အခန်း (၄၆၉)
Vol. 47 Ch. 469
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ယခုအချိန်တွင်တော့ အရာအားလုံးသည် အလွန်အမင်းကို တိတ်ဆိတ်ငြိမ်သက်နေပြီး ၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေလေသည်။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး လှေကားထစ်များအတိုင်း ဆင်းသွားလိုက်သည်။ မီတာ ၁၀,၀၀၀ အနက်သို့ ရောက်သောအခါ မနေ့က သူ အမြှုပ်နှံခံရသော အုတ်ဂူကို တွေ့လိုက်ရ၏။ တုပိုင် ဆက်လက် ဆင်းသက်သွားလိုက်လေသည်။
နောက်ထပ် မီတာ ၁,၀၀၀ ၊ ၃,၀၀၀ ၊ ၄,၀၀၀ ခန့် ဆင်းပြီးနောက် မနေ့က တွေ့ခဲ့ရသော လေထဲတွင် တွဲလောင်းဖြစ်နေသည့် စင်မြင့်သို့ ရောက်ရှိသွားသည်။ အောက်ဘက်တွင် အဆုံးမဲ့ တွင်းနက်ကြီး ရှိနေသည်။
ရေတွင်းသည် ရှိနေဆဲပင် ၊ သို့သော် အထဲရှိ မြင့်မြတ်သောရေများသည်တော့ တုပိုင်ကြောင့် ဓာတ်ရောင်ရည်အဆိပ်သင့်သွားကာ ညစ်ညမ်းသွားပြီဖြစ်လေ၏။
ယခုအချိန်တွင် ရေတွင်းထဲမှ ရွှေရောင်နှင့် အစိမ်းရောင် ရောနှောနေသော အလင်းရောင်များ ထွက်ပေါ်နေပြီး ၊ ယခင်ကကဲ့သို့ တောက်ပခြင်း ၊ မြင့်မြတ်ခြင်း မရှိတော့ပေ။
သို့သော် ထူးဆန်းသည်မှာ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်ခြင်း မရှိတော့ပေ။
တုပိုင် ပုလင်းတစ်လုံးကို ထုတ်ယူပြီး ညစ်ညမ်းနေသော ရေတွင်းရေကို ဖြည့်လိုက်သည်။
ဘာမှ မဖြစ်ပျက်သော်လည်း တုပိုင်သည် တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရသလို ခံစားလိုက်နေရသည်။ ထိုခံစားချက်က ရောက်လာကတည်းက ရှိနေခြင်းဖြစ်လေပြီး ဘယ်သောအခါမှ မရပ်သွားလေချေ။
နောက်ထပ် တစ်စက္ကန့်မှပင် မနေရဲတော့ဘဲ တုပိုင် အလျင်အမြန် ထွက်ခွာသွားလိုက်လေ၏။ တချိန်တည်းမှာပင် ရေတွင်းအောက်ခြေ၌ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံ ပွင့်လာလေသည်။
တုပိုင်သည် အမြန်ဆုံး အရှိန်ဖြင့် မီးတောင်ချော်ရည် သားရဲကြီး၏ လိုဏ်ဂူဆီသို့ ပြန်လာလိုက်လေ၏။
ကြီးမားသော မီးတောက်ချော်ရည် သားရဲကြီးသည် ရူးသွပ်စွာ တိုက်ခိုက်နေဆဲ ဖြစ်ပြီး ၊ ပြိုင်ဘက်ကင်း ရဲတိုက် ရင်ပြင်၏ တစ်ဝက်ခန့် ပြိုကျသွားပြီ ဖြစ်သည်။
ထို့အပြင် သွေးကွက်သစ်များကိုလည်း တုပိုင် တွေ့လိုက်ရသည်။ ထင်ရှားသည်မှာ လူအများအပြား ပြိုကျပြီး မီးတောင်ချော်ရည် သားရဲကြီး၏ အရှင်လတ်လတ် စားသောက်ခြင်းကို ခံလိုက်ရပုံပင်။
သားရဲကြီးက တုပိုင်ကို မြင်တော့ ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူက စကားမပြောနိုင်သော်လည်း အရိုးရှင်းဆုံး တိရစ္ဆာန် ဘာသာစကားဖြင့် ဆက်သွယ်လိုက်သည်။
“မြန်မြန်... မြန်မြန်... လူသား... ငါ့ကို မြန်မြန် ကုပေး... မဟုတ်ရင် မင်းကို စားပစ်မယ်”
တုပိုင် လက်ထဲမှ ပုလင်းကို မြှောက်ပြလိုက်သည်။ အထဲ၌ ညစ်ညမ်းနေသော ရေတွင်းရေများ ပါဝင်သည်။
ချက်ချင်းပင် တုပိုင် အနည်းငယ် နေရခက်သွားသည်။ မီးတောက်ချောရည်သားရဲကြီးကို ဤအတိုင်းသောက်လိုက်ရန် မည်ကဲ့သို့ စည်းရုံးရမည်နည်း။ တစ်ဖက်လူက သံသယဝင်ရင် သူ အရင်သောက်ပြပြီး အဆိပ်မရှိကြောင်း သက်သေပြရဦးမည်လား။
လက်တွေ့တွင်မူ တုပိုင် အတွေးလွန်နေခြင်း ဖြစ်သည်။
သားရဲကြီးသည် တုပိုင် မြှောက်ပြလိုက်သော ပုလင်းကို မြင်သည်နှင့် တဟုန်ထိုး ပြေးလာပြီး ပါးစပ်ကြီးဟကာ စုပ်ယူလိုက်သည်။ ပုလင်းပါမကျန် ပါးစပ်ထဲ ပါသွားပြီး ဝါးစားကာ ညစ်ညမ်းနေသော ရေများကို မျိုချလိုက်လေသည်။
တုပိုင် ဆွံ့အသွားမိသည်။ ‘မင်း ဒီလောက် ဉာဏ်တိမ်မှတော့ သူများ အကွက်ဆင်ပြီး ဦးနှောက်ထဲ ကပ်ပါးကောင် ထည့်တာ ခံရမှာပေါ့။’
ညစ်ညမ်းနေသော ရေတွင်းရေကို သောက်ပြီးနောက် သားရဲကြီး ခေတ္တ ငြိမ်သက်သွားသည်။
ထို့နောက် ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
“ဝူးးးးးး”
တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်မှ အရေပြားများ ပေါက်ကွဲထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။
ပြီးနောက်တွင်တော့ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ယိုင်လဲကျသွားသည်။
တုပိုင် စနစ်၏ ကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သားရဲဆန်းကြီး၏ ဦးနှောက်ထဲမှ လက်သီးဆုပ်အရွယ် ကပ်ပါးကောင် ဒါဇင်ချီသည် ရုန်းကန်နေကြပြီး နောက်ဆုံးတွင် သေဆုံးသွားကာ အစက်အပြောက်လေးများအဖြစ် ကျုံ့သွားကြသည်ကို အထင်သား မြင်လိုက်ရသည်။
ညစ်ညမ်းနေသော ရေတွင်းရေသည် အလွန်အစွမ်းထက်လှပြီး ကပ်ပါးကောင်အားလုံးကို သတ်ပစ်လိုက်သည်။ သေချာပေါက်ပင် မီးတောင်ချော်ရည် သားရဲကြီးလည်း ထိခိုက်ပြီး အသက်တစ်ဝက်ခန့် ဆုံးရှုံးသွားလေ၏။
၁၅ မိနစ်ခန့် ကြာပြီးနောက် သားရဲကြီး မျက်လုံးပွင့်လာပြီး ပြောလိုက်၏။ “မသက်မသာ ဖြစ်ပေမဲ့ အရင်ကထက်တော့ ပိုကောင်းသွားပြီ။ လူသား... မင်း ငါ့ကို ကယ်တင်ခဲ့တာပဲ”
တုပိုင် အနည်းငယ် နေရခက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤသားရဲကြီးသည် အလွန်ကို ရိုးသားလွန်းနေသောကြောင့်ပင်။ တုပိုင် သူ့ကို ကယ်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကိုတော့ တုပိုင်ကိုယ်တိုင်လည်း မပြောတတ်ပေ။ သူ့ကို နာကျင်မှုကနေ လွတ်မြောက်စေခဲ့ပေမဲ့ ၊ အသက်တစ်ဝက်လောက်တော့ ဆုံးရှုံးစေခဲ့သည် မဟုတ်ပါလော။
“မင်း ငါ့ကို ကယ်ခဲ့တယ်။ ငါ မင်းကို လွှတ်ပေးမယ်” မီးတောင်ချော်ရည် သားရဲကြီးက ပြောလိုက်သည်။
တုပိုင်သည် လိုဏ်ဂူထဲတွင် ထိုင်၍ ကုသနေဆဲဖြစ်သော မဟာမြို့စားမင်း ဖူထျန်ယာကို ကြည့်လိုက်သည်။ ထို့နောက် အလျင်အမြန် တက်သွားပြီး ဖူထျန်ယာကို ကျောပိုးကာ ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် မီးတောင်ချော်ရည် သားရဲကြီးက ပြောလိုက်၏။ “နေဦး လူသား”
တုပိုင် ရပ်လိုက်သည်။
သားရဲကြီးသည် ပါးစပ်ကို ဟလိုက်ပြီး ပုလဲတစ်လုံး ထွေးထုတ်ပေးလိုက်သည်။ ထိုပုလဲသည် မီးတောက်များကဲ့သို့ နီရဲနေသော ပုလဲလုံး ဖြစ်ပြီး ၊ စွမ်းအင်ကျောက်တုံးတော့ မဟုတ်ပေ။
တုပိုင် ကောက်ယူကြည့်လိုက်ရာ ပုလဲလုံးထဲတွင် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တုပိုင်က မေးလိုက်၏။ “ဒါ ဘာလဲ... မီးမတိုးတဲ့ပုလဲလား”
အိပ်မက်စနစ်က ပြောလိုက်၏။ “မဟုတ်ဘူး... ဒါက မီးမိစ္ဆာပုလဲ ၊ အရမ်းကောင်းတဲ့ ရတနာပဲ။ နောက်ကျရင် သိလာလိမ့်မယ်။ အဲဒါက မင်းအတွက် အလွန် အသုံးဝင်လာလိမ့်မယ်။ မိစ္ဆာနှိမ်နင်းပုတီးစေ့လောက် မနိမ့်ပါဘူး”
တုပိုင် မီးမိစ္ဆာပုလဲကို သိမ်းပြီး မဟာမြို့စားမင်း ဖူထျန်ယာကို ကျောပိုးကာ ထွက်ခွာလာသည်။
တုပိုင်သည် ဖူထျန်ယာကို ကျောပိုးလျက် ပြိုင်ဘက်ကင်း ရဲတိုက်ထဲသို့ ဝင်ရောက်လာသောအခါ လက်ခုပ်သံများ မိုးချုန်းသကဲ့သို့ ဆူညံသွားသည်။
လူတိုင်းက သူ့ကို သူရဲကောင်းတစ်ယောက်လို ကြည့်နေကြသည်။
မထင်မှတ်ထားဘဲ သိုင်းပညာ အားနည်းသည်ဟု ထင်ရသော လူသစ်တစ်ယောက်က မဟာမြို့စားမင်း ဖူထျန်ယာကို ကယ်တင်ခဲ့ရုံသာမက ၊ ဒေါသထွက်နေသော မီးတောင်ချော်ရည် သားရဲကြီးကိုပါ ငြိမ်သက်စေခဲ့ပြီး ၊ ပြိုင်ဘက်ကင်း ရဲတိုက်ကြီး ပြိုကျမည့် ဘေးမှ ကယ်တင်ခဲ့လေ၏။
သုံးရက် ကြာပြီးနောက် ပြိုင်ဘက်ကင်း ရဲတိုက်တွင် ၊ မဟာမြို့စားမင်း ဖူထျန်ယာသည် အကြီးအကဲ ရာပေါင်းများစွာ၏ ရှေ့မှောက်တွင် တုမျိုးနွယ်စုသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ဆဌမမြောက် မျိုးနွယ်စု ဖြစ်လာကြောင်း တရားဝင် ကြေညာလိုက်သည်။
တုမျိုးနွယ်စု ခေါင်းဆောင် တုပိုင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ဆဌမမြောက် မြို့စားမင်းနှင့် အကြီးအကဲများ ကောင်စီဝင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဤသို့ဖြင့် တုပိုင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အမြင့်ဆုံး အုပ်ချုပ်ရေး အဆင့်အတန်းသို့ တရားဝင် ရောက်ရှိလာခဲ့သည်။
မဟာမြို့စားမင်း ဖူထျန်ယာက လူအများရှေ့တွင် တုပိုင်အား ဦးညွှတ်ပြီး ပြောလိုက်၏။ “မြို့စားမင်းတုပိုင်... ကျုပ်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်”
ဤအချိန်တွင် တုပိုင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ရောက်ရှိသည်မှာ ၁၀ ရက်ပင် မပြည့်သေးပေ။ ကြီးမားသော အကျိုးကုသိုလ်နှစ်ခုဖြင့် တုပိုင်သည် မြို့စားမင်း ခြောက်ပါးထဲမှ တစ်ပါး ဖြစ်လာလေ၏။ သောက်ကျိုးနည်းလှသည်။
ယခုဆိုလျှင် တုပိုင်ထံတွင် နောက်ဆုံး ရည်မှန်းချက် တစ်ခုသာ ကျန်တော့သည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံး၏ သခင်ဖြစ်လာရန်နှင့် စစ်သည် သောင်းချီကို ဦးဆောင်ကာ ပိုင်ဆယ်မြို့ကို ပြန်လည် သိမ်းပိုက်ပြီး အနောက်တောင်ပိုင်း တစ်ခုလုံးကို ရှင်းလင်းရန်ပင်။ ထိုသည်က နေုာက်ဆုံးအဆင့်ဖြစ်သလို အခက်ခဲဆုံး အဆင့်တစ်ခုလည်းဖြစ်လေ၏။
နောက်ရက်အနည်းငယ်တွင် တုပိုင်သည် အတော်လေး အေးအေးဆေးဆေး ဖြတ်သန်းခဲ့သည်။
သူ၏ တုမြို့တော်သည် နေ့စဉ်နှင့်အမျှ တိုးတက် ပြောင်းလဲနေသည်။ လယ်မြေများကို ပြန်လည် ဖော်ထုတ်ပြီး ၊ ရေတွင်းသစ်များ တူးဖော်ကာ ၊ အိမ်များကို တစ်လုံးပြီးတစ်လုံး ရှင်းလင်း ပြုပြင်နေကြသည်။
အထူးသဖြင့် တုပိုင်၏ မြို့စားမင်း အိမ်တော်သည် လုံးဝ အသစ်အတိုင်း ဖြစ်နေပြီး ၊ ခမ်းနားထည်ဝါမှု အနည်းငယ်ပင် ရှိလာသည်။
သို့သော် တုပိုင် စိတ်မအေးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် နောက်ဆုံး အဆင့်ကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။
နောက်ဆုံး အဆင့်မှာ မဟာမြို့စားမင်းကြီး ဖြစ်လာရန် ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးကို သိမ်းပိုက်ရန် ၊ အလွန်သန်မာပြီး အားကောင်းကြသည့် စစ်သည် သောင်းချီကို ရရှိရန် ဖြစ်လေ၏။
သူ ဤနေရာ၌ သက်သောင့်သက်သာ မနေချင်ပေ။ စစ်တပ်ကြီးနှင့်အတူ သွားရောက် တိုက်ခိုက်ချင်သည် ၊ ပိုင်ဆယ်မြို့ကို ပြန်သိမ်းချင်သည် ၊ အင်ပါယာ၏ အနောက်တောင်ပိုင်း တစ်ခုလုံးကို ရှင်းလင်းချင်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူသည် တုပိုင်သည် ဧကရာဇ် ခန့်အပ်ထားသော ပိုင်ဆယ် စီရင်စုမှူး ၊ ပိုင်ဆယ်မြို့စား ၊ ပိုင်ဆယ် ဗိုလ်ချုပ်ကြီး ဖြစ်သည် မဟုတ်ပါလော။
ထို့အပြင် တုပိုင်၏ စိတ်ထဲတွင် အရိပ်မည်းတစ်ခု အမြဲ လွှမ်းမိုးနေသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်ခုန်းမျိုးနွယ်စု ဘာကြောင့် မျိုးပြုန်းသွားခဲ့ရသနည်း။ စနစ်ကတော့ ကြီးမားသော သွေးယဇ်ပူဇော်ပွဲကြောင့်ဟု ပြောသည်။ ထိုသို့ဆိုလျှင် သွေးယဇ်ပူဇော်ပွဲကြီးဆိုသည်က မည်သည်နည်း။
နောက်တစ်ချက်က ကျီယင်ယင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ကြယ်ကြွေမျိုးနွယ် ဖြစ်သော်လည်း ၊ ဤနေရာ၌ နေထိုင်ပြီးနောက် သူမသည် တစ်ချိန်လုံး ပုန်းအောင်းနေတတ်ပြီး ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ မည်သူ့ကိုမျှ သူမအား တွေ့ရှိသွားမည်ကို မလိုလားသည့်ပုံ ပေါက်နေသည်။
ထို့ကြောင့် ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းမည့်အစား တုပိုင်သည် သတိဝီရိယ အပြည့် ရှိနေသည်။
တနေ့တွင် ကျီယင်ယင်က တုပိုင်ကို လာရှာပြီး လေးနက်စွာ ပြောလိုက်၏။ “တုပိုင်... ဖူထျန်ယာနဲ့ ကျီထျန်အန်းကို ဘယ်လိုမြင်လဲ”
တုပိုင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။ “မဆိုးပါဘူး”
ကျီယင်ယင်က ပြောလိုက်၏။ “ငါ ဒီနေရာကနေ ထွက်ခွာသွားတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပေမဲ့ ၊ ငါ နင့်ကို လေးလေးနက်နက် သတိပေးမယ်... အဲဒီလူ နှစ်ယောက်ကို မယုံနဲ့”
တုပိုင် မျက်မှောင်ကြုတ်လိုက်သည်။ သူ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ရောက်ရှိလာသော ၁၀ ရက်အတွင်း ဖူထျန်ယာနှင့် ကျီထျန်အန်းတို့သည် သူ့ကို အမြဲ ထောက်ခံအားပေးခဲ့သူများ ဖြစ်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team