အခန်း (၆၂)
Vol. 6 Ch. 62
ဝမ်ယွီထုံ လျှပ်စစ်သွားတိုက်တံကို အမှိုက်ပုံးထဲပစ်ထည့်လိုက်ကာ အိမ်သာခွက်ဘေးမတ်တပ်ရပ်နေသည့် ကျိုးရှောင်ယွီကို ကောက်ချီပြီး လက်တွေကို ပိုးသတ်ဆေးရည်တွေဖြင့် သေချာဆေးကြောလိုက်သည်။
ယခုဖြစ်သွားသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝမ်ယွီထုံသည် ကလေးကို မဆူပူဘဲ ညှင်သာစွာ ပြောလိုက်သည်။
"အိမ်သာခွက်တွေက အရမ်းညစ်ပတ်တယ်။ နောက်ဆို ကလေးတွေက အိမ်သာခွက်တွေကို မကိုင်ရဘူးနော် ဟုတ်ပြီလား။ အိမ်သာခွက်ထဲကိုလည်း ပစ္စည်းတွေ လျှောက်မထည့်ရဘူး။ အခုကြည့် မေမေ့သွားတိုက်တံကို လွင့်ပစ်လိုက်ရပြီ။ ပိုက်ဆံတွေ အလကားကုန်သွားရပြီ"
ကျိုးရှောင်ယွီကတော့ ရေချိုးခန်းမှန်ထဲက ချစ်စရာကောင်းတဲ့ သူ့ကိုယ်သူ ကြည့်ရင်း သူ့ခေါင်းကလေးကို ခါရမ်းကာ သူ့ အမေ့စကားကို လုံးဝနားမထောင်နေပေ။
ကလေးလက်တွေကို ဆေးကြောပေးပြီးနောက် ဝမ်ယွီထုံ ကလေးနှင့် မျက်နှာချင်းဆိုင်လိုက်ကာ မျက်လုံးတည့်တည့်ကြည့်ရင်း ပြောလိုက်သည်။
"နောက်တစ်ခါ လူကြီးတွေက သားနာမည်ကို ခေါ်ရင် ထူးရမယ်နော်။ မေမေ့မှာ သားကို အကြာကြီး ရှာလိုက်ရတာ။ ရှောင်ယွီ ဘယ်မှာလဲ ဆိုပြီး အော်ခေါ်လဲ သားက ပြန်မထူးပဲ ဒီမှာ ပုန်းနေတာ မေမေ့မှာ အရမ်း စိတ်ပူလိုက်ရတာ"
ဝမ်ယွီထုံသည် ငိုမဲ့မဲ့ပုံ ဟန်ဆောင်မူပိုပြကာ ဆက်ပြောသည်။ "နောက်တစ်ခါ တစ်ယောက်ယောက် သားနာမည်ကို ခေါ်ရင် ထူးရမယ်နော် နားလည်လား"
သူ့အမေ ဝမ်းနည်းနေပုံကို မြင်လိုက်ရတော့ ကျိုးရှောင်ယွီသည် မျက်လုံးလေးတွေ ပြူးကျယ်ကာ ရှုပ်ထွေးစွာ ခေါင်းငြိမ့်လိုက်သည်။
စောနက သူ သန့်ရှင်းရေး လုပ်တဲ့ နေရာမှာပဲ အာရုံစိုက်နေမိတော့ သူ့အမေခေါ်တာကို မကြားလိုက်မိပေ။ နောက်တစ်ခါဆိုရင်တော့ နားကို သေချာစွင့်ပြီး ပြန်ထူးရမယ်။ "အာမားး မားးမားး မားး"
လူကြီးနှင့် လူကလေးတို့သည် သူတို့မျက်နှာအချင်းချင်း ပွတ်သပ်လိုက်ကြသည်။ ဝမ်ယွီထုံသည် ကလေး၏ ပြည့်ဖောင်းဖောင်း ပါးပြင်လေးကို အနမ်းလေးပေးလိုက်သည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို အဝတ်အစားလဲပေးပြီး သွားတိုက်ပေးကာ အောက်ထပ်ကို ခေါ်သွားပြီး မနက်စာစားကြသည်။ ထို့နောက် ကောင်ကလေးကို အိမ်တော်ထိန်းစန်နှင့် ကလေးထိန်းအန်တီဆီ လွှဲပေးကာ အနီးရှိမြို့ကို ထွက်ခွာဖို့ မြန်မြန်ပြင်ဆင်ခဲ့သည်။ သူမ ဒီနေ့ စက်ရုံသုံးခု သွားရောက်လည်ပတ်ရမှာဖြစ်ပြီး ညနေပိုင်းမှ အိမ် ပြန်ရောက်နိုင်လိမ့်မည်။
ဝမ်ယွီထုံက အရင်ကလိုမျိုး တိတ်တဆိတ်ထွက်ခွာသွားတာမျိုး မလုပ်တော့ပဲ ကားပေါ်မတက်ခင် သူမက ကျိုးရှောင်ယွီကို ပြောပြလိုက်သည်။ "အမေအလုပ်သွားရမယ်။ ည ၉ နာရီလောက်မှ မေမေ ပြန်လာပြီး သားကို ပုံပြင်ဖတ်ပြပြီး ချော့သိပ်မယ်နော် လက်သန်းချိတ်ပြီး ကတိပေးရအောင်"
ကျိုးရှောင်ယွီဟာ အရင်ကလို သူမကို ကပ်နေတာမျိုး မရှိတော့ပေ။ သူ့အမေနဲ့ ခွဲရမှာကို စိုးရိမ်ပူပန်မိသော်လည်း ချော့မော့ပြောခဲ့၍ ရသည်။
ဝမ်ယွီထုံက သူမ၏လက်သန်းကလေးနဲ့ ကျိုးရှောင်ယွီရဲ့လက်သန်းကလေးကို ချိတ်လိုက်သည်။ ကျိုးရှောင်ယွီက အရမ်းပျော်စရာကောင်းသည်ဟု ထင်ကာပြုံးဖြီးရင်း သူ့ခြေထောက်တွေကို လှုပ်ရမ်းနေ၏။
အိမ်တော်ထိန်းစန်သည် ဝကစ်ကစ်ကောင်ကလေးကို ပွေ့ချီလိုက်ရင်း ပြောလိုက်သည်။ "မဒမ် ကိုယ့်အလုပ်ကိုသာ စိတ်ချလက်ချသွားလုပ်ပါ သခင်ငယ်လေးကို ကျွန်တော်တို့ ကြည့်ထားလိုက်ပါ့မယ်"
ကလေးထိန်းကလည်း ပြုံးရယ်ရင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့ မဒမ်။ အခုဆို သခင်ငယ်လေးက အရမ်း သိတတ်နေပါပြီ"
"ဒီညပြန်တွေ့မယ်နော်" ဝမ်ယွီထုံသည် ကလေးကို တာ့တာ ပြကာ ကားပေါ်တက်ထွက်ခွာသွားတော့သည်။
ကသည် တစ်ဖြည်းဖြည်း မောင်းထွက်သွားသည်။ ဝမ်ယွီထုံ နောက်ကိုလှည့်ကြည့်ရာ ကျိုးရှောင်ယွီ၏ ပုံရိပ်လေးသည် တစ်ဖြည်းဖြည်း သေးငယ်သွားသည်ကို ကားပြတင်းပေါက်မှ လှမ်းမြင်ရသည်။
နောက်ဆုံးမှာတော့ ကျိုးရှောင်ယွီက မျက်ရည်တွေပိုးပေါက်ကျလာပြီး သူ့ရဲ့စိုစွတ်နေတဲ့ မျက်လုံးကြီးတွေနဲ့ ကားရဲ့နောက်ဘက်ကို စိုက်ကြည့်နေရင်း သူ့လက်ကလေးကို မြှောက်ကာ တာ့တာပြ လက်ဟန်ကို အတော် ကြာအောင် ဆက်တိုက်လုပ်နေခဲ့သည်။
ဝမ်ယွီထုံ သက်ပြင်းချရင်း သူမမျက်ခုံးတွေကို ပွတ်သပ်လိုက်သည်။ တစ်ရက်ပဲ ခွဲရမယ် ဆိုပေမယ့် သူမလည်း စိုးရိမ်ပူပန်စိတ်ဖြစ်နေရမယ်လို့ မမျှော်လင့်ခဲ့ပေ။
စနစ် - "လူတိုင်းက ကလေးတွေဟာ မိဘတွေမရှိရင် မနေနိုင်ဘူးလို့ပြောကြတယ်၊ တကယ်တော့ မိဘတွေက ကလေးတွေမရှိရင် ပိုပြီးတောင် မနေနိုင်ကြဘူး။"
ဝမ်ယွီထုံ တိုးညှင်းစွာဖြင့် သက်ပြင်းလေး ချလိုက်သည်။"ဒါပေမယ့် ကလေးက အရင်လောက်တော့မဆိုးတော့ပါဘူး။ အနည်းဆုံးတော့ နေ့ခင်းဘက်တွေဆို ကျွန်မ မရှိလည်း ပြဿနာ မရှိတော့ဘူးလေ"
စနစ်ကလည်း ကျေနပ်သဘောကျစွာပင် ဟုတ်တယ် ဟု ထောက်ခံလာသည်။
စနစ် မှနောက်ထပ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး အကြံပြုချက်တစ်ခု ပြသလာသည်။
[အမေ၊ အဖေ... သားသားမီးမီးမှာ ကွဲကွာရခြင်းကို စိုးရိမ်ပူပန်တတ်တဲ့စိတ်ရှိရင် ဒါတွေကို မလုပ်ပါနဲ့...]
[အပြင်သွားမယ်ဆို တိတ်တိတ်လေး မထွက်သွားပါနဲ့။ အပြင်သွားမယ်ဆိုတဲ့ အကြောင်း ပြောပြသွားပေးပါ]
[ဖေဖေ၊ မေမေတို့ရဲ့ကတိကို ဘယ်တော့မှ မဖျက်ပါနဲ့။ ညနေစာချိန် သတ်မှတ်ချိန်တစ်ခုမှာ ပြန်လာမယ်လို့ သင်ပြောခဲ့ရင် အဲဒီချိန်မှာ ပြန်လာရမယ်။]
[သားသားမီးမီးအပေါ်ကို ကြမ်းကြမ်းတမ်းတမ်း မပြုလုပ်ပါနဲ့။ကြမ်းကြမ်းတမ်းတမ်း လုပ်ခဲ့ရင် သားသားမီးမီးတို့ကို တစ်ကယ်မချစ်လို့ပဲ]
[ကျေးဇူးပြုပြီး သားသားမီးမီးတို့ကို စိတ်မပြတ်သလို မထားခဲ့ချင်သလိုမျိုး မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး သားသားမီးမိးတို့ကို ပြုံးပြပြီး အေးဆေးတည်ငြိမ်စွာနဲ့ နှုတ်ဆက်ပါ။]
ဝမ်ယွီထုံတစ်ယောက် အနီးနားက အိမ်နီးချင်းမြို့မှာတစ်ရက်လုံး ဟိုဟိုဒီဒီပြေးလွှားရင်း တစ်ချိန်ထဲမှာပဲ ရှီးရှီးအမေ၊ လျန်ဇီအမေတို့နှင့် အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာ ကလေးကစားကွင်းများစွာကို ဝန်ဆောင်မှုပေးခဲ့ပြီး အရည်အသွေးနဲ့ ကုန်ကျစရိတ်သက်သာကောင်းမွန်သည့်ထုတ်လုပ်သူတစ်ဦးကို ရွေးချယ်လိုက်သည်။
"အရောင်တွေက ယေဘုယျအားဖြင့်ထင်ရှားပြီး နွေးထွေးရတယ်၊ ဥပမာ macaron၊ Morandi ဒါမှမဟုတ် သကြားလုံးစတိုင်လ်မျိုးပေါ့။ တံခါးအပေါ်ထုပ်တန်းဒီဇိုင်းကိုလည်း ခေါင်းစဉ်နဲ့ ကိုက်ညီအောင် ကလေးဆန်ပြီး ပျော်ရွှင်ဖွယ်ဖြစ်ရမယ်..."
ထုတ်လုပ်သူကလည်း လုပ်ငန်းလည်ပတ်မှုပိုင်းဆိုင်ရာ အကူအညီပေးပြီးနောက် အတွေ့အကြုံရင့် ကလေးကစားကွင်း ကြီးကြပ်သူ ဆရာတစ်ယောက်ကိုလည်း ဝမ်ယွီထုံဆီ မိတ်ဆက်ပေးခဲ့သည်။ ဝမ်ယွီထုံက မြန်မြန်ဆန်ဆန် ဆောင်ရွက်ပြီး လျန်ဇီအမေကို ချက်ချင်း စာချုပ်မူကြမ်းတစ်ခု ရေးဆွဲခိုင်းလိုက်သည်။ ညနေပိုင်းမှာ စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် မြို့တော်အေကို ပြန်လာခဲ့လိုက်သည်။
အပြန်လမ်းခရီးက တစ်နာရီခန့်ကြာသည်။ ဝမ်ယွီထုံက ကားထဲမှာ ဥရောပ ရောက်နေသည့် ကျိုးကျီယွဲ့ကို ဗီဒီယိုကော ခေါ်လိုက်သည်။
ကျိုးကျီယွဲ့ဘက်ကတော့ မနက်ခင်းဖြစ်နေပြီး သူက ကားထဲမှာရှိနေကာ ကုမ္ပဏီခွဲတစ်ခုကို စစ်ဆေးရန် သွားဖို့ ပြင်ဆင်နေသည်။
နေရောင်ခြည်က ကားပြတင်းပေါက်ကနေဝင်ရောက်ကာ လူရိပ်ကျသည့်နေရာမှာ လောင်းရိပ်ကျသွားသည်။ နေရောင်ခြည်အောက်တွင် အမျိုးသား၏ ကိုယ်ထည်သည် သုံးဖက်မြင်ပုံပေါ်နေပြီး သူ့၏ အေးစက်စက်မီးခိုးရောင်မျက်လုံးတွေဟာ ချစ်ခင်နှစ်လိုမှုတွေနှင့် ဖုန်းကို အာရုံစိုက်နေ၏။
ဝမ်ယွီထုံက သူ့နားရွက်တစ်ဝိုက်က ဆံပင်တွေကို ညှိလိုက်ပြီး ပိုလှတဲ့ ဘယ်ဘက်မျက်နှာပြင်ကို ကင်မရာဘက်လှည့်ကာ ချိုသာသည့်အသံနဲ့ ပြောသည်။ "ကျွန်မကို လွမ်းလား"
ကျိုးကျီယွဲ့သည် သူ့နှုတ်ခမ်းတွေကိုအပေါ်ဘက် နည်းနည်းလေးကွေးပြီး တိုးတိုးလေးပြောသည်။ "လွမ်းတာပေါ့"
"မယုံဘူး၊ရှင်ကျွန်မ အကြောင်း ဘယ်နှစ်ခေါက်လောက်တွေးလဲ? ဘယ်နှစ်ခေါက်လဲ?" ဝမ်ယွီထုံသည် ကလူ၏သို့မြူ၏သို့ လေသံဖြင့် မေးလိုက်သည်။
ရုတ်တရက်ဆိုသလို ကျိုးကျီယွဲ့ဘက်ကနေ အခြားသူတွေရဲ့ ရယ်မောချင်စိတ်ကို မထိန်းနိုင်တော့သည့် အသံမျိုးထွက်ပေါ်လာသည်။
ဝမ်ယွီထုံက ကြောင်အသွားပြီး သူမရဲ့မျက်နှာက ရုတ်တရက်ဆိုသလို နီမြန်းလာသည်။
ကျိုးကျီယွဲ့လည်း ရှက်သွားပုံရကာ သူ့ဘေးမှာ ထိုင်နေသည့် တင်းဟဲကို လှမ်းကြည့်လိုက်သည်။ တင်းဟဲကတော့ သူ့ပါးစပ်ကိုချက်ချင်းပိတ်ကာ အသံမထွက်ရဲတော့ပေ။
ကျိုးကျီယွဲ့ ကိုယ်ကို ကိုင်းညွတ်လိုက်ကာ အသံတိုးလေးဖြင့် ကျေနပ်ဖွယ် ပြန်ဖြေပေးလိုက်သည်။ "သတိရပါတယ် တစ်ရာ့တစ်ကြိမ်တောင်သတိရတယ်"
"အိုခေ ကိုယ်အလုပ်ကိစ္စလေးရှိသေးလို့ ဖုန်းချလိုက်မယ်နော်"
ဗီဒီယိုကောချလိုက်ပြီးနောက် ဝမ်ယွီထုံ စိတ်တိုတို ရှက်ရှက်ဖြင့် ကျိုးကျီယွဲ့ကို WeChatမှ ချက်ချင်း မက်ဆေ့ပို့လိုက်သည်။
[ဝမ်ယွီထုံ - အားးး ဘေးမှာ တစ်ယောက်ယောက်ရှိနေတာကို ဘာလို့ကြိုမပြောတာလဲ။ ကျွန်မ ရှက်လိုက်တာ။ ကယ်ကြပါဦး။ နောက်တစ်ခါ ဘေးမှာ တစ်ခြားသူတွေရှိရင် ကြိုပြောနော်]
[ဝမ်ယွီထုံ - စိတ်ဆိုးနေသည့် အီမိုဂျီ]
ဝမ်ယွီထုံ ပို့လာသည့်မက်ဆေ့ကို ငုံ့ကာ ဖတ်နေသည့် အမျိုးသားသည် နူးညံ့စွာပြုံးပြီး စာပြန်ပို့လိုက်သည်။ "ကိုယ် မင်းကို တစ်ကယ်သတိရနေတာ"
ဝမ်ယွီထုံရဲ့ပါးပြင်တွေက ပူနွေးနေဆဲဖြစ်ပြီး ဟွန့်ကနဲ အသံပြုလိုက်ကာ ဖုန်းကို ပိတ်လိုက်သည်။
......
နှစ်သစ်၏ ပထမလ ဆယ့်ငါးရက်နေ့မြောက်သည် မီးပုံးပွဲနေ့ဖြစ်သည်။
နွေဦးကို ဝင်ရောက်လာသည်နှင့်အမျှ လေအေးတွေက သစ်ရွက်တွေကို တိုက်ခတ်သွားပြီး လေထူထဲမှာလည်း စိုထိုင်းဆမြှင့်တက်လာကာ အမျိုးအမည်မသိ သစ်သီးများနှင့် အပင်များ၏ ရနံ့များနှင့်ပြည့်နှက်နေသည်။
ဝမ်ယွီထုံသည် ပေါက်စီလုံးလေး ကျိုးရှောင်ယွီကိုခေါ်ကာ သူမတို့ငှားထားသည့် သုံးထပ်ဆိုင်ခန်းကိုကြည့်ရှုဖို့ ဟွားရီစင်တာကိုသွားကြသည်။လွန်ခဲ့သည့်နှစ်ရက်ကတည်းကဆိုင်ကို ပြန်လည်မွမ်းမံပြင်ဆင်တဲ့အလုပ် စတင်ခဲ့ပြီး ဆိုင်းခန်းကို ပြင်ပမှ မမြင်နိုင်ရန် အကာအရံများကာထားသည်။ အလှဆင်သူအချို့က ဒီဇိုင်းပုံကြမ်းတွေကို လေ့လာနေကြသည်။
ကျိုးရှောင်ယွီက အလှဆင်မှုကိုကြည့်ရတာ ပျင်းစရာကောင်းတယ်လို့ ထင်လာသည်။ သူ့လက်ကလေးနှစ်ဖက်နဲ့ ရင်ပြင်ထဲက ဂီတရေပန်းကို ညွှန်ပြလိုက်သည်။
"ဒါ ဒါ ဒါ ဒါ..."
ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို တွန်းလှည်းထဲထည့်ကာ ဂီတရေပန်းကြည့်ရန် ခေါ်သွားလိုက်သည်။ ရေပန်းသည် ဂီတသံစဉ်အလိုက် ခုန်ပေါက်နေကာ လေထုထဲမှာ ကျက်သရေရှိလှပသည့် မျဉ်းများရေးဆွဲနေသကဲ့သို့ဖြစ်နေသည်။
ဒီနေ့ဟာ ကျိုးရှောင်ယွီလေး အသက် ၁၁ လပြည့်တဲ့နေ့လည်းဖြစ်သည်။ တရားဝင်အသက် ၁၁ လထဲကို ဝင်ရောက်လာသည်နဲ့အမျှ ကျိုးရှောင်ယွီဟာ ညတွင်းချင်းကြီးပြင်းလာသလို ခံစားလိုက်ရသည်။
သူ့အသားအရေက ပန်းရောင်သန်းကာဖြူနေပြီး သူ့မျက်လုံးမည်းလေးက တောက်ပနေပြီး မျက်ခုံးတွေက ပိုနက်လာသည်။
မျက်နှာသွင်ပြင်ကလည်း တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာကာ ခြေလက်တွေကလည်း ကြာစွယ်တုတ်တုတ်လေးပုံစံ ကနေ တစ်ဖြည်းဖြည်းရှည်လာသည်။
သူ၏ တောက်ပြောင်ကာ လှပသည့်ဆံပင်ကောက်လေးတွေကလည်း အနည်းငယ်ရှည်လာပြီဖြစ်သည်။ထို့ကြောင့်ဝမ်ယွီထုံသည် ကလေးကို ဆံပင်ခေါ်ညှပ်ရန် ရက်ကောင်းရက်မြတ်တစ်ရက်ကို ရွေးထားလိုက်သည်။
စနစ် - "အသက် ၁၁ လပြည့်တဲ့အတွက် ဂုဏ်ယူပါတယ်။ တစ်လအတွင်းမှာ ရှောင်ယွီကလေးရဲ့ ပထမဆုံးမွေးနေ့ပွဲကို ကျင်းပရပါမယ်။ ပထမဆုံးမွေးနေ့ပွဲကို ဘယ်လိုကျင်းပမလဲဆိုတာ စဉ်းစားထားပြီလား။"
ဝမ်ယွီထုံက ပြုံးရယ်ကာ ပြောလိုက်သည်။ "ကျွန်မ စဉ်းစားထားပြီးပြီ။ ရှောင်ယွီရဲ့ ပထမဆုံးမွေးနေ့ပွဲကို Allen ရွက်လှေသင်္ဘောပေါ်မှာ ကျင်းပဖို့ စီစဉ်ထားတယ်။ လာမယ့်လမှာ ရာသီဥတုက ပိုပူလာတော့မယ်လေ။ ဒါကြောင့် ကလေးကို ပင်လယ်ပြင်ဆီ ခေါ်သွားပြီး ပျော်စရာလေးတွေ လုပ်ပေးလို့ရတာပေါ့"
စနစ် - "အိုး... ဒါက အကြံကောင်းတစ်ခုပဲ။ ဖိတ်ကြားစာတွေနဲ့ အခြားအရာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့။ ကလေးကို ရေပြင်ထဲမှာ အထူးမွေးနေ့ပွဲတစ်ခုကျင်းပပေးလိုက်ပါ။ သူကြီးပြင်းလာတဲ့အခါ သူ့အတွက် ရှားရှားပါးပါး မှတ်ဉာဏ်တစ်ခုဖြစ်လာလိမ့်မယ်"
ဝမ်ယွီထုံ နူးညံ့သိမ်မွေ့သည့် အကြည့်တွေဖြင့် ကလေးကိုကြည့်ကာ ခေါင်းကိုပွတ်သပ်ပေးရင်း "ဟုတ်တယ် " ဟု ပြောလိုက်သည်။
ကျိုးရှောင်ယွီက ကလေးတွန်းလှည်းပေါ်ကနေဆင်းချင်နေ၍ လက်တွေကို ဆန့်ထုတ်နေသည်။ ဝမ်ယွီထုံက သူ့ကိုချီကာ ထုတ်ပေးလိုက်သည်။
ရှောင်ယွီလေး၏ ခြေထောက်သေးသေးလေးသည် အနီရောင်အောက်ခံပျော့ဖိနပ်ကို စီးထားသည်။
ဝမ်ယွီထုံသည် ကိုယ်ကို ကိုင်းကာ ရှောင်ယွီလေး၏ ချိုင်းကြားထဲ သူမလက်ဖြင့် ကိုင်ကာ ကလေးနှင့်အတူ ခြေလှမ်း၁၀လှမ်းခန့် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ကျိုးရှောင်ယွီက အရမ်းပျော်နေသည်။ သူ့ရဲ့ သန်မာတဲ့ ခြေထောက်တွေနဲ့ စိတ်လှုပ်ရှားစွာအပေါ်အောက်ခုန်ပေါက်နေ၏။ သူ့အမေ သူ့ကို လိုက်ကိုင်ပေးနေတာကိုတော့ သူမကြိုက်ဘူး။ သူတစ်ယောက်တည်း လျှောက်ချင်တာလေ။
ဝမ်ယွီထုံက ရှောင်ယွီကို ကောက်ချီလိုက်ပြီးပြောလိုက်သည်။ "ကဲ ရှောင်ယွီ... သားကိုယ်တိုင် မလျှောက်တတ်သေးတဲ့အတွက် အကြာကြီးလမ်းလျှောက်သင်တာမျိုး မလုပ်ရသေးဘူးနော်။ သားခြေထောက်တွေဖွံ့ဖြိုးမှုအတွက် မကောင်းဘူး။ ဒါပေမယ့် အခု ပိုပြီးတော့ လေးဖက်ကုန်း လျှောက်သွားသင့်တယ်။ ဒါမှသားရဲ့၊ခြေထောက်ကလေးတွေက တကယ်ကိုသန်မာလာပြီး သားကိုယ်တိုင်လျှောက်ဖို့ လူကြီးတွေရဲ့အထောက်အပံ့မလိုတော့မှာ။ ဒါကြောင့် ဒီကိစ္စကို အတင်းအကျပ်ကြီး လုပ်စရာမလိုဘူးနော်"
ကျိုးရှောင်ယွီက သိပ်နားမလည်သည့်ပုံဖြင့် ရှုပ်ထွေးစွာနဲ့ခေါင်းညိတ်ကာ သူ့ခြေထောက်ကလေးကို မြှောက်ပြလိုက်သည်။ "အမားး မားးမားး မားးမားး..."
စနစ်ကနေပြီး ကလေး၏ အသက်ပြည့် သတိပေးချင်ပေါ်လာသည်။
[အသက်၁၁လပြည့် ကလေးငယ်ရဲ့ ကြီးထွားမှု လမ်းညွှန်ချက်]
[ကြီးမားသည့်လှုပ်ရှားမှုများ - အမေ၊ အဖေ... အခု သားသား ထိုင်တာ၊ ထရပ်တာ၊ ဒူးထောက်တာ၊ ကိုင်းညွှတ်ပြီး အရာဝတ္ထုတွေကောက်တာကို ကျွမ်းကျင်စွာလုပ်နိုင်ပြီ၊ ဘာအကူမှ မပါပဲနဲ့ စက္ကန့်အနည်းငယ်ကြာအောင်လည်း ရပ်နိုင်တယ်]
[သေးငယ်တဲ့ကြွက်သားများလှုပ်ရှားမှုစွမ်းရည် - အမေ၊ အဖေ... သားသား ကွင်းကြီးကို တိုင်မှာတပ်နိုင်တယ်၊ ပုလင်းအဖုံးကို ဖွင့်တာ၊ ပိတ်တာ လည်း လုပ်နိုင်ပြီ။ စာရွက်လည်းလှန်နိုင်တယ်၊ ရိုးရှင်းတဲ့ သော့ကိုတောင် ဖွင့်နိုင်တယ်။]
[ဘာသာစကား - အမေ၊ အဖေ... သားသား ကိုယ်ခန္ဓာဘာသာစကားအများကြီး သင်ယူထားရုံသာမက ကလေးဘာသာစကားအများကြီးလည်း ပြောနိုင်တယ်။ ဖေဖေ မေမေတို့ သားပြောတာကိုတော့ နားလည်ပါ့မလားလို့ တွေးမိသေးတယ်]
[သိမြင်မှု - အမေ၊ အဖေ... သားသား စူးစမ်းလိုစိတ်တွေ ကြီးထွားလာနေပြီ၊ ကျွန်တော့်ရဲ့ရှာဖွေလေ့လာမှုအတိုင်းအတာလည်း ကျယ်ပြန့်လာပြီ။ သားအလုပ်သေးသေးလေး တစ်ခုပြီးအောင်လည်း အာရုံစိုက်လုပ်နိုင်တယ်၊ ဒါပေမယ့် သား စိတ်မဝင်စားတဲ့အရာတွေကိုတော့ လှည့်ကြည့်မှာ မဟုတ်ဘူး]
[လူမှုပေါင်းသင်းဆက်ဆံရေး အသားကျမှု - အမေ၊ အဖေ... သားသားမှာ စိတ်ဆိုးဒေါသထွက်တတ်တဲ့အကျင့်ရှိတယ်။ အရာဝတ္ထုတွေကို သားအလိုရှိတဲ့အတိုင်း မဖြစ်ရင် စိတ်တိုလာတယ်။ တစ်ခြားကလေးတွေနဲ့ ကစားစရာတွေကိုလည်း လုတတ်တယ်နော်]
ဝမ်ယွီထုံက ကလေးကိုခေါ်ပြီးရေပန်းကြည့်နေတုန်း စနစ်က သူမရဲ့စိတ်ထဲမှာ စကားပြောနေခဲ့သည်။ "မင်းရဲ့ကံကောင်းမှု တန်ဖိုးက အခု ၈၅% အထိ တက်လာပြီ။ ငါ့ရဲ့ခန့်မှန်းချက်က မှန်တယ်။ နောက်ထပ်တစ်လအတွင်း ကျိုးရှောင်ယွီ အသက် တစ်နှစ်ပြည့်တဲ့အခါ မင်းရဲ့ကံကောင်းမှုတန်ဖိုးပြစက်ဝိုင်းက လုံးဝကို ရွှေတွေနဲ့ ပြည့်သွားလိမ့်မယ်။ အာ့အချိန်ကျရင် ဒီကမ္ဘာရဲ့ ကံကြမ္မာက မင်းကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်နိုင်သွားပြီးတော့ အရာအားလုံး ကောင်းတဲ့ လမ်းကြောင်းပေါ်ရောက်သွားလိမ့်မယ်"
ဝမ်ယွီထုံ စွမ်းအားအပြည့်ဖြင့် "အိုကေ" ဟု ပြောလိုက်သည်။
စနစ် - "မင်း ကံအမှတ်တွေကို မြန်မြန်ဖြည့်ချင်ရင် ကျိုးရှောင်ယွီနဲ့ နီးနီးကပ်ကပ်ရှိတာအပြင် ဇာတ်ဆောင်ရဲ့အဖေနဲ့လည်း နီးနီးကပ်ကပ်ရှိလို့ရတယ်။ သူ့ကို မကြာမကြာနမ်းပေး။ သူနဲ့အတူအိပ်တာ အကောင်းဆုံးပဲ။ ဒါဆိုရင်တစ်လထက်မကြာခင်မှာပဲ အဲဒီကျန်တဲ့ကံကောင်းခြင်း အမှတ် ၁၅ မှတ်ကို မင်းရမယ်လို့ ငါအာမခံတယ်။"
ဝမ်ယွီထုံရဲ့မျက်နှာက ချက်ချင်းနီမြန်းသွားပြီး အေးစက်စက် ပြောလိုက်သည်။ "လူကြီးတွေရဲ့ကိစ္စကို ဝင်မပါနဲ့"
စနစ် - "ကျွတ်ကျွတ်... ငါလည်း ဝင်ပါချင်လို့များ မင်းထင်လား..."
ဒီတာဝန်ကို သူမ မြန်မြန်ပြီးအောင်လုပ်နိုင်ဖို့ သူမျှော်လင့်ရုံပါပဲ။ ဒါမှ သူလည်း မြန်မြန်စိတ်ချရတာပေါ့။