ဝမ့်ယွဲ့တောင်ထိပ်သို့ တက်ခြင်း
Vol. 22 Ch. 245
တောင်ကိုးလုံးစမ်းသပ်ပွဲ တွင် ထန်ထျန်း လုပ်ဆောင်ခဲ့သမျှ ကို သိပြီးနောက်တွင် ထန်ထျန်း၏ ခွန်အားမှာ အင်မော်တယ်နယ်ပယ်နှင့် အထက်၌ ရှိနေမည်မှာ သေချာသည်ဟု ကွမ်းယို သိထားပြီးသား ဖြစ်သည်။
ထို့ပြင် အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး၏ အကောင်းမြင် ချီးကျူးမှုကိုပါ ရရှိထားသဖြင့် သူ့ကို မြေကြီးစာရင်း ထဲ၌ ကြိုတင်ထည့်သွင်းထားခြင်းမှာလည်း အလွန်အကျွံကြီးဖြစ်သည်ဟု သူ မခံစားရပေ။
သို့သော်လည်း ထန်ထျန်းက ထျန်းဖူနန်းတော်ရှိ တကယ့် ပါရမီရှင်များနှင့် ယှဉ်နိုင်လိမ့်မည်ဟု သူ မယူဆခဲ့မိချေ။
အကြောင်းမှာ နှစ်ဖက်စလုံး၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ အလွန်ပင် ကွာခြားလွန်းလှသောကြောင့် ဖြစ်သည်။
ထန်ထျန်းက နောင်တစ်ချိန် ကျင့်ကြံခြင်း၌ သူတို့ကို တဖြည်းဖြည်း မှီလာနိုင်ကောင်း မှီလာနိုင်လိမ့်မည်။
သို့သော် အခုချက်ချင်းတော့ မဟုတ်နိုင်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ခုနက ဖြစ်ပျက်ခဲ့သမျှက သူ၏ ယခင်ခန့်မှန်းချက်များကို အမြစ်ပြတ် ဖြိုပစ်လိုက်သည်။
အင်မော်တယ်နယ်ပယ်၏ လစွမ်းအားက ထန်ထျန်းကို မကျေနပ်စေနိုင်သလို အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ လစွမ်းအားကလည်း ရှေ့ဆက်တက်မည့် သူ၏ခြေလှမ်းများကို မတားဆီးနိုင်ခဲ့ချေ။
ထန်ထျန်းက အပြင်ကမ္ဘာကဲ့သို့ အရင်းအမြစ် ရှားပါးလှသော ပတ်ဝန်းကျင်တွင်ပင် ဆန်းကြယ် အင်မော်တယ် အဆင့်နှင့် အထက်သို့ ရောက်ရှိနေပြီလား
ယုတ္တိမရှိသော ခံစားချက်ကြီးတစ်ခု ကွမ်းယို၏ ရင်ထဲ၌ ပေါ်ပေါက်လာတော့သည်။
"သခင်လေး... သခင်လေးထန်၊ တကယ်ပဲ အပေါ်ကို ဆက်တက်ဦးမလို့လား။"
" အဲ့ဒီက ဖိအားက တကယ် နောက်စရာ မဟုတ်ဘူးနော်"
ကွမ်းယိုက ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
သူ၏ မျက်နှာအမူအရာကို ကြည့်ကာ ထန်ထျန်းက ပြုံးလျက် "ငါ့ရဲ့ တကယ့် ကျင့်ကြံခြင်းအဆင့်က ဘာလဲဆိုတာ မင်း သိချင်နေတာ မဟုတ်လား"
ကွမ်းယိုက သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိတ်တဆိတ် စုံစမ်းရန် ကြိုးစားနေသည်မှာ ကြာပြီဖြစ်ကြောင်း ထန်ထျန်း သတိထားမိသည်။
သို့သော် ဤသည်မှာ ရိုင်းစိုင်းသော အပြုအမူဖြစ်သဖြင့် မည်သူမျှ ပွင့်ပွင့်လင်းလင်း မပြောခဲ့ကြခြင်း ဖြစ်သည်။
သူ့ အတွေးကို မြင်သွား သဖြင့် ကွမ်းယိုက အိုးတိုးအန်းတန်း ဖြစ်သွားပြီးမှ "ငါ တကယ်ပဲ နည်းနည်းတော့ စပ်စုချင်မိတာပါ။"
" အကြောင်းကတော့... အပြင်ကမ္ဘာလို နေရာမျိုးမှာ အင်မော်တယ်နယ်ပယ်ကို ရောက်ပြီးရင် အဆင့်တက်ဖို့က တကယ်ကို ခက်ခဲလွန်းလို့ပါ"
ထန်ထျန်းက ခေါင်းညိတ်ပြကာ "အဲ့ဒါတော့ မှန်ပါတယ်။"
" ဒါပေမဲ့ ငါက တချို့ ကံကောင်းခြင်း တွေ ရခဲ့လို့ပါ။ အခု ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ အစစ်အမှန် အင်မော်တယ် အဆင့်ပဲ"
ထန်ထျန်းက ကွမ်းယိုကို အမှန်အတိုင်း ပြောပြလိုက်သည်။
၎င်းကို ဖုံးကွယ်ထားရန် မလိုအပ်ပေ၊ ဤကဲ့သို့သော ကိစ္စမျိုးမှာ အနှေးနှင့်အမြန် လူတိုင်း သိသွားကြမည့်အရာပင်။
ထိုစကားကို ကြားသောအခါ ကွမ်းယိုက အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
သူက အင်မော်တယ်အစောပိုင်း အဆင့်ကို ကျော်ဖြတ်ထားပြီးသား ဖြစ်သည်မှာ မှန်ပေသည်။
သို့သော် ဤအဖြေက သူ၏ရင်ထဲမှ ယုတ္တိမရှိသော ခံစားချက်ကို တော်တော်လေး လျော့ပါးသွားစေသည်။
အစစ်အမှန် အင်မော်တယ်အဆင့်ဆိုလျှင်တော့ လူသားတစ်ယောက်၏ လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ရှိနေပါသေးသည်။
"ဒါဆို ဘာလို့ အပေါ်ကို ဆက်တက်ချင်နေရတာလဲ။"
" ဒီနေရာက အစစ်အမှန် အင်မော်တယ်တွေ ကျင့်ကြံဖို့အတွက် နေရာမှန် ပဲ မဟုတ်လား"
ကွမ်းယိုက နားမလည်နိုင်စွာ မေးသည်။
ထန်ထျန်းက "ဒါက ငါ ထျန်းဖူနန်းတော်ကို ရောက်တဲ့ ပထမဆုံးနေ့လေ၊ ဝမ့်ယွဲ့တောင်ထိပ် အကြောင်းကိုလည်း ငါ တော်တော်လေး စိတ်ဝင်စားမိတယ်။ "
"ဒီနေ့ညတော့ ငါ ကျင့်ကြံဖို့ အစီအစဉ် မရှိသေးဘူး၊ ဒီနေရာအကြောင်းကိုပဲ ကောင်းကောင်း သိအောင် လုပ်ချင်တာ။"
" အဲ့ဒါကြောင့် အပေါ်မှာ ဘာရှိလဲဆိုတာ သွားကြည့်ချင်သေးတယ်"
ကွမ်းယိုက ခေါင်းညိတ်လိုက်သည်။ ဤအကြောင်းပြချက်ကတော့ လက်ခံနိုင်စရာ ရှိပေသည်။
နေရာအသစ်သို့ ရောက်ရှိချိန်၌ စပ်စုချင်စိတ် ရှိသည်မှာ သဘာဝပင်။
"ဒါဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပါ။ အပေါ်က အခြေအနေတွေက အောက်က အခြေအနေတွေနဲ့ လုံးဝကို မတူဘူးနော်။ "
"အစစ်အမှန် အင်မော်တယ် နေရာက ဝမ့်ယွဲ့စင်မြင့် ရှိတဲ့ နောက်ဆုံးနေရာပဲ။ "
"အဲ့ဒီထက် မြင့်တဲ့နေရာတွေမှာတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖိအားတွေက အရမ်းကို ပြင်းထန်တယ်။"
" တကယ် မလုပ်နိုင်ဘူးလို့ ခံစားရရင် ချက်ချင်း ပြန်ဆုတ်လာပါ။ "
"မဟုတ်ရင်တော့ ဒဏ်ရာရတာက သိပ်ကိစ္စမရှိပေမဲ့ ကုစားလို့မရတဲ့ တာအိုဒဏ်ရာ တွေသာ ရသွားရင်တော့ နောင်တရလို့ ဆုံးမှာ မဟုတ်ဘူး"
ကွမ်းယိုက အလေးအနက် သတိပေးလိုက်သည်။
ထန်ထျန်းက "ငါ သတိထားပါ့မယ်။ "
"အပေါ်က အထပ်တွေက ဘယ်လိုရှိလဲဆိုတာကိုပဲ ငါ သွားကြည့်ချင်တာ"
ကွမ်းယိုက နှုတ်ခမ်းမဲ့ကာ "အဲ့ဒါက ဒီအတိုင်း လျှောက်ကြည့်လို့ရတဲ့ နေရာမျိုး မဟုတ်ဘူး။"
" အမှန်အတိုင်း ပြောရရင် တောင်ကို အထပ်ကိုးထပ် ခွဲခြားထားတယ်ဆိုတာက လူတွေ သတ်မှတ်ထားတာပါ။"
" တကယ်တမ်းကျတော့ ဝမ့်ယွဲ့တောင်မှာ အထပ်ဆိုတာ မရှိဘူး၊ အပေါ်ကို တက်လေလေ ဖိအားက ပိုများလေလေပဲ။"
" တကယ်လို့ မင်း တကယ်ပဲ ဆက်တက်ချင်တယ်ဆိုရင်တော့ ဒါကို သတိထားမှ ဖြစ်မယ်"
ထန်ထျန်းက သဘောပေါက်ကြောင်း ပြောလိုက်သော်လည်း ကွမ်းယို၏ စကားထဲမှ အခြား အဓိပ္ပာယ်တစ်ခုကိုပါ ခံစားလိုက်ရသည်။
" အစ်ကိုကွမ်း က ငါနဲ့အတူ အပေါ်ကို လိုက်မလာတော့ဘူးလား"
သူက ပြုံးလျက် မေးလိုက်သည်။
ကွမ်းယိုက အမြန်ပင် ခေါင်းခါပြကာ "ငါ ကလည်း အစစ်အမှန် အင်မော်တယ် အဆင့်ပဲရှိတာ။ ဒီနေရာမှာတင် ဖိအားကို တော်တော် ခံစားနေရပြီ၊ အပေါ်ကိုတက်ပြီး ဒုက္ခမရှာချင်တော့ဘူး။"
" ဒါပေမဲ့ ငါ့ ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားကိုတော့ ယူသွားပါ။ တစ်ခုခု အရေးပေါ်ဖြစ်လာရင် အဲ့ဒါကို ချိုး လိုက်ရုံပဲ"
"ငါ မင်းကို ရှာဖို့ နည်းလမ်းရှာပါ့မယ်"
ထန်ထျန်းက အရိုအသေးပေး ကာ "ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် အစ်ကို ကွမ်း"
ခဏအကြာတွင် ထန်ထျန်းက ကွမ်းယို၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ယူကာ တစ်ဦးတည်း ရှေ့ဆက် တက်ခဲ့သည်။
သူ ဆက်တက်လေလေ၊ ကောင်းကင်နှင့် မြေကြီး၏ ဖိအားက သိသာ မြန်ဆန်လှသော နှုန်းဖြင့် တိုး လာလေ ဖြစ်သည်။
သို့သော် ထန်ထျန်း၏ အခုလက်ရှိ ခန္ဓာမှာ အထွတ်အထိပ်သို့ ရောက်နေပြီဟု ပြော၍ရသည်။
ဆန်းကြယ် အင်မော်တယ် အဆင့်ကိုပင် ခြေတစ်လှမ်းလှမ်းရန် ခက်ခဲစေသော ဖိအားများက သူ၏ခြေလှမ်းများကို မတားဆီးနိုင်ခဲ့ချေ။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ ကောင်းကင်ယံမှ လမင်းကြီးမှာ တဖြည်းဖြည်းနှင့် ခေါင်းပေါ်တည့်တည့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝမ့်ယွဲ့တောင်ထိပ်က လစွမ်းအားများမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
မရေမတွက်နိုင်သော လစွမ်းအားများက ကောင်းကင်မှ ကျဆင်းလာရာ၊ မကျင့်ကြံ ရသေးမီမှာပင် ထိုထူးကဲသော စွမ်းအားများ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာနေသည်ကို ထန်ထျန်း ခံစားလိုက်ရသည်။
အင်မော်တယ်စွမ်းအား အမြောက်အမြားနှင့်အတူ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တည်ငြိမ်စွာ တိုးတက်နေသည်။
အကယ်၍ ဤကဲ့သို့ ပတ်ဝန်းကျင်၌သာ ဆက်တိုက် ကျင့်ကြံခွင့်ရမည်ဆိုပါက နောက်ထပ် အဆင့်တစ်ခုသို့ သူ အမြန်ရောက်သွားနိုင်လိမ့်မည်ဟု ထန်ထျန်း ခန့်မှန်းမိသည်။
သို့သော် ဤနေရာသည်လည်း ထန်ထျန်း၏ အဆုံးစွန် မဟုတ်သေးပေ။
သူက တည်ငြိမ်သော ခြေလှမ်းများဖြင့် ဆက် တက်ခဲ့သည်။
ခဏအကြာတွင် ထန်ထျန်းက ထူထပ်သော သစ်တောများကို ဖြတ်ကျော်ပြီးနောက် မျက်စိတစ်ဆုံး ကျယ်ပြောလှသော မြေပြန့်လွင်ပြင်တစ်ခုသို့ ရောက်ရှိသွားသည်။
လရောင်မှာ အောက်သို့ ဖြာကျနေပြီး ဤနေရာတစ်ခုလုံးကို ဖြူစင်သော အရောင်များဖြင့် လွှမ်းခြုံထားသည်။
လစွမ်းအားများမှာ မြူခိုးများပမာ တောင် တစ်ခုလုံး၌ ပျံ့နှံ့နေသည်။
အနောက်သို့ လှည့်ကြည့်လိုက်သောအခါ သူက ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ နှင့် တစ်တန်းတည်း အမြင့်သို့ ရောက်နေပြီ ဖြစ်သည်။
"ဒါ... တောင်ထိပ်ကို ရောက်သွားတာလား"
ထန်ထျန်း မျက်ခုံးပင့်လိုက်သည်။
ဤနေရာရှိ ဖိအားမှာ အရမ်း ပြင်းထန်နေပြီ ဖြစ်သည်။
သူက ဟင်းလင်းပြင်ခန္ဓာ ကို ပိုင်ဆိုင်ထားသော်လည်း အဆုံးမရှိသော ဖိအားများကို ခံစားနေရပြီး လှုပ်ရှားရသည်မှာ ရွှံ့ညွန်ထဲ၌ လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေသည်။
သူ၏ ခန့်မှန်းချက်အရဆိုလျှင် ရွှေအင်မော်တယ် အဆင့်နှင့် အထက်မှသာ ဤနေရာ၌ ပုံမှန်အတိုင်း ကျင့်ကြံနိုင်ပါလိမ့်မည်။
သို့မဟုတ် သူ့လိုပဲ ထူးခြားသော ခန္ဓာနှင့် ကံကောင်းမှုများ ရှိသည့်သူမျိုး ဖြစ်ရပေမည်။
အကယ်၍ တပည့်များ ရှိနေမည်ဆိုလျှင်လည်း သူတို့က ထျန်းဖူနန်းတော်၏ ထိပ်တန်းများ ဖြစ်မှာ သေချာသည်။
"ဒီမှာပဲ တော်ပြီ"
ထန်ထျန်းက ယနေ့ညအတွက် စူးစမ်းမှုကို ဤနေရာ၌ ရပ်နားရန် ဆုံးဖြတ်လိုက်သည်။
မဟုတ်လျှင်တော့ ဒါက တကယ့်ကို ဒီအတိုင်း လျှောက်ကြည့်နေခြင်းသာ ဖြစ်နေပါလိမ့်မည်။
သင့်တော်သော နေရာတစ်ခု ရှာပြီး ထန်ထျန်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။
အဲ့ဒီနောက်မှ ကြောင်လေးကို အပြင်ထုတ်ပေးလိုက်သည်။
အပြင်ရောက်သည်နှင့် ကြောင်လေးမှာ အံ့သြတကြီး အော်ဟစ်လိုက်ပြီးနောက် မိန်းမောသွားတော့သည်။
၎င်းအတွက်လည်း ဒါဟာ အကောင်းဆုံး တိုးတက် ရာ နေရာတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
"ငါ့နားမှာပဲ နေပြီး ကျင့်ကြံ၊ လျှောက်မသွားနဲ့။ မဆင်မခြင်လည်း ဘာမှ မလုပ်နဲ့၊ ဒီမှာ ထိပ်တန်း ကျင့်ကြံသူ တွေ ရှိနေနိုင်တယ်"
ထန်ထျန်းက မှာကြားလိုက်သည်။
ထို့နောက် သူကိုယ်တိုင်လည်း စိတ်ကို တည်ငြိမ်စေကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
မရေမတွက်နိုင်သော လစွမ်းအားများက ခဏချင်းမှာပင် ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာတော့သည်။
တစ်ချိန်တည်းမှာပင် ထန်ထျန်းက ရှေးဟောင်းကျောက်စိမ်း၏ အပေါက်ကို ဖွင့်လိုက်ရာ အပြင်မှ အင်မော်တယ်စွမ်းအားများနှင့်အတူ စွမ်းအားလှိုင်းကြီးများက ဒန်တျန် ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားပါတော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ မြင်နိုင်သော နှုန်းဖြင့် အလွန်မြန်ဆန်စွာ တိုးတက်နေသည်။
သို့သော် ကျင့်ကြံခြင်းထဲ၌ စိတ်နှစ်ထားသော ထန်ထျန်း မသိသည်မှာ... သူ၏ တောင်ကိုးလုံး စမ်းသပ်ပွဲမှ "ဂုဏ်ယူဖွယ်ရာ လုပ်ဆောင်ချက်" များနှင့် သူ၏ အချက်အလက်များက ထျန်းဖူနန်းတော် တစ်ခုလုံး၌ လေပြင်းမုန်တိုင်းကဲ့သို့ တစ်ရှိန်ထိုး ပျံ့နှံ့နေပြီ ဆိုတာပင်။