အခန်း (၂၆၂)
Vol. 26 Ch. 262
အခန်း။ ၂၆၂
“လီယောင်း... မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်အရ နင် တစ်ပတ်အတွင်း မိသားစုပင်မခွဲဆီကို ပြန်လာရမယ်”
လီမိန်က သူမ၏အသံမှာ အနည်းငယ်တုန်ရီနေသော်လည်း အာဏာရှိဟန်ဖြင့် အတင်းအကျပ် ပြောလိုက်သည်။
လီယောင်းသည် သူမအား ခေတ္တမျှ စိုက်ကြည့်နေသော်လည်း မျက်နှာတွင် မည်သည့်ခံစားချက်မျှ ဖော်ပြခြင်းမရှိပေ။ ထို့နောက် လီမိန်၏စကားကို တစ်ခွန်းတစ်ပါဒမျှ တုံ့ပြန်ခြင်းမရှိဘဲ သူမဘေးမှ ရှောင်ကွင်းကာ ဘာမှမဖြစ်ခဲ့သလိုမျိုး ရုံးခန်းရှိရာသို့ ဆက်လက်လျှောက်လှမ်းသွားတော့သည်။
“အဲဒီ ထူးထူးဆန်းဆန်း မိန်းကလေးက ဘယ်သူလဲ။ ထားပါတော့... ခုနက ကျွန်မပြောလက်စက...”
လီမိန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ချက်ချင်းလှည့်ကြည့်ကာ အသံကို သိသိသာသာမြှင့်၍ အော်ပြောလိုက်သည်။
“လီယောင်း... အဲဒီလောက်အထိ မာနမကြီးစမ်းနဲ့။ နင်က ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်ပညာရှင်တွေကို အနိုင်ယူနိုင်တယ်ဆိုရင်တောင် လီမိသားစုထဲမှာ ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်နဲ့ ဟင်းလင်းပြင်နယ်ပယ်အဆင့် ပညာရှင်တွေ ဘယ်လောက်တောင် အများကြီးရှိတယ်ဆိုတာ နင်သိလား”
သူမသည် ဤကိစ္စအတွက် အချိန်အများကြီးမပေးနိုင်ကြောင်း ကိုယ့်ဘာသာတွေးမိသည်။ သူမ အမြန်ပြန်သွားပြီး အဖိုးဖြစ်သူကို ကြည့်ရှုစောင့်ရှောက်ရန် လိုအပ်သည်။ မိသားစုမှ ထွက်ခွာလာကတည်းက သူမ၏ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားနေရသည်။
အကယ်၍ လီယောင်းက ပင်မမိသားစုဆီသို့ တကယ်မပြန်ချင်ပါက သူမအနေဖြင့်လည်း ဆက်လက်အတင်းအကျပ် မတိုက်တွန်းချင်တော့ပေ။ အမှန်အတိုင်းဆိုလျှင် သူမသည် ဝမ်းကွဲညီမဖြစ်သူကို အလွန်ပင် သနားမိသည်။
လီယောင်း၏ မိသားစုဝင်များ ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်တွင် အသတ်ခံလိုက်ရကြောင်း ကြားသိရစဉ်က သူမ အမှန်တကယ် စိတ်မကောင်းဖြစ်ခဲ့ရသည်။
သို့သော် လီယောင်းသည် ဤဂိုဏ်းတွင် ကိုယ်ပိုင်အိမ်ဂေဟာကို တည်ဆောက်ထားပြီး အမှန်တကယ် ပျော်ရွှင်နေပုံရသည်။ အကယ်၍ လီယောင်းအနေဖြင့် ပင်မမိသားစုမှ လူများကို ထပ်မံမတွေ့ချင်တော့ပါကလည်း သူမအနေဖြင့် အပြစ်မဆိုလိုပေ။
သူမကိုယ်တိုင်သာ လီယောင်း၏နေရာတွင်ဆိုလျှင်လည်း ဤကဲ့သို့ပင် ပြုမူမိမည် ဖြစ်သည်။
“လီ…. မင်းပြောတာက ဗဟိုတိုက်ကြီးက လီမိသားစုကို ပြောတာလား”
သူတို့၏အနောက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
လီမိန် လှည့်ကြည့်လိုက်သောအခါ လျှောက်လှမ်းလာသူ နှစ်ဦးကို တွေ့လိုက်ရ၏။ ခန့်ညားထည်ဝါသော အမူအရာရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၀ ဝန်းကျင်ခန့်ရှိသော ချောမောသည့် လူငယ်တစ်ဦးတို့ ဖြစ်သည်။
သို့သော် အမျိုးမျိုးသော ကျင့်စဉ်များနှင့် အတတ်ပညာများဖြင့် မိမိတို့၏ ရုပ်သွင်ကို နုပျိုအောင် သို့မဟုတ် အိုမင်းအောင် ဖန်တီးနိုင်သည့် ကျင့်ကြံခြင်းလောကတွင် အသက်အရွယ်ကို ခန့်မှန်းရခြင်းမှာ အကျိုးမရှိလှပေ။
“ဟုတ်တယ် ဘာဖြစ်လို့လဲ”
လီမိန်က ထိုလူအသစ်များကို သေချာစူးစမ်းရင်း သံသယဖြင့် မေးလိုက်သည်။
“မင်း ဗဟိုတိုက်ကြီးကနေ ဘယ်တုန်းက ထွက်လာခဲ့တာလဲ”
လျိုဖုန်းက မေး၏။
“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပါ”
သူမက ထိုသူ၏ အစွမ်းကို အကဲခတ်ရင်း ပြန်ဖြေလိုက်သည်။ သူမ၏ လေ့လာချက်အရ ထိုသူ၏ ကျင့်ကြံမှုမှာ ရွှေရောင်အမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း သိနိုင်သော်လည်း သူ၏အနောက်တွင် ရပ်နေသောသူ၏ အစွမ်းကိုမူ သူမ သေချာစွာ အကဲမဖြတ်နိုင်ပေ။
ထိုလူငယ်မှာ ထင်ရှားသော မိသားစုတစ်ခုခုမှ သခင်လေးဖြစ်ပြီး အခြားတစ်ဦးမှာ သူ၏သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းလားဟု သူမ တွေးတောမိသည်။
လျိုဖုန်းသည် သူမ၏အဖြေကို ကြားလိုက်သောအခါ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
“အော်... အဲဒါကြောင့်လည်း မင်းမသိတာကိုး”
သူက ပြောလိုက်သည်။
လီမိန်သည် တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
"ဘာကို ဆိုလိုတာလဲ"
သူမ မေးလိုက်မိသော်လည်း စိတ်ထဲမှမူ အဖြေကို ကြိုတင်၍ ကြောက်ရွံ့နေမိသည်။
"မနေ့က လီမိသားစုရဲ့ ပင်မခွဲ တိုက်ခိုက်ခံလိုက်ရတယ်"
လျိုဖုန်းက ပြောလိုက်၏။
လီမိန်၏ သွေးများမှာ လုံးဝအေးခဲသွားသလို ခံစားလိုက်ရသည်။
"တစ်ယောက်မှ အသက်မရှင်ဘူး"
လျိုဖုန်းက ထပ်လောင်း၍ ပြောလိုက်သည်။
ထိုခဏမှာပင် လီမိန်သည် ဒူးထောက်လျက် လဲကျသွားတော့သည်။ သူမ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့သွားပြီး အံ့သြတုန်လှုပ်နေသော အမူအရာဖြင့် "မဖြစ်နိုင်ဘူး... ဒါ အမှန်မဖြစ်နိုင်ဘူး။ အဖိုး..." ဟု မယုံကြည်နိုင်စွာ ရေရွတ်နေမိသည်။
ထို့နောက်တွင်တော့ သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တားမနိုင်ဆည်းမရ စီးကျလာတော့သည်။
"သိပြီ... ဒါကြောင့် နင် ဒီလိုပြောတာကိုး..."
သူမက ထူးဆန်းစွာ ပြုံးရင်း ပြောလိုက်ရာ ရူးသွပ်လုမတတ် ဖြစ်နေပုံရသည်။
သူမသည် ကျောက်သားကြမ်းပြင်ကို ပြင်းထန်သော အားဖြင့် တစ်ချက် ထိုးနှက်လိုက်ပြီး "နင် ငါ့ကို လိမ်ခဲ့တယ်..." ဟု အော်ဟစ်လိုက်သည်။ ထိုဒဏ်ကြောင့် ကြမ်းပြင်ပေါ်တွင် ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းများ သိသိသာသာ ပျံ့နှံ့သွားလေသည်။
ရုတ်တရက်ဆိုသလို သူမ၏ ဝမ်းနည်းပူဆွေးနေသော ရှိုက်သံများမှာ ရပ်တန့်သွားသည်။ သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးထားသော အလွန်အမင်း ပြင်းထန်သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသောကြောင့် ဖြစ်၏။
အဆောက်အအုံတစ်ခုလုံးမှာလည်း ထိုကြီးမားသော ဖိအားအောက်တွင် ပြိုကျတော့မည့်အလား ပြင်းထန်စွာ တုန်ခါလာတော့သည်။
သူမ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သောအခါ သူမ၏ ဝမ်းကွဲညီမ လီယောင်းကို တွေ့လိုက်ရသည်။ လီယောင်း၏ အကြည့်မှာ အရာရာကို ထိုးဖောက်မြင်နိုင်သကဲ့သို့ တည်ငြိမ်အေးစက်နေ၏။ လီယောင်း၏ ပါးပြင်ပေါ်တွင် ကြွေထည်များ ကွဲအက်သကဲ့သို့ ပါးလွှာသော အက်ကြောင်းတစ်ခု စတင်ပေါ်ထွက်လာသည်။
"ဂိုဏ်းချုပ်"
ဝမ်ကျန့်က လျိုဖုန်း၏ရှေ့တွင် ကာကွယ်ပေးမည့် အနေအထားဖြင့် အမြန်တိုးထွက်လာသည်။ လီယောင်းထံမှ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ် ကောင်းလှသည့် စွမ်းအားများကြောင့် သူ အလွန်ပင် စိုးရိမ်တုန်လှုပ်နေမိသည်။
ဒီအရှိန်အဝါမျိုးက... ဒီမိန်းကလေးက ဘယ်လိုမိစ္ဆာမျိုးလဲ။
ထို့နောက် လီယောင်းမှာ သူမ ကျရောက်နေသော စိတ်အာရုံတစ်ခုအတွင်းမှ ရုတ်တရက် ပြန်လည်နိုးထလာပုံရသည်။
"အာ... ခွင့်လွှတ်ပါ"
သူမက တည်ငြိမ်စွာ ပြောရင်း လက်ကို မြှောက်ကာ ပါးပြင်ကို အသာအယာ သုတ်လိုက်သည်။ ပျံ့နှံ့နေသော အက်ကြောင်းမှာလည်း မရှိခဲ့ဖူးသကဲ့သို့ပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
"ကျွန်မ ခဏတာ စိတ်မထိန်းနိုင် ဖြစ်သွားတယ်"
သူမက အေးဆေးစွာ ပြောလိုက်၏။
"နှမြောစရာပဲ အဖိုးနဲ့ နောက်ဆုံးတစ်ခေါက်လောက် စကားပြောချင်ခဲ့တာ"
သူမက ပြောသော်လည်း လေသံမှာ မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။
ထို့နောက်တွင်မူ သူမ၏ အမူအရာမှာ ဘာမှမဖြစ်ခဲ့သလိုမျိုး ချိုသာပျူငှာသော အပြုံးတစ်ခုအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားပြန်သည်။
"ဂိုဏ်းချုပ်ကျန့်... ဧည့်ဝတ်မကျေတာကို ခွင့်လွှတ်ပါ။ စိတ်ထဲမှာလည်း အမှတ်မထားပါနဲ့နော်"
သူမက တက်ကြွစွာ ပြောလိုက်သည်။
ဝမ်ကျန့်က သူမကို ကြည့်ရင်း မျက်တောင်များ အနည်းငယ် တုန်ခါသွားသည်။
ဒီမိန်းကလေးက သူမရဲ့ အမူအရာကို ဘာလို့ ဒီလောက်မြန်မြန် ပြောင်းလဲနိုင်တာလဲ။
"အာ... စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်တို့ကပဲ အသိမပေးဘဲ ရုတ်တရက် ရောက်လာတာပါ။ ဂိုဏ်းချုပ်လည်း အလုပ်များနေပုံရတယ်ဆိုတော့ ကျွန်တော်တို့ တခြားအချိန်မှပဲ လာခဲ့ပါတော့မယ်"
ဝမ်ကျန့်က ပြောလိုက်လေသည်။
“ရပါတယ်။ အထဲကို ကြွကြပါ”
လီယောင်းက ဖော်ဖော်ရွေရွေပြောရင်း သူတို့အား ပင်မခန်းမဆောင်ရှိရာသို့ လမ်းညွှန်ခေါ်ဆောင်သွားလေသည်။
...
ပင်မခန်းမဆောင်အတွင်း၌ လူလေးဦး ထိုင်နေကြပြီး လေထုမှာ အတော်ပင် တင်းမာလျက် ရှိသည်။ လီယောင်းသည် ရှေ့ဆုံးရှိ ဂိုဏ်းချုပ်ထိုင်ခုံတွင် ထိုင်နေပြီး သူမ၏ ကိုယ်ဟန်မှာ အရှိန်အဝါ ကြီးမားလှ၏။ သူမ၏ တစ်ဖက်တွင်မူ ဝမ်ကျန့်က ထိုင်နေပြီး ဂိုဏ်းချုပ်တစ်ဦး၏ အရှိန်အဝါဖြင့်ပင် ပြန်လည်တုံ့ပြန်နေသည်။
ဘေးတစ်ဖက်တွင်မူ လျိုဖုန်း ထိုင်နေပြီး သူသည် အတော်ပင် စိုးရိမ်တုန်လှုပ်နေပုံရသည်။ သူသည် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လီမိန်ကို တစ်ချက်တစ်ချက် ခိုးကြည့်မိရာ လီမိန်ကမူ သူ့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေလေသည်။
လျိုဖုန်းမှာမူ ဒီမိန်းကလေးက ဘာဖြစ်နေတာလဲ။ ဘာလို့ ငါ့အပေါ် ဒီလောက်ရန်လိုနေရတာလဲဟု တွေးတောနေမိသည်။ သူသည် သတင်းစကားပါးသူမျှသာ ဖြစ်၏။
ထို့ကြောင့် သူမကို လျစ်လျူရှုထားခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အချိန်အတော်ကြာ စိုးရိမ်ပူပန်နေရသော အခြားအကြောင်းအရာတစ်ခုကိုသာ ပြောင်းလဲစဉ်းစားလိုက်တော့သည်။
သူသည် ခန်းမ၏ ရှေ့ဆုံးတွင် ခန့်ညားစွာ ထိုင်နေသော လီယောင်းကို လှမ်းကြည့်လိုက်သည်။ သူမသည် သူ ယခင်က ဆုံဖူးခဲ့သော ရွယ်တူတန်းတူ ကျင့်ကြံသူများနှင့် လုံးဝ မတူပေ။
ခုနက သူမ ပြသခဲ့သော ထိတ်လန့်ဖွယ် အရှိန်အဝါမှာ သူ နောက်ဆုံးတွေ့ခဲ့စဉ်ကထက်ပင် ပိုမိုအားကောင်းလာခဲ့သည်။ သူတို့ နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်လပင် မပြည့်သေးချေ။ သူမ၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ သာမန်နားလည်မှုများထက် ကျော်လွန်ကာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ထိုအချက်မှာ သူ့ကို အနှောင့်အယှက် အပေးဆုံးအရာ မဟုတ်ပေ။ သူ့ကို ပို၍ စိတ်ရှုပ်ထွေးစေသည်မှာ လီယောင်းထံမှ မဟာအကြီးအကဲထံတွင် ရရှိဖူးသော အနံ့အသက်မျိုး ထွက်ပေါ်နေခြင်း ဖြစ်သည်။ ထိုအနံ့မှာ အလွန်ပင် သိမ်မွေ့သော်လည်း ထိုသူနှင့် အတိအကျ တူညီနေ၏။
သူသည် ဤထူးဆန်းသော အချက်ကို အသည်းအသန် စဉ်းစားနေစဉ်မှာပင် ရုတ်တရက် အကြည့်ကို လွှဲလိုက်ရသည်။ သူ၏ ပါးပြင်များမှာ ရှက်ရွံ့မှုကြောင့် အနည်းငယ် နီမြန်းသွားလေသည်။
ဟုတ်သားပဲ... ငါ ဒါကို ဘယ်လိုများ မေ့သွားရတာလဲ။
ထိုသူနှစ်ဦးမှာ ဇနီးမောင်နှံများ ဖြစ်ကြသဖြင့် သူမထံတွင် ထိုသူ၏ အနံ့အသက် ရှိနေခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။ ယခုမူ သူသည် ငတုံးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရတော့သည်။
“အဟမ်း...”
ဝမ်ကျန့်က လျိုဖုန်း၏ အာရုံကို ရရှိရန် ချောင်းဟန့်လိုက်သည်။
ထိုအခါမှ လျိုဖုန်းသည် သတိဝင်လာကာ ထိုင်ခုံတွင် ကိုယ်ကို မတ်မတ်ဆန့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ရှိစေရန် ကြိုးစားလိုက်သည်။
ဝမ်ကျန့်က လျိုဖုန်းကို ဘေးတစ်စောင်း ကြည့်ရင်း စိုးရိမ်မှုများ တိုးလာမိသည်။ ဤသခင်လေးမှာ ယခုခရီးစဉ်အတွင်း အတော်ပင် ထူးဆန်းနေသည်ဟု သူ တွေးနေမိ၏။
ပြီးခဲ့သည့်အကြိမ်က ခင်ပွန်းဖြစ်သူကို စိုက်ကြည့်နေခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ ဇနီးဖြစ်သူကို ထပ်တူထပ်မျှ စိုက်ကြည့်နေပြန်သည်။
ဒီငတုံးက ငါတို့နှစ်ဦးစလုံး အသတ်ခံရအောင် လုပ်နေတာလား။
ထိုစဉ်မှာပင် တံခါးမှာ အသာအယာ ပွင့်သွားပြီး အကြီးအကဲဟွမ်သည် လက်ဖက်ရည်အိုးကို ကိုင်ဆောင်လျက် ဝင်လာလေသည်။ သူမသည် ရှိနေသူ လေးဦးစလုံးကို ပူနွေးသော လက်ဖက်ရည်များ လောင်းထည့်ပေးပြီးနောက် ရိုသေစွာ အရိုအသေပေး၍ ပြန်လည်ထွက်ခွာသွားသည်။
လီယောင်းသည် လက်ဖက်ရည်ခွက်ကို မြှောက်ကာ အသာအယာ ငုံ့သောက်လိုက်၏။ ခါးလိုက်တာမှ လွန်ရော ဟု သူမ စိတ်ထဲမှ အော်ဟစ်နေမိသော်လည်း ပြင်ပတွင်မူ အလွန်ပင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။
သူမသည် ဤဂိုဏ်းချုပ်တာဝန်များကို ကောင်းကောင်း ကျွမ်းကျင်လာပြီဟု ကိုယ့်ဘာသာ တွေးနေမိသည်။ အကယ်၍ ဤအရှိန်အတိုင်းသာ ဆက်လက်တိုးတက်နေပါက မကြာမီမှာပင် တကယ့် ဧကရီတစ်ပါး ဖြစ်လာနိုင်ပေလိမ့်မည်။
ထို့နောက် လီယောင်းသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဖြည်းဖြည်းချင်း ပြန်ချလိုက်ပြီး သူမ၏ အမူအရာမှာ တည်ကြည်လေးနက်သွားသည်။
“ဂိုဏ်းချုပ်ကျန့်နဲ့ သခင်လေးလျိုတို့ ကျွန်မရဲ့ ဂိုဏ်းငယ်လေးဆီကို ဘယ်လိုကိစ္စမျိုးနဲ့ ကြွရောက်လာတာလဲဆိုတာ သိပါရစေ”