အခန်း (၂၆၄)
Vol. 26 Ch. 264
အခန်း။ ၂၆၄
လျိုဖုန်းသည် သူ၏လက်ထဲမှ စာအုပ်ကို ပြူးကျယ်သော မျက်လုံးများဖြင့် အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။
ကျင့်ကြံခြင်းလောကအပေါ် ဒီလောက်နက်နဲတဲ့ အမြင်တွေကို ဘယ်သူက ပိုင်ဆိုင်နိုင်တာလဲ။
ကျင့်ကြံခြင်း ၁၀၁အမည်ရှိ ဤစာအုပ်သည် အတော်ပင် ထူထဲလှပြီး စာမျက်နှာတိုင်းတွင် ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတများဖြင့် ပြည့်နှက်နေသည်။
သို့သော် ဤသည်မှာ အစွမ်းထက်လာစေမည့် ကျင့်စဉ်များ သို့မဟုတ် နည်းလမ်းများအကြောင်း ရေးသားထားသည့် သာမန်လက်စွဲစာအုပ်မျိုး မဟုတ်ပေ။
ယင်းအစား အန္တရာယ်များလှသော ကျင့်ကြံခြင်းလောကအတွင်း မည်သို့ကျင်လည်ရမည်နှင့် မရေမတွက်နိုင်သော ဘေးအန္တရာယ်များကြားမှ မည်သို့ရှင်သန်ရမည်ဆိုသည့် လက်တွေ့ကျသော အသိပညာများဖြင့်သာ ပြည့်နှက်နေခြင်း ဖြစ်သည်။
လျိုဖုန်းသည် စာမျက်နှာများကို တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်လေလေ သူ၏ အံ့သြမှုမှာလည်း ပိုမိုတိုးပွားလာလေလေ ဖြစ်သည်။ ဤအချက်အလက်များသည် ဝါရင့်ကျင့်ကြံသူတစ်ဦး ပေးနိုင်သည့် သာမန်အကြံပြုချက်များ သို့မဟုတ် အပေါ်ယံလေ့လာချက်များ မဟုတ်ပေ။
ဤသည်မှာ နှစ်ပေါင်းရာချီသော အတွေ့အကြုံများကို ဖြတ်သန်းလာခဲ့ပြီး ကျင့်ကြံခြင်းလောက၏ အတက်အကျပေါင်းစုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသူတစ်ဦးထံမှသာ ထွက်ပေါ်လာနိုင်သည့် နက်နဲသိမ်မွေ့သော အမြင်များ ဖြစ်သည်။
မဟာအကြီးအကဲအပေါ် သူ၏ ကနဦးသုံးသပ်ချက်မှာ လုံးဝမှားယွင်းနေပုံရသည်။ အခန်းတိုင်းတွင် ဖော်ပြထားသည့် နားလည်မှု အတိမ်အနက်မှာ သူ ယခင်က မြင်ဖူးသမျှနှင့် လုံးဝ မတူပေ။ ၎င်းမှာ ကျင့်ကြံခြင်းလောကကို ထောင့်ပေါင်းစုံမှ လေ့လာထားပြီး ဖြစ်လာနိုင်သမျှသော အမှားအယွင်းများနှင့် ၎င်းတို့ကို မည်သို့ကျော်လွှားရမည်ဆိုသည့် အချက်များကိုပါ တွက်ချက်ထားသည့် ထက်မြက်သော ဦးနှောက်တစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သို့သော် လျိုဖုန်းကို အရှိန်အကုန် တုန်လှုပ်သွားစေသည့်အချက်မှာ ရန်မစသင့်သည့် ပုဂ္ဂိုလ်
များဆိုသည့် အသေးစိတ် စာရင်းဇယားများကို တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။
ထိုလူတစ်ဦးချင်းစီမှာ အဘယ်ကြောင့် အန္တရာယ်ရှိတာလဲဆိုသည့်အချက်ကိုလည်း အကျယ်တဝင့် ရှင်းပြထားသည်။ ထိုစာရင်း၏ ပြည့်စုံမှုမှာ မှင်သက်စရာပင်။
တစ်ဦးချင်းစီ၏ နောက်ခံသမိုင်းကြောင်း၊ သိရှိထားသော စွမ်းရည်များ၊ ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးရန်စများ နှင့် သတိထားရမည့် အချက်များကိုပါ အတိအကျ ဖော်ပြထားသည်။
ထိုစဉ် သူ၏ ကိုယ်ပိုင်အမည်ကို တွေ့လိုက်ရ၏။ သူ၏အကြောင်း ရေးသားထားသည့် အခန်းကို ဖတ်ရှုနေစဉ် လျိုဖုန်း၏ လက်များမှာ အနည်းငယ် တုန်ရီလာသည်။
ပါဝင်သည့် အချက်အလက် ပမာဏမှာ အလွန်ပင် များပြားလှသည်။ သူ၏ လက်ရှိအခြေအနေနှင့် စွမ်းရည်များသာမက သူ၏ တစ်ဘဝလုံး ဖြစ်ပျက်ခဲ့သမျှ သမိုင်းကြောင်းများကိုပါ အံ့သြစရာကောင်းလောက်အောင် တိကျစွာ ရေးသားထားသည်။
သူ၏ ကလေးဘဝ ဖြစ်ရပ်များ၊ ကျင့်ကြံခြင်း ခရီးလမ်း၊ မိသားစု အဆက်အသွယ်များ... အရာအားလုံးကို နေရာအချို့တွင် အနည်းငယ် ပြုပြင်ထားသည်မှလွဲ၍ အတိအကျ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ထိုမျှမက အနာဂတ်ဆိုင်ရာ အခန်းပင် ပါဝင်သေးသည်။ လျိုဖုန်းသည် သူ လျှောက်လှမ်းရမည့် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းများကို ဖတ်ရှုလိုက်၏။ ဤဟောကိန်းများကို ယခုအချိန်တွင် အတည်မပြုနိုင်သေးသော်လည်း အတိတ်သမိုင်းကြောင်းများ၏ တိကျမှုကြောင့် စကားလုံးတိုင်းကို သူ အလေးအနက် ထားမိသွားသည်။ ဤဟောကိန်းများမှာ အမှန်တကယ် ဖြစ်လာလေမလားဆိုသည်ကို သူ တကယ်ပင် သိချင်မိသွားသည်။
ရုတ်တရက်ဆိုသလို သူ နားလည်သွားပြီး အချက်အလက်များမှာ နေရာတကျ ဖြစ်သွားတော့သည်။
မဟာအကြီးအကဲက ဒီလိုအစွမ်းအစတွေကို ဘာလို့ပိုင်ဆိုင်ထားရတာလဲ။
ဘာကြောင့် သူ့အားထူးဆန်းသော ခံစားချက်မျိုး ပေးနေရတာလဲဆိုသည်မှာ ယခုတော့ ရှင်းလင်းသွားပြီ ဖြစ်သည်။ မဟာအကြီးအကဲသည် အမှန်စင်စစ် မသေမျိုးတစ်ဦး ဖြစ်ရမည်။
ထိုသို့မဟုတ်လျှင် ဤအရာအားလုံးကို သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။
“ဒီစာအုပ်ကို ငါ ယူလို့ရမလား”
လျိုဖုန်းက စာအုပ်မှ အကြည့်ကို ခွာလိုက်ပြီး သူ့ကို စိုးရိမ်တကြီး ကြည့်နေသည့် တပည့်အား မေးလိုက်သည်။
ထိုတပည့်မှာ စိတ်မသက်မသာ ဖြစ်သွားပြီး လက်များကို ဆုပ်နယ်လျက် “စီနီယာ... ကျွန်တော် မပေးနိုင်တာကို ခွင့်လွှတ်ပါ” ဟု ပြန်ဖြေလိုက်လေသည်။
“နားလည်ပါပြီ...”
လျိုဖုန်းက တပည့်ဖြစ်သူ၏ တွန့်ဆုတ်မှုကို နားလည်ပေးဟန်ဖြင့် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ၏ဝတ်ရုံလက်ထဲသို့ လက်နှိုက်ကာ ဟင်းလင်းပြင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်၏။ ထိုလက်စွပ်ကို တပည့်ဖြစ်သူ၏ လက်ဖဝါးပေါ်သို့ တင်ပေးလိုက်ရာ လက်စွပ်အတွင်းရှိ ပစ္စည်းများကို အာရုံခံမိလိုက်သော တပည့်ငယ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတော့သည်။
လက်စွပ်အတွင်း၌ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးပေါင်း တစ်ထောင် တိတိ ရှိနေသည်။ ဤပမာဏမှာ ထိုတပည့်ငယ် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မမြင်ဖူးခဲ့သော ကြွယ်ဝမှုမျိုး ဖြစ်၏။
သို့သော် ဤမျှ များပြားလှသော ကမ်းလှမ်းမှုရှိနေပါသော်လည်း တပည့်ငယ်မှာ တွန့်ဆုတ်နေဆဲပင်။ အမှန်အတိုင်းဆိုရလျှင် ဤစာအုပ်မှာ ဖြတ်မရသည့် တန်ဖိုးရှိလှသည်။
သူသည် စာကြည့်တိုက်သို့သွားကာ နောက်ထပ် မိတ္တူများ ရှာဖွေခဲ့သော်လည်း အကုန်လုံး ရောင်းထွက်သွားပြီဖြစ်သည်။ ဝယ်လိုအားမှာ အလွန်မြင့်မားလှသဖြင့် ကိုယ်ပိုင်စာအုပ်တစ်အုပ် လက်ဝယ်မရှိပါက ကျင့်ကြံခြင်းလောကထဲတွင် အသေပဲဟု ဆိုရပေမည်။ အခြားတပည့်များမှာလည်း စာအုပ်မိတ္တူများကို စုဆောင်းကာ ပြင်ပလူများကို ဈေးကြီးပေးရောင်းချရင်း ချမ်းသာနေကြသည်။
“ဘာလဲ... မလောက်သေးလို့လား”
လျိုဖုန်းက တပည့်ငယ်၏ တွန့်ဆုတ်နေသော အမူအရာကို ကြည့်ကာ မေးလိုက်သည်။
“စီနီယာ... ကျွန်တော် မရောင်းချင်လို့ မဟုတ်ပါဘူးဗျာ”
တပည့်ငယ်က ရှင်းပြသည်။
“ဒါပေမဲ့ ဒီစာအုပ်က ကျွန်တော့်အတွက် တကယ်ကို အဓိပ္ပာယ်ရှိလွန်းလို့ပါ။ ဒါက မဟာအကြီးအကဲ ကိုယ်တိုင် လက်မှတ်ထိုးပေးထားတဲ့ အရမ်းရှားပါးတဲ့ အထူးထုတ် မိတ္တူဗျ။ တစ်ဂိုဏ်းလုံးမှာမှ သုံးအုပ်ပဲ ရှိတာပါ”
တပည့်ငယ်က စာအုပ်မျက်နှာဖုံးပေါ်ရှိ လက်မှတ်ကို ဂုဏ်ယူစွာ ညွှန်ပြလိုက်ရာ လျိုဖုန်းမှာ အံ့ဩမှင်သက်သွားတော့သည်။
“ဘာ... ဒါက စုဆောင်းသူတွေအတွက် သီးသန့်ထုတ်တဲ့စာအုပ်ဟုတ်လား”
လျိုဖုန်း၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် မြင့်တက်သွားသည်။ စာမျက်နှာ အနည်းငယ်ကို ဖတ်ကြည့်ရုံမျှဖြင့် သူသည် မဟာအကြီးအကဲ၏ စာပေလက်ရာအပေါ် တကယ့်ပရိသတ်စစ်စစ် ဖြစ်သွားခဲ့ပြီဖြစ်သည်။
ရှန်းယွီသည် မသေမျိုး စစ်စစ်ဖြစ်သည်ဟု သူ ယုံကြည်သွားခြင်းကလည်း ဤစိတ်ဝင်စားမှုကို ပိုမိုပြင်းထန်စေသည်။
မသေမျိုးတစ်ဦး ကိုယ်တိုင်ဖန်တီးပြီး လက်မှတ်ထိုးထားသည့် စာအုပ်... သူ တကယ်ကို လိုချင်မိသည်။
“သုံးအုပ်ပဲ ရှိတာဆိုတာ သေချာလား”
လျိုဖုန်းက အတင်းအကျပ် မေးလိုက်သည်။
“သေချာပါတယ်ဗျ”
တပည့်ငယ်က အတည်ပြုသည်။
“ကျန်တဲ့ နှစ်အုပ်က ဘယ်မှာလဲ”
လျိုဖုန်းက ချက်ချင်းပင် ထပ်မေးလိုက်၏။
“အဲဒါကတော့... ဟို...”
တပည့်ငယ်က တစ်ချိန်လုံး ငြိမ်ပြီး ကြည့်နေကြသော သူ၏ သူငယ်ချင်း နှစ်ယောက်ဘက်သို့ မျက်ရိပ်ပြလိုက်သည်။
အခြားတပည့်နှစ်ဦးမှာလည်း ရှက်ကိုးရှက်ကန်း ပြုံးပြရင်း သူတို့၏ ဟင်းလင်းပြင်လက်စွပ်များထဲမှ ကိုယ်ပိုင်စာအုပ်များကို ထုတ်ယူလိုက်ကြသည်။ စာအုပ်နှစ်အုပ်စလုံးတွင် မဟာအကြီးအကဲ၏ ထူးခြားလှသော လက်မှတ်များ ပါရှိနေသည်မှာ အတူတူပင်။
ဤသည်ကို မြင်လိုက်ရသောအခါ လျိုဖုန်း၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားတော့သည်။ လက်မှတ်ထိုးထားသော အထူးထုတ် သုံးအုပ်စလုံးမှာ ယခုအခါ သူ့ရှေ့တည့်တည့်သို့ ရောက်နေပြီ မဟုတ်ပါလား။
ရုတ်တရက် ဘာသတိပေးချက်မျှ မရှိဘဲ လျိုဖုန်းသည် အံ့အားသင့်နေသော ပိုင်ရှင်များထံမှ စာအုပ်သုံးအုပ်စလုံးကို လျင်မြန်စွာ ဆွဲယူလိုက်တော့သည်။ သူ၏ လှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်လှသဖြင့် ထိုတပည့်များမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြချေ။
“နေဦးလေ”
တပည့်တစ်ဦးက ကန့်ကွက်ရန် ဟန်ပြင်လိုက်သည်။
လျိုဖုန်းသည် ပထမတပည့်၏ လက်ထဲသို့ နောက်ထပ် ဟင်းလင်းပြင်လက်စွပ်တစ်ကွင်းကို အလျင်အမြန် ထည့်ပေးလိုက်ပြီး “ဒါ ငါ့ဆီမှာ ရှိသမျှ အကုန်ပဲ” ဟု ကြေညာကာ သူ၏ အမြန်နှုန်းကျင့်စဉ်ကို အသက်သွင်း၍ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
...
တပည့်များမှာ လျိုဖုန်း ထားရစ်ခဲ့သော ဟင်းလင်းပြင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်ကြရာ စက္ကန့်နှင့်အမျှ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်လာတော့သည်။ လက်စွပ်အတွင်း၌ ရှိနေသော ပစ္စည်းများက သူတို့ကို စကားမပြောနိုင်လောက်အောင် မှင်သက်သွားစေသည် ထိုလက်စွပ်ထဲတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးပေါင်း တစ်သိန်း တိတိ ရှိနေခြင်းပင်။
တပည့်သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အလွန်အမင်း ကျေနပ်အားရသော အပြုံးကြီးများဖြင့် ပြုံးလိုက်ကြသည်။
ပထမတပည့်မှာမူ ကိုယ့်ဘာသာ တွေးတောနေမိသည်။ အစပိုင်းတွင် အခြားတပည့်များက မဟာအကြီးအကဲ၏ စာအုပ်များကို မိတ္တူကူးရောင်းရင်း တစ်ညတွင်းချင်း ချမ်းသာသွားသည်ကို မြင်တွေ့ခဲ့စဉ်က သူလည်း ထိုကဲ့သို့ပင် ပြုလုပ်ရန် စဉ်းစားခဲ့ဖူးသည်။
သို့သော်လည်း သူသည် ပိုမိုကောင်းမွန်သော အကြံတစ်ခုကို ထုတ်ခဲ့သည်။ မဟာအကြီးအကဲ၏ သင်ခန်းစာပို့ချချက်တစ်ခုကို တက်ရောက်ပြီးနောက် သူတို့သုံးဦးသည် အတန်းဆင်းချိန်တွင် ရှန်းယွီ၏နောက်သို့ လိုက်သွားခဲ့ကြသည်။ ထို့နောက် မဟာအကြီးအကဲထံသို့ ချဉ်းကပ်ကာ သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်း ၁၀၁ စာအုပ်များပေါ်တွင် လက်မှတ်ထိုးပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
သူတို့ အံ့သြသွားရသည်မှာ မဟာအကြီးအကဲသည် မဆိုင်းမတွပင် လက်ခံသဘောတူခဲ့ပြီး အလွန်ရှားပါးလှသော စုဆောင်းသူများအတွက် အထူးထုတ်မိတ္တူများကို ဖန်တီးပေးခဲ့သည်။
သူတို့သည် ဤမျှမြန်မြန်နှင့် ဝယ်သူတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သလို သူတို့၏ လက်မှတ်ပါ စာအုပ်များအတွက် ဤမျှ မယုံနိုင်လောက်အောင် မြင့်မားသော ဈေးနှုန်းကို ပေးချေမည့်သူ ရှိလိမ့်မည်ဟုလည်း အိမ်မက်ပင် မမက်ခဲ့ဖူးချေ။
“ဒါပေမဲ့...”
ဒုတိယတပည့်က စိုးရိမ်သောလေသံဖြင့် စကားစလိုက်သည်။
“စာအုပ်ထဲမှာ ရေးထားတာက လျိုဖုန်းဆိုတဲ့ နာမည်နဲ့လူတွေကို ရန်မစသင့်ဘူးတဲ့။ အခု ငါတို့က သူ့ကို လိမ်လိုက်သလို ဖြစ်နေပြီ တစ်ခုခု ပြဿနာတက်နိုင်မလား”
ပထမတပည့်က ထိုစကားကို နှာခေါင်းရှုံ့လိုက်သည်။
“ဘာလိမ်တာလဲ အဲဒီစာအုပ်တွေက မဟာအကြီးအကဲ ကိုယ်တိုင် လက်မှတ်ထိုးထားတာ အစစ်တွေပဲဟာ။ တကယ်တော့ ငါတို့ကတောင် ဈေးလျှော့ပေးလိုက်သလို ဖြစ်နေတာ”
“အော်... အဲဒါလည်း ဟုတ်တာပဲ”
“ဒါတင်မကသေးဘူး”
ပထမတပည့်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
“ဒီလောက်များတဲ့ ငွေတွေနဲ့ဆိုရင် မဟာအကြီးအကဲဆီသွားပြီး တကယ့်ကို ကောင်းမွန်တဲ့အရာတစ်ခုခုနဲ့ လဲလှယ်လို့ရပြီဟေ့”
ကျန်တပည့်နှစ်ဦးကလည်း အားတက်သရော ခေါင်းညိတ်ထောက်ခံကြလေတော့သည်။