အခန်း (၂၆၅)
Vol. 26 Ch. 265
အခန်း။ ၂၆၅
တစ်ဖက်တွင်လည်း လျိုဖုန်းသည် အနီးရှိ တံတိုင်းတစ်ခုကို မှီလျက် ထိုတပည့်သုံးဦးကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ သူပေးခဲ့သော ငွေကြေးပမာဏကြောင့် သူတို့ မည်မျှအထိ စိတ်လှုပ်ရှားနေကြသည်ကို ကြည့်ရင်း သူ သဘောကျနေမိ၏။
မိနစ်အနည်းငယ် ကြာပြီးနောက် ထိုတပည့်များမှာ ရရှိလာသော လာဘ်လာဘကြီးအကြောင်း တတွတ်တွတ် ပြောဆိုရင်း ထွက်ခွာသွားကြသည်ကို သူ မြင်လိုက်ရသည်။
သူတို့ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်နှင့် လျိုဖုန်းမှာ ရယ်သံကို မထိန်းနိုင်တော့ဘဲ
"ခိခိ... တောသားလေးတွေပဲ" ဟု ကျေနပ်ဝင့်ကြွားစွာ တွေးလိုက်သည်။
သူပေးခဲ့သော ပမာဏကို သူတို့ မကျေနပ်ဘဲ ထပ်တိုးတောင်းရန် နောက်က လိုက်လာလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်၏။ သူတို့၏ တကယ့်တန်ဖိုးအပေါ် နားလည်မှုကို သူ အတော်ပင် အထင်ကြီးခဲ့မိပုံရသည်။
"ခိခိခိ... သူတို့ ခုလေးတင် ရောင်းလိုက်တဲ့အရာရဲ့ တကယ့်တန်ဖိုးကို သူတို့ မသိကြဘူးပဲ"
သူသည် လက်ထဲမှ စာအုပ်ကို ဂရုတစိုက် ဖွင့်ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ၏ အနှစ်ငါးဆယ်စာ စုဆောင်းထားသမျှကို ဤမိတ္တူသုံးအုပ်အတွက် ပုံအောပေးလိုက်ရသဖြင့် ယခုအခါ သူသည် လုံးဝ ပြာပုံဘဝ ရောက်သွားပြီဖြစ်သော်လည်း ဤသည်မှာ လုံးဝ တန်ဖိုးရှိသည်ဟု သူ ယူဆသည်။ ဤစာအုပ်ထဲရှိ အသိပညာများဖြင့် သူသည် ကျင့်ကြံခြင်းလောကကို အောင်နိုင်တော့မည် မဟုတ်ပါလား။
"ဟားဟားဟား"
လျိုဖုန်း၏ ရူးသွပ်သယောင် ရယ်မောသံမှာ ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။
ရုတ်တရက်ဆိုသလို ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခုကြောင့် သူ၏ အတွေးကမ္ဘာ ပျက်စီးသွားရသည်။ ထိုအသံမှာ အလွန်ကျယ်လောင်လွန်းလှပြီး မြေကြီးပင် သိသိသာသာ တုန်ခါသွား၏။
"ဟင်... ဘာဖြစ်တာလဲ"
လျိုဖုန်းက ရေရွတ်ရင်း နေရာမှ ချက်ချင်းခုန်တက်ကာ အခြေအနေကို ကောင်းကောင်းမြင်နိုင်ရန် ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။
"အဲဒါ ဘာကြီးလဲ"
အဝေးတစ်နေရာတွင် ဖြစ်ပျက်နေသည်ကို ကြည့်ရင်း သူ ရေရွတ်မိပြန်သည်။ ပေါက်ကွဲရာနေရာမှာ မိုင်တစ်ရာခန့် ဝေးကွာသော်လည်း ကြီးမားလှသော မှောင်မည်းသည့် မှိုပွင့်သဏ္ဌာန် တိမ်တိုက်ကြီးအထက်သို့ မြင့်တက်လာသည်ကို သူ ရှင်းလင်းစွာ မြင်နေရသည်။
နောက်တစ်ခဏတွင်မူ သူ၏ ပတ်ဝန်းကျင် ကမ္ဘာကြီးတစ်ခုလုံး စတင်လှုပ်ခါလာတော့သည်။
ထို့နောက် ပို၍ ထိတ်လန့်စရာကောင်းသော အရာတစ်ခု ဖြစ်ပျက်လာသည်။ ထိုမှောင်မည်းသော မှိုပွင့်တိမ်တိုက် ပေါ်ထွက်လာသည့် နေရာ၌ မိစ္ဆာအငွေ့အသက်များ ရုတ်တရက် သိပ်သည်းလာပြီး ထိုညစ်ညမ်းနေသော နယ်မြေအတွင်းမှ ကြီးမားလွန်းလှသည့် အနက်ရောင် ကြာပန်းကြီး တစ်ပွင့် စတင်ပေါက်ဖွား ပွင့်လန်းလာလေတော့သည်။
ထိုကြာပန်းမှာ အလွန်ပင် ထုထည်ကြီးမားလှရာ ကနဦးတွင် အချင်းဝက်ဆယ်မိုင်ခန့် ရှိမည်ဟု လျိုဖုန်း ခန့်မှန်းမိသော်လည်း ၎င်းမှာ မရပ်မနား ဆက်လက်ကြီးထွားလာရာ အချင်းဝက် မိုင်သုံးဆယ်ခန့် ရောက်မှသာ အရှိန်သေသွားတော့သည်။
ဤမျှ ဝေးကွာသော အကွာအဝေးမှပင် ထိုဧရာမ ပန်းကြီးကို ရှင်းလင်းစွာ မြင်နေရပြီး အနက်ရောင် ပွင့်ချပ်များသည် မြေပြင်အနှံ့ ပျံ့နှံ့ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုနေလေသည်။
ထို့နောက် ကြာပန်း၏ ဗဟိုချက်မှ အရာအချို့သည် အလွန်မြန်သော အရှိန်ဖြင့် ကောင်းကင်ယံသို့ ပန်းထွက်လာကြသည်။
လျိုဖုန်းမှာ မှင်သက်စွာ ကြည့်နေစဉ်မှာပင် တစ်စုံတစ်ခုသည် ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကို ပြင်းထန်စွာ လာရောက်ရိုက်ခတ်မိသည်။ ထိုအရာသည် အတားအဆီးပေါ်တွင် ဖျတ်ခနဲ ပွင့်ထွက်သွားပြီးနောက် မျက်နှာပြင်တစ်လျှောက် ဖြည်းဖြည်းချင်း အောက်သို့ လျှောကျသွားတော့သည်။
“အဲဒါ ဘာကြီးလဲ”
လျိုဖုန်းက ရေရွတ်ရင်း ထိုအရာကို စစ်ဆေးရန် အတားအဆီး၏ အစွန်းဘက်သို့ ခုန်လွှားသွားသည်။
“ရပ်လိုက်စမ်း”
သူ၏ အနောက်ဘက်မှ အသံတစ်သံ လှမ်းအော်လိုက်သည်။
လျိုဖုန်း လှည့်ကြည့်လိုက်သောအခါ ဝမ်ကျန့်သည် အလွန်ပင် တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။
“စတင်ပြီပဲ...”
...
လီယောင်းသည် ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ပျံဝဲလျက် အောက်ဘက်၌ ဖြစ်ပေါ်နေသော ရုတ်ရုတ်သဲသဲ အခြေအနေများကို အကဲခတ်နေသည်။ သူမ၏ ဂိုဏ်းနှင့် မိုင်အနည်းငယ်အကွာတွင် ပေါ်ထွက်လာသော ဧရာမ အနက်ရောင်ကြာပန်းကြီးကို ကြည့်ရင်း သူမ၏ မျက်မှောင်များ ကြုတ်သွားတော့သည်။
ထိုကြာပန်း၏ ဗဟိုချက်မှနေ၍ အဆိပ်အတောက်ဖြစ်စေသော မိစ္ဆာအငွေ့အသက်များသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်ထွက်ပေါ်လာပြီး မြေပြင်တစ်လျှောက် ပျံ့နှံ့ကာ ထိတွေ့မိသမျှ အရာအားလုံးကို ညစ်ညမ်းစေနေသည်။
ထိုကြာပန်းသည် ၎င်း၏ မှောင်မိုက်သော အမြုတေအတွင်းမှ သတ္တဝါများကိုလည်း တရစပ် မွေးထုတ်ပေးနေသည်။ ပုပုလုံးလုံး ခန္ဓာကိုယ်နှင့် ခတ်စုတ်စုတ် အတောင်ပံငယ်လေးများကို တဖျတ်ဖျတ်ခတ်လျက် ပေါ်ထွက်လာသော ထိုသတ္တဝါငယ်လေးများမှာ မရေမတွက်နိုင်အောင်ပင်။ သူတို့၏ ဝိုင်းစက်တောက်ပသော မျက်လုံးကြီးများက သူတို့၏ ကောက်ကျစ်သော သဘာဝကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
“အဲဒါတွေက မိစ္ဆာတွေလား ချစ်စရာလေးတွေပဲ ယောင်ယောင် သူတို့နဲ့ ကစားချင်တယ်”
ယောင်ယောင်လေးက ပြောလိုက်သည်။
ရှန်းယွီက သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး “ငါတို့ မြင်နေတာချင်း တူရဲ့လား” ဟု တွေးတောနေမိသည်။
“သူတို့က ကြည့်ရတာ သိပ်ပြီး အစွမ်းမထက်ဘူးနော်”
လီယောင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
“မှန်ပါတယ်”
သူမ၏ အခြားတစ်ဖက်မှ ဝမ်ကျန့်က ဝင်ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က တိုက်ခိုက်ဖို့ မဟုတ်ဘူး”
သူက ထပ်လောင်းပြောပြောလိုက်သည်။
“ဒါဆို သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
သူမက မေးလိုက်၏။
“သူတို့က ပျံ့နှံ့စေသူတွေပဲ”
သူက ပြောလိုက်သည်။
“ပျံ့နှံ့စေသူတွေ ဟုတ်လား”
“မှန်တယ်... ကြာပန်းဆီကနေ ထွက်လာတဲ့ အဲဒီ မိစ္ဆာအငွေ့အသက်တွေကို မြင်တယ်မလား။ အဲဒါတွေက အမှောင်စွမ်းအင်တွေပဲ”
ဝမ်ကျန့်က ဧရာမပန်းကြီးဆီမှ တရဟော လွင့်စင်လာနေသည့် အနက်ရောင် မြူခိုးများကို ညွှန်ပြရင်း ရှင်းပြသည်။
“ဒီသတ္တဝါတွေရဲ့ ရည်ရွယ်ချက်က အဲဒီစွမ်းအင်တွေကို အရပ်ရပ်ကို ပျံ့နှံ့အောင် သယ်ဆောင်သွားဖို့ပဲ။ အဲဒီအငွေ့တွေနဲ့ ထိတွေ့မိတဲ့သူမှန်သမျှဟာ စိတ်ဖောက်ပြန်လာပြီး ဘာအသိဉာဏ်မှ မရှိတော့ဘဲ သွေးဆာနေတဲ့ လူသတ်မိစ္ဆာတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
ရှန်းယွီသည် ထိုရှင်းပြချက်ကို ကြားလိုက်ရသောအခါ ကျောချမ်းသွားမိသည်။ ထိုသို့ စိတ်ဖောက်ပြန်ညစ်ညမ်းသွားသည့် ဖြစ်စဉ်က ဘယ်လိုအလုပ်လုပ်တာလဲဟု သူ သိချင်နေမိ၏။ သူကိုယ်တိုင်လည်း အမှောင်ဓာတ်ခံကို ပိုင်ဆိုင်ထားပြီး ကျင့်ကြံခြင်းနှင့် တိုက်ပွဲများတွင် အတော်အတန် အသုံးပြုခဲ့ဖူးသော်လည်း ဤကဲ့သို့သော ဆိုးကျိုးမျိုးကို တစ်ခါမျှ မကြုံဖူးချေ။
ထိုကြာပန်းသည် သာမန်အမှောင်ဓာတ်နှင့်မတူဘဲ အထူးသန့်စင်ထားသည့် အမှောင်စွမ်းအင်ကို ထုတ်လွှတ်နေခြင်းပင်။ သို့မဟုတ် သူ၏ အာလုံးစုံဓာတ်ခံနှင့် သာလွန်ထူးကဲသော တာအိုခန္ဓာတို့ကြောင့် မည်သည့်စွမ်းအင်မျိုးကိုမဆို ဘေးထွက်ဆိုးကျိုးမရှိဘဲ ကိုင်တွယ်နိုင်စွမ်းရှိနေခြင်းကြောင့်ပင်။
“ဒါဆိုရင် လွယ်ပါတယ် မထိမိအောင် နေရင်ရတာပဲ မဟုတ်လား”
လီယောင်းက ပြောလိုက်သည်။
ဝမ်ကျန့်က ခေါင်းခါလိုက်ပြီး သူ၏မျက်နှာမှာ ပို၍ပင် တည်ကြည်လေးနက်လာသည်။
“အဲဒါက ဒီလောက် မရိုးရှင်းဘူး”
သူက ပြောလိုက်သည်။
“ဒီအငွေ့တွေရဲ့ အရင်းအမြစ်ကို မဖျက်ဆီးသရွေ့ အငွေ့တွေက တစတစနဲ့ ဆက်ပြီး ပြန့်ကားနေဦးမှာပဲ။ အရာအားလုံးကို ဖုံးလွှမ်းသွားတဲ့အထိ သူက ရပ်တန့်မှာ မဟုတ်ဘူး”
“ဒါဆို အဲဒါကို ဖျက်ဆီးလိုက်ရင် မပြီးဘူးလား”
ဝမ်ကျန့်က ခေါင်းခါပြန်သည်။
“မရဘူး။ ခုနက သတ္တဝါလေးတွေက တိုက်ခိုက်ဖို့ မဟုတ်ဘူးဆိုပေမဲ့ တိုက်ခိုက်ဖို့ သီးသန့်ရည်ရွယ်ထားတဲ့ တခြားသတ္တဝါတွေ မရှိဘူးလို့ မဆိုလိုဘူးလေ”
“ဒါဆို ကြာပန်းကို ကာကွယ်ပေးထားတဲ့ ကိုယ်ရံတော်တွေ ရှိနေတာပေါ့။ သူတို့က ဘယ်လောက်တောင် များပြီး ဘယ်လောက်အထိ အစွမ်းထက်သလဲ”
လီယောင်းက မေးလိုက်သည်။
ဝမ်ကျန့်သည် ထိုမေးခွန်းကို စဉ်းစားရင်း စိတ်ရှုပ်ထွေးနေဟန်ရှိသည်။
“အတိအကျပြောဖို့ ခက်တယ်။ ဒါပေမဲ့ ကြာပန်းက ဆက်ပြီး ကြီးထွားလာလေလေ အဲဒီသတ္တဝါတွေရဲ့ အရေအတွက်နဲ့ အစွမ်းကလည်း အချိုးကျ တိုးလာလေလေပဲ ဖြစ်မှာပါ”
“အငွေ့တွေကို ထိမိရင် စိတ်ဖောက်ပြန်မယ်လို့ ပြောတယ်နော်။ ဒါဆိုရင် အဲဒီသတ္တဝါတွေကို မထိဘဲနဲ့ ဘယ်လိုလုပ် တိုက်ခိုက်လို့ ရမှာလဲ”
လျိုဖုန်းက ဝင်မေးလိုက်သည်။
ဝမ်ကျန့်က ထိုမေးခွန်းကို ပြန်လည်ဖြေကြားသည်။
“ထိမိတာနဲ့ ချက်ချင်းကြီးတော့ စိတ်မဖောက်ပြန်သွားပါဘူး။ မင်းတို့က အမြုတေဖွဲ့စည်းခြင်းအဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့သူဆိုရင် ကိုယ့်ရဲ့ ဝိညာဉ်စွမ်းအင်ကို သုံးပြီး အဲဒီညစ်ညမ်းမှုကို ခုခံတွန်းလှန်ထားနိုင်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီး ထိတွေ့နေရရင်တော့ တကယ့်ကို ပြဿနာတက်နိုင်တယ်”
လီယောင်းသည် သူတို့ဂိုဏ်းကို ကာကွယ်ပေးထားသော တောက်ပသည့် အတားအဆီးကို ငုံ့ကြည့်လိုက်စဉ် နောက်ထပ် စိတ်ဖောက်ပြန်နေသူတစ်ဦးမှာ အတားအဆီးပေါ်သို့ ပြင်းထန်စွာ လာရောက်ရိုက်ခတ်မိသည်ကို မြင်လိုက်ရပြန်သည်။ ထိုသူ၏ ခန္ဓာကိုယ်မှာ ရိုက်ခတ်မှုကြောင့် တစ်စစီ ပွင့်ထွက်သွားပြီး အနက်ရောင် အစွန်းအထင်းများသည် အတားအဆီး၏ စွမ်းအင်
မျက်နှာပြင်ပေါ်တွင် ဖြည်းဖြည်းချင်း လျှောကျသွားသည်။
“ဒီ အတားအဆီးက ငါတို့ကို အငွေ့တွေရန်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်လား”
“လောလောဆယ်တော့ ဟုတ်ပါတယ်”
ဝမ်ကျန့်က ပြောသည်။
“လောလောဆယ် ဆိုတာက ဘာကို ဆိုလိုတာလဲ”
ဝမ်ကျန့်သည် ကြီးထွားလာနေသော ကြာပန်းကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ “ကြာပန်းက ဆက်ပြီး ကြီးထွားလာလေလေ သူ ထုတ်လွှတ်တဲ့ အမှောင်စွမ်းအင်ရဲ့ အရှိန်အဝါကလည်း ပိုပြီး ပြင်းထန်လာလေလေပဲ။ တစ်ချိန်မှာတော့ အဲဒီစွမ်းအင်ဟာ ကာကွယ်ရေးအတားအဆီးတွေကိုတောင် ထိုးဖောက်နိုင်တဲ့အထိ အားကောင်းလာလိမ့်မယ်”
ထိုစဉ် အကြီးအကဲဟွမ်မှာ သူတို့ရှိရာသို့ ပျံသန်းရောက်ရှိလာသည်။
“ဂိုဏ်းချုပ်... ဘာတွေ ဖြစ်နေတာလဲ”
သူမက စိုးရိမ်တကြီး မေးမြန်းလေသည်။
လီယောင်းသည် ချက်ချင်းပင် ဂိုဏ်းချုပ်တစ်ဦး၏ တည်ကြည်သောအမူအရာသို့ ပြောင်းလဲလိုက်ပြီး အမိန့်ပေးလိုက်သည်။
“အပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒါမှမဟုတ် ကျင့်ကြံရေးခရီးထွက်နေတဲ့ တပည့်တွေအားလုံးကို ချက်ချင်း ပြန်ခေါ်လိုက်ပါ။ ဂိုဏ်းတစ်ခုလုံးကို အသွားအလာ ပိတ်ဆို့လိုက်ပါ။ ကျွန်မရဲ့ တိုက်ရိုက်ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အပြင်မထွက်ရသလို အထဲမဝင်ရဘူး။ အားလုံး စုံသွားပြီဆိုရင်တော့ အခြေအနေကို ရှင်းပြဖို့ ကျွန်မ ကိုယ်တိုင် ကြေညာချက် ထုတ်ပြန်မယ်”