အခန်း (၂၆၇)
Vol. 26 Ch. 267
အခန်း။ ၂၆၇
ဝင်းခြံအတွင်း၌ တပည့်ပေါင်းများစွာသည် ပင်လယ်ပြင်ကြီးအလား စုရုံးရောက်ရှိနေကြသည်။ အနည်းဆုံး လူပေါင်းတစ်သောင်းခန့် ရှိပေလိမ့်မည်။ ယခင်ကဆိုလျှင် ဤမျှများပြားသော အရေအတွက်ကို လက်ခံထားရန် အပြာရောင်တိမ်တိုက်ဂိုဏ်းတွင် အဆောက်အအုံနှင့် ဝန်ဆောင်မှု မလုံလောက်သဖြင့် မဖြစ်နိုင်ခဲ့ပေ။ သို့သော် မိစ္ဆာဂိုဏ်းချုပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ဂိုဏ်း၏ ကျော်ကြားမှုမှာ မယုံနိုင်လောက်အောင် မြင့်တက်လာခဲ့သည်။ သူတို့၏ အောင်ပွဲသတင်းမှာ အရှေ့ဘက်တိုက်ကြီးတစ်ခုလုံးတွင် တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး နေ့စဉ်နှင့်အမျှ တပည့်အဖြစ် ဝင်ရောက်လိုသူ ရာပေါင်းများစွာ ဂိုဏ်းတံခါးဝသို့ ရောက်ရှိလာကြသည်။ လူအများစုက အပြာရောင်တိမ်တိုက်ဂိုဏ်းကို အဆင့် (၅) ရှိသော ဂိုဏ်းကြီးတစ်ခုအဖြစ် အသိအမှတ်ပြုကြပြီး ယခုအခါ အရှေ့ဘက်ဒေသ၏ အဓိကဂိုဏ်းကြီး (၆) ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင် ဖြစ်လာခဲ့သည်။
ကျင့်ကြံသူ အများအပြားကမူ အပြာရောင်တိမ်တိုက်ဂိုဏ်းသည် အခြားအဓိကဂိုဏ်းများကိုပင် ကျော်လွန်သွားပြီး အရှေ့ဘက်တိုက်ကြီး၏ အစွမ်းထက်ဆုံး အင်အားစု ဖြစ်လာပြီဟုပင် ယုံကြည်နေကြသည်။
ဤကဲ့သို့ မျှော်လင့်မထားဘဲ ကျော်ကြားလာမှုကြောင့် ဂိုဏ်းကို အလျင်အမြန် တိုးချဲ့ခဲ့ရသည်။ အဆက်မပြတ် ရောက်ရှိလာသော လူသစ်များကို နေရာချထားပေးရန် ဂိုဏ်း၏ နယ်နိမိတ်များကို မူလထက် များစွာ ကျော်လွန်၍ ချဲ့ထွင်ခဲ့ရသည်။ တိုက်ပွဲပြီးနောက် ကြာပန်းကျောက်စိမ်းနန်းတော်နှင့် သံမဏိဝိညာဉ်တောင်တို့ပင်လျှင် သူတို့၏ ဂိုဏ်းများကို ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ကြပြီး အပြာရောင်တိမ်တိုက်ဂိုဏ်း၏ လက်အောက်ခံများအဖြစ် ပူးပေါင်းခဲ့ကြသည်။ သို့သော် သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အများစုကိုမူ ဆက်လက် ထိန်းသိမ်းထားကြဆဲပင်။
ယန်ရွှယ်လျန်သည် လီယောင်း ရပ်နေသော လူစုလူဝေး၏ ရှေ့ဘက်သို့ ချဉ်းကပ်လာသည်။ သူမသည် ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် သတင်းပို့လိုက်သည်။
“ဂိုဏ်းချုပ်... တပည့်အနည်းငယ်ကလွဲလို့ လူအားလုံး စုံပါပြီ။ အဲဒီကျန်တဲ့လူတွေကတော့ အချိန်မီ ပြန်မလာနိုင်ကြတာ ဒါမှမဟုတ်ရင်လည်း...”
လီယောင်းက အခြေအနေကို နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ဧရာမ လူအုပ်ကြီးကို စကားပြောရန် ရှေ့သို့ တိုးထွက်လိုက်ပြီး သူမ၏ အသံကို ဝိညာဉ်စွမ်းအင်ဖြင့် မြှင့်တင်လိုက်ရာ နောက်ဆုံးတန်းရှိ လူများပင် ရှင်းလင်းစွာ ကြားနိုင်တော့သည်။
“အားလုံးပဲ...”
သူမက စတင်ပြောကြားသည်။
“ပတ်ဝန်းကျင်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအတွက် မင်းတို့ စိုးရိမ်နေကြတာကို ငါသိပါတယ်။ အခုပေါ်ပေါက်နေတဲ့ အနက်ရောင် မိစ္ဆာအငွေ့အသက်တွေက ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ။ အဲဒါကြောင့်လည်း ငါက ဂိုဏ်းတစ်ခုလုံးကို အသွားအလာ ပိတ်ဆို့ဖို့ အမိန့်ပေးလိုက်တာ”
တပည့်များအကြားတွင် စိုးရိမ်တကြီး တိုးတိုးဖော်ဖော် ပြောဆိုသံများ ထွက်ပေါ်လာသည်။ လီယောင်းက လက်ကို မြှောက်လိုက်ရာ ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားတော့သည်။
“ငါ တစ်ခုတော့ အတိအကျ ပြောချင်တယ်။ ကြောက်ရွံ့စရာ ဒါမှမဟုတ် ထိတ်လန့်စရာ မလိုပါဘူး။ အပြာရောင်တိမ်တိုက်ဂိုဏ်းဟာ အရင်ကလည်း မုန်တိုင်းပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးသားပါ။ ဘာမှ မပြောင်းလဲသွားဘူး ငါတို့ဟာ အခုကြုံတွေ့နေရတဲ့ အကျပ်အတည်းကနေလည်း အရင်ကထက် ပိုပြီး အင်အားတောင့်တင်းစွာနဲ့ ပြန်လည် ထွက်ပေါ်လာမှာပါ”
“ဂိုဏ်းကို ပိတ်ထားတဲ့ ကန့်သတ်ချက်တွေအတွက်လည်း သိပ်စိတ်မပူကြပါနဲ့။ ငါတို့မှာ မဟာအကြီးအကဲ ရှိနေသရွေ့တော့ ဒီပိတ်ဆို့မှုက နှစ်ပေါင်းတစ်ရာ ကြာသွားရင်တောင် ငါတို့ ရှင်သန်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အရာ အားလုံး ရှိနေပြီးသားပဲ”
ဤစကားမှာ အတော်ပင် ချဲ့ကားပြောဆိုခြင်းဖြစ်သည်ဟု လီယောင်း ကိုယ့်ဘာသာ တွေးမိသည်။ သို့သော် တပည့်များ၏ စိုးရိမ်ထိတ်လန့်မှုကို လျှော့ချရန်အတွက် ဤစကားလုံးများအတိုင်း ပြောရန် ဧကရီက သူမကို ညွှန်ကြားထားခြင်း ဖြစ်သည်။ ဤမျှ အံ့ဩဖွယ်ကောင်းသော စကားကို လူတွေ တကယ်ယုံကြပါ့မလားဟု သူမ သံသယဝင်နေမိ၏။
သို့သော် သူမ ထိုသို့ တွေးလိုက်သည့် ခဏမှာပင် ထူးခြားသောအရာတစ်ခု ဖြစ်ပျက်လာသည်။ လူထောင်ပေါင်းများစွာ၏ မျက်နှာပေါ်တွင် တွေ့နေရသော တင်းမာစိုးရိမ်မှုများမှာ ရုတ်ချည်းပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ တပည့်များသည် စိုးရိမ်စရာ မရှိတော့သကဲ့သို့ တစ်ဦးနှင့်တစ်ဦး ပေါ့ပေါ့ပါးပါး စတင် စကားပြောဆိုလာကြသည်။
“ဟုတ်သားပဲ ငါတို့ ဘယ်လိုတောင် မေ့သွားရတာလဲ။ မဟာအကြီးအကဲသာ ရှိနေရင် ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါတို့ သေချာပေါက် ရှင်သန်နိုင်မှာပဲ”
“ဒါပေါ့ မဟာအကြီးအကဲက ဒါတွေဖြစ်လာမယ်ဆိုတာ ကြိုတင်ဟောကိန်းထုတ်ပြီးသား ဖြစ်မှာပါ”
“မဟာအကြီးအကဲပီသပါပေတယ်”
“သူက ငါ့တို့အကြီးအကဲအစစ်အမှန်ပဲဟေ့”
“ဟေး... သတိထားဦးလေ အိမ်မက်ယောင်မနေနဲ့”
လီယောင်း၏ မျက်နှာမှာ ဝင်းပသွားတော့သည်။ သူမသည် ဂိုဏ်း၏ကိစ္စရပ်များကို သူမလုပ်သင့်သလောက် အာရုံမစိုက်နိုင်ခဲ့ပုံရသည်။ သူမသည် သူမ၏ စီနီယာအစ်ကိုအတွက် အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ရသည်။ ထိုသို့ စိုးရိမ်ရသည့် အကြောင်းရင်းလည်း ရှိခဲ့သည် မဟုတ်ပါလား။ ထိုစဉ်က လူတိုင်းက သူ့ကို အမြဲတမ်း လှောင်ပြောင်ခဲ့ကြပြီး အသုံးမကျသည့် အမှိုက်ဟု ခေါ်ခဲ့ကြသည်။ ယခုမူ သူသည် ဂိုဏ်းချုပ်ဖြစ်သူ သူမထက်ပင် ပို၍ ရိုသေလေးစားမှုနှင့် ဂုဏ်သတင်းကျော်စောမှုကို ရရှိနေပြီ ဖြစ်သည်။ သူတို့ကို စိတ်အေးသွားစေရန် သူမအနေဖြင့် နောက်ထပ် ဘာမှ ထပ်ပြောနေစရာပင် မလိုတော့ပေ။
“မင်းတို့ရဲ့ ကျင့်ကြံခြင်းလုပ်ငန်းတွေကို လုံ့လစိုက်ထုတ်ပြီး ဆက်လုပ်ကြပါ။ အရင်အတိုင်းပဲ တစ်ဦးကိုတစ်ဦး ကူညီပံ့ပိုးပေးကြပါ”
သူမက ကြေညာလိုက်သည်။
“ဒါက မဟာအကြီးအကဲက မင်းတို့အားလုံးကို ပြောခိုင်းလိုက်တဲ့ စကားပဲ”
ထိုစကားများ သူမ၏ နှုတ်ဖျားမှ ထွက်လာသည်နှင့် တပြိုင်နက် တပည့်များသည် မဟာအကြီးအကဲ၏ နာမည်ကို အားတက်သရော ဟစ်ကြွေးကြတော့သည်။
“ငါ ဒီနေ့ကစပြီး အရင်ကထက် ပိုပြီး ကြိုးစားကျင့်ကြံရမယ် မဟာအကြီးအကဲကို စိတ်ပျက်အောင် မလုပ်နိုင်ဘူး”
...
ယောင်ယောင်လေးသည် ရှန်းယွီ၏ ဝိညာဉ်အပိုင်းအစကို ဝှေ့ယမ်းကာ ဟိုဟိုဒီဒီ အားတက်သရော ပြေးလွှားဆော့ကစားနေသည်။
[တိတ်စမ်း]
ဧကရီ၏ အသံမှာ စိတ်တိုဒေါသထွက်နေသည့် လေသံဖြင့် ရုတ်တရက် စူးစူးဝါးဝါး ထွက်ပေါ်လာသည်။
ယောင်ယောင်မှာ ပြေးလွှားနေရင်းမှ ရုတ်ချည်း တန့်သွားပြီး သူမ၏ တောက်ပသော မျက်လုံးလေးများဖြင့် ခန့်ညားထည်ဝါလှသော ဧကရီကို လှမ်းကြည့်လိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ယောင်ယောင်သည် သူမကိုင်ထားသော ဝိညာဉ်အပိုင်းအစကို ငုံ့ကြည့်ကာ အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကို... ငါတို့ တခြားနေရာမှာ သွားကစားရအောင်။ ဟိုက အဒေါ်ကြီးက အခု တော်တော်လေး စိတ်တိုနေပုံရတယ်”
“အဒေါ်... ကြီး...”
ဧကရီ၏ မျက်တောင်များမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ခါသွားသည်။ သူမသည် ပေါက်ကွဲထွက်တော့မည့် အနေအထားသို့ ရောက်သွားသော်လည်း အံကြိတ်ကာ ထိန်းထားလိုက်၏။ သူမသည် အသက်ကို ပြင်းပြင်းရှူရင်း စိတ်ကို အတင်းအကျပ် ငြိမ်သက်အောင် လုပ်လိုက်ရသည်။
ကလေးတစ်ယောက်နဲ့ ငြင်းခုံနေလို့လည်း အပိုပဲဟု သူမ ကိုယ့်ဘာသာ သတိပေးလိုက်မိသည်။ ဤကဲ့သို့ ပြုမူခြင်းမှာ သူမကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးနှင့် မသင့်တော်ပေ။
ယောင်ယောင်လေးသည် ဝိညာဉ်အပိုင်းအစကို ကိုင်ဆောင်လျက် စိတ်အာရုံပင်လယ်၏ အခြားတစ်ဖက်သို့ ပျော်ရွှင်စွာ ခုန်ပေါက်ထွက်ခွာသွားစဉ် ဧကရီသည် စိတ်ပျက်လက်ပျက်ဖြင့် နှာခေါင်းရှုံ့လိုက်မိသည်။ သူမသည် သိသာလှသော စိတ်အနှောင့်အယှက်ဖြစ်မှုများနှင့်အတူ သူမ၏ ပလ္လင်ထက်တွင် ပြန်လည်အခြေချလိုက်၏။
“တောက်... ဒီဘက်ခေတ် ကလေးတွေနှယ်”
သူမက ခေါင်းတခါခါဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“လူကြီးမိဘကို လုံးဝ မရိုသေကြဘူး”
“စီနီယာအစ်ကိုက လူမြင်ကွင်းကို ခဏခဏ ထွက်လာတာလည်း မဟုတ်ဘဲနဲ့ သူတို့တွေက ဘာလို့ သူ့ကို ဒီလောက်တောင် ကြည်ညိုနေကြတာလဲ”
လီယောင်းက မေးလိုက်သည်။
[ဘယ်သူသိမှာလဲ]
ဧကရီက စိတ်မဝင်စားဟန်ဖြင့် ပြန်ဖြေသည်။ ကလေးတစ်ယောက်ကို ဒေါသထွက်လို့ မရသဖြင့် သူမသည် ဒေါသအရင်းအမြစ်ဖြစ်သော လူကြီးဘက်သို့ လှည့်ပစ်လိုက်ခြင်းပင်။ သူမသည် သက်သောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလဲထိုင်လိုက်ပြီး ပလ္လင်ဘေးမှ စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်၏။
ထိုစာအုပ်၏ မျက်နှာဖုံးတွင် ကျင့်ကြံခြင်း ၁၀၁ ဆိုသည့် ခေါင်းစဉ်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
“ကဲ... ငါ ဘယ်နား ရောက်သွားပါလိမ့်”
သူမက ကိုယ့်ဘာသာ ရေရွတ်ရင်း စာမျက်နှာများကို အေးအေးလူလူ လှန်ကြည့်နေတော့သည်။
...
မိစ္ဆာနတ်ဘုရားအသင်း၏ ခေါင်းဆောင်သည် ကွင်းပြင်ငယ်တစ်ခု၏ အထက်တွင် ပျံဝဲနေရင်းခြောက်သွေ့နေသော မြေပြင်ကို ဇဝေဇဝါဖြင့် ဝေ့ဝဲကြည့်ရှုနေသည်။ သူသည် ပတ်ဝန်းကျင်ရှိ ဗလာကျင်းနေသော မြေပြင်တစ်ခုချင်းစီကို စူးစမ်းကြည့်ရှုရင်း သူ၏ မျက်မှောင်များမှာလည်း အလွန်ပင် ကြုတ်နေတော့သည်။
တစ်ခုခုတော့ လုံးဝကို မှားယွင်းနေပြီ။
သူသည် အပြာရောင်တိမ်တိုက်ဂိုဏ်း၏ အစအနကိုပင် ဘယ်နေရာမှာမှ ရှာမတွေ့ပေ။ ထိုဂိုဏ်းမှာ မူလကတည်းက မရှိခဲ့ဖူးသကဲ့သို့ပင်။
သူ ရှာဖွေနေခဲ့သည်မှာ တစ်ရက်နီးပါး ရှိနေပြီဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံဖြင့် ဖြစ်နိုင်ခြေရှိသော ပုန်းကွယ်ရာနေရာတိုင်းကို စစ်ဆေးခဲ့ပြီး ဟင်းလင်းပြင် ပုံပျက်ယွင်းမှုများကိုပင် ရှာဖွေခဲ့သော်လည်း သူ၏ ကြိုးပမ်းမှုများမှာ လုံးဝ အရာမထင်ခဲ့ပေ။
“ငါ ရူးသွားတာလား”
သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“ငါ့မျက်စိတွေကပဲ ငါ့ကို လိမ်နေတာလား”
ပို၍ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသည်မှာ မိစ္ဆာမျှော်စင်၏ ထူးခြားသော အနံ့အသက်မှာ အလွန်အမင်း သိမ်မွေ့သွားသဖြင့် သူပင်လျှင် အာရုံခံမိရန် ခဲယဉ်းသွားခြင်းပင်။
“ဒါက အလွန်အမင်း အဆင့်မြင့်တဲ့ ဖုံးကွယ်ရေးအစီအရင်တစ်ခုခုများလား”
သူက ကျယ်လောင်စွာ ရေရွတ်လိုက်သည်။
“မျှော်စင်က သူတို့ကို ပိုပြီးအဆင့်မြင့်တဲ့ ရတနာတွေ သုံးခွင့်ပေးလိုက်တာလား”
ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိဘူး။ မျှော်စင်က ဘာလို့ သူတို့ကို တက်တက်ကြွကြွ ကူညီပေးရမှာလဲ။
“ငါ့ကို အပြင်ထွက်လာအောင် မျှော်လင့်ချက်ပေးပြီး ဆွဲထုတ်ဖို့ အဲဒီ နတ်ဘုရားလက်နက်ကို သူတို့ကို ပေးခဲ့တာ မဟုတ်ဘူးလား”
သူ ဇဝေဇဝါ ဖြစ်နေမိသည်။
ငါပဲ အလွန်အကျွံ တွေးနေမိတာလား။
ထိုသံသယများ စတင်ဝင်ရောက်လာစဉ်မှာပင် အဝေးတစ်နေရာမှ မြေကမ္ဘာတုန်ဟီးသွားစေမည့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး သူ၏ အာရုံကို ချက်ချင်းပင် ထိုနေရာသို့ ဆွဲဆောင်သွားတော့သည်။
“စတင်ပြီပဲ”
အဝေးတစ်နေရာတွင် ဧရာမ ကြာပန်းကြီး ပွင့်လန်းလာသည်ကို ကြည့်ရင်း သူ တွေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင် သတ္တဝါအချို့သည် ရန်လိုသောအငွေ့အသက်များဖြင့် သူရှိရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသည်ကို သူ မြင်လိုက်ရသည်။ သူ၏ ပတ်ဝန်းကျင် လေထုထဲတွင် အနီရောင် လီကိုရစ်ပန်းပွင့်ချပ်များ ရုတ်တရက် ပေါ်ပေါက်လာပြီး ချဉ်းကပ်လာသော ရန်သူများထံသို့ ပစ်မှတ်ထား လောင်ချာများသဖွယ် ပစ်ထွက်သွားတော့သည်။
ထိုပွင့်ချပ်များသည် အနက်ရောင်သတ္တဝါများနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ပုပ်စပ်ညစ်ညမ်းသော သွေးအိုင်များ ဖြစ်သွားလေသည်။ ထိုသွေးများသည် သူရှိရာဘက်သို့ ဖြည်းဖြည်းချင်း စီးဆင်းလာ၏။
သူသည် ထိုသွေးထဲသို့ လက်ချောင်းကို ပေါ့ပေါ့ပါးပါး နှစ်လိုက်ပြီး အရသာခံရန် နှုတ်ခမ်းသို့ ယူဆောင်လိုက်သည်။ ချက်ချင်းပင် သူ၏ မျက်နှာမှာ ရွံရှာစက်ဆုပ်မှုကြောင့် ရှုံ့မဲ့သွားပြီး အားရပါးရ ထွေးထုတ်လိုက်တော့သည်။
“တောက်... အဆင့်မရှိတဲ့ အကောင်တွေ”
သူက စိတ်တိုတိုဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့ စိတ်ပျက်မှုက တိုင်းတာလို့တောင် မရတော့ဘူး။ ငါ့ရဲ့ တစ်နေ့တာတော့ ပျက်စီးသွားပြီပဲ။”
သူသည် ရန်သူများ၏ အရည်အသွေး ညံ့ဖျင်းမှုအပေါ် ဆက်လက် မြည်တွန်တောက်တီးနေစဉ် ထူးဆန်းသောအသံတစ်ခု သူ၏ နားထဲသို့ ရောက်ရှိလာသည်။
ဗြိ...
နောက်တစ်ကြိမ် ဗြိ...
စိုစွတ်သောအသားများ ရိုက်ခတ်မိသည့် အသံမှာ မှန်မှန်ထွက်ပေါ်နေသဖြင့် သူ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်သည်။
“ဒါက ဘာအသံလဲ”
သူက ရေရွတ်ရင်း အသံလာရာကို လိုက်လံရှာဖွေလိုက်သည်။
သူသည် နတ်ဘုရားအာရုံကို ချက်ချင်းဖြန့်ကျက်လိုက်ရာ အသံများ ထွက်ပေါ်လာသည့် နေရာကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားပြီး သူ၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
“ပြန်စဉ်းစားကြည့်တော့လည်း...”
သူက ယုတ်မာသောအပြုံးကြီးဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်းတို့က လုံးဝ အသုံးမကျတာတော့လည်း မဟုတ်ပါဘူး”
သူရှိရာမှ မိုင်အနည်းငယ်အကွာတွင် အနက်ရောင် သတ္တဝါများသည် မြင်ကွင်း၌ မမြင်ရသော အတားအဆီးတစ်ခုကို အရှိန်အဟုန်ဖြင့် ထပ်တလဲလဲ ဝင်တိုက်နေကြသည်ကို သူ မြင်လိုက်ရသည်။ တိုက်မိတိုင်းတွင်လည်း ထိုသတ္တဝါများသည် အတားအဆီးပေါ်၌ အသားဖတ်များအဖြစ် ကြေမွသွားပြီး သူ သဘောကျသော ဗြိဆိုသည့် အသံများ ထွက်ပေါ်နေခြင်းပင်။
“ဒါကြောင့် မင်းတို့က တစ်ချိန်လုံး ဒီမှာ ပုန်းနေတာကိုး”
သူက ရယ်မောရင်း ပြောလိုက်သည်။ သူ၏ အပြုံးမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းလာပြီးနောက် သူသည် ရပ်နေသောနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။