ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ
Vol. 22 Ch. 246
နောက်ပိုင်းရက်များတွင် ထန်ထျန်းက နေ့ဘက်၌ သူ့ လှိုဏ်ဂူအတွင်း၌ပင် ငြိမ်သက်စွာ ကျင့်ကြံနေပြီး ညဘက်ရောက်လျှင်မူ ဝမ့်ယွဲ့တောင်ထိပ်သို့ တိုက်ရိုက်သွားကာ လစွမ်းအားကို အသုံးပြု၍ ကျင့်ကြံသည်။
လစွမ်းအား၏ သက်ရောက်မှု မှာ သူထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်လှသည်။
၎င်းက ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသော အင်မော်တယ်စွမ်းအားများကို သူ့ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲပေးနိုင်သည်။ ဤသို့ဆိုလျှင် အင်မော်တယ်စွမ်းအားကို စုပ်ယူသည့်နှုန်း မြန်သမျှ ကျင့်ကြံခြင်းအဆင့်မှာလည်း တစ်ဟုန်ထိုး တိုးတက်လာမည်ဖြစ်သည်။
ဟင်းလင်းပြင်ခန္ဓာ ကို ပိုင်ဆိုင်ထားသော ထန်ထျန်းမှာမူ အောက်ခြေမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ပင်။ အပြင်ပတ်ဝန်းကျင်မှ အင်မော်တယ်စွမ်းအားဖြစ်စေ၊ ရှေးဟောင်းကျောက်စိမ်းမှ ပေးစွမ်းသော အင်မော်တယ်စွမ်းအားဖြစ်စေ အကုန်အစင် လက်ခံစုပ်ယူနိုင်သည်။
ဤသို့ဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဒုံးပျံတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက်လာတော့သည်။
ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူသို့ ရောက်ရှိပြီး လေးရက်အကြာမှာပင် အစစ်အမှန် အင်မော်တယ် နှောင်းပိုင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး အစစ်အမှန် အင်မော်တယ် အထွတ်အထိပ် အဆင့်သို့ လျင်မြန်စွာ ဦးတည်နေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏အမည်နှင့် လုပ်ဆောင်ချက်များမှာလည်း ထျန်းဖူနန်းတော်အတွင်း၌ ပိုမိုပျံ့နှံ့လာခဲ့သည်။
"မင်း ကြားပြီးပြီလား... ဒီနှစ် အပြင်ကလာတဲ့ တပည့်သစ်တွေထဲမှာ တကယ့်ကို မထင်မှတ်ရတဲ့ လူတစ်ယောက် ပါလာတယ်တဲ့။ ဝင်ခွင့်စမ်းသပ်ပွဲမှာ သူ့တစ်ယောက်တည်း အစွမ်းနဲ့တင် ထျန်းဖူနန်းတော်ရဲ့ ထိပ်တန်း တပည့် နှစ်ရာကျော်ကို ပြုတ်သွားအောင် လုပ်လိုက်တာတဲ့ကွ"
"ဟာ... တကယ်ကြီးလားကွ။ အပြင်က လာတဲ့ ပါရမီရှင်တွေရဲ့ အရည်အချင်းက ထျန်းဖူနန်းတော်နဲ့ ယှဉ်ရင် အဆင့်တွေ အများကြီး ကွာခြားနေလို့ လုံးဝ ယှဉ်လို့မရဘူးလို့ ပြောကြတာ မဟုတ်ဘူးလား"
"ဒီတစ်ခါတော့ ချွင်းချက် ရှိတယ်ကွ။ထျန်းဖူနန်းတော်ရဲ့ အထက် ပုဂ္ဂိုလ်ကြီးတစ်ယောက်တောင် သူ့ကို အတော်လေး ချီးကျူးထားတယ်လို့ ကြားတယ်"
"ဒါတင် ဘယ်ကမလဲ။ ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူဘက်က သတင်းတွေအရဆိုရင် ထန်ထျန်းရဲ့ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန် အင်မော်တယ် အဆင့်ကို ရောက်နေပြီတဲ့။ သူ ထျန်းသီစာရင်း ထဲ ဝင်မှာကတော့ သေချာပေါက်ပဲ"
ထျန်းဖူနန်းတော်မှ တပည့်များမှာ အမျိုးမျိုး ဝေဖန်ပြောနေကြသည်။
သို့သော် အချို့ကမူ ဤသတင်းအပေါ် အထင်သေးကြသည်။
"အပြင်က လာတဲ့ လူသစ်ဘုရင် ဟုတ်လား ဟားဟား... မနောက်ပါနဲ့ကွာ။ ငါးနှစ်တစ်ကြိမ် လူသစ်ဘုရင် တစ်ယောက် ထွက်လာတာပဲ၊ တကယ် တော်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ"
"နာမည်ပဲ ရှိတာပါကွာ။ အပြင်က ပတ်ဝန်းကျင်မျိုးမှာ တကယ်တော်တဲ့လူ ထွက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
"ငါ့အမြင်တော့ အလယ်အလတ် တပည့်အဆင့်လောက်ပဲ ရှိမှာ။ နာမည်ကို မိုးပေါ်ရောက်အောင် မြှင့် တင်ပေးထားကြတာ၊ မြှောက်ပေးလေလေ ပြုတ်ကျရင် ပိုနာလေလေပဲ ဖြစ်မှာ"
"ဟားဟား... လား'လား၊ မြင်း'လားဆိုတာကတော့ အပြင်ထုတ်ပြီး စမ်းကြည့်လိုက်ရင် သိရမှာပေါ့"
လူအများက ဝိုင်း ပြောနေကြသော်လည်း တပည့်များ၏ အတွေးက မည်သို့ပင် ရှိစေကာမူ ရက်အနည်းငယ်အကြာတွင် ထန်ထျန်းက နောက်ဆုံး၌ မြေကြီးစာရင်း ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ထို့ပြင် အဆင့်သတ်မှတ်ချက်မှာလည်း မနိမ့်လှပေ။ အဆင့် ခြောက်ရာကျော် နေရာ၌ ရှိနေခြင်း ဖြစ်သည်။
ဤအဆင့်မှာ အစစ်အမှန် အင်မော်တယ် အဆင့်ရှိ သန်မာသော ကျင့်ကြံသူများ၏ နေရာ ဖြစ်သည်။
ဤသည်ကို မြင်သောအခါ တပည့်များ၏ ထန်ထျန်းအပေါ် အာရုံစိုက်မှုမှာ ပိုမိုမြင့်တက်လာခဲ့သည်။ သူက ဤအဆင့်ကို ရယူရန် လုံလောက်သော အရည်အချင်း ရှိ၊ မရှိကို လူတိုင်း သိချင်နေကြသည်။
ကိစ္စတစ်ခု၏ ကျော်ကြားမှု မှာ တစ်စထက်တစ်စ မြင့်တက်လာသည့်အခါတွင်တော့ တစ်စုံတစ်ယောက်က ဦးစွာ စမ်းသပ်ရန် ပေါ်ထွက်လာစမြဲပင်။
ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူသို့ ရောက်ပြီး ဆယ်ရက်မြောက်နေ့
လှိုဏ်ဂူ အတွင်း၌ ထန်ထျန်းက ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။
ဆယ်ရက်တိုင်တိုင် ဆက်တိုက် ကျင့်ကြံပြီးနောက်တွင် သူက နောက်ဆုံး၌ အစစ်အမှန် အင်မော်တယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်အင်မော်တယ် နယ်ပယ်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ခန္ဓာကိုယ်ထဲမှ ပြင်းထန်လှသော အင်မော်တယ်စွမ်းအားများကို ခံစားရင်း ထန်ထျန်း ပြုံးလိုက်မိသည်။
အမှန်ပင်... သူ ထျန်းဖူနန်းတော်သို့ လာရန် ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်လှသည်။ အကယ်၍ ချင်းယွဲ့ဂိုဏ်းမှာသာ ဆက်ရှိနေပါက ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူကဲ့သို့သော ကျင့်ကြံခြင်းနေရာမျိုးကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ရှေးဟောင်းကျောက်စိမ်းမှ ပေးသော အင်မော်တယ်စွမ်းအားကိုသာ အားကိုးနေရမည်ဆိုပါက ယခုအချိန်တွင် အစစ်အမှန် အင်မော်တယ် နှောင်းပိုင်း အဆင့်သို့ ရောက်ရန်ပင် ခက်ခဲပေလိမ့်မည်။
အထွတ်အထိပ်၌ ရပ်တည်ရန်ဟူသည်မှာလည်း ထာဝရ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
"မဆိုးဘူး"
ထန်ထျန်းက သူ့၏ အခုလက်ရှိ ကျင့်ကြံခြင်း အမြန်နှုန်း အပေါ် အလွန်ပင် ကျေနပ်မိသည်။
ခဏမျှ ငြိမ်သက်သွား ပြီးနောက် လီဟုန်က ရုတ်တရက် အခန်းတံခါးကို ခေါက်လာသည်။
တံခါးဖွင့်လိုက်သည့်အခါ လီဟုန်၏ မျက်နှာမှာ အတော်လေး တည်ကြည်နေပြီး "သခင်လေး... အပြင်မှာ တပည့်တစ်စု ရောက်လာပြီး သခင်လေးကို စိန်ခေါ်ဖို့ အော်ဟစ်နေကြပါတယ်။"
" သူတို့က တကယ် သန်မာတယ်၊ အင်မော်တယ်နယ်ပယ်နဲ့ အထက်မှာ ရှိမယ်လို့ ကျွန်တော် ထင်တယ်"
ထန်ထျန်း မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ တကယ်ပဲ လာကြပြီပေါ့။
အရင်က ကွမ်းယို သတိပေးခဲ့ဖူးသလိုပင် သူ၏ ခွန်အား အစစ်အမှန်ကို လာရောက် စမ်းသပ်မည့်သူများ သေချာပေါက် ရှိလာမည် ဖြစ်သည်။
ယခုတော့ တကယ်ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။
"လှိုဏ်ဂူ အပြင်မှာပဲလား"
ထန်ထျန်းက မေးလိုက်သည်။
လီဟုန်က ခေါင်းညိတ်ပြကာ "ဟုတ်ပါတယ်၊ လူ တစ်ဆယ်ကျော်လောက် ရှိတယ်။"
" တခြား တပည့်တွေ အများကြီးလည်း ဝိုင်းအုံလာကြပြီ။ ကျွန်တော်တို့ နေရာ တင်မကဘူး၊ အပေါ်ထပ်က လူတွေလည်း ဆင်းလာကြပုံပဲ။"
" စီမံသူ ဝမ် ကိုလည်း အကြောင်းကြားထားတယ်၊ သူတို့လည်း လာနေကြပါပြီ"
ထန်ထျန်းက အင်းဟု တစ်ခွန်းသာဆိုကာ ပြုံးလျက် "ကောင်းပြီ၊ ဒါဆို သွားကြတာပေါ့။ "
"ထျန်းဖူနန်းတော်ရဲ့ တကယ့် ထိပ်တန်း တွေက ဘယ်လောက်အဆင့်ရှိလဲဆိုတာ ငါလည်း ကြည့်ချင်တယ်"
ပြောပြီးသည်နှင့် သူက ထိုင်ရာမှ ထကာ လီဟုန်နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ထန်ထျန်း၏ လှိုဏ်ဂူ အပြင်ဘက်၌
အားကောင်းသော အော်ရာ ရှိသည့် လူငယ်တပည့်တစ်စုမှာ လက်ပိုက်လျက် မောက်မာသော ပုံစံဖြင့် ရပ်နေကြသည်။
လှိုဏ်ဂူပတ်ပတ်လည်၌လည်း ကြည့်ရှုရန် ရောက်လာကြသော ထျန်းဖူနန်းတော် တပည့်များဖြင့် ပြည့်နှက်နေသည်။
ဤအတောအတွင်း ထန်ထျန်း၏ သတင်းများကို သူတို့လည်း ကြားထားသဖြင့် သူက တကယ်ပင် ထိုက်တန်သော ခွန်အား ရှိ၊ မရှိကို အလွန်ပင် စပ်စုချင်နေကြခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လန်ယွီညီအစ်မက တံခါးဝတွင် စောင့်နေပြီး ထိုပါရမီရှင် အုပ်စုနှင့် ရင်ဆိုင်နေကြသည်။
"မင်းတို့ သခင်က ဘာလုပ်နေတာလဲ၊ ဘာလို့ ခုထိ ထွက်မလာသေးတာလဲ။ ကြောက်နေတာလား"
လူငယ်တစ်ဦးက ၎င်းတို့နှစ်ဦးကို ငုံ့ကြည့်ကာ လှောင်ပြောင် ပြောလိုက်သည်။
လန်ယွီ မျက်မှောင်ကြုတ်ကာ အေးစက်စွာဖြင့် "ရှင်တို့က ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်လာပြီး ကျွန်မတို့ သခင်လေးရဲ့ ကျင့်ကြံခြင်းကို လာနှောင့်ယှက်နေတာဆိုတော့ အကျင့်စာရိတ္တပိုင်းကတော့ စိတ်ပျက်စရာပဲနော်။"
" ထျန်းဖူနန်းတော်က ကျင့်ကြံခြင်းကိုပဲ သင်ပေးပြီး 'ကိုယ်ကျင့်တရား' ဆိုတာကို မသင်ပေးဘူးလား"
စကား ငြင်းခုန် ရာတွင်တော့ သူမတို့က လုံးဝ မကြောက်ပေ။
တစ်ဖက်က လူငယ်က နှာခေါင်းရှုံ့လျက် "ထျန်းဖူနန်းတော်က ဘယ်လိုလဲဆိုတာ မင်းလို တောသူမ တစ်ယောက်က ဝေဖန်စရာ မလိုဘူး။"
" မကျေနပ်ရင် ငါနဲ့ လာပြိုင်လေ၊ ငါက လက်နှစ်ဖက် ခြေနှစ်ဖက် ပေးထားရင်တောင် မင်းကတော့ အရိုက်ခံရုံပဲ ရှိမှာ"
လန်ယွီက ရယ်ကာ "ကျွန်မတို့က ထျန်းဖူနန်းတော်ရဲ့ တရားဝင် လက်အောက်ခံ ဂိုဏ်းတွေက လာတာပါ၊ ရှင်ကတော့ တောသူမလို့ ခေါ်နေတာလား"
" ဒါဆို ရှင့်အမြင်အရ ထျန်းဖူနန်းတော် လက်အောက်က ဂိုဏ်းပေါင်း ရာချီက ထျန်းဖူ နန်းတော်ရဲ့ တပည့်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ဆိုလိုတာလား"
သူမက ကိစ္စကို ကြီးအောင် လုပ်လိုက်ပြီး တစ်ဖက်လူကို ဂိုဏ်းကွဲအောင် လုပ်သူအဖြစ် ရောက်သွားစေသည်။
ထိုလူငယ်မှာ ခဏမျှ စွံ့အသွားတော့သည်။ သူတို့က သီးသန့်နေရာများတွင်သာ ထိုသို့ ခေါ်လေ့ရှိကြပြီး ဤကဲ့သို့ လူပုံအလယ်တွင် ပွင့်ပွင့်လင်းလင်း ပြောရန် မည်သူမျှ မဝံ့ရဲကြပေ။
သို့သော် ထိုစဉ် အခြားတပည့်တစ်ဦးက ရှေ့သို့ ထွက်လာကာ အေးဆေးစွာ ပြုံးလျက် "ငါတို့က အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ "
"ဒီနေ့လာတာကလည်း တမင် ပြဿနာရှာဖို့ မဟုတ်ဘူး။"
" ငါတို့ ကြားတာကတော့ ဒီမှာ တစ်စုံတစ်ယောက်က မောက်မာရိုင်းစိုင်းပြီး တခြားတပည့်တွေကို စိတ်ကြိုက် နှိပ်စက်နေတယ်၊ မတရားတဲ့ နည်းလမ်းနဲ့ ဝမ့်ယွဲ့စင်မြင့်ကို သိမ်းပိုက်ထားတယ်လို့ ကြားလို့ပါ။"
" အဲ့ဒါကြောင့် ငါတို့က တရားမျှတမှု လာတောင်းတာပါ"
သူက သူတို့၏ လာ ရန်စမှုကို ဆင်ခြေကောင်းကောင်းတစ်ခု ပေးလိုက်သည်။
လန်ယွီက ခဏမျှ တုံ့ဆိုင်းသွားပြီး ပြန်လည် တုံ့ပြန်ရန် နည်းလမ်းရှာနေစဉ်မှာပင် အသံတစ်ခုက အေးအေးလူလူ ပျံ့လွင့်လာသည်။
"ထျန်းဖူနန်းတော်က ခွန်အားကို ဦးစားပေးတဲ့ နေရာ မဟုတ်ဘူးလား"
"ဘာလို့ မင်းတို့က အကြောင်းပြချက်တွေ လျှောက်ရှာနေရတာလဲ"
"တကယ့်ကို မိန်းမဆန်လိုက်တာ"
ထန်ထျန်း၏ ပုံရိပ်မှာ လူအများရှေ့တွင် ပေါ်လာခဲ့သည်။
သူ၏ စကားကို ကြားသောအခါ ခုနက လူမှာ ဆဲပင် ဆဲချင်သွားသည်။ မင်းရဲ့ အစေခံမက ငါတို့ကို အကြောင်းပြချက် မေးနေလို့လေ၊ အကြောင်းပြချက် မရှိရင် အကျင့်မကောင်းဘူးလို့ ပြောနေလို့လေ။
အခု ငါက အကြောင်းပြချက် ပေးတော့လည်း မင်းက မိန်းမဆန်တယ်လို့ ပြောပြန်ပြီ။
စကားကောင်းသမျှ မင်းတို့ပဲ ပြောသွားတော့တာပဲလား
"ငါ မေးချင်တာက ခုနက ငါပြောတဲ့ ကိစ္စတွေက အမှန်ပဲလား"
ထိုသူက အသံမာမာဖြင့် မေးလိုက်သည်။
ထန်ထျန်းက အေးဆေးစွာ ပြုံးလိုက်သည်။
"ဟုတ်တယ်၊ ငါက မောက်မာရိုင်းစိုင်းတယ်"
"ငါက တခြားတပည့်တွေကို နှိပ်စက်တယ်"
"ငါပဲ ဝမ့်ယွဲ့စင်မြင့်ကို သိမ်းပိုက်ထားတယ်"
"အဲ့ဒီတော့... မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"
ထန်ထျန်း၏ လေသံမှာ...
အတိုင်းအထက်အလွန် မောက်မာလှသည်။