ဝမ့်ယွဲ့တောင်ထိပ်
Vol. 22 Ch. 239
"ရောက်ပြီလား"
"ငါက ခုမှ မှေးခနဲ အိပ်ပျော်သွားတယ် ထင်နေတာ"
ရှောင်ပိုင်လေး အပြင်ထွက်လာပြီးနောက် အိပ်ချင်မူးတူး မျက်လုံးလေးတွေကို ပွတ်သပ်ရင်း ပြောလိုက်သည်။
၎င်းကို ကြည့်ပြီး ထန်ထျန်းက စိတ်ပျက်လက်ပျက်ဖြင့် "ဝင်ခွင့်အခမ်းအနားက တစ်ရက်ပဲ ကြာတာလေ"
" မင်းကို ဘယ်သူက အိပ်ခိုင်းလို့လဲ"
ရှောင်ပိုင်က သမ်းဝေလိုက်ပြီး လျှာလေးသပ်ကာ "အရင်တုန်းက ပတ်ဝန်းကျင် အခြေအနေ အန္တရာယ်ကင်းမှ ထွက်ခဲ့လို့ မင်းပြောထားတာလေ။"
" ငါက အကြာကြီး စောင့်ရမယ် ထင်လို့ တစ်ရေးလောက် အိပ်ဖို့ ပြင်လိုက်တာ"
ထန်ထျန်းက ခေါင်းခါရင်း "ဝင်ခွင့်စမ်းသပ်ပွဲတုန်းက ထျန်းဖူနန်းတော်ထဲမှာ အကြီးအကဲတွေ စောင့်ကြည့်နေမှာ စိုးလို့လေ၊ သူတို့ မင်းကို တွေ့သွားမှာ စိုးလို့။ "
"ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ။"
" အဲ့ဒီလို အကြီးအကဲ တွေက တပည့်လေးတွေကို နေ့တိုင်း ချောင်းကြည့်နေဖို့လောက်ထိတော့ အားမှာ မဟုတ်ဘူး"
ရှောင်ပိုင် မျက်တောင်လေး ခတ်လိုက်ပြီးမှ လုံးဝ နိုးသွားတော့သည်။
"ကောင်းပြီလေ"
ထို့နောက် သူက နားရွက်လေး ထောင်သွားပြီး နှာခေါင်းလေး ရှုံ့ကာ စူးစမ်းလိုက်သည်။
"ဟမ်"
"ဒီနေရာရဲ့ ပတ်ဝန်းကျင်က..."
ထန်ထျန်းက ရယ်လျက် "မင်း နောက်ဆုံးတော့ ခံစားမိပြီပေါ့။ "
"ကမ္ဘာဦးဝိညာဉ် အနေနဲ့ မင်းရဲ့ အာရုံခံတာက တော်တော်လေး နှေးတာပဲ"
ရှောင်ပိုင်၏ တည်ရှိမှုက ထူးခြားလှပြီး သဘာဝအရ နိယာမစွမ်းအား များကို အလွန် အာရုံခံနိုင်သည်။
ထို့ကြောင့် သူ့အနေဖြင့် လစွမ်းအား အနှစ်သာရ ရှိနေသည်ကို သေချာပေါက် သိမည် ဖြစ်သည်။
ခုနက အိပ်ချင်မူးတူး ဖြစ်နေသော်လည်း အခု နိုးသွားပြီဆိုတော့ ချက်ချင်းပင် သိသွားတော့သည်။
ဝမ်းသာအားရ ဖြစ်နေသည့် အရိပ်အယောင်များက သူ့၏ မျက်လုံးထဲတွင် အထင်းသား ပေါ်လာသည်။
"နေရာကောင်းပဲဟေ့"
ရှောင်ပိုင်က အံ့သြတကြီးဖြင့် "ဒီနေရာက အရာအားလုံးမှာ နိယာမစွမ်းအားတွေ ပြည့်နေတာပဲ။"
" နည်းတော့ နည်းပေမဲ့ တကယ်ရှိနေတာပဲ"
" ဒါတွေကိုသာ အကုန် စားပစ်လိုက်ရရင်..."
ပြောပြောဆိုဆိုနှင့် ရှောင်ပိုင်က ဘေးနားရှိ ကုတင်ခြေထောက်ကို လှမ်းကြည့်ပြီး ဟပ်ခနဲ ကိုက်ပစ်ရန် ပြင်လိုက်သည်။
ထန်ထျန်းက သူ့ကို အမြန်ဆွဲတားလိုက်ပြီး "တော်တော့ တော်တော့ ... "
"အဲ့ဒီလောက်ထိ မလုပ်နဲ့။ ဒီလစွမ်းအား အနှစ်သာရ တွေက ညတိုင်း ကျဆင်းလာမှာ၊ မင်း စုပ်ယူဖို့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။"
" မင်းသာ ငါ့အိမ်ကို ဝါးစားပစ်ရင် ငါတို့ လမ်းဘေးမှာ အိပ်ရလိမ့်မယ်"
ထန်ထျန်းက ကောင်းကောင်းမွန်မွန် ဖျောင်းဖျလိုက်မှ စိတ်လှုပ်ရှားနေသော ရှောင်ပိုင်ကို တားနိုင်လိုက်သည်။
သို့သော်လည်း လက်တစ်ချက် အလွတ်မှာပင် စားပွဲထောင့်ကို သူက အကြီးကြီး ကိုက်ပစ်လိုက်သေးသည်။
ထန်ထျန်း ခံစားနေရသည်မှာ သူ့ကိုသာ လွှတ်ထားပေးလိုက်လျှင် ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ တစ်ခု လုံးကို ဝါးစားပစ်မည့်ပုံပင်။
"ငါ့ကို မညာနဲ့နော်... ညကျရင် တကယ့် အစီအစဉ်ကောင်းတွေ ရှိတာ သေချာလား"
ရှောင်ပိုင်က စိတ်လှုပ်ရှားစွာ မေးသည်။
ထန်ထျန်းက ခေါင်းညိတ်ပြပြီး လိမ်ပြောနေခြင်း မဟုတ်ကြောင်း အာမခံလိုက်သည်။
ထိုအခါမှ ရှောင်ပိုင်က အနည်းငယ် ငြိမ်ကျသွားပြီး သူ့ဘာသာ ဆော့စရာ ရှာနေတော့သည်။
"ခြံဝင်းထဲကနေ အပြင်မထွက်နဲ့ဦးနော်"
ထန်ထျန်းက မှာလိုက်သည်။
တကယ်တော့ သူက ရှောင်ပိုင်၏ သွားလာမှုကို ကန့်သတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
သို့သော် သူ့၏ တုံ့ပြန်မှုကို ကြည့်ပြီးနောက် အပြင်ထွက်ကာ ပြဿနာ အကြီးအကျယ် ရှာလာမှာကို သူ တကယ် စိုးရိမ်သွားမိသည်။
ပိုက်ဆံလျော်ရတာက ကိစ္စမရှိသော်လည်း အကြီးအကဲတွေ သတိထားမိသွားလျှင်တော့ မလွယ်ကူပေ။
ထို့ကြောင့် လောလောဆယ် ဘေးနားမှာပဲ ထားရန် ဆုံးဖြတ်လိုက်သည်။
"ဟူး... ဒီည လစွမ်းအား အနှစ်သာရ တွေ ကျလာပြီးရင်တော့ သူ ငြိမ်သွားပါစေလို့ပဲ ဆုတောင်းရမှာပဲ"
ထန်ထျန်း စိတ်ထဲက ကျိတ်၍ သက်ပြင်းချလိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်။
သူတို့ ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူသို့ ရောက်ချိန်မှာ နေ့လည် ရောက် နေပြီ ဖြစ်သည်။
၎င်းပြင် ဤနေရာ၏ ထူးခြားသော တည်နေရာကြောင့် မှောင်ရီပျိုးစ အချိန်မှာ အလွန်မြန်လှသည်။
သို့သော် လစွမ်းအားနှင့် ရတနာမျိုးစုံမှ ထွက်ပေါ်လာသော အလင်းတန်းများကြောင့် အတွင်းပိုင်းမှာ လင်းထိန်နေဆဲပင်။
နူးညံ့သော အလင်းတန်းများက လူကို သက်သောင့်သက်သာ ခံစားရစေသည်။
လစွမ်းအား ကျဆင်းလာရန် နောက်ထပ် တစ်နာရီကျော်ခန့် လိုသေးသည်။
ထိုစဉ်မှာပင် ထန်ထျန်း၏ အခန်းတံခါးကို တစ်စုံတစ်ဦးက လာခေါက်သည်။
ဖွင့်ကြည့်လိုက်ရာ လီဟုန် ဖြစ်နေသည်။
"ဘာကိစ္စလဲ"
ထန်ထျန်းက မေးလိုက်သည်။
လီဟုန်က ပြုံးလျက် "သခင်လေး... ကျွန်တော်နဲ့ လန်ယွီတို့ အပြင်မှာ သတင်းအချို့ သွားစုံစမ်းထားပါတယ်။ ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူနဲ့ ဝမ့်ယွဲ့စင်မြင့် အကြောင်းတွေမို့လို့ သခင်လေးကို လာပြီး အစီရင်ခံတာပါ"
ထန်ထျန်း အနည်းငယ် ကြောင်သွားသည်။
ဤကိစ္စများကို သူက မနက်ဖြန်မှ လုပ်ရန် စိတ်ကူးထားခြင်း ဖြစ်သော်လည်း လီဟုန်တို့က ကြိုတင်လုပ်ထားကြသည် မဟုတ်ပါလား။
"အေး... ဝင်လာခဲ့လေ"
ဤကဲ့သို့သော ကိစ္စအသေးအမွှားများကို ကိုယ်တိုင် လုပ်စရာမလိုတော့သည်မှာ အတော်လေး ကောင်းလှသည်။
လီဟုန်နှင့် လန်ယွီ ညီအစ်မတို့ကတော့ အားကိုးထိုက်သူများ ဖြစ်လာကြသည်။
ထို့နောက် သူတို့နှစ်ဦး ဧည့်ခန်းတွင် ထိုင်လိုက်ကြသည်။
လီဟုန်၏ ရှင်းပြချက်အရ ထန်ထျန်းက ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ၏ အနေအထားကို အကြမ်းဖျင်း သိသွားတော့သည်။
ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူဆိုသည်မှာ တစ်နှစ်ပတ်လုံး ဖွင့်ထားသည့် နေရာမဟုတ်ပေ။
တစ်နှစ်လျှင် နှစ်လခန့်သာ ဖွင့်ပေးသည်။
၎င်းမှာ တရားဝင်တပည့် အဆင့်အတန်း အသစ်ရရှိလာသူများအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
ဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ နဂါးတံခါးစမ်းသပ်ပွဲ မတိုင်မီ တပည့်သစ်များအား သူတို့၏ ပါရမီကို အပြည့်အဝ ဖော်ထုတ်နိုင်ရန်နှင့် သူတို့၏ အစွမ်းအစများကို အကောင်းဆုံး အခြေအနေသို့ မြှင့်တင်ပေးရန် ဖြစ်သည်။
"တကယ်ကို စဉ်းစားပေးတာပဲ"
ထန်ထျန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တပည့်တစ်ဦးချင်းစီ၏ နေထိုင်မှု ပတ်ဝန်းကျင်နှင့် နောက်ခံမှာ ကွဲပြားကြသည်။
အချို့သော တပည့်များက ပါရမီရှိသော်လည်း အပြင်ဘက်ရှိ အခြေအနေ အမျိုးမျိုးကြောင့် သူတို့၏ အစွမ်းကို အပြည့်အဝ မထုတ်နိုင်ခဲ့ကြပေ။
ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ တည်ရှိခြင်းမှာ ထိုကွာဟချက်ကို ဖြည့်ဆည်းပေးရန် ဖြစ်သည်။
လီဟုန်က ပြုံးလျက် "သူတို့ ပြောပုံအရဆိုရင် ထျန်းဖူနန်းတော်က တပည့်အားလုံးကို ခွဲခြားမှုမရှိဘဲ ဆက်ဆံတာပါ။ "
"အားလုံးအတွက် မျှတတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားတာပေါ့။"
" ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ကြိုးစားမှုနဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။ ဤသည်က တကယ်ပင် မျှတသော ပြိုင်ဆိုင်မှုတစ်ခုကို ဖန်တီးပေးနိုင်ပါသည်။
သို့သော်...
မမျှတမှုဆိုသည်မှာ အမြဲရှိနေစမြဲပင်၊ လုံးဝပပျောက်သွားရန်မှာ မဖြစ်နိုင်ပေ။
သူ ဝမ်ရှို့ကို လာဘ်ထိုးခဲ့သည့် ကိစ္စကပင် သက်သေပင်။
အရင်းအမြစ် ပေါများ သူများမှာတော့ သိသိသာသာ အားသာချက် ရှိနေဦးမည် ဖြစ်သည်။
"ဒီနှစ် ထျန်းဖူနန်းတော်ရဲ့ တပည့်သစ် စုစုပေါင်းက တစ်သိန်း ခုနစ်သောင်း ဝန်းကျင် ရှိပါတယ်။ "
"တရားဝင်တပည့် ဖြစ်ဖို့အတွက် စံနှုန်းက အသက် ၂၅ နှစ်အောက်နဲ့ ပေါင်းစည်းခြင်းအဆင့် အထက် ဖြစ်ရမယ်"
ဤနေရာသို့ ရောက်သောအခါ လီဟုန် အံ့သြတကြီး ဖြစ်သွားသည်။
လက်အောက်ခံဂိုဏ်းပေါင်း ရာချီပေါင်းလိုက်လျှင်ပင် ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ဂိုဏ်းပေါင်းစုံ တိုက်ပွဲ တွင် တစ်ကြိမ်လျှင် လူတစ်သောင်းသာ ပါဝင်နိုင်သည်။
သို့သော် ထျန်းဖူနန်းတော်တွင်မူ တစ်နှစ်တည်းမှာပင် တစ်သိန်းကျော် ရှိနေသည် မဟုတ်ပါလား။
ထျန်းဖူနန်းတော်တွင် အစွမ်းထက်သည့် တပည့်များစွာ ရှိနေခြင်းမှာ မဆန်းတော့ပေ။ ပိုင်တိဂိုဏ်း နှင့် ကျီယန်ဂိုဏ်း ကဲ့သို့သော ဂိုဏ်းကြီးများပင် နှစ်ပေါင်း ရာချီ ကြိုးစားခဲ့သော်လည်း ထျန်းဖူနန်းတော်တွင် ခြေကုပ်ယူနိုင်ရုံမျှသာ ရှိနေခြင်းမှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
ဤဧရာမ အင်အားစုကြီးနှင့် ယှဉ်လျှင် လက်အောက်ခံဂိုဏ်းများမှာ အလွန်ပင် သေးငယ်လွန်းလှသည်။
"ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ အကြောင်းပဲ ဆက်ပြော"
ထန်ထျန်းက ပြော သည်။
လီဟုန်က ခေါင်းညိတ်ပြကာ "ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ အတွင်းထဲက ဒီတောင်ထိပ်ကို ဝမ့်ယွဲ့တောင်ထိပ် လို့ ခေါ်ပါတယ်။ "
"အမည်အရတော့ အထပ် တွေ ခွဲမထားဘူးဆိုပေမဲ့ လက်တွေ့မှာတော့ အထပ် ၉ ထပ် ရှိပါတယ်။"
" အခု ကျွန်တော်တို့ ရောက်နေတဲ့ နေရာက ဝမ့်ယွဲ့တောင်ထိပ် ရဲ့ အနိမ့်ဆုံး အထပ်ပါ"
ထန်ထျန်း မျက်မှောင်ကြုတ်သွားပြီး "အထပ်တစ်ခုချင်းစီက မတူကြဘူးလား"
လီဟုန် ခဏရပ်သွားပြီးမှ "တကယ်တော့ ဒီလိုပါ..."
" လစွမ်းအားရဲ့ ထူးခြားချက်ကြောင့် ဝမ့်ယွဲ့ဖုန်းရဲ့ အပေါ်ပိုင်းကို ရောက်လေလေ လစွမ်းအား သိပ်သည်းဆက ပိုများလေ၊ စွမ်းအားက ပိုများ လေပါပဲ။ "
"ဒါကြောင့် တပည့်တွေက သူတို့ဘာသာသူတို့ အထပ်ခွဲထားကြတာပါ။ အစွမ်းထက်တဲ့ တပည့်တွေက ဝမ့်ယွဲ့တောင်ထိပ် ရဲ့ အပေါ်ပိုင်းနားမှာ နေကြပါတယ်။"
" ဒါက အင်အားကြီးသူက ဖိနှိပ်လို့ မဟုတ်ဘဲ လစွမ်းအားကိုယ်တိုင်က ထွက်ပေါ်နေတဲ့ ဖိအား ကြောင့်ပါ။ "
"ဥပမာ ပေါင်းစည်းခြင်းအဆင့် တပည့်တစ်ယောက်က အပေါ်ပိုင်းကို အတင်းတက်သွားရင် ဘာအကျိုးကျေးဇူးမှ မရတဲ့အပြင် ကောင်းကင်ဖိအားကို မခံနိုင်လို့ သွေးနဲ့ချီ ပြောင်းပြန်ဖြစ်ပြီး ထိခိုက်နိုင်ပါတယ်။"
" ဒါကြောင့် တပည့်တွေက သူတို့နဲ့ သင့်တော်တဲ့ နေရာမှာပဲ နေကြပါတယ်။ "
"အထပ် ၉ ထပ်ဆိုတာက တပည့်တွေ အချင်းချင်း သတ်မှတ်ထားတာပါ၊ ထျန်းဖူနန်းတော်ကတော့ အပေါ်ကို တက်ချင်ရင် တားမြစ်တာမျိုး မရှိပါဘူး"
လီဟုန်က ရှင်းပြလိုက်သည်။
ထန်ထျန်း မေးစေ့ကို ပွတ်လိုက်မိသည်။
အော်... တကယ်တော့ ဒီလိုကိုး။