သီးဖြင့် ထိုးချလိုက်သည်။

ချက်ချင်းပင် ကျောက်နံရံပေါ်တွင် တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး ၊ ဘေးပတ်ဝန်းကျင်သို့ ကျောက်စများ လွင့်စဉ်သွားလေ၏။

သို့သော် တုပိုင်၏ လက်သီးတွင်မူ မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ပေ။

“ဒါ... ဒါက တကယ့်ကို မိုက်လွန်းတယ်။ ဒီအကြေးခွံအလွှာ ရှိနေရင် စပယ်ရှယ် မာကျောပြီး ဓားနဲ့ခုတ်ရင်တောင် မတိုးဘူးဆိုတဲ့ သဘောလား။ ပြီးတော့ မီးတောက်တွေကို မကြောက်ဘူး ၊ မီးတောင်ချော်ရည်နဲ့ ထိရင်လည်း မလောင်ဘူး။ ဒါတင်မကသေးဘူး ၊ ငါ့ခန္ဓာကိုယ်က အရမ်းမြန်တဲ့ ပြန်လည် ကုသနိုင်စွမ်း ရှိပြီး ၊ ဒဏ်ရာရရင်တောင် အချိန်တိုအတွင်း ပြန်ကောင်းလာနိုင်တယ်။ ခုနက ဒီလောက်တောင် ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းထားတာတောင် မိနစ်ပိုင်းအတွင်း အရေပြားကွာကျပြီး အသားပြန်တက်လာတယ်။ ဒီစွမ်းရည်က တကယ့်ကို အံ့သြဖို့ ကောင်းလွန်းတယ်။ ဒါက အသွင်ပြောင်းလဲခြင်းလား ၊ ဒါက ဆင့်ကဲပြောင်းလဲခြင်းလား။”

တုပိုင်က ပြောလိုက်၏။ “စနစ်... မင်းလိုချင်တဲ့ ဆင့်ကဲပြောင်းလဲခြင်း ဆိုတာ ဒါကို ပြောတာလား”

အိပ်မက်စနစ်က ပြောလိုက်၏။ “ကျွန်တော် စိတ်ကူးထားတာနဲ့တော့ မတူဘူး... အနည်းဆုံးတော့ ဒီခန္ဓာကိုယ်က ဒဏ်ရာတွေကို လျင်မြန်စွာ ပြန်လည်ကုသနိုင်စွမ်း ရှိလာတာက ကျွန်တော့် စီမံကိန်းထဲမှာ မပါဘူး။ ရေနဂါး သွေးမျိုးဆက်မှာ ဒီလိုစွမ်းရည်မျိုး လုံးဝ မရှိဘူး”

တုပိုင် ကြောင်သွားသည်။ ထိုသို့ဆိုလျှင် ဤစွမ်းရည်က မည်သည့် နေရာမှ ရောက်လာသည်နည်း။

ထို့နောက် တုပိုင်သည် သူ၏ စွမ်းရည်သစ်များကို ဆက်လက်ပြီး စမ်းသပ်လိုက်လေ၏။

တုပိုင် ရွှမ်းချီအတွင်းအားကို တစ်ကိုယ်လုံးဆီ ပို့လွှတ်လိုက်ရာ ၊ ချက်ချင်းပင် တစ်ကိုယ်လုံး အကြေးခွံပါးလေးများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားလေသည်။ တုပိုင် ပြုံးလိုက်မိ၏။

ထို့နောက် သူ၏ ဓားမြှားတိုကို ထုတ်ပြီး အကြေးခွံပေါ်တွင် ထိုးချလိုက်ရာ ၊ အရာလေးသာ ထင်သွားသည်။ တုပိုင် လျှို့ဝှက်ရွှေဓားကို ထုတ်ပြီး အကြေးခွံပေါ်တွင် ခုတ်လိုက်သည်။ ဤတစ်ကြိမ်တော့ ခံနိုင်ရည်မရှိဘဲ ပြတ်ရှသွာသည့် ဒဏ်ရာရသွားလေ၏။ သို့သော် အလွန်တိုတောင်းလှဿည့် အချိန်ကလေးအတွင်းမှာပင် ဒဏ်ရာက တဖြည်းဖြည်း ပြန်ပျောက်သွားလေသည်။ အမာရွတ်ပင် မကျန်ချေ။

အိပ်မက်စနစ်က ပြောလိုက်၏။ “ဒါက ဆင့်ကဲပြောင်းလဲခြင်းရဲ့ ပထမအဆင့်ပဲ ရှိပါသေးတယ်။ ခင်ဗျားရဲ့ ကျင့်ကြံမှု အဆင့်တစ်ခု ရောက်သွားရင် ရေနဂါး အကြေးခွံတွေက လုံးဝ ဘာလက်နက်မှ မတိုးနိုင်တော့ဘူး”

တုပိုင် ရွှမ်းချီစွမ်းအင်ကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်လေ၏။ ရွှမ်းချီအတွင်းအား ကုန်ဆုံးမှု များလွန်းသဖြင့် တုပိုင်အနေဖြင့် အချိန်ပြည့်လိုလိုကြီး ဤရွှေရောင်အကြေးခွံများအား အသုံးပြုနိုင်စွမ်းတော့ မရှိသေးချေ။

ထို့နောက် တုပိုင် ထိုင်ချလိုက်ပြီး ကျိုယန်ကျမ်းကို လည်ပတ်ကာ ကောင်းကင်နှင့်မြေကြီး စွမ်းအင်များကို လောဘတကြီးဖြင့် စုပ်ယူလိုက်သည်။

ဤနေရာသည် တခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်နေသော နေရာ ဖြစ်သဖြင့် ၊ သဘာဝစွမ်းအင်များမှာ အပြင်လောကထက် ပိုမို များပြားလေသည်။ အပြင်တွင်ဆိုလျှင် တုပိုင်၏ အတွင်းအားများအားလုံး ပြန်ပြည့်ရန် အနည်းဆုံး ၅ နာရီခန့် ကြာမည်ဖြစ်သော်လည်း ၊ ဤနေရာတွင်မူ ၂ နာရီလောက်ဖြင့် အကုန်ပြန်ပြည့်သွားလေ၏။

ချက်ချင်းဆိုသလိုပင် တုပိုင် မှင်သက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူအလွန်ထိတ်လန့်စရာကောင်းသည့် တစ်စုံတစ်ခုအား တွေ့ရှိလိုက်သောကြောင့်ပင် ဖြစ်လေသည်။

တုပိုင် တရားထိုင်နေစဉ် အတွင်း ၊ ပုံမှန် ရွှမ်းချီစွမ်းအင်များကို စုပ်ယူနေရုံသာမက ဝိညာဉ်အရိပ် စွမ်းအင်များကိုပါ စုပ်ယူနေခြင်းပင် ဖြစ်သည်။

ဝိညာဉ်အရိပ် စွမ်းအင် ဆိုသည်မှာ မရေမတွက်နိုင်သော ဝိညာဉ်များနှင့် တစ္ဆေများ၏ စွမ်းအင် ဖြစ်သည်။

အပြင်လောကတွင် သရဲတစ္ဆေဟူ၍ မရှိပေ။ သိုင်းလောက တစ်ခုသာ ဖြစ်သည်။

သို့သော် ဤနေရာသည် တခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်သော နေရာ ဖြစ်သဖြင့် ၊ သရဲတစ္ဆေများ ရှင်သန်နိုင်လေသည်။ သေချာပေါက် ပြည့်စုံသော သရဲတစ္ဆေများတော့ မဟုတ်ဘဲ ၊ လေထဲတွင် လွင့်မျောနေသော နာကြည်းမှု အငွေ့အသက်များ ၊ အရှိန်အဝါ အကြွင်းအကျန်များသာ ဖြစ်သည်။

သို့သော် ဤသည်က မည်သည်ကို ဆိုလိုနေသည်နည်း။ ဆိုလိုသည်မှာ တုပိုင်အနေဖြင့် ဝိညာဉ်သားရဲကို ဖမ်းစရာမလိုတော့ချေ။ ဝိညာဉ်အရိပ်စွမ်းအင် ရရှိရန်အတွက် ဝိညာဉ်သားရဲ၏ မျက်လုံးကို ဖောက်ထုတ်စရာ မလိုတော့ဘူး ဆိုသည့် သဘောပင်ဖြစ်လေ၏။

တခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်သော နေရာတွင် ဝိညာဉ်များနှင့် တစ္ဆေများ၏ စွမ်းအင်ကို တိုက်ရိုက် ဝါးမြိုနိုင်ပြီး ၊ စိတ်စွမ်းအင် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ပြီ ဖြစ်သည်။

ဤသည်မှာလည်း သွေးမျိုးဆက် ပြောင်းလဲခြင်း၏ အကျိုးကျေးဇူး တစ်ခုဖြစ်ပေလိမ့်မည်။ ဤတစ်ကြိမ် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲမှုသည် အန္တရာယ်များသော်လည်း ၊ တုပိုင်ရရှိလိုက်သည့် အကျိုးအမြတ်မှာမူ တကယ်ကို များပြားလှသည်။

အိပ်မက်စနစ်၏ စွန့်စားခန်းသည် အလွန် အန္တရာယ်များလွန်းသော်လည်းဘဲ အနည်းဆုံးတော့ အောင်မြင်ခဲ့ပြီး တုပိုင်သည် အလွန်အားကောင်းသည့် စွမ်းရည်တစ်ခုအား ရရှိလိုက်ပြီဖြစ်လေ၏။

မီးနတ်ဘုရားဂိုဏ်းမှ အမျိုးသမီး စီးနင်းသွားသော လင်းယုန်နက်ကြီးသည် ၁၀ မိနစ်ကျော်သာ ပျံသန်းခဲ့သော်လည်း ၊ တုပိုင်မှာမူ ခြေထောက်ကျိုးမတတ် ပြန်လျှောက်ရတော့မည်။

တုပိုင်လက်ရှိ ရှိနေသည့် နေရာမှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်နှင့် မိုင် ၁၀၀ ခန့်ဝေးလေ၏။

အိပ်မက်စနစ်၏ မြေပုံ လမ်းညွှန်မှုအောက်တွင် တုပိုင်သည် တွင်းနက်လမ်းကြောင်းအတိုင်း မနားတမ်း ပြန်လျှောက်လာခဲ့သည်။

ခရီးမှာ အလွန် ဝေးလွန်းသဖြင့် တုပိုင်သည် လင်းပိုဝေပု ကိုယ်ဖော့ပညာကို မသုံးဘဲ ၊ တိုက်ရိုက် ပြေးပြန်လာခဲ့သည်။

ခရီးစဉ်တစ်လျောက်တွင် တုပိုင် တစ်ခုသတိထားမိလေ၏။ ထိုသည်မှာ သူ၏ ကာယစွမ်းအားများ အများကြီး တိုးတက်လာပြီး ၊ ခွန်အားများလည်း များစွာ တိုးလာခြင်းပင်ဖြစ်လေ၏။ ထိုသည်မှာ တစ်ကိုယ်လုံးတွင် ကုန်ခမ်းသွားခြင်း မရှိသော အင်အားများ ရှိနေသကဲ့သို့ပင်ဖြစ်နေလေသည်။ ဤသည်မှာ သွေးမျိုးဆက် ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးတစ်ခုပင်ဖြစ်လေ၏။

ဤအရာများသာမက ၊ သွေးမျိုးဆက် ပြောင်းလဲပြီးနောက် တုပိုင်သည် အသက်ရှူ ရပ်တန့်ထား၍ ရသလို ၊ ခန္ဓာကိုယ်မှ ချွေးပေါက်များကို ပိတ်ထားပြီး အသက်ရှူသံ ထွက်မလာအောင် ထိန်းချုပ်ထားနိုင်သဖြင့် ၊ အမှောင်ထဲတွင် ရှိနေသည်ကို မည်သူမျှ မသိအောင် လုပ်ထားနိုင်လေသည်။

တုပိုင်အရှိန်အဟုန်ဖြင့် ဆက်လက် ပြေးလွှားရင်း ပြိုင်ဘက်ကင်း မြေအောက်မြို့တော်နှင့် ပိုမို နီးကပ်လာလေ၏။

“စနစ်ရှင်... စဉ်းစားမိဖူးလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က စစ်ခုန်းမျိုးနွယ်စု ဘာလို့ မျိုးပြုန်းသွားရတာလဲ ဆိုတာကိုလေ” အိပ်မက်စနစ်က ရုတ်တရက် မေးလိုက်သည်။

တုပိုင် အံ့အားသင့်သွားပြီး မေးလိုက်၏။ “မင်း အကြောင်းရင်းကို သိလို့လား”

အိပ်မက်စနစ်က ပြောလိုက်၏။ “ကျွန်တော် အတိအကျတော့ မသိပါဘူး”

တုပိုင်က အံ့ဩစွာဖြင့် ပြောလိုက်၏။ “မင်းက အရာအားလုံး သိတယ် မဟုတ်ဘူးလား”

အိပ်မက်စနစ်က ပြောလိုက်၏။ “ကျွန်တော်က အရာအားလုံး သိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ နှစ်တစ်ရာ ကပ်ဘေးနဲ့ ရေရေရာရာ မဟုတ်ပေမဲ့ ဆက်စပ်မှု ရှိနေတယ်။”

“နှစ်တစ်ရာ” တုပိုင် နားမလည်နိုင် ဖြစ်သွားရလေ၏။

အိပ်မက်စနစ်က ဆက်ပြော၏။ “ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးမှာ နှစ် ၁၀၀ တိုင်း ကပ်ဘေးတစ်ခု ကျရောက်တတ်တယ်။ ဒီကပ်ဘေးကနေ လွတ်မြောက်ဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ ပူဇော်ပသမှုတစ်ခု လိုအပ်တယ်”

နှစ်နာရီကျော် ကြာပြီးနောက် တုပိုင်သည် တွင်းနက်လမ်းကြောင်းအတိုင်း အကြိမ်ကြိမ်အခါခါ လျှောက်လှမ်းလာခဲ့ရာ နောက်ဆုံးတွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တံခါးဝသို့ ပြန်လည် ရောက်ရှိလာသည်။

ဤတစ်ခေါက်တွင်မူ တုပိုင် တံခါးခေါက်လိုက်သည်နှင့် တံခါး ပွင့်သွားသည်။

တံခါးစောင့် ကျီထျန်နုံက တုပိုင်ကို မြင်တော့ အံ့သြတကြီး ပြောလိုက်၏။ “မျိုးနွယ်စုခေါင်းဆောင်တု... အဆင်ပြေရဲ့လား။ လင်းယုန်စီးတဲ့ မိစ္ဆာမက ခင်ဗျားကို ဖမ်းသွားလို့ မြို့စားမင်းက စစ်သည်ရာချီ လွှတ်ပြီး လိုက်ရှာခိုင်းနေတာ”

တုပိုင်က ပြောလိုက်၏။ “အဲဒီ မိစ္ဆာမက ကျုပ်ကို တွင်းနက် အက်ကွဲကြောင်းထဲ ပစ်ချလိုက်တာ။ အဲဒီမှာ မီးတောင်ချော်ရည်တွေ အများကြီးပဲ။ သူက ကျုပ်ကို မီးရှို့သတ်မလို့ လုပ်တာ။ ဒါပေမဲ့ လင်းနို့ကြီးတစ်ကောင်က ကျုပ်ကို ဖမ်းပြီး မီးလောင်ပြာကျမယ့် ဘေးကနေ ကယ်လိုက်တာ”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၇ ပြီး

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters