← Chapters

နောက်ထပ် အသိ တစ်ယောက်

Vol. 22 Ch. 242

နောက်ထပ် အသိ တစ်ယောက်

Vol. 22 Ch. 242

"ဘုန်း"

တိုက်ပွဲက ရုတ်တရက်ပင် စတင်ခဲ့သည်။

သို့သော် လာစဉ်က မြန်သလို ပြီးသွားသည့်အခါတွင်လည်း မြန်ဆန်လှသည်။

အဆင့်တူ အတိဒုက္ခဖြတ်ကျော်ခြင်း အစောပိုင်းအဆင့် တပည့်ဖြစ်သော်လည်း လီဟုန်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

စက္ကန့်ပိုင်းအတွင်းမှာပင် ဝမ့်ယွဲ့စင်မြင့် အပြင်ဘက်သို့ တိုက်ထုတ်ခြင်း ခံလိုက်ရသည်။

ဤမျှ ပြတ်သားလွန်းသော တိုက်ပွဲကြောင့် အခြားတပည့်များ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။

အထူးသဖြင့် အနီးနားရှိ တပည့်များမှာ မျက်မှောင်ကြုတ်သွားကြသည်။

သူတို့၏ ခွန်အား မှာ ခုနက ရှုံးနိမ့်သွားသော တပည့်နှင့် အတူတူပင် ဖြစ်သည်။

အကယ်၍ လီဟုန်က သူတို့ကို စိန်ခေါ်ခဲ့လျှင်လည်း သူတို့၏ အဆုံးသတ်မှာ ထိုတပည့်နှင့် ထပ်တူကျမည်မှာ သေချာသည်။

ဤမျှ အစွမ်းထက်သော မျက်နှာသစ်များက ဘယ်နေရာကနေ ရုတ်တရက် ထွက်ပေါ်လာသနည်း

လူများက စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကြသည်။ အကြောင်းမှာ လဝက်ခန့် ကြာအောင် နေရာလုခဲ့ကြပြီးနောက် ဤနေရာ ရှိ အခြေအနေမှာ အတော်အတန် တည်ငြိမ်နေပြီ ဖြစ်သောကြောင့်ပင်။

ဤလူများ၏ အထောက်အထားမှာ တကယ်ပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။

လူတိုင်းတွင် အတွေးကိုယ်စီ ရှိနေကြသော်လည်း ထန်ထျန်းကမူ သူတို့ ဘာတွေးနေသည်ကို ဂရုမစိုက်ပေ။

"ဘယ်လိုလဲ"

ထန်ထျန်းက မေးလိုက်သည်။

လီဟုန်က ခဏစဉ်းစားပြီးနောက် "နောက်ထပ် အကွာအဝေးတစ်ခုအထိ ရှေ့တိုးနိုင်ပါသေးတယ်။ သူတို့က အပြင်က အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ တွေထက် နည်းနည်းလေးပဲ ပိုသန်မာတာပါ"

ရှန့်တုမြို့ တွင် ရှိစဉ်က လီဟုန်သည် လက်အောက်ခံဂိုဏ်းများမှ ပါရမီရှင်များနှင့် လက်ရည်စမ်းခဲ့ဖူးသဖြင့် သူ၏ အဆင့်ကို ကောင်းကောင်း သိထားခြင်း ဖြစ်သည်။

"ကောင်းပြီ၊ ဒါဆို ဆက်သွားကြတာပေါ့။ "

"လန်ယွီနဲ့ လွီကျူး... "

"မင်းတို့နှစ်ယောက်လည်း စလိုက်ကြတော့"

ထန်ထျန်းက ပြော သည်။

"ဟုတ်ကဲ့"

ထန်ထျန်း၏ အမိန့်အရ လီဟုန်၊ လန်ယွီနှင့် လွီကျူးတို့ သုံးဦးက တစ်ဆင့်ချင်း စိန်ခေါ်တိုက်ခိုက်ကာ ဝမ့်ယွဲ့စင်မြင့်၏ အတွင်းပိုင်းဆီသို့ တည်ငြိမ်စွာ တက်လှမ်းခဲ့ကြသည်။

တကယ့် တိုက်ခိုက်ရေးခွန်အား ကို တိုင်းတာမည်ဆိုပါက လန်ယွီ ညီအစ်မတို့က လီဟုန်ထက်ပင် ပိုမိုသန်မာကြသေးသည်။

ဝမ့်ယွဲ့စင်မြင့် အပြင်ဘက်ပိုင်းရှိ တပည့်များမှာ သူတို့၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခုခံနိုင်ကြပေ။

၁၅ မိနစ် ခန့်အတွင်းမှာပင် သူတို့က အတိဒုက္ခဖြတ်ကျော်ခြင်း အစောပိုင်းအဆင့်နှင့် အလယ်အဆင့် ကြားနေရာသို့ ရောက်ရှိသွားကြသည်။

ဤနေရာသို့ ရောက်သောအခါမှသာ သူတို့ ဖိအားကို စတင်ခံစားရတော့သည်။

ထျန်းဖူနန်းတော်တွင် အစွမ်းထက်သော တပည့်များစွာ ရှိနေသေးသည် မဟုတ်ပါလား။

နောက်ထပ် တပည့်တစ်ဦးကို အနိုင်ယူပြီးနောက်တွင် ထန်ထျန်းက အချိန်ကို တွက်ချက်လိုက်ပြီး လီဟုန်ကို ဤနေရာ၌ပင် ကျင့်ကြံခိုင်းရန်နှင့် လန်ယွီ ညီအစ်မတို့ကိုလည်း အနည်းငယ်ထပ်တိုးရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ထိုစဉ်မှာပင် အစွမ်းထက်သော အော်ရာရှိသည့် တပည့်တစ်စု ကောင်းကင်မှ လျင်မြန်စွာ ပျံသန်းလာပြီး ထန်ထျန်းတို့ အနားသို့ ဆင်းသက်လာခဲ့သည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ကိုယ်လုံး သေး သွယ်သော လူငယ်တစ်ဦး ဖြစ်သည်။

သူက တည်ကြည်သော မျက်နှာထားဖြင့် အခြေအနေကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ရပ်လိုက်စမ်း"

သူက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

ထန်ထျန်းက လှည့်ကြည့်လိုက်ရာ တက်လှမ်းခြင်း အဆင့် တပည့်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူက ဟွမ်ပြောင်ကဲ့သို့သော အာဏာရှိသူတစ်ယောက်လားဟု ထန်ထျန်း တွေးတောနေစဉ်မှာပင် တစ်ဖက်လူက အဖြေပေးလိုက်သည်။

"ငါ့နာမည်က ကျန်းချင်းယွင် ။ ဒီဝမ့်ယွဲ့စင်မြင့်ရဲ့ စည်းကမ်းကို ထိန်းသိမ်းရတဲ့သူပဲ။ "

"မင်းတို့ ဘာလုပ်နေတာလဲ"

ကျန်းချင်းယွင်က အေးစက်စက် မေးလိုက်ပြီးနောက် လူအုပ်ကို ဝေ့ကြည့်ကာ ထန်ထျန်းပေါ်သို့ အကြည့်ကို ပို့ထားလိုက်သည်။

ဤလူသာ် ထန်ထျန်းကသာ ဤအုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည့် ထက်မြက်သော အာရုံရှိပုံရသည်။

"ငါ တို့... ဝမ့်ယွဲ့စင်မြင့်မှာ နေရာရဖို့အတွက် ကြိုးစားနေတာပါ"

ထန်ထျန်းက ပြန်ဖြေသည်။

ကျန်းချင်းယွင်က မျက်မှောင်ကြုတ်ကာ "ဒါပေမဲ့ ငါကြားတာတော့ ဒီသုံးယောက်ပဲ တိုက်ခိုက်နေတာဆို။ "

"မင်းတို့နှစ်ယောက်ကတော့ အစကနေ အခုထိ လက်ဖျားနဲ့တောင် မတို့ရသေးဘူး"

သူ ပြော ကာ ဘေးနားရှိ လုရှီကို လျစ်လျူရှုလျက် မေးခွန်းထုတ်တော့သည်။

ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း "အဲ့ဒါက ဘာများ မှားနေလို့လဲ"

ကျန်းချင်းယွင်က ချက်ချင်းပင် အော်လိုက်သည်။ "မှားတာပေါ့"

" ဝမ့်ယွဲ့စင်မြင့်ရဲ့ စည်းကမ်းအရ ကိုယ်လိုချင်တဲ့ နေရာကို ကိုယ်ကိုယ်တိုင် တိုက်ယူရမယ်။"

" ငါထင်တာ မမှားဘူးဆိုရင် ဒီသုံးယောက်က မင်းရဲ့ လက်အောက်ငယ်သားတွေ မဟုတ်လား"

ထန်ထျန်းက ခေါင်းညိတ်ပြကာ "ဟုတ်ပါတယ်"

ကျန်းချင်းယွင်က နှာခေါင်းရှုံ့ကာ "ဒါဆိုရင် မင်းက သူတို့ကို ခိုင်းပြီး မင်းအတွက် နေရာကောင်းတစ်ခု ရှာခိုင်းနေတာပေါ့"

ထိုစကားကြောင့် ထန်ထျန်း မေးစေ့ကို ပြန်ပွတ်လိုက်မိသည်။

ဤလူက ဘာကြောင့် ရုတ်တရက် ပြဿနာလာရှာသနည်းဟု သူ အံ့သြနေမိသော်လည်း လီဟုန်တို့ သုံးဦးက ထန်ထျန်းအတွက် နေရာလုပေးနေသည်ဟု ကျန်းချင်းယွင်က အထင်မှားနေခြင်း ဖြစ်သည်။

ထန်ထျန်းက ပြုံးလျက် "အဲ့ဒါဆိုရင်တော့ မင်း ခန့်မှန်းတာ တကယ်ပဲ မှားသွားပြီ။"

" သူတို့က သူတို့ကိုယ်တိုင်အတွက် နေရာလုနေတာ၊ တခြားသူနဲ့ ဘာမှမဆိုင်ဘူး"

ကျန်းချင်းယွင်က ထိုစကားကို မယုံကြည်သည့် အမူအရာဖြင့် "ဒါဆို မင်းက ဘာလို့ သူတို့နောက် လိုက်လာတာလဲ"

" လစွမ်းအား ကျဆင်းလာတော့မယ်၊ မင်းက ကျင့်ကြံဖို့ နေရာမရှာဘဲ ဒီမှာ ဘာလာလုပ်နေတာလဲ"

" မင်းမှာ မရိုးသားတဲ့ အကြံရှိနေတာ သိသာတယ်"

သူ အော် ပြော လိုက်သည်။

ထန်ထျန်း ဆွံ့အသွားမိသည်။

ဤလူက အပြင်ပန်းကြည့်လျှင် တည်ငြိမ်သော်လည်း စကားပြောသည့်အခါတွင် လူငယ်လေးတစ်ဦးကဲ့သို့ စိတ်လိုက်မာန်ပါ ရှိလှသည်။

"မင်းနဲ့ ဘာဆိုင်လဲ"

" ငါက ငါ့လူ တွေနဲ့ လူအုပ်ထဲ လိုက်ကြည့်နေတာ"

ထန်ထျန်းက စိတ်မရှည်စွာ ပြောလိုက်သည်။

ကျန်းချင်းယွင်က မျက်လုံးပြူးကာ "ဝမ့်ယွဲ့စင်မြင့်မှာ လာပြီး လူကြည့်တယ် ဟုတ်လား"

" အခုချက်ချင်း ထွက်သွားစမ်း၊ ဝမ့်ယွဲ့စင်မြင့် အပြင်ဘက်ကို အမြန်ထွက်သွား"

" လစွမ်းအား ကျဆင်းလာတဲ့အခါ ဖိအားကို မခံနိုင်လို့ မင်း ထိခိုက်ဒဏ်ရာရသွားရင် စီမံသူက ငါ့ကိုပဲ အပြစ်တင်လိမ့်မယ်။ "

"အခုချက်ချင်း ထွက်သွားစမ်း"

သူ ပြော ကာ ထန်ထျန်းကို အနောက်သို့ ဆုတ်သွားစေရန် ရှေ့သို့ တိုးလာခဲ့သည်။

ကြောက်လန့်နေသော လုရှီကလည်း အမြန် နောက်ဆုတ်သွားတော့သည်။

သို့သော် ကုရှောင်းရွှယ် ကမူ ထန်ထျန်း၏ ရှေ့တွင် ရပ်ကာ ကာကွယ်လိုက်သည်။

သူမက သူမကိုယ်သူမ ထန်ထျန်း၏ ကိုယ်ရံတော်အဖြစ် ဘယ်တော့မှ မမေ့ပေ။

"နင်က ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ"

သူမက ကြည်လင်သော အသံဖြင့် မေးလိုက်သည်။

ပုံမှန်ဆိုလျှင် မိန်းကလေးငယ်လေးကို မြင်ပါက လူများက ဒေါသလျော့သွားတတ်သော်လည်း ကျန်းချင်းယွင်ကမူ ဆန့်ကျင်ဘက်ပင်။

သူက ပို၍ ဒေါသထွက်သွားပြီး ကုရှောင်းရွှယ်၏ ရှေ့တွင် ရပ်ကာ "မင်းက ငါ့ကို လက်ညှိုးထိုးနေတာလား"

" မင်းက ငါနဲ့ တိုက်မလို့လား"

ထိုစဉ်မှာပင် ကောင်းကင်မှ “ဘန်း” ကနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး လေးလံသော ဖိအားတစ်ခု ကျဆင်းလာကာ လူတိုင်း၏ ရင်ထဲတွင် ဖိအားကို ခံစားလိုက်ရသည်။

ကျန်းချင်းယွင်၏ အော်ရာ က ဤမျှ ပြင်းထန်တာလား

မဟုတ်ပေ၊ ဤသည်မှာ လစွမ်းအား ကျဆင်းလာတော့မည့် နိမိတ်ပင် ဖြစ်သည်။

သို့သော် ကျန်းချင်းယွင်၏ ဖိအားကလည်း တကယ့်ကို ရှိနေသည်။

ဘေးပတ်ဝန်းကျင်မှ တပည့်များကလည်း ဤတိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေကြသည်။

ဖိအားအောက်တွင် လုရှီ၏ နဖူးမှ ချွေးစက်များ ကျလာပြီး "သခင်လေးထန်... ကျွန်တော်တို့ လက်လျှော့လိုက်ရအောင်"

" ဒီက စီမံသူတွေ ရောက်လာရင် ကျွန်တော်တို့ ပြဿနာတက်လိမ့်မယ်။"

" ဝမ့်ယွဲ့တောင်ထိပ်က စီမံသူတွေက စိတ်တိုတတ်ကြတယ်"

ထန်ထျန်းမှာမူ ဆွံ့အသွားရပြန်သည်။

လုရှီ၏ အမြင်တွင် မည်သူမဆို စိတ်တိုတတ်သူများချည်း ဖြစ်နေသလား။

ဤနေရာတွင် ဆက်နေရန် မလိုအပ်သော်လည်း ဒီအတိုင်း ပြန်ဆုတ်သွားလျှင်လည်း လီဟုန်တို့အတွက် အခက်အခဲ ဖြစ်စေနိုင်သည်။

ထန်ထျန်း မည်သို့လုပ်ရမည်ကို စဉ်းစားနေစဉ်မှာပင် အဝေးမှ ခန့်ညားသော အသံတစ်ခု ထွက်ပေါ်လာသည်။

"လစွမ်းအား ကျတော့မယ်၊ မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ"

ထိုစကားအဆုံးတွင် လူတစ်ဦး လူအုပ်ရှေ့သို့ ရောက်ရှိလာသည်။

"စီမံသူ အကြီးအကဲ "

တပည့်များက အော်ကာ ဘေးကို လှည့်ဖယ်ပေးလိုက်ကြသည်။

လုရှီမှာမူ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

သေပြီ၊ တကယ့် စီမံသူ အကြီးအကဲ ရောက်လာပြီ

သို့သော် သူ အလွန်အမင်း စိုးရိမ်နေစဉ်မှာပင် ထိုစီမံသူ အကြီးအကဲ က ထန်ထျန်း၏ အမည်ကို ခေါ်လိုက်သည်။

"ထန်ထျန်းလား "

"မင်း ဒီကို ဘယ်လိုရောက်နေတာလဲ"

ထန်ထျန်းက ရောက်လာသူကို ကြည့်ကာ ပြုံးလိုက်သည်။

"တိုက်ဆိုင်လိုက်တာ၊ စီနီယာအစ်ကိုကွမ်း"

ဤလူက နေ့လည် ပိုင်းက ကောင်းကင် လှေကား အထွက်တွင် ထန်ထျန်း စကားပြောခဲ့ဖူးသော ကွမ်းယို ပင် ဖြစ်သည်။

သူတို့နှစ်ဦး ရင်းနှီးနေသည်ကို မြင်လိုက်ရသောအခါ လုရှီမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။

ထန်ထျန်းက လက်အောက်ခံဂိုဏ်းက တက်လာတဲ့ တပည့်သစ် မဟုတ်ဘူးလား

ဘာလို့ နေရာတကာမှာ သူ့လူတွေချည်းပဲ ရှိနေရတာလဲ

All Chapters