← Chapters

အခန်း (၂၆၃)

Vol. 26 Ch. 263

အခန်း (၂၆၃)

Vol. 26 Ch. 263

အခန်း။ ၂၆၃

ဝမ်ကျန့်သည်လည်း လက်ဖက်ရည်ကို တစ်ငုံငုံ့သောက်ကာ ထိုအရသာကို ခံစားပြီးမှ ပြန်လည်ဖြေကြားလိုက်သည်။

“ဂိုဏ်းချုပ်လီကတော့ နောက်ပြောင်နေပြန်ပြီ။ ခင်ဗျားတို့ဂိုဏ်းက ဂိုဏ်းငယ်လေးဆိုရင် ကျွန်တော်တို့က ဘာဖြစ်သွားမလဲ”

သူက နွေးထွေးသော အပြုံးဖြင့် ဆိုသော်လည်း စိတ်ထဲတွင်မူ အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေမိ၏။

သူတို့ နောက်ဆုံးတစ်ခေါက် လာရောက်ခဲ့စဉ်ကထက်စာလျှင် ဤနေရာမှာ လုံးဝအသွင်ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ တွေးတောနေမိသည်။ သူတို့ ပုံမှန်လာနေကျ လမ်းကြောင်းအတိုင်း ပျံသန်းလာခဲ့စဉ်က မြေမျက်နှာသွင်ပြင်တစ်ခုလုံး လုံးဝပြောင်းလဲနေပြီး ဂိုဏ်းကိုလည်း ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။

သူတို့ လမ်းမှားလာခြင်းလားဟုပင် သံသယဝင်မိပြီး ထိုနေရာတစ်ဝိုက်တွင် နာရီပေါင်းများစွာ ပတ်ချာလည် လိုက်လံရှာဖွေနေခဲ့ရသည်။ နောက်ဆုံးတွင်မှ အကြီးအကဲဟွမ်က သူတို့ကို သတိပြုမိသွားပြီး ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဤဂိုဏ်းတွင် သူကိုယ်တိုင်ပင် အစအနမျှ မရိပ်မိနိုင်လောက်အောင် ဆန်းပြားလှသည့် ဖုံးကွယ်ရေးအစီအရင် ရှိနေလိမ့်မည်ဟု ဘယ်သူက ထင်ထားမှာလဲ။ ၎င်းမှာ အနည်းဆုံး စတုတ္ထအဆင့်ရှိပြီး အလွန်အမင်း လက်ရာမြောက်လှသော အစီအရင်မျိုး ဖြစ်ရပေမည်။

သို့သော် သူ့ကို တုန်လှုပ်စေသည့်အရာမှာ ထိုမျှနှင့် မပြီးသေးပေ။ သူတို့ ဂိုဏ်းနယ်နိမိတ်အတွင်းသို့ ဝင်လိုက်သည်နှင့် ခံစားလိုက်ရသော ဝိညာဉ်ချီစွမ်းအင်သိပ်သည်းဆမှာ သူ ယခင်က ကြုံဖူးသမျှနှင့် လုံးဝကို ကွာခြားလှသည်။ ဝိညာဉ်စွမ်းအင်မှာ အလွန်သိပ်သည်းပြီး စင်ကြယ်လွန်းလှသဖြင့် အသက်ရှူရုံမျှဖြင့်ပင် ကျင့်ကြံနေသကဲ့သို့ ခံစားရ၏။

ဤကဲ့သို့ ထူးခြားလှသော ဝိညာဉ်စွမ်းအင် သိပ်သည်းဆမျိုးကို သန့်စင်သောမြေများရှိ အထူးအစောင့်အရှောက်ရဆုံး နေရာများတွင်သာ တွေ့နိုင်ကြောင်း သခင်လေးလျိုကိုယ်တိုင်ပင် အတည်ပြုခဲ့သည်။

ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတင် ဒီဂိုဏ်းက ဘယ်လောက်တောင် ပြောင်းလဲသွားခဲ့တာလဲ။

ဂိုဏ်းချုပ်ကိုယ်တိုင်ပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်ဟု လီယောင်းကို စိုက်ကြည့်ရင်း သူ တွေးနေမိသည်။ ယခင်ကမူ သူမထက် သူ ပိုအစွမ်းထက်သည်ဟု ယုံကြည်မှုရှိခဲ့၏။ သို့သော် ယခုမူ သူမ၏ အစွမ်းအစမှာ အဘယ်မျှရှိသည်ကိုပင် သူ မခန့်မှန်းနိုင်တော့ပေ။

ခုနက သူမ ပြသခဲ့သည့် ပြင်းထန်သော အရှိန်အဝါအရ ဆိုလျှင် သူမသည် မိစ္ဆာဂိုဏ်းချုပ်ထက်ပင် ပိုမိုကြီးမားသော ဖိအားမျိုးကို သူ့အား ပေးစွမ်းနေသည်။

မိစ္ဆာလိုမျိုး အစွမ်းထက်တဲ့ လူနှစ်ယောက်က ဒီကမ္ဘာပေါ်ကို ဘယ်လိုမျိုးရောက်လာကြတာလဲ။

ထို့နောက် သူသည် အမူအရာကို တည်ကြည်လိုက်ပြီး သူတို့ လာရောက်ရသည့် အဓိကအကြောင်းရင်းကို စတင်ပြောလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ ဗဟိုတိုက်ကြီးကနေ အလွန်အရေးကြီးတဲ့ သတင်းတစ်ခု ရထားလို့ အဲဒါကို လာပြီး မျှဝေတာပါ”

သူက ပြောလိုက်သည်။

“သတင်း...”

လီယောင်းက တအံ့တဩ ရေရွတ်လိုက်သည်။

“ဟုတ်ပါတယ်”

ဤတစ်ကြိမ်တွင် လျိုဖုန်းက ဝင်ပြောလိုက်သည်။

“မိစ္ဆာသုတ်သင်ရေးအမိန့် စတင်တော့မယ်”

သူက ပြောလိုက်သည်။

“မိစ္ဆာသုတ်သင်ရေးအမိန့် အဲဒါက ဘာလဲ”

လီယောင်းက ထိုအသုံးအနှုန်းကို တစ်ခါမျှ မကြားဖူးသဖြင့် ဇဝေဇဝါ ဖြစ်လျက် မေးလိုက်လေသည်။

“အာ... ကျွန်တော် မေ့သွားတယ်။ ဂိုဏ်းချုပ်က လူငယ်မျိုးဆက်ထဲကဆိုတော့ ဒါကို ရင်းနှီးမှာ မဟုတ်ဘူးပဲ”

ဝမ်ကျန့်က ရယ်မောရင်း ပြောလိုက်သည်။

“မိစ္ဆာသုတ်သင်ရေးအမိန့်ဆိုတာ နှစ်တစ်ထောင်မှာ တစ်ကြိမ် ထုတ်ပြန်လေ့ရှိတဲ့ အရာပါ”

“နှစ်တစ်ထောင်ပြည့်တိုင်း ချောက်နက်ထဲမှာ ချိပ်ပိတ်ထားတဲ့ မိစ္ဆာတွေဟာ သူတို့ရဲ့ အကျဉ်းထောင်ကနေ ရုန်းထွက်ပြီး လူသားလောကကို တိုက်ခိုက်လာတတ်ကြတယ်။ အဲဒီအခါ ကျွန်တော်တို့က သူတို့ကို ပြန်ပြီး ချိပ်ပိတ်ရပြန်ရော။ ဒီလိုနဲ့ပဲ ဒီသံသရာက အဆုံးမရှိ လည်ပတ်နေတာပါ”

သူ၏ မျက်နှာမှာ မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းချလိုက်၏။ “ဒီချိပ်ပိတ်မှုတွေကို မိစ္ဆာကျင့်ကြံသူတွေရဲ့ အကူအညီနဲ့ တမင်တကာ ဖျက်ဆီးခဲ့ကြတာလို့ ကျွန်တော်တို့ ထင်ခဲ့တယ်။ အဲဒါကြောင့်လည်း မိစ္ဆာဂိုဏ်းချုပ်ကို အနိုင်ယူဖို့ ကျွန်တော်တို့ အပြင်းအထန် ကြိုးစားခဲ့ကြတာပေါ့။ ဒါပေမဲ့ ဒါကို ကျွန်တော်တို့ တားဆီးလို့ မရခဲ့ဘူးထင်ပါရဲ့”

လီယောင်းမှာ ခေတ္တမျှ အတွေးထဲ နစ်မြောသွားပုံရသည်။

“ဒီမိစ္ဆာကျူးကျော်မှုက တစ်ကမ္ဘာလုံးမှာ ဖြစ်တာလား”

သူမက မေးလိုက်၏။

ဝမ်ကျန့်က လေးနက်စွာ ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး။ အရှေ့၊ အနောက်၊ မြောက်နဲ့ တောင်ဘက် တိုက်ကြီးတွေကပဲ ဒီကျူးကျော်မှုဒဏ်ကို တိုက်ရိုက်ခံစားရတာ။ ဗဟိုတိုက်ကြီးမှာတော့ အဆင့်မြင့်ပညာရှင်တွေနဲ့ အစွမ်းထက်တဲ့ ကာကွယ်ရေးအစီအရင်တွေ အများကြီးရှိနေတော့ မိစ္ဆာကျူးကျော်မှုတိုင်းကို အောင်မြင်စွာ ခုခံနိုင်ခဲ့တယ်”

“ဒါပေမဲ့ သိပ်တော့ မစိုးရိမ်ပါနဲ့။ ဗဟိုတိုက်ကြီးက တခြားတိုက်ကြီးတွေကို သူတို့ကံကြမ္မာအတိုင်း ပစ်ထားမှာ မဟုတ်ဘူး။ ဒီလို ကျူးကျော်မှုတွေ ဖြစ်တိုင်း သူတို့က မိစ္ဆာသုတ်သင်ရေးအမိန့်ကို ထုတ်ပြန်ပြီး မိစ္ဆာတွေကို လိုက်လံနှိမ်နင်းဖို့ ဗဟိုတိုက်ကြီးက ကျွမ်းကျင်တဲ့ ကျင့်ကြံသူ အမြောက်အမြားကို တခြားတိုက်ကြီးတွေဆီ စေလွှတ်ပေးလေ့ရှိတယ်။ အဲဒါကြောင့်လည်း တခြားတိုက်ကြီးတွေဟာ နှစ်ပေါင်းထောင်ချီ ဒီလိုသံသရာတွေကြားမှာ ရှင်သန်နိုင်ခဲ့ပြီး ပြန်လည် ထူထောင်နိုင်ခဲ့တာပေါ့”

လီယောင်း၏ စိတ်အာရုံပင်လယ်အတွင်းမှ တိုက်ရိုက်တုံ့ပြန်မှုများမှာ….

ရှန်းယွီ : မသင်္ကာစရာပဲ။

လီယောင်း : မသင်္ကာစရာပဲ။

လူသားဧကရီ : တကယ့်ကို မသင်္ကာစရာပဲ။

ယောင်းယောင်း : မသင်္ကာစရာလား

...

“ဒီမိစ္ဆာကျူးကျော်မှုက ဘယ်တော့လောက် စမှာလဲ”

လီယောင်းက မေးလိုက်သည်။

ဝမ်ကျန့်မှာ ခေတ္တမျှ အံ့သြသွားသော်လည်း အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်၏။ ဂိုဏ်းချုပ်ဖြစ်သူပီပီ ကမ္ဘာပျက်မည့်သတင်းမျိုးကို ကြားရလျှင်ပင် မျက်တောင်တစ်ချက် မခတ်ပေ။ တိုက်ကြီးတစ်ခုလုံး မိစ္ဆာကျူးကျော်မည့် အရေးကို သူမ အနည်းငယ်မျှ ကြောက်ရွံ့ပုံမရချေ။

“အတိအကျတော့ ကျွန်တော်တို့ မသိရသေးဘူး ဒါပေမဲ့...”

ခန်းမဆောင်အပြင်ဘက်တွင်မူ လျိုဖုန်းသည် ရှည်လျားလှသော နိုင်ငံရေးဆွေးနွေးမှုများကြောင့် စိတ်မရှည်ဖြစ်လာသည်။ သူသည် ကောင်းကင်ယံထက်မှ နေမင်းကို မော့ကြည့်ရင်း ထိုဝါရင့်ကျင့်ကြံသူကြီးများနှင့်အတူ ထိုင်နေရသည်မှာ အလွန်ပင် ပျင်းရိငြိမ်းငွေ့ဖွယ်ကောင်းလှသည်ဟု တွေးတောနေမိ၏။

“ကဲ... လောလောဆယ်တော့ ဟိုဟိုဒီဒီ လျှောက်ကြည့်ဦးမှပဲ”

သူသည် ကိုယ့်ဘာသာတွေးတောရင်း ဂိုဏ်းအတွင်းပိုင်းသို့ စတင်စူးစမ်းလေတော့သည်။

သူသည် ဝင်းခြံအမျိုးမျိုးနှင့် လမ်းမများအတိုင်း လျှောက်လှမ်းလာစဉ် သူတို့၏ နေ့စဉ်တာဝန်များနှင့် ကျင့်ကြံခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြသော တပည့်အများအပြားကို တွေ့ရှိခဲ့ရသည်။

သူ့ကို အံ့သြသွားစေသည့်အချက်မှာ ထိုလူအများစုထံမှ မည်သည့် ကျင့်ကြံမှုအရှိန်အဝါကိုမျှ သူ မခံစားရခြင်းပင်။ သူတို့မှာ ကျင့်ကြံခြင်းမရှိသော သာမန်လူသားများကဲ့သို့ပင် ထင်မှတ်ရ၏။

ပို၍ ထူးဆန်းသည်မှာ သူတို့သည် လျိုဖုန်း၏ ဘေးမှ ဖြတ်သွားသည့်အခါ သူ့ကို လက်ညှိုးထိုးကာ ပေါ်ပေါ်တင်တင်ပင် ရယ်မောနေကြခြင်း ဖြစ်သည်။ လျိုဖုန်းသည် မိမိကိုယ်မိမိ ပြန်လည်

စစ်ဆေးကြည့်ရင်း “ငါ့ပုံစံက အဲဒီလောက်တောင် ထူးဆန်းနေလို့လား” ဟု တွေးမိသည်။

သူသည် သူ၏ ဝတ်ရုံကိုပင် တိတ်တဆိတ် နမ်းကြည့်မိပြီး “ငါ့ဆီက အနံ့ဆိုးတွေ ထွက်နေလို့လား” ဟုလည်း သံသယဝင်နေမိ၏။

သူသည် ဇဝေဇဝါဖြင့် ဆက်လက်လျှောက်လှမ်းလာစဉ် တပည့်သုံးဦးပါဝင်သော အုပ်စုငယ်လေးတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုအုပ်စုထံမှမူ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်ကို သူ အမှန်တကယ် ခံစားလိုက်ရသည်။ တစ်ဦးမှာ ဝိညာဉ်စွမ်းအင် စုဆောင်းခြင်းပထမအဆင့်၊ နောက်တစ်ဦးမှာ ဒုတိယအဆင့်နှင့် တတိယတစ်ဦးမှာမူ ပဉ္စမအဆင့်တွင် ရှိနေကြသည်။

ပထမတပည့်နှစ်ဦးမှာ တတိယတပည့်ကို လက်ညှိုးထိုးကာ လှောင်ပြောင်ရယ်မောနေကြခြင်း ဖြစ်၏။

“တော်ပြီ ငါ ဘာတွေလုပ်နိုင်လဲဆိုတာ မင်းတို့နှစ်ယောက်လုံးကို ခုပဲ ပြလိုက်မယ်”

တတိယတပည့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

လျိုဖုန်းသည် ဤမြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေမိသည်။ ကျင့်ကြံမှုအဆင့် နိမ့်ပါးသော ထိုတပည့်နှစ်ဦးမှာ သေချင်ဇောဖြင့် အဆင့်ပိုမြင့်သောသူကို တမင်ရန်စနေကြခြင်းလားဟု သူ တွေးမိသည်။

မဟုတ်သေးပါဘူး...

သူတို့ ဒဏ်ရာမရခင် သူ ချက်ချင်းပင် ဝင်ရောက်တားဆီးရမည်။

သူသည် ထိုအုပ်စုကြားသို့ အမြန်ပြေးဝင်သွားပြီး ကာကွယ်ပေးမည့် အနေအထားဖြင့် လက်များကို ဆန့်ထုတ်ကာ “သူငယ်ချင်းတို့... မတိုက်ကြပါနဲ့ မင်းတို့အားလုံးက ဂိုဏ်းတူ ညီအစ်ကိုတွေပဲဥစ္စာ” ဟု အသည်းအသန် ပြောလိုက်သည်။

သို့သော် ထိုစဉ်မှာပင် တတိယတပည့်မှာ ရုတ်တရက် တိုက်ခိုက်မည့် ကိုယ်ဟန်ကို ပြင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို စုစည်းလိုက်သည်။ သူသည် အားရပါးရ အော်ဟစ်လိုက်ရာ သူ၏ အရှိန်အဝါမှာ ပတ်ဝန်းကျင်၌ စုစည်းလာတော့သည်။

လျိုဖုန်းမှာမူ ထိုဒေါသထွက်နေသော တပည့်က တိုက်ကွက်တစ်ခုခု ထုတ်ဖော်တော့မည်

အမှတ်ဖြင့် သူ့ကိုယ်သူ အသင့်ပြင်ထားလိုက်၏။

သို့သော် ပြင်းထန်သော အတတ်ပညာတစ်ခု ထွက်ပေါ်လာမည့်အစား လုံးဝ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။ ထိုတပည့်၏ ကျင့်ကြံမှုအဆင့်မှာ ပဉ္စမအဆင့်မှ တတိယအဆင့်သို့ သိသိသာသာ ထိုးကျသွားလေတော့သည်။

“ဟား တွေ့လား ငါ တစ်ခါတည်းနဲ့ အဆင့်နှစ်ဆင့်တောင် ဖောက်ထွက်နိုင်ခဲ့ပြီ”

ထိုတပည့်က ဂုဏ်ယူဝံ့ကြွားစွာ ကြေညာလိုက်သည်။

လျိုဖုန်းမှာမူ လုံးဝ မိန်းမောတွေဝေသွားပြီး “ဟို... ဒီမှာ ဘာတွေ ဖြစ်နေတာလဲဗျာ” ဟု အစွန်းကုန် ဇဝေဇဝါ ဖြစ်လျက် မေးလိုက်တော့သည်။

တပည့်သုံးဦးမှာ လျိုဖုန်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာပေးကို သတိထားမိသွားကြပြီး သူ့ကို ပထမဆုံးအကြိမ် သေသေချာချာ ကြည့်လိုက်ကြသည်။ သူတို့သည် လျိုဖုန်း၏ ဝတ်စားဆင်ယင်ပုံနှင့် ကျင့်ကြံမှုအရှိန်အဝါကို စူးစမ်းပြီးနောက် ရုတ်တရက် ထိန်းမနိုင်သိမ်းမရ အော်ဟစ်ရယ်မောကြလေတော့သည်။

“ဟားဟားဟား... ဒီမှာကြည့်ဦး ဒီအစ်ကိုကြီးက အမြုတေဖွဲ့စည်းခြင်းအဆင့်တဲ့ဟေ့ ရယ်ရလွန်းလို့”

တစ်ယောက်က ပြောရင်း သူ၏သူငယ်ချင်းပခုံးကို တွယ်ကပ်လျက် အားရပါးရ ရယ်မောနေတော့သည်။

“ဒီအစ်ကိုကြီးက သူ့ကိုယ်သူ ဇာတ်လိုက်များ မှတ်နေတာလားမသိဘူး”

သူတို့မှာ တဟားဟားနှင့် ဆက်တိုက် ရယ်မောနေကြ၏။

မိနစ်အနည်းငယ်ကြာအောင် လှောင်ပြောင်ရယ်မောပြီးနောက်မှ သူတို့ စကားကောင်းကောင်းပြောနိုင်မည့်အခြေအနေသို့ ပြန်ရောက်လာသည်။

“အစ်ကိုကြီးရာ... ခင်ဗျားက တကယ့်ကို ဟာသပဲ။ နာမည်က ဘယ်သူလဲဗျ”

ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း ပထမအဆင့်ရှိသော ပထမတပည့်က လျိုဖုန်း၏ပခုံးကို ရင်းရင်းနှီးနှီး ဖက်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

လျိုဖုန်းမှာမူ သူတို့၏ ထူးဆန်းသော တုံ့ပြန်မှုများကြောင့် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ “လျိုဖုန်းပါ”

သူက ဝေခွဲမရစွာဖြင့် ဖြေလိုက်သည်။

ထိုအခါ ခုနက ရယ်မောနေကြသော တပည့်သုံးဦးစလုံး ရုတ်ချည်း တိတ်ဆိတ်သွားပြီး သူတို့၏မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့သုံးဦးစလုံးမှာ တပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြလေတော့သည်။

“မဖြစ်နိုင်တာ... အစ်ကိုကြီးက တကယ်ကြီး ဇာတ်လိုက်ကြီး ဖြစ်နေတာပဲ”

“စီနီယာ... ကျွန်တော်တို့ မှားသွားပါတယ် ကျေးဇူးပြုပြီး ကျွန်တော်တို့ မျိုးနွယ်စုတွေကို သုတ်သင်ဖို့ နဂါးတပ်မတော်ကို မလွှတ်ပါနဲ့ဗျာ”

သူတို့သည် အသံများ တုန်ရီလျက် အသည်းအသန် အသနားခံနေကြတော့သည်။

လျိုဖုန်း၏ မျက်နှာပေးမှာ ပို၍ပင် ထူးဆန်းအံ့သြဖွယ် ဖြစ်သွားရသည်။

နဂါးတပ်မတော် ဟုတ်လား။ ငါ နဂါးတွေနဲ့ ပတ်သက်နေတာကို သူတို့က ဘယ်လိုလုပ် သိနေကြတာလဲ။

သူသည် သူ၏ သွေးမျိုးဆက် သို့မဟုတ် မိသားစုအကြောင်းကို သန့်စင်သောမြေမှာတောင် တစ်ခါမှ မပြောခဲ့ဖူးချေ။

သူတို့က အသည်းအသန် အသနားခံနေကြစဉ် လျိုဖုန်းက သူတို့အနီးသို့ တိုးသွားကာ ပထမတပည့်ကို တိုက်ရိုက်မေးလိုက်သည်။

“ငါက နဂါးဆိုတာ မင်းတို့ ဘယ်လိုသိတာလဲ”

“ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ”

ထိုတပည့်က ကြောက်လန့်တကြား အော်ဟစ်ကာ အသနားခံနေသည်။

“အေးပါ... ငါ မင်းတို့ကို ဘာမှမလုပ်ပါဘူး။ အခု ငါမေးတာကို ဖြေစမ်း။ မင်းတို့ ဒါကို ဘယ်လိုသိတာလဲ”

လျိုဖုန်းက ထိုတပည့် စိတ်ငြိမ်သွားစေရန် အသံကို နှိမ့်၍ ညင်သာစွာ ပြောလိုက်သည်။

“ဟို... အဲဒါက စာအုပ်ထဲမှာ ရေးထားလို့ပါ”

ထိုတပည့်က တုန်တုန်ရင်ရင်ဖြင့် ဖြေသည်။

“ဘာစာအုပ်လဲ”

လျိုဖုန်းက မေးလိုက်၏။

“ဒီစာအုပ်ပါဗျ”

ထိုသို့ပြောကာ ထိုတပည့်က သူ၏ ဟင်းလင်းပြင်သိုလှောင်လက်စွပ်ထဲမှ ထူထဲသော စာအုပ်

တစ်အုပ်ကို အလျင်အမြန် ထုတ်ပေးလိုက်သည်။ ထိုစာအုပ်၏ မျက်နှာဖုံးတွင် ကျင့်ကြံခြင်း ၁၀၁ : မသေမျိုးဖြစ်ရန် ရည်မှန်းသူများအတွက် ရှင်သန်ခြင်း လမ်းညွှန်ဟု ရေးသားထားသည်။

All Chapters