← Chapters

အခန်း (၄၇၀)

Vol. 47 Ch. 470

အခန်း (၄၇၀)

Vol. 47 Ch. 470

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၇၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုမျိုးနွယ်စုဝင် ထောင်ပေါင်းများစွာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ဝင်ရောက်လာခြင်းနှင့် တုပိုင် မြို့စားမင်း ခြောက်ပါးထဲမှ တစ်ပါး အဖြစ် ရာထူးတိုးမြှင့်ခံရခြင်း နှစ်ခုစလုံးသည် ဖူထျန်ယာနှင့် ကျီထျန်အန်းတို့၏ ထောက်ပံ့မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကျီယင်ယင်က ပြောလိုက်၏။ “ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က လူငယ်တွေ ၊ ဥပမာ ကျီချန်တို့လို လူတွေကတော့ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ၊ တရားမျှတမှု ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ အကြီးအကဲများ ကောင်စီထဲက လူတွေကတော့ ဆယ်စုနှစ်ပေါင်းများစွာ အာဏာကို ချုပ်ကိုင်လာခဲ့သူတွေ ဖြစ်ပြီး ၊ လုံးဝ ယုံကြည်လို့ မရဘူး။ သတိထားပါ။ အာဏာမရှိသေးတဲ့ လူငယ်တွေနဲ့ ပေါင်းသင်းလို့ ရပေမဲ့...”

တုပိုင် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်၌ ပြိုင်ဘက်ကင်း ရဲတိုက်မှ စာပို့လုလင်တစ်ယောက်သည် တုပိုင်၏ မြို့စားမင်းအိမ်တော် ရှေ့သို့ ရောက်လာပြီး ဒူးထောက်ကာ ပြောလိုက်၏။ “မြို့စားမင်းတုကို ဂါရဝပြုပါတယ်။ မဟာမြို့စားမင်းကြီး အမိန့်ရှိပါတယ်။ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေး အစည်းအဝေး ကျင်းပမှာမို့လို့ ချက်ချင်း လာရောက် တက်ရောက်ပေးပါခင်ဗျာ”

‘အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေး အစည်းအဝေးလား။ ဘာကိစ္စ ရှိလို့လဲ။’

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ကောင်းပြီ... ငါ အခု လိုက်လာခဲ့မယ်”

“ဟုတ်ကဲ့ပါ” စာပို့လုလင်သည် မြင်းပေါ်တက်ပြီး ထွက်ခွာသွားလေသည်။

ကျီယင်ယင်က ပြောလိုက်၏။ “ငါ့စကားကို မှတ်ထားပါ”

ထို့နောက် တုပိုင်သည် သူ၏ တောရိုင်းမြင်းဘုရင်ကို စီးနင်းကာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အဓိကထောက်တိုင်ကြီးဖြစ်သည့် ပြိုင်ဘက်ကင်း ရဲတိုက်ဆီသို့ ဒုန်းစိုင်း နှင်လာခဲ့သည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းသည် အမှန်တကယ်ပင် အံ့မခန်း ကောင်းမွန်လှပေသည်။

ရက်အနည်းငယ် အတွင်းမှာပင် ၊ ပြိုကျသွားသော ပြိုင်ဘက်ကင်း ရဲတိုက် ရင်ပြင်၏ တစ်ဝက်ခန့်ကို လုံးဝနီးပါး ပြန်လည် ပြုပြင်ပြီး ဖြစ်နေသည်။ အောက်ဘက်တွင် ထောက်တိုင်များလည်းမရှိချေ။ သူတို့ မည်သည့် နည်းလမ်းကိုအသုံးပြုပြီး ရင်ပြင်တစ်ခုလုံးကို ပြုပြင်လိုက်သည်ကို တုပိုင်ပင် မသိပေ။

တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လှေကားထစ်များအတိုင်း ပြိုင်ဘက်ကင်း ရဲတိုက်ထဲသို့ ဝင်ရောက်သွားလေသည်။

အတွင်းထဲတွင် လူ ၁၃ ယောက်သာ ရှိသည်။

တုပိုင် အပါအဝင် မြို့စားမင်း ခြောက်ပါးနှင့် အကြီးအကဲ ရှစ်ပါးတို့သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံး၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သည်။

ယခု အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေး အစည်းအဝေးတွင် ၊ အကြီးအကဲ ၂၀၀ ကျော်ပင် ပါဝင်ခွင့် မရကြပေ။

ဤအရာများမှတဆင့် ဤသည်က ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ပြီး အရေးအကြီးဆုံး ထိပ်သီး အစည်းအဝေး ဖြစ်ကြောင်း တုပိုင်သိရှိလိုက်ရသည်။

“ကျုပ်တို့ရဲ့ ကယ်တင်ရှင်ကြီး ရောက်လာပြီပဲ” မဟာမြို့စားမင်း ဖူထျန်ယာက တုပိုင်ကို မြင်သည်နှင့် လှေကားထစ်များပေါ်မှ ဆင်းလာပြီး ၊ တုပိုင်၏ လက်ကို ဆွဲကာ အလွန်တရာ ရင်းနှီးဖော်ရွေစွာဖြင့် ခန်းမအလယ်ရှိ စားပွဲရှည်ကြီးဆီသို့ ခေါ်ဆောင်သွားလေသည်။

“ဒါက ခင်ဗျားရဲ့ နေရာပါ ၊ မြို့စားမင်းတုပိုင်”

ဤသည်မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အချက်အချာကျဆုံး နေရာ ၁၄ ခု ဖြစ်ပြီး ၊ တုပိုင်သည် ထိုအထဲမှ တစ်နေရာကို ရရှိထားခြင်း ဖြစ်သည်။

တုပိုင် ထိုင်လိုက်ပြီးနောက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ အဓိက လူ ၁၄ ယောက်စလုံး စုံလင်သွားကြလေ၏။

“ဒီနေ့က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ အမြင့်ဆုံး လျှို့ဝှက် အစည်းအဝေးပဲ” မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “မြို့စားမင်းတုပိုင်က ကျုပ်တို့ရဲ့ အဖွဲ့ဝင်သစ်ပါ။ သူက ကျုပ်တို့ရဲ့ ကပ်ဘေးကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီး ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တယ်။ ဒီမှာ ရှိနေတဲ့ လူတိုင်း သူ့ကို ကျေးဇူးကြွေး တင်နေကြတယ် ၊ အထူးသဖြင့် ကျုပ်က သူ့ကို အသက်တစ်ချောင်း ကြွေးတင်နေတာ။ အားလုံးပဲ မြို့စားမင်းတုပိုင်ကို ကြိုဆိုလိုက်ကြပါဦး”

ကျန် ၁၃ ယောက်က လက်ခုပ်တီးကြသည်။

တုပိုင် မတ်တပ်ရပ်ပြီး ဂါရဝပြုလိုက်သည်။

“ထိုင်ပါ ၊ ထိုင်ပါ... အားနာမနေပါနဲ့” မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။

ထို့နောက် သူ ခေါင်းမော့လိုက်ပြီး ပြောလိုက်၏။ “အားလုံး သိကြတဲ့အတိုင်း ၊ ကျုပ်က ဒီနှစ်မှာ အသက် ၁၂၅ နှစ် ရှိပြီ ဖြစ်ပြီး ၊ ဒီနှစ်မှာ ကျုပ်ရဲ့ မဟာမြို့စားမင်း သက်တမ်း ကုန်ဆုံးတော့မယ်။ ဒီမှာ ရှိနေတဲ့ မြို့စားမင်း ငါးပါးထဲမှာ ၊ နှစ်ပါးက ကျုပ်နဲ့ အသက်ချင်း သိပ်မကွာဘူး။ ဒါကြောင့် နောက်ထပ် မဟာမြို့စားမင်းက ကျန်တဲ့ သုံးပါးထဲက တစ်ပါး ဖြစ်လာလိမ့်မယ်။ အဲဒီအထဲမှာ ခင်ဗျားလည်း ပါတယ်”

ရုတ်တရက် တုပိုင် ရင်တုန်သွားသည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က ဤနှစ်တွင် မဟာမြို့စားမင်း အသစ် လဲလှယ်တော့မှာလား။

စနစ်၏ အဆိုအရ ၊ မဟာမြို့စားမင်းသည် မြို့စားမင်းကြီး ခြောက်ပါးထဲမှ တစ်ပါးသာ ဖြစ်လာနိုင်သည်။ လက်ရှိ မြို့စားမင်း ခြောက်ပါးအနက် နှစ်ပါးသည် ဖူထျန်ယာနှင့် ရွယ်တူလောက် ဖြစ်သဖြင့် ၊ မဟာမြို့စားမင်းအဖြစ် တာဝန်ထမ်းဆောင်ရန် လုံးဝ မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင် တုပိုင် အပါအဝင် မြို့စားမင်း သုံးပါးက မဟာမြို့စားမင်း ရာထူးကို ယှဉ်ပြိုင်ကြရမည်။ ဖူထျန်ယာ၏ သားသည် ဖူမျိုးနွယ်စု မြို့စားမင်း နေရာကို ဆက်ခံမည် ဖြစ်သော်လည်း စည်းမျဉ်းများအရ မျိုးနွယ်စု တစ်ခုတည်းက မဟာမြို့စားမင်း ရာထူးကို ဆက်တိုက် ယူခွင့်မရှိပေ။ ထို့အတွက်ကြောင့် ယှဉ်ပြိုင်သူများမှာ စုစုပေါင်း ၄ ယောက်သာဖြစ်လေ၏။

ဖူထျန်ယာက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ဒီနေ့ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေး အစည်းအဝေးမှာ ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ အဲဒါကတော့ နှစ်တစ်ရာ တစ်ကြိမ် ကျင်းပတဲ့ သွေးယဇ်ပူဇော်ပွဲကြီး ပြန်လည် စတင်တော့မှာ ဖြစ်တယ်”

ကျီထျန်အန်းက တုပိုင်ဘက်သို့ ကြည့်ပြီး ပြောလိုက်၏။ “မြို့စားမင်းတုက အခုမှ ရောက်ခါစ ဆိုတော့ သိပ်မရှင်းလင်းသေးဘူး ဖြစ်မယ်။ ကျုပ်တို့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ လူသားတွေတင် ရှိတာ မဟုတ်ဘဲ ၊ ပိုပြီး နက်ရှိုင်းတဲ့ မြေအောက်ထဲမှာ သားရဲဆန်းတွေ အများကြီး ရှိသေးတယ်။ သားရဲဆန်း ရာပေါင်းများစွာပေါ့။ မူလက သူတို့နဲ့ ကျုပ်တို့က လုံးဝ သီးခြားစီ ဖြစ်နေပေမဲ့ ၊ ကြီးမားတဲ့ မြေငလျင်တစ်ခုကြောင့် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာပြီး ၊ အဲဒီ မြေအောက် သားရဲဆန်းတွေက ကျုပ်တို့ မြို့တော်နဲ့ ဆက်သွယ်မိသွားတယ်။ အဲဒီနေရာကတော့ တွင်းနက်တားမြစ်နယ်မြေပဲ”

တုပိုင် ကြောင်အသွားပြီးနောက် ခေါင်းညိတ်လိုက်မိသည်။ တွင်းနက်တားမြစ်နယ်မြေ ဆိုသည်မှာ သားရဲဆန်းများနှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် လူသားများ ဆက်သွယ်ရာ လမ်းကြောင်း ဖြစ်နေလေ၏။ ထိုသို့ဆိုလျှင် တားမြစ်နယ်မြေတစ်ခု ဖြစ်နေရခြင်းမှာ မထူးဆန်းတော့လေချေ။

ကျီထျန်အန်းက ဆက်ပြောလိုက်၏။ “ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ၊ ကျုပ်တို့ရဲ့ ဘိုးဘေးတွေက သားရဲဆန်း ခေါင်းဆောင်ကြီး မိစ္ဆာနက် ဘုရင်ကြီးနဲ့ ညှိနှိုင်းခဲ့ပြီး သဘောတူညီမှု ရခဲ့ကြတယ်။ ကျုပ်တို့က နှစ် ၁၀၀ တိုင်း သွေးယဇ်ပူဇော်ပွဲ တစ်ကြိမ် ကျင်းပပေးရတယ်”

တုပိုင်က မေးလိုက်၏။ “ဒါဆို သွေးယဇ်ပူဇော်ပွဲ ဆိုတာ ဘာလဲ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

မဟာမြို့စားမင်း ဖူထျန်ယာက ပြုံးပြီး ပြောလိုက်၏။ “လာ ၊ လာ ၊ လာ... စည်းမျဉ်းဟောင်းအတိုင်း မဲနှိုက်ပြီး ဆုံးဖြတ်ကြမယ်”

ထို့နောက် သူသည် မဲလိပ်များကို ထုတ်ယူလိုက်ပြီး မြို့စားမင်း ခြောက်ပါးလုံးကို မဲနှိုက်ခိုင်းလိုက်သည်။

“မြို့စားမင်းတုပိုင်... ခင်ဗျားက လူသစ်ဆိုတော့ အရင်ဆုံး နှိုက်ပါ” မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်သည်။

တုပိုင်သည် တည်ငြိမ်သော မျက်နှာထားဖြင့် မဲလိပ်တစ်ခုကို ရွေးချယ်ပြီး ဆွဲယူလိုက်ရာ ၊ အတိုဆုံး မဲလိပ် ဖြစ်နေသည်။

မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “ကောင်းပြီ... ဒီနေ့ သွေးယဇ်ပူဇော်ပွဲ အခမ်းအနားကို တုမျိုးနွယ်စုက တာဝန်ယူရမယ်”

ထိုအချိန်တွင် ကျီထျန်အန်းက အေးစက်စွာ ပြောလိုက်၏။ “မငြိမ်မသက် ဖြစ်နေတဲ့ သားရဲဆန်းတွေကို နှစ်သိမ့်ဖို့အတွက် ၊ နှစ် ၁၀၀ တိုင်းမှာ အရှင်လတ်လတ် လူ ၃,၀၀၀ ကို ခေါင်းဖြတ်ပြီး သွေးတွေကို ရေတွင်းမြတ်ထဲ စီးဝင်စေရမယ်။ လူ ၃,၀၀၀ ရဲ့ သွေးနဲ့ ရောစပ်ထားတဲ့ ရေတွင်းမြတ် ရေကို သောက်သုံးပြီးမှ ၊ ဒီ မငြိမ်မသက် ဖြစ်နေတဲ့ သားရဲဆန်း အုပ်စုတွေ ငြိမ်သက်သွားပြီး နောက်ထပ် နှစ် ၁၀၀ ငြိမ်းချမ်းစွာ နေထိုင်နိုင်မှာ ဖြစ်တယ်။ ဒါက သွေးယဇ်ပူဇော်ပွဲ အခမ်းအနားပဲ”

ရေတွင်းမြတ်ဆိုသည်မှာ နေရောင်ခြည်ကဲ့သို့ အလင်းရောင်များဖြင့် တောက်ပနေသော ရေတွင်းကိုပြောနေသည်လား။ သို့သော် ထိုရေတွင်းကို တုပိုင်က ညစ်ညမ်းစေလိုက်ပြီဖြစ်လေ၏။

ထို့နောက် ရှိရှိသမျှ လူအားလုံး၏ မျက်လုံးများသည် တုပိုင်ဆီသို့ ရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာများတွင် အပြုံးများ ပြည့်နှက်နေပြီး ၊ မျက်လုံးများထဲတွင် ရက်စက်သော လှောင်ပြုံးများ ပါဝင်နေသည်။

ဖူထျန်ယာ၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေပြီး ၊ မျက်လုံးများထဲတွင်လည်း အပြုံးများ ပြည့်နှက်နေသည်။

တုပိုင်၏ ရင်ထဲတွင် အေးခဲသွားပြီး ၊ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာသည်။

အဘယ်ကြောင့် တုမျိုးနွယ်စုဝင် ၄၀၀၀ ကျော်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထဲသို့ လွယ်ကူစွာ ဝင်ရောက်လာနိုင်ခဲ့သည်နည်း။ အဘယ်ကြောင့် သူတုပိုင်သည် မြို့စားမင်း ခြောက်ပါးထဲမှ တစ်ပါးဖြစ်လာပြီး အကြီးအကဲများ ကောင်စီဝင်တစ်ယောက် အလွယ်တကူဖြစ်လာနိုင်ခဲ့သည်နည်း။

အဘယ်ကြောင့်ဆိုသော် ဖူထျန်ယာနှင့် ကျီထျန်အန်းတို့၏ မျက်လုံးထဲတွင် ၊ တုပိုင်၏ ထောင်ပေါင်းများစွာသော မျိုးနွယ်စုဝင်များ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ဝင်ရောက်လာခြင်းသည် ကံကြမ္မာမှ ဖန်တီးပေးလိုက်သော ယဇ်ကောင်များ ဖြစ်လာသောကြောင့်ပင်။

မူလက ဖူထျန်ယာနှင့် ကျီထျန်အန်းတို့သည် အခြား မျိုးနွယ်စု တစ်ခုမှ လူထောင်ပေါင်းများစွာကို ယဇ်ပူဇော်ရန် ဆုံးဖြတ်ထားသော်လည်း ၊ ခုခံမှုများက အလွန် ကြီးမားနေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ က စစ်ခုန်းမျိုးနွယ်စုသည် မျိုးနွယ်စုကြီး ခြောက်ခုအနက် အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။

ကျန်သည့် မျိုးနွယ်စုကြီး အများအပြားက သူတို့ကို မျက်စိစူးနေကြပြီ ဖြစ်သဖြင့် ၊ သူတို့အားလုံး ပူးပေါင်းပြီး စစ်ခုန်းမျိုးနွယ်စုကို ထောင်ချောက်ဆင်ကာ သွေးယဇ်ပူဇော်ရန် လူထောင်ပေါင်းများစွာ ပေးပို့ခိုင်းခဲ့သည်။ စစ်ခုန်းမျိုးနွယ်စုက သဘောမတူသဖြင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။

မျိုးနွယ်စု ခြောက်ခု ပူးပေါင်းပြီး စစ်ခုန်းမျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်ကာ ၊ အရှင်လတ်လတ် လူထောင်ပေါင်းများစွာကို ဖမ်းဆီးပြီး တွင်းနက်တားမြစ်နယ်မြေ အောက်ရှိ မငြိမ်မသက် ဖြစ်နေသော တိရစ္ဆာန်အုပ်စုအား သွေးယဇ်ပူဇော်ခဲ့ကြသည်။

ယခုအခါ သူတို့သည် သွေးယဇ်ပူဇော်ပွဲ အခမ်းအနားကို တုပိုင်၏ ခေါင်းပေါ်သို့ ပူးပေါင်းပြီး တင်ပေးလိုက်ကြပြီဖြစ်လေ၏။

တုပိုင်သည်သွေးယဇ်ပူဇော်ပွဲအတွက် တာဝန်ယူရမည် ဖြစ်ပြီး တုမျိုးနွယ်စုမှ အရှင်လတ်လတ် လူ ၃,၀၀၀ ကို ပူဇော်ရမည်။ လူဦးရေ ၄,၀၀၀ ကျော်သာ ရှိသော တုမျိုးနွယ်စုအတွက် ၊ ဤသည်မှာ မျိုးပြုန်းလုနီးပါး ဖြစ်သွားစေလေမည်။ ထို့အပြင် အရှင်လက်လက်ခေါင်းဖြတ်ပြီး သွေးဖောက်ကာ သားရဲဆန်းများအား ကျွေးမွေးရမည်ဖြစ်လေ၏။

ကျီယင်ယင် ပြောသည်မှာ မှန်ကန်ခဲ့ပြီး ၊ တုပိုင်၏ အလိုလိုသိစိတ်ကလည်း မှန်ကန်ခဲ့သည်။

လောကကြီးတွင် အလကားရသော နေ့လည်စာ မရှိပေ။ ဖူထျန်ယာနှင့် ကျီထျန်အန်းတို့ တုပိုင်ကို ဤမျှ ထောက်ခံအားပေးနေခြင်းသည် ပုံမှန်မဟုတ်ပေ။

ဖူထျန်ယာက တုပိုင်ကို ပြုံးပြီး ကြည့်လိုက်၏။ “မြို့စားမင်းတုပိုင်က ဒီလောက် ငယ်ရွယ်ပြီး ၊ ကျုပ်ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်အတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တာဆိုတော့ ၊ သွေးယဇ်ပူဇော်ပွဲ အခမ်းအနားကို တာဝန်ယူဖို့ သင့်တော်ပါတယ်”

ထို့နောက် မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ “အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေး အစည်းအဝေးက အတည်ပြုလိုက်ပါပြီ။ မြို့စားမင်းတုပိုင်က လူ ၃,၀၀၀ ကို ဦးဆောင်ပြီး တွင်းနက်တားမြစ်နယ်မြေဆီ သွားကာ ၊ မိစ္ဆာနက် ဘုရင်ကြီးနဲ့ သားရဲဆန်းအုပ်စုအား သွေးယဇ်ပူဇော်ရမယ်”

ထို့နောက် ဖူထျန်ယာက မဲ့ပြုံး ပြုံးလိုက်ပြီး ပြောလိုက်၏။ “မြို့စားမင်းတုပိုင်... ခင်ဗျား အမိန့်ကို မလွန်ဆန်သင့်ဘူးနော်”

“လာကြစမ်း... စစ်သည် ၈,၀၀၀ ကို တုမြို့တော်ဆီ စေလွှတ်ပြီး ၊ အရှင်လတ်လတ် ယဇ်ပူဇော်ဖို့အတွက် တုမျိုးနွယ်စုဝင် ၃,၀၀၀ ကို ရွေးချယ်လိုက်” မဟာမြို့စားမင်း ဖူထျန်ယာက အမိန့်ပေးလိုက်သည်။ ထို့နောက် သူက တုပိုင်ကို ပြုံးပြီး ပြောလိုက်၏။ “မြို့စားမင်းတုပိုင်... ကျုပ်တို့နဲ့အတူ သွေးယဇ်ပူဇော်ဖို့ လိုက်ခဲ့ပါတော့”

ထို့နောက် ဖူထျန်ယာနှင့် ကျီထျန်အန်းတို့ ရှေ့တက်လာပြီး ၊ တုပိုင်ကို ဘယ်ညာ ညှပ်လိုက်ကြသည်။

အခြားသော မြို့စားမင်းများနှင့် အကြီးအကဲ ရှစ်ပါးတို့လည်း ဝိုင်းရံလိုက်ကြသည်။

ထိုအချိန်၌ အိပ်မက်စနစ်က ပြောလိုက်၏။ “မစ်ရှင်အသစ် သွေးယဇ်ပူဇော်ပွဲ တရားဝင် စတင်ပါပြီ”

“မစ်ရှင် ဆုလာဘ် - ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို သိမ်းပိုက်ခြင်းနှင့် မဟာမြို့စားမင်း ဖြစ်လာခြင်း”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၇၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters